Wednesday, January 23, 2013

ဆိုင်နဲ့ ဘာသာရေး

ဒီနေ့ ဘုန်းကြီးတပါး လွတ်လပ်ရေးနေ့ကို ရည်ရွယ်တာ ဆိုပြီး ရေးတာလေး တခု ဖတ်လိုက်ရတယ်။ အဲဒါနဲ့ ပတ်သတ်ပြီး ပုဂ္ဂိုလ်ကို ဦးတည် မပြောဘဲ ကိုယ်ပြောချင်တဲ့ အကြောင်းကိုသာ ရေးမှာ မို့လို့ link မပေးတော့ဘူး။

သူရေးထားတာက “ဦးဇင်း အခုနေတဲ့ သီရိလင်္ကာနိုင်ငံ ဘုန်းတော်ကြီးများမှာလည်း ၀ံသာနုရက္ခိတစိတ်ဓာတ်ရှိကြတဲ့အတွက် မြို့ပေါ်တွင်လှည့်လည်ပြီး မိမိတို့ဗုဒ္ဓဘာသာဝင်များ ဘာသာခြားများဆိုင်ကနေ ဈေးမ၀ယ်ရန် တိုက်တွန်းနှိုးဆော်တာကို တွေ့ခဲ့ရပါတယ်။ အဲဒီတော့ လူအများပြောနေတဲ့ ဝံသာနုရက္ခိတစိတ်ဓာတ်ဆိုတာ ဘယ်လိုဟာကိုပြောတာလဲလို့ သေချာကျနစွာ မသိသေးသူများ ယခုလောက်ဆို သိမြင်လောက်ပြီ ထင်တာမို့ ဝံသာနုရက္ခိတစိတ်ဓာတ်ပိုင်များအတွက် လွတ်လပ်ရေးနေ့တွင် ဦးဇင်းတက်သိသလောက်လေးနဲ့ ဂုဏ်ပြုဆောင်းပါး ရေးပေးခြင်းကို ဒီမျှနဲ့ပဲ ရပ်နားလိုက်ပါပေတယ်။” တဲ့။ စာထဲမှာ ဘုရားမှာ ဝံသာနုရက္ခိတစိတ်ရှိတယ် ဆိုတာကိုရော၊ နောက်ပြီး မင်းကွန်း ဆရာတော်ကြီးကိုပါ ဆွဲထည့် ထားပါသေးတယ်။

ရုပ်ပိုင်းဆိုင်ရာအရ တိုင်းရင်းသားလူနည်းစုတွေ မြန်မာနိုင်ငံကနေ ခွဲထွက်မှာ ကြောက်တယ် ဆိုတဲ့သူတွေ များတယ်။ စိတ်ပိုင်းဆိုင်ရာ အရကျတော့ အဲလိုလူတွေကပဲ စိတ်ဝမ်းမကွဲကွဲအောင် လုပ်နေကြတာပါလား။ သူတို့နေတဲ့ နယ်မြေကိုတော့ ယူချင်တယ်၊ အဲ…လူတွေကိုကျတော့ ဘာသာတွေ ခြားနေတဲ့အတွက် ခွဲခြားဆက်ဆံမယ်ဆိုရင် ….နယ်မြေအရ အပိုင်းပိုင်း မကွဲပေမဲ့ စိတ်ဓါတ်အရတော့ နိုင်ငံဟာ သုံးခြမ်း၊ လေးခြမ်း မက ကွဲသွားမှာပဲ။ အဲလို ခွဲခြားရာကနေ ကြာလာတဲ့အခါ တခုခု အရေးကြုံတဲ့အခါ ဒီလို communities တွေက ပူးပေါင်းဆောင်ရွက်မှု မလုပ်ရုံမက အချင်းချင်း ကန့်လန့်ကန့်လန့်နဲ့ ကိစ္စတိုင်းမှာ လုပ်လာကြလိမ့်မယ်။ ထိပ်တိုက်တွေ့လာ ကြတော့မယ်။ နယ်မြေကွဲတာကမှ နိုင်ငံပြိုကွဲတာ မဟုတ်ပါ။ အချင်းချင်း ထိပ်တိုက်တွေ့နေတာ၊ ကန့်လန့်ကန့်လန့် လုပ်နေပြီး ပဋိပက္ခတွေ ဖြစ်နေတာ၊ ပူးပေါင်းဆောင်ရွက်မှုတွေ မရှိတာတွေလည်း နိုင်ငံကွဲနေတဲ့ သဘောပဲ။ အဲလိုဆိုရင် ဘယ်လိုမှ ငြိမ်းချမ်းနိုင်မှာ မဟုတ်ပါ။ တခြား ဘာသာဝင်တွေလည်း ထိုနည်းတူပဲ ခွဲခြားခွဲခြား မလုပ်သင့်ပါ။

နယ်မြေကွဲတာကမှ အေးအေးချမ်းချမ်း လမ်းခွဲသွားတာဆိုရင် သူတို့လည်း သူတို့နိုင်ငံမှာ အေးအေးဆေးဆေး၊ ကိုယ်လည်း ကိုယ့်နိုင်ငံမှာ အေးအေးဆေးဆေး နေလို့ရဦးမယ်။ နယ်မြေအရ ပြိုကွဲတာ မဟုတ်ဘဲ၊ စစ်တပ်ခြင်း တိုက်ရုံလောက်သာ မဟုတ်ဘဲ၊ လူနေမှု ဘဝထဲမှာပါ စိတ်ဝမ်းကွဲ၊ ထိပ်တိုက်တွေ့နေကြမယ် ဆိုရင်တော့ ဘယ်တော့မှ ငြိမ်းချမ်းတဲ့ နိုင်ငံ၊ လုံခြုံတဲ့ နိုင်ငံ ဖြစ်လာမှာ မဟုတ်ပါ။

ဗုဒ္ဓဘာသာမှာ ဘာသာရေးအရ ကြည့်ရင် ငါစွဲတောင် မထားရဘူးလို့ ဆိုတယ်။ ဘာသာစွဲ၊ လူမျိုးစွဲတွေ၊ အရေပြားအသားအရောင်တွေပေါ် မူတည်ပြီး ခွဲခြားဖို့ဆို ဝေးရောပေါ့။ ခက်တာက သာသနာစောင့်မယ် ဆိုသူ တချို့ကပဲ ကိုယ့်ဘာသာနဲ့ မဆီလျော်တဲ့၊ ပြဒါးတလမ်း သံတလမ်းဖြစ်တဲ့ အတွေးအခေါ်တွေကို ဗုဒ္ဓဘာသာခေါင်းစဉ်အောက်ကနေ လျှောက်ရေးနေကြတာက ခက်တယ်။

ဟိုးတလောက ဖတ်ဖူးတဲ့ အထဲက အဆိုးဆုံး တခုကတော့ ကောသလမင်းရဲ့ အိပ်မက် ၁၆ ချက်ကို မြတ်စွာဘုရားက အဓိပ္ပါယ်ဖွင့်ပေးတယ် ဆိုတဲ့ဟာကို လိုရာဆွဲပြီး ဘာသာပြန်ကြတာပါပဲ။ (အပေါ်မှာ ပြောခဲ့တဲ့ ဘုန်းကြီး ရေးတာတော့ မဟုတ်ပါဘူး။ တခြားလူ တယောက်ရေးထားတာပါ။ ဒါပေမဲ့ အဲလို သဘောမျိုးနဲ့ အဓိပ္ပါယ်ဖွင့်ထားတာကတော့ လူတွေရော၊ ဘုန်းကြီးပါ အများကြီး တွေ့ဖူးတယ်။) ကျမ်းတွေ အရ ကြည့်မယ်ဆိုရင် မြတ်စွာဘုရားဆိုတာ အမျိုး၊ဇာတ် ခွဲခြားတာတွေကို တိုက်ဖျက်ခဲ့တဲ့ ဘုရားပါ။ ငါစွဲကအစ ဖျောက်ဖျက်နိုင်တဲ့ ဘုရားက အဲလိုဟာတွေကို တိုက်ဖျက်ခဲ့မယ် ဆိုတာကလည်း သဘာဝ ကျပါတယ်။ ဒါပေမဲ့ လူတယောက်က မြန်မာမ တချို့ အဖြူတွေ၊ ကပ္ပလီတွေနဲ့ ယူတဲ့ပုံကို (ခွင့်တောင်းခြင်း မရှိဘဲ) တင်ရင်းနဲ့ ကောသလမင်း အိပ်မက် ၁၆ ချက်ထဲက အတိုင်း ဖြစ်လာပြီ ဆိုပြီး…..[နောင်အခါ အမျိုးမြတ်သူတွေ ဆင်းရဲလိမ့်မယ်။ အသက်မွေးမြူ လွယ်ကူဖို့ အမျိုးယုတ်သူတွေနဲ့ လက်ထပ်ကြလိမ့်မယ် ]…. ဆိုတဲ့အတိုင်း ဖြစ်လာပြီ ဆိုပြီး ရေးကြတော့ ဘုရားကပဲ လူမျိုးရေးခွဲခြားတဲ့သူ လိုလို ဖြစ်ကုန်ရော။ ကိုယ့်ဘာသာကိုယ် ခွဲခြားချင်ရင်လည်း ဘုရားတော့ ဆွဲမထည့်နဲ့ကြပေါ့။

ဒီက တချို့လူတွေခွဲခြားပုံကလည်း African နွယ်ဝင်တောင်မှ အိုဗားမား ဆိုရင် တမျိုး၊ သာမန်လူ ဆိုရင် တမျိုး ထပ်ခွဲသေးတယ်။

ဘယ်ဘာသာမဆို ကိုယ်နဲ့မတူတဲ့ ဘာသာဝင်တွေ၊ ဘာသာမဲ့တွေကို ခွဲခြားခွဲခြား လုပ်ကြမယ် ဆိုရင်၊ ပိုဆိုးတာကတော့ အဲလို ခွဲခြားဖို့ စည်းရုံးကြမယ် ဆိုရင် ပြဿနာတွေက ဖြစ်နေမှာပါပဲ။ အစ္စလာမ် ဘာသာဝင် တချို့နဲ့ ပတ်သတ်ပြီး ပြောရရင်လည်း…..အစားအသောက်ကြောင့် ရှောင်တာကတော့ နားလည်ပါတယ်။ နေရာတကာမှာ ဘာသာတူသူ ဆိုင်ကပဲ ဝယ်မယ် ဆိုရင်တော့… နိုင်ငံသားအချင်းချင်း အဲလိုခွဲခြားတာတွေက လူ့အဖွဲ့အစည်းကိုရော အားလုံးကိုပါ ထိခိုက်စေနိုင်တယ် ဆိုတာကို သတိပြုဖို့ လိုပါတယ်။ (မတိုးတက်တဲ့ နိုင်ငံတွေ အားလုံး အယူသည်းလို့ လို့ မဆိုလိုပေမဲ့) အယူသည်းလွန်းကြတဲ့ နိုင်ငံတွေ ကမ္ဘာမှာ မတိုးတက်ဘူး ဆိုတာကလည်း လက်တွေ့ပဲလေ။

ဘာသာရေး အရတင် မဟုတ်ပါဘူး။ လူမျိုးရေး အရလည်း ခွဲခြားမှု မပြုသင့်ပါဘူး။ လက်ပန်းတောင်းမှာ တရုတ်နိုင်ငံက ကုမ္ပဏီက ဒီမှာလာပြီး အမြတ်ထုတ်ရုံနဲ့ ဒီက တရုတ်ဆိုင်တွေကို သပိတ်မှောက်ရမယ် ဆိုတာတွေကလည်း ...အဲဒီ့ ကုမ္ပဏီနဲ့ မြန်မာနိုင်ငံသား တရုတ်တွေ ဘယ်လိုမှ ဆက်စပ်နေတာ မဟုတ်လို့ ကောင်းတဲ့ တုံ့ပြန်မှု မဟုတ်ပါ။ နိုင်ငံသားအချင်းချင်း ခွဲခြားမှုပဲ ဖြစ်ပါတယ်။

လွတ်လပ်စွာ ပြောဆို စည်းရုံးခွင့် ရှိတယ် ဆိုပေမဲ့ လူမျိုးရေးအရ၊ ဘာသာရေးအရ ခွဲခြား ဆက်ဆံဖို့ စည်းရုံးတာမျိုးကတော့ တိုးတက်တဲ့ နိုင်ငံတွေမှာ ပြစ်မှု မြောက်ပါတယ်။

ကောင်းကင်ကို (4 January 2013)

Facebook မှာ တင်ခဲ့ပြီးသား Note ကို blog မှာ ပြန်တင်တာပါ။

8 comments:

kotwo said...

မှန်ပါတယ်။

ဝိမွန် said...

လူတိုင်းမှာ အားနည်းချက် အားသာချက်တွေ ရှိပါတယ်။ တစ်ဦးရဲ့ အားနည်းချက်ကို တခြားတစ်ယောက်ရဲ့  အားသာချက်နဲ့ ဖြည့်ရင်း လူ့ အဖွဲ့ အစည်းကို မြှင့်တင်သင့်တဲ့ အချိန်မှာ တစ်ယောက်နဲ့ တစ်ယောက် အမြင်စောင်းနေတုန်း ကိုယ်အမြင်စောင်းတိုင်း တခြားသူတွေကိုလည်း အမြင်စောင်းအောင် တိုက်တွန်းနေတုန်းဆိုရင် တို့ နိုင်ငံ တိုးတက်ဖို့ အဝေး
ကြီး လိုပါသေးတယ်။ လူကို လူလို မြင်တတ်ဖို့ ၊ မျှမျှတတ တွေးတတ်ဖို့  ဘာသာရေးခေါင်းဆောင်တွေက သင်ပေးရမှာပေါ့။ အင်း ပြောသာပြောရတာပါ နောက်ဆုံး တို့ တွေပဲ ရွာပြင် ထွက်နေရမယ် ထင်ပါရဲ့ ကောင်းကင်ကို။

Aung Si said...

I am glad that you write this article at this very right moment ..anyway some people are using the religion as the best way suit for their own agenda and ego . We should proud of our different ethnic groups and religions in the country and use it as a positive force to become a fully developed country and escape from poverty every citizen facing now . Religious leaders should teach the people about love and tolerance to each other not about hate and bitterness , which every idiots in this world can do .

Thu said...

Our mind set far away about fifty years from present, just like 1960s KKK movement in America.

myanmarporn said...

ကောင်းလိုက်တာဗျား လေးစားတယ် ခင်ဗျားကိုကော ခင်ဗျား ရေးတဲ့စာကိုပါ ခင်းဗျားကိုပြောတာက လည်း ခင်ဗျား စိတ်ဓါတ်ကိုပြောတာပါနော် ထပ်ပြီး ပြန့်သွား အောင်လုပ်ပေါ့ ...ကျွန်တော်လည်း အား ရင်ရှယ် ပေးပါ့မယ် ဒီလို စာကောင်းလေး တွေရေးနိုင်ပါစေ

a said...

ဒီလိုစာမျိုးများများရေးနိုင်လေကောင်းလေပါပဲ၊၀မ်းနည်းစရာကဒီလိုစိတ်အတွေးမျိုးနဲ့ဆန့်ကျင်ဘက်တွေကများနေတာပါ။အမြဲစောင့်ဖတ်နေပါတယ်။

Anonymous said...

အရမ်းကြိုက်လို့shere ပါရစေ ခွင့်ပြုပါခင်ဗျာ

Anonymous said...

Incredible! I'm truly enjoying the design of your weblog. Are you using a custom made theme or is this freely available to all individuals? If you really don't want to say the
name of it out in the general public, please be sure to email me
at: collette.westfall@gawab.com. I'd really like to get my hands on this template! Cheers.

my webpage; video