Sunday, January 8, 2012

ဘာသာစကား၊ ဘာသာတရား၊ ဓလေ့နဲ့ မဟာပုရိသ ဝါဒ (by ကောင်းကင်ကို + ခရေငယ်)

မိန်းမလို မိန်းမရ/ mein: malou mein: maja. / adv ( of men ) in a womanish or effeminate manner; narrow-mindedly

“မိန်းမလို မိန်းမရ” ဆိုတဲ့ စကားလုံးကို မြန်မာစာအဖွဲ့က ထုတ်ဝေတဲ့ မြန်မာ-အင်္ဂလိပ် အဘိဓာန်ရဲ့ ဖွင့်ဆိုမှုပါ။ စိတ်သဘောထား ကျဉ်းမြောင်းမှုကို ရည်ညွှန်းတဲ့ နေရာမှာ သုံးလေ့ရှိပါတယ်။

“မိန်းမကျင့် မိန်းမကြံ” ဆိုတဲ့ အသုံးအနှုန်းလည်း ရှိပါသေးတယ်။ မကောင်းတဲ့ အကျင့်တွေ၊ မကောင်းတဲ့ အကြံအစည်တွေကို ရည်ညွှန်းဖို့ သုံးကြတာပါ။

အမျိုးသမီးတွေဟာ စိတ်ထား ပိုယုတ်ညံ့တယ် ဆိုတဲ့ အယူအဆတွေကနေ ဆင်းသက်လာတဲ့ အသုံးအနှုန်းမျိုးတွေပါ။

ရုပ်ပိုင်းဆိုင်ရာတွေ အပါအဝင် တချို့နေရာတွေမှာ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် အားနည်းလေ့ ရှိတာတော့ မှန်ပါတယ်။ ဒါပေမဲ့ ဒါဟာ အမျိုးသမီးတွေကို တဆင့်နှိမ်ဖို့ အတွက် အကြောင်းပြချက်တခုတော့ မဖြစ်သင့်ပါဘူး။ တဘက်မှာ အမျိုးသမီးတွေက အမျိုးသားတွေထက် အားသာတတ်တဲ့ နေရာတွေလည်း ရှိတာပါပဲ။

ဘာသာတရားအရ ကြည့်မယ်ဆိုရင်တော့ မြန်မာအများစု ကိုးကွယ်တဲ့ ဘာသာရေး အယူအဆဟာ တချို့ဘာသာရေးတွေနဲ့ နှိုင်းယှဉ်ကြည့်ရင်တော့ ယောကျာ်းမိန်းမ ခွဲခြားမှု အတော်လေး နည်းတာကို တွေ့ရပါတယ်။ တော်တော်လေး လွတ်လပ်ခွင့် ရှိတာကိုလည်း တွေ့ရပါတယ်။ ဒါပေမဲ့ အမျိုးသမီးတွေကို နှိမ်ထားတဲ့ အယူအဆလေးတွေတော့ ရှိနေပါသေးတယ်။ ရှင်အာနန္ဒာ အလောင်းအလျာဟာ ဘဝတခုမှာ ကာမေသု မိစ္ဆာစာရာ ကံကို ကျူးလွန်မိလို့ ငရဲကျ၊ ငရဲက လွတ်လာတဲ့ အခါ အပြစ် ဆက်ခံရတဲ့ အနေနဲ့ မိန်းမဘဝတွေ အလီလီဖြစ်၊ Gay ဘဝတွေ ဖြစ်ခဲ့ရတယ်လို့ ဆိုထားပါတယ်။ အဲဒီ့အချက်ဟာ အမျိုးသမီးတွေကို ပြင်းပြင်းထန်ထန် ထိုးနှက်လိုက်တဲ့ အချက်ပါပဲ။ ဒီနေရာမှာ တချို့က အမျိုးသမီးတွေလည်း တရားကျင့်ပြီး တရားရခွင့်ရှိတယ် ဥာဏ်အလင်းရခွင့် ရှိတယ်…ဒါကြောင့် နှိမ်ထားတာ မဟုတ်ဘူးလို့ စောဒက တက်နိုင်ပါတယ်။ ဥာဏ်အလင်းရခွင့် ရှိတယ်ဆိုတာကတော့ ကောင်းပါတယ်။ နှိမ်ထားသလို ဖြစ်နေတယ် ဆိုတာကလည်း ခေါင်းမဖော်နိုင်အောင် နှိမ်ထားခြင်းမျိုးတော့ မဟုတ်ပါဘူး။ တဆင့်နှိမ့်ထားခြင်းမျိုးပဲ ဖြစ်ပါတယ်။ အပြစ်လုပ်လို့ တိရစ္ဆာန် ဖြစ်လာရတယ် ဆိုတာမျိုးဆန်ဆန်ပါပဲ၊ အပြစ်လုပ်လို့ အမျိုးသမီး ဖြစ်လာရတယ် ဆိုတော့ အဆင့်နှိမ့်ထားခြင်းဟာ ထင်ရှားနေပါတယ်။ သဘာဝ တရားကြီးက … အပြစ်ကျူးလွန်ခဲ့တဲ့ အပြစ်သားတွေကို နိမ့်ကျတဲ့ နေရာကိုသာ ပို့လေ့ရှိတယ်လို့ ဆိုတယ် မဟုတ်လား။ အမျိုးသမီးဖြစ်ရခြင်းရဲ့ အကြောင်းရင်းတွေထဲမှာ အတိတ်ဘဝမှာ ကာမေသု မိစ္ဆာစာရာ ကို ကျူးလွန်းခဲ့ခြင်းကလည်း တခုအပါအဝင် ဆိုတော့ အမျိုးသမီးဖြစ်ခြင်းဟာ နိမ့်ကျနေတဲ့ အပြစ်ဘုံ တခုဆန်ဆန် အဓိပ္ပါယ် သက်ရောက်သွားပါတယ်။

ဝေသန္တရာ ဇာတ်တော်မှာဆိုရင်လည်း အလှူခံသူ အပေါ် အယုတ်၊ အလတ်၊ အမြတ် ကြည့်မနေဘဲ ပြတ်ပြတ်သားသား စွန့်လွှတ်လှူဒါန်းတဲ့ ဝေသန္တရာ မင်းကြီးရဲ့ စေတနာ၊ တလောကလုံးအတွက် အလင်းပေးနိုင်သူ ဖြစ်လာဖို့ ကြိုးစားတဲ့ စေတနာကို နားလည်လို့ ရပေမဲ့ တဘက်မှာ ခုခေတ် အမြင်နဲ့ ကြည့်လိုက်ရင် ကလေး အခွင့်အရေးတွေ၊ အမျိုးသမီး အခွင့်အရေးတွေ၊ human trafficking တွေ၊ ကျွန်စနစ်တွေနဲ့ ငြိနေတာကို တွေ့ရပါလိမ့်မယ်။ ဇာတ်လမ်းရေးတဲ့သူက ကလေးတွေနဲ့ မိန်းမကို အရွယ်ရောက်ပြီး ယောကျာ်းတယောက်ရဲ့ ကိုယ်ပိုင်ပစ္စည်းတွေလို့ သဘောထားပုံ ရပါတယ်။ ပဒေသရာဇ်ခေတ်အမြင် ဖြစ်ပါလိမ့်မယ်။ အလှူခံသူက ကောင်းတဲ့နေရာမှာ အသုံးချမှာ မဟုတ်ဘဲ ကျွန်သဖွယ် အသုံးချမှာမို့ အဲဒီ့ အလှူဟာ ရက်စက်တယ်လို့ ထင်ပါတယ်။ ဒီနေရာမှာ စောဒက တက်နိုင်တာက လောကတခုလုံး အလင်းရမယ့် အကျိုးကို မြင်လို့ ဘုရားပွင့်ရင် အားလုံးအတွက် အကျိုးရှိမှာမို့ ကလေးတွေနဲ့ မိန်းမကို လှူလိုက်ရတာလို့ ပြောနိုင်ပါတယ်။ ဒါဆိုရင် မိန်းမနဲ့ သားသမီးတွေကို လှူမှ ဘုရားဖြစ်မယ် ဆိုတဲ့ ဥပဒေသကြီး၊ သဘောတရားကြီးကို ဘယ်လိုရက်စက်တဲ့ တန်ခိုးရှင်ကြီး(သို့မဟုတ်) သဘာဝတရားကြီးက ပြဌာန်းပေးလိုက်သလဲ။ ဥာဏ်အလင်းရရေးအတွက် ကိုယ်ကိုယ်တိုင်နဲ့တင် မလုံလောက်ဘဲ အမျိုးသမီးနဲ့ ကလေးကို ဥပဒေသကြီးအရ သဘာဝတရားထံ ယဇ်ပူဇော်နေရသလိုဆန်ဆန် ဖြစ်သွားပါတယ်။ ဒါပေမဲ့ ဒါတွေဟာ အပြင်မှာ လက်တွေ့ ရှိမနေတော့တဲ့အတွက် Stoning ကို ကျင့်သုံးနေဆဲဖြစ်တဲ့ ဘာသာရေးဓလေ့တွေနဲ့ စာရင် အများကြီး တော်ပါသေးတယ်။

ဓလေ့ထုံးတမ်းအရ ကြည့်မယ်ဆိုရင်လည်း မိန်းမတွေ မတက်ရဘူး၊ မသွားရဘူး ဆိုတဲ့ နေရာတွေ ရှိနေသလို ထဘီဟာ ဘုန်းနိမ့်စေတယ် ဆိုတဲ့ အယူအဆတွေကိုလည်း တချို့တွေ လက်ခံထားတုန်း ရှိပါသေးတယ်။

ဒီနေရာမှာ တခုရှိတာက အမျိုးသမီးတွေကို နှိမ်ထားတဲ့ အယူအဆတွေကို အမျိုးသမီးတချို့ ကိုယ်တိုင်က ကျေကျေနပ်နပ် လက်ခံကြခြင်းပါပဲ။ “ယောကျာ်းကြီး ဖြစ်ပြီးတော့” ဆိုတဲ့ စကားကို အမျိုးသမီးတချို့ ကိုယ်တိုင် မြိန်ရည်ယှက်ရည် သုံးစွဲနေကြသလို “မိန်းမလို မိန်းမရ” ဆိုတဲ့ စကားလုံးတွေကိုလည်း အမျိုးသမီးတွေ ကိုယ်တိုင် သုံးစွဲ နေကြတာပါပဲ။ ဘာသာရေး အစဉ်အလာ ထဲက နှိမ်ထားတဲ့ အယူအဆ မျိုးကို ဆိုရင်တော့ ပိုပြီး လက်ခံထားတတ်ကြပါတယ်။ အရိုးစွဲနေကြပြီလေ။ ဒါကြောင့် အမျိုးသမီးတွေကိုယ်တိုင်က မဟာပုရိသ ဝါဒကို တဘက်တလမ်းက အားပေးနေသလိုလည်း ဖြစ်နေတတ်ပါသေးတယ်။
(by ကောင်းကင်ကို + ခရေငယ်)

23 comments:

Anonymous said...

မဟာပုရိသ၀ါဒ ပို့စ်ကို သိပ်ကြီုက်ပါတယ်။ ဘုန်းဘုန်းတို့ ဘာသာတရားမှာ မရှိပေမဲ့ လူတွေက အယူစွဲနေတာလဲ ရှိသပေါ့.အိန္ဒိယမှာ လက်ထပ်ပွဲမှာ မိန်းကလေးဘက်က တင်ပြီးတောင်းရတာ တွေ့ခဲ့တယ်။ဗမာမှာ ဒါမျိုးတော့ မရှိဘူး။ခေါင်းမြီးခြုံပြီး အပြင်မထွက်ရတာလဲ လွတ်လပ်မှုပါဘဲ။

Kaung Kin Ko said...

တင်ပါ့ဘုန်းဘုန်း။ တပည့်တော်တို့ နိုင်ငံက အများကြီး လွတ်လပ်ပါတယ်။ အိန္ဒိယတို့ အာရပ်နိုင်ငံတို့ဆို အစစ အရာရာ အများကြီး ဆိုးမယ်။

Tom said...

ကာမေသုကံကျူးလွန်လို. နောင်ဘ၀မှာ မိန်းမဖြစ်ရ၊ Gay ဖြစ်ရတယ်ဆိုရင်၊ Tomboy တွေကိုကျတော့ရော ဘယ်လိုနားလည်ကြမလဲ

Anonymous said...

တော်တော်လေး ထိန်းထိန်းသိမ်းသိမ်း ရေးထားတာပဲ ။ တချက်တချက် မအောင့်နိုင်လို့ ပြုံးတောင် ပြုံးမိလိုက်သေးတယ် ။ ကျေးဇူးပါ ။

ပြည့်ဖြိုး said...

လက်ရှိခေတ်အနေအထားနဲ့ ဖြစ်သင့်တာတွေကို တွေးတောပြီးရေးထားတာ ကောင်းပါတယ်။ ဒါပေမယ့် ဘာသာရေးနယ်ပယ်နဲ့ ပါတ်သတ်တဲ့ အချို့အချက်အလက်တွေအတွက် သံသယ ၀င်မှုတွေများနေတာ တွေ့ရတယ်။ ဝေသန္တရာဇာတ်တော်ကို ဇာတ်လမ်းရေးတဲ့သူက လို့သုံးနှုန်းထားတယ်။ ဒီဇာတ်တော်က ၀တ္ထုမဟုတ်ပါဘူး။ ဘုရားဟောပါ။ စဉ်းစားတာကောင်းပါတယ်။ ဒါပေမယ့် ကိုယ်မပိုင်နိုင်သေးတဲ့ နယ်ပယ်ကို ကိုယ့်အမြင်တစ်ခုတည်းနဲ့ချည်း ကောက်ချက်ချလိုက်ရင် လွဲသွားနိုင်ပါတယ်။ အစ်ကို့စာတွေတော်တော်များများ ကျနော်ကြိုက်ပါတယ်။ ဘာသာရေးနဲ့ ပါတ်သတ်တဲ့အမြင်တွေမှာတော့ နည်းနည်းသတိထားစေချင်တယ်။ ကျနော်တို့ဘာသာက နူးညံ့နက်ရှိုင်းပါတယ်။ နောက်ပြီး မြန်မာရှေးစာပေမှာ ဘုန်းတော်ဘွဲ့တွေ ရွှေနားတော်သွင်းတွေ ရေးတိုင်း အလွန်အကျူးရေးလေ့ရှိတာကို သတိပြုစေချင်ပါတယ်။ မျက်စိရှေ့မြင်နေရတဲ့ လူစင်စစ်ကို မမြင်ဘူးတဲ့ နတ်နဲ့နှိုင်းပြီး တင်စားတဲ့ ဓလေ့က အခုထိရှိတုန်းပါ။ အလားတူပဲ အလွန်အကျူးရေးဖွဲမှုပေါင်းများစွာကြောင့် နတ်ကိုးကွယ်မှုမျိုးစုံလည်း ခေတ်ကောင်းနေတာပါ။ ဒီကွန်မန့်က ပြဿနာရှာတာ ဝေဖန်တာမဟုတ်ပါဘူး။ အစ်ကို့နောက်ပိုင်းအရေးအသားတွေမှာ ဘာသာရေးသံသယတွေ များလာလို့ ခါးတို့လိုက်ရတာပါ။ အများကြီး ဆွေးနွေးချင်ပါတယ်။ မျက်စိနောက် စိတ်ကောက်မှာစိုးလို့ ဒီလောက်ပါပဲ။ ကျေးဇူးတင်ပါတယ်။

Kaung Kin Ko said...

ဇာတ်လမ်းရေးတဲ့သူလို့ သုံးတာက ညီပြောသလိုပါပဲ (((နောက်ပြီး မြန်မာရှေးစာပေမှာ ဘုန်းတော်ဘွဲ့တွေ ရွှေနားတော်သွင်းတွေ ရေးတိုင်း အလွန်အကျူးရေးလေ့ရှိတာကို သတိပြုစေချင်ပါတယ်။ မျက်စိရှေ့မြင်နေရတဲ့ လူစင်စစ်ကို မမြင်ဘူးတဲ့ နတ်နဲ့နှိုင်းပြီး တင်စားတဲ့ ဓလေ့က အခုထိရှိတုန်းပါ။ )) အဲဒါ ဟုတ်တယ်လေ။ ဇာတ်ကြီးဆယ်ဘွဲ့နဲ့ ၅၅၀ ဇာတ်နိပါတ်တွေ မှာလည်း အဲလို အလွန်အကျူးရေးထားတာတွေနဲ့ ဖောင်းပွနေတာမို့....ဇာတ်လမ်းရေးသူလို့ သုံးလိုက်တာပါ။ ချက်တော်ကို လက်တော်နဲ့ ရစ်လိုက်တာနဲ့ ကိုယ်ဝန်ရှိလာတယ် ဆိုတာမျိုးပေါ့။ ဘာသာက နူးညံ့နက်ရှိုင်းတာ ဟုတ်ပါတယ်။ အဓိကက ဝိပဿာနာနဲ့ ဘာဝနာ ပိုင်းက နက်ရှိုင်းတာပါ။ ဇာတ်တော်တွေကတော့ အနုပညာ အမြင်နဲ့ ကြည့်ရင်တော့ surrealism တွေလိုပါပဲ။ နက်ရှိုင်းပါတယ်။ ဒါပေမယ့် ဒဲ့ယုံမယ် ဆိုရင်တော့ ယုတ္တိမရှိတော့ဘူး။ ဒါပေမယ့်လည်း ဒဲ့ယုံသူ များပါတယ်။ ထားပါတော့။ အမြင်ကို ဝေဖန်သုံးသပ် ချရေးခြင်းကလည်း အကျိုးမယုတ်ပါဘူး။ စဉ်းစားပြီး အဖြေရှာတဲ့သူတွေ ပေါ်လာတာပေါ့။ မျက်စိနောက် စိတ်ကောက်စရာတော့ မရှိပါဘူး။ ဆဲတာနဲ့ ပုဂိုလ်ရေး တိုက်ခိုက်တာမျိုး လွဲရင် အကုန်ရေးလို့ရပါတယ်။ အကိုရေးတာတွေကိုလည်း မျက်စိတွေ တော်တော်နောက်နေကြပြီလား မသိ :D

-သာသနာစောင့်သိသူ- said...

ဦးကောင်းကင်ကို တန်တော့ မိစ္ဆာဒိဌိကြီပါပဲလား။ ခင်ဗျားကြီးဟာ ဗုဒ္ဓဘာသာကို ကောင်းကောင်း မလေ့လာဖူးပဲနဲ့ လျှောက်ဝေဖန်နေတယ်ပေါ့လေ။ ကိုယ့် Popularity ရအောင် ဘာသာတရားတွေကို စတန့်ထွင် တိုက်ခိုက်ပြနေတာ တော်တော် အကျဉ်းတန်ပါတယ်။

ဝေသန္တရာဇာတ်တော်ကို Surrealism သဘောမျိုးလို့ ပြောတယ်ပေါ့လေ။ ဘုရားဟောကို အမှားလို့ ပြောတာဟာ ဘုရားကို လိမ်နေတယ်လို့ စော်ကားတာနဲ့ တူတူပါပဲ။ ဘုရားကို စော်ကားတာဟာ ထေရဝါဒ ဗုဒ္ဓဘာသာဝင်ထုကြီးနဲ့ အထူးသဖြင့် နိုင်ငံတော် သံဃာ့မဟာ နာယက သာသနာစောင့် အဖွဲ့တော်မြတ်ကြီးကို စော်ကားတာနဲ့ အတူတူပါပဲ။ ဒီလိုစော်ကားတဲ့ blogger ကောင်းကင်ကို ကို ထိုင်းနိုင်ငံအထိ အရောက်လာပြီး အရေးယူရမယ်။ လိုအပ်ရင် ရှင်မိုးပြာအမှု လုပ်ထုံးအတိုင်း ဖမ်းဆီးထိန်းသိမ်း ရမယ်။

ဟီး။ လန့်သွားလား။ ကိုကင်း။

:D

Unknown said...

ဘာပဲဖြစ်ဖြစ် ဖတ်လို့တော့ ကောင်းတယ်အကို
အကိုတို့ လို စာတက်ပေတက် မဟုတ်တော့
သိ.ကြား.ခဲ့.ဘူးတာလေးတွေပြောပြ ဝေဖန်ချင် ပေမယ့်
စကား အမှားပါမှာဆိုးလို့
စိတ်ထဲမှာပဲ မှက်သား သွားပါတယ်
.. ခင်မင်လေးစားလျှက်

(ဒုတိယဝ

Tom said...

ပေးသွားတဲ့ ရ်ုပရှင် LINK လေးတွေအတွက် ကျေးဇူးပါ။း)

ဧဏီမင်း said...

အင်း..အတွေးလေးတွေ ကောင်းတယ်ဗျာ..ကိုယ့်သားသမီး မိန်းမတွေကို ကိုယ်ပိုင်ပစ္စည်းတစ်ခု သဘောထားပုံ..စတာ တွေပေါ့..
သေချာစဉ်းစားကြည့်ရင် လောကအမြင်နဲ့မကိုက်ညီဘူးဗျ.နော်. သူတို့မှာလည်း အသက်နဲ့ကိုယ်ပဲလေ..ပုတ္တပရိစ္စာဂ တို့ ဘရိယပရိစ္စာဂတို့ တော့ ရှိတာပေါ့.. ဒါတွေလုပ်မှ ဘုရားဧကန်ဖြစ်ရတာလား ဆိုတာတော့ အင်း သံသယဖြစ်ချင်စရာပဲ၊ လူသာမာန်တွေ မလုပ် နိုင်တာကို ဘုရားဖြစ်မဲ့သူက ဓမ္မတာသဘောအရ လုပ်ပြရ တာလား..အင်း.. စဉ်းစားစရာပဲ၊ ဥပမာ-လူတွေကို တရားပြဖို့ကျင့်ကြံတဲ့သူက တကယ် ဘုရားဖြစ်တဲ့အခါ တရားမဟောဖို့ဆုံးဖြတ်ပြီး. သဟမ္ပတိဗြဟ္မာက လာတောင်းပန်မှ တရားဟောဖို့ ဆုံးဖြတ်ချက်ချတာတို့ပေါ့..
ဘုရားပိဋကတွေကလည်း နှစ်ပေါင်း ၂၅၅၄ တောင် ရှိခဲ့ပြီဆိုတော့ ခေတ်အဆက်ဆက်ပြောင်းလာလိုက်တာ အဲဒီအထဲ ဘယ်လိုပညာရှင်တွေက ဘယ်လိုပုံမှားတွေ ဘယ်လိုအတွေးအခေါ်တွေ ထိုးထည့်ခဲ့မှန်း ဘယ်သူ သိနိုင်မလဲ၊ အင်း ပြောရရင်တော့ အများကြီးပဲဗျာ.. ကျနော်လည်းး သိသလောက်တွေးမိတာလေးပါ.. (အားလုံး) အမှားပါရင်ခွင့်လွတ်ပါ..

Clock.pendulum said...

I can say definitely that author comprehend Buddhism superficially based on your article.But I like some points you write.I want to encourage author to learn Buddhism intensively and extensively.

clock.pendulum said...

http://www.facebook.com/notes/%E1%80%97%E1%80%AF%E1%80%92%E1%81%B6%E1%80%98%E1%80%AC%E1%80%9E%E1%80%AC-%E1%80%A1%E1%80%B1%E1%80%90%E1%80%BC%E1%80%B8%E1%80%A1%E1%80%BB%E1%80%99%E1%80%84%E1%80%B9/%E1%80%A1%E1%80%BB%E1%80%99%E1%80%84%E1%80%B9%E1%80%99%E1%81%BE%E1%80%80%E1%80%8A%E1%80%B9%E1%80%9C%E1%80%84%E1%80%B9%E1%80%85%E1%80%9B%E1%80%AC%E1%80%99%E1%80%BA%E1%80%AC%E1%80%B8%E1%82%8F%E1%80%BD%E1%80%84%E1%80%B9%E1%80%B7-%E1%80%B1%E1%81%80%E1%82%86%E1%82%8F%E1%81%B1%E1%80%9B%E1%80%AC/403823639664706

clock.pendulum said...

သဘောတရားနားမလည်တဲ့ ဝေဖန်ရေးများ
by ဗုဒ္ဓဘာသာ / အတွေးအမြင် on Thursday, May 24, 2012 at 7:38pm ·

အခုတစ်လောပေါ့လေ အွန်လိုင်းပေါ်မှာ ဘာသာရေးနဲ့ပတ်သက်ပြိးတော့ ခေါင်းစဉ်အမျိုးမျိုးနဲ့ အသင်းအဖွဲ့တွေ ဖွဲ့ပြီးသကာလ ငြင်းခုံရန်ဖြစ်နေကြတယ်။ သူတို့ကတော့ ငြင်းခုန်ရန်ဖြစ်တာမဟုတ်ပါဘူး ဝေဖန်ဆွေနွေးနေကြတာပါတဲ့။ ကဲ လေ ရှိပါစေတော့။



အချို့က ပါဠိတော်ကဘယ်လို အဋ္ဌကထာကဘယ်သင်းနဲ့ ကြားဘူးနားဝတစ်ချို့နဲ့ ဖိန်ကြ့လှိမ့်ကြတယ်။ ဒါပေမယ့် ကြားဘူးနားဝနဲ့ ပြောဆိုထားတဲ့ ဖိန့်လုံးလှိမ့်လုံးတွေဆိုတော့ ပေါ့ပေါ့ပျက်ပျက်နဲ့ စာပေကို စနစ်တကျလေ့လာထားဘူးတဲ့ သူများဆိုရင် ဖိမ့်လုံးလှိမ့်လုံးဆိုတာ အလွယ်တကူသိရှိနိုင်တယ်။ အဋ္ဌကထာကို အပြစ်တင်စကားဆိုနိုင်လေလေ သူတို့တွေက ဂုဏ်ရှိရှိလေလေလို့ ယူဆထားကြသလားမသိဘူး အဋ္ဌကထာဆရာကို မဲမဲမြင်တာနဲ့ တွယ်တော့တာပဲ။ သူတို့တွယ်တာတွေကို သေချာဖတ်ကြည့်တော့ အော် စာပေရဲ့ သဘောတရားကို နားမလည်လို့ မိုက်လုံးကြီးနေတဲ့ ငပေါလေးတွေပါလားလို့ သံဝေဂဖြစ်မိပါတယ်။



ကျမ်းပြုအဋ္ဌကထာဆရာကြီးများဟာ ပညာရှင်ပီပီ ကျမ်းကိုပြုသွားကြပါတယ်။ သူတို့လက်မခံနိုင်တဲ့ အယူအဆတွေ ဘာတွေကို သူတို့ပြုစုတဲ့ ကျမ်းထဲမှာ ဖော်ပြထားတတ်ကြပါတယ်။ ဒါပေမယ့် ဒါကိုမြင်နိုင်ဖို့အတွက် စာပေကို စနစ်တကျ လေ့လာသင်ကြားထားဖို့တော့ လိုအပ်ပါတယ်။ မဟုတ်ရင်တော့ ဒါတွေကို သိရှိနိုင်မှာမဟုတ်ပါဘူး။

clock.pendulum said...

ကျမ်းပြုဆရာဟာ သူပြုစုတဲ့ကျမ်းထဲက ၀ါကျမှာ ``ကိရ´´ဆိုတဲ့ ပုဒ်ထည့်ခဲ့ရင် အဲဒီဝါကျဟာ(သို့) အဲဒီအကြောင်းအရာဟာ တိကျခိုင်မာ သေချာမှုမရှိဘူး။ မှန်ကန်တိကျပြီး ယုံကြည်နိုင်လောက်တဲ့ ပညာရှင်တစ်ယောက်က ပြောကြားခဲ့တဲ့ စကားလဲ မဟုတ်ဘူး။ ညအိပ်ရာဝင် ပုံပြင်တွေလို အဆင့်ဆင့်လက်ကမ်းလာတဲ့ ယုံတမ်းစကားမျှသာဖြစ်တယ်။ နောက်လာနောက်သားတွေကို ရှေးမထေရ်ကြီးများ ဒီလိုအယူအဆရှိတယ်ဆိုတာကို သိရှိရပြီးတော့ ဗဟုသုရပါစေတော့ဆိုတဲ့ စိတ်ထားနဲ့ သူပြုစုတဲ့ကျမ်းမှာ ထည့်ပေးထားခဲ့ခခြင်းဖြစ်တယ်။



ဒီနေရာမှာ အထူးမှတ်သားစရာတစ်ခုက ``ကိရ´´ပုဒ်ဟာ နောက်ထပ် အဓိပ္ပါယ်တစ်ခုရှိသေးတယ်ဆိုတာပဲ။ နောက်တစ်ခုက ကျဉ်းနေတဲ့ အကြောင်းအရာတစ်ခုကို အများနားလည်အောင် ကျမ်းဆရာက ချဲ့ပြီးရှင်းပြလိုတဲ့အခါမှာလဲ ဒီ``ကိရ´´ ပုဒ်ကို သုံးသေးတယ်ဆိုတာပဲ။



အကြောင်းအရာတစ်ခုကို ချဲ့မယ်ဆိုရင် ``ကိရ-ချဲ့ဥိးအံ့´´ လို့ အနက်အဓိပ္ပါယ်ပြန်ရတယ်။ အပေါ်စာပိုဒ်က ကိရကိုတော့ ကြိယာပုဒ်နဲ့တွဲပြီးတော့ ``၀ဒန္တိကိရ-ဆိုကုန်သတဲ့´´လို့ အနက်အဓိပ္ပါယ်ပြန်ရတယ်။



ဒါကြောင့် ကိရပုဒ်ပါတိုင်းလဲ ခိုင်မာမှုမရှိဘူးလို့တော့ တစ်ထစ်ချမှတ်လို့မရဘူး။ ဒါကို အထူးသတိပြုမှတ်သားစေချင်တယ်။

clock.pendulum said...

ဝါကျရဲ့ ကြိယာအချမှာ ``ဒဋ္ဌဗ္ဗံ´´လို့ ချခဲ့ရင် ဒီစကားကို အသေအချာ မှတ်သားထားရမယ်လို့ ဆိုလိုခြင်းဖြစ်တယ်။



``ဝေဒိတဗ္ဗံ´´လို့ ချခဲ့ရင်တော့ ဒီစကား ဒီအချက်အလက်ကို ကျမ်းပြုဆရာကိုယ်တိုင်က သံသယဖြစ်နေတယ်။ သူကိုယ်တိုင် တထစ်ချ မယုံနိုင်သေးဘူး။ မှားတယ် မှန်တယ်လို့ သူကိုယ်တိုင် တထစ်ချ မဆုံးဖြတ်နိုင်သေးဘူး။ ဒါပေမယ့် ဒီအဖြစ်အပျက် ဒီအချက်အလက်ဟာ လောလောဆယ်မှာ အခိုင်မာဆုံးဖြစ်နေတယ်။ ဒါကြောင့် သူဒါကို ထုတ်ဖော်ပြီး ပြသရခြင်းဖြစ်တယ်။ ဒါပေမယ့် နောင်တစ်ချိန်မှာ ဒီထက် ခိုင်မာတိကျတဲ့ အထောက်အထားကို ရခဲ့လျှင်တော့ ဒီအချက်အလက်ကို ပယ်ဖျက်ပစ်လိုက်ပါလို့ ဆိုလိုတဲ့ သဘောဖြစ်တယ်။



``၀ဒန္တိသဒ္ဒါ၊ ရှိတုံပါ၊ ဆရာမနှစ်သက်´´တဲ့။







ဝါကျရဲ့ ကြိယာပုဒ်ကို ``၀ဒန္တိ´´လို့ ဆိုခဲ့ရင် ဒီအယူအဆ ဒီအချက်အလက်ကို ကျမ်းပြုဆရာကိုယ်တိုင်က မနှစ်သက် လက်မခံနိုင်ဘူး။ မယုံကြည်ဘူး။ လူအများအပြားက ပြောဆိုနေကြလို့သာ မျိုးဆက်သစ်တွေ မှတ်သားဖို့အတွက် ဗဟုသုတအနေနဲ့ သူပြုတဲ့ကျမ်းမှာ ထည့်ပြရခြင်းဖြစ်တယ်။



ပါဠိစာပေနဲ့ မနီးစပ်သူများကတော့ နားရှုပ်ပြီး မျက်စိလည်နေလောက်ပြီလို့ ဦးဇင်းယူဆတယ်။ ဒါကြောင့် ပါဠိဝါကျတစ်ခုထုတ်ပြီးတော့ အထက်က ရှင်းလင်းချက်တွေနဲ့ ဦးဇင်းတို့ လေ့လာကြည့်ကြရအောင်...။







``ရာဇာ ကိရ ပုဗ္ဗေ စေတိယင်္ဂဏေ သဥပါဟနော အဂမာသိ၊ နိသဇ္ဇနတ္ထာယ ပညတ္တကဋသာရကဉ္စ အဓောတေဟိ ပါဒေဟိ အက္ကမိ၊ တဿာယံ နိဿန္ဒောတိ ၀ဒန္တိ´´ (ဒီဃနိကာယ်၊ သီလက္ခန္ဓ၀ဂ္ဂဋ္ဌကထာ၊ နှာ-၁၂၆၊ ပိုဒ်-၁၁)







ဒီဝါကျဟာ အဋ္ဌကထာကျမ်းပြုအကျော် အရှင်မဟာဗုဒ္ဓဃောသမထေရ်မြတ်ရေးသားတဲ့ သီလက္ခန်အဋ္ဌကထာကဖြစ်တယ်။

clock.pendulum said...

``ဗိမ္ဗိသာရမင်းကြီးဟာ စေတီရင်ပြင်မှာ ဖိနပ်စီးပြီး သွားခဲ့သတဲ့၊ ရဟန်းတော်စတဲ့ အရှင်သူမြတ်တွေထိုင်ဖို့ ခင်းထားအပ်တဲ့ သင်ဖြူးပေါ်မှာ ခြေရေမဆေးတဲ့ ခြေထောက်တို့နဲ့ တက်ပြီး နင်းသတဲ့။ အဲဒီကံတွေရဲ့ အကျိုးဆက်ကြောင့် အခုလို ခြေဖ၀ါး ဓားခွဲပြိးတော့ မီးခဲကင်ခံ၇တာလို့ ဆရာများက ဆိုကုန်သတဲ့(သူဆရာသမားများက ပြောခဲ့တယ်)´´ ဒါဟာ အထက်က ပါဠိဝါကျရဲ့ မြန်မာပြန်ဖြစ်တယ်။







အထက်က ပြခဲ့တဲ့ ပါဠိဝါကျကို ကြည့်လိုက်ပါတယ်။







နံပါတ်တစ်အနေနဲ့ သတဲ့ အနက်ထွက်တဲ့ ``ကိရ´´ပုဒ်ပါနေတယ်။







နံပါတ်နှစ်အနေနဲ့ ကြိယာအချမှာ ``၀ဒန္တိ´´ပုဒ်နဲ့ ချထားပြန်တယ်။







ဒါကြောင့် ဗိမ္ဗိသာရမင်းကြီး ခြေဖ၀ါးဓားခွဲခံ၇တာဟာ စေတီရင်ပြင်ကို ဖိနပ်မစီးပဲသွားလို့ သင်ဖြူးပေါ်ကို ခြေရေမဆေးတဲ့ ညစ်ပတ်ပေပွနေတဲ့ ခြေထောက်နဲ့တက်ခဲ့လို့ ခွဲခံရတယ်ဆိုတာကို အရှင်မဟာဗုဒ္ဓဃောသ ကိုယ်တိုင်က မယုံကြည်ဘူး။







ဒါပေမယ့် ဒီထက်ကောင်းတဲ့ ခိုင်လုံတဲ့ တိကျတဲ့ အကြောင်းအရာကိုလဲ သူကိုယ်တိုင်ရှာမတွေ့ဘူး။ နောက်ပြီးတော့ သူ့ခေတ်တုန်းက ဒီအချက်အလက်က လူပြောသူပြောများတယ်။ ဒါကြောင့် သူဒါကို သူရဲ့ကျမ်းမှာ ထည့်ပေးခဲ့တာဖြစ်တယ်။







ဒါတွေကို မသိနားမလည်တဲ့ လူဖျင်း လူအ လူန လူညံ့ လူထိုင်း လူနလပိန်းတုံး လူ့ငနွား အ,ပြီးရင်း အ,ရင်းနဲ့ သေမယ့် အကောင်အချို့ဟာ အဋ္ဌကထာဆရာတွေ ဘာဖြစ်သလေး ညာဖြစ်သလေးနဲ့ သူ့တို့ရဲ့တစ်ထွာ တစ်မိုက်ရှိတဲ့ ဥာဏ်စုတ်ဥာဏ်ပြတ်ကလေးနဲ့ ဝေဖန်လေ့ရှိကြတယ်။

clock.pendulum said...

လူတစ်ဘက်သားရဲ့ အယူအဆမှားနေတယ်ဆိုရင် ဘာကြောင့်မှားတယ်လို့ ထောက်ပြနိုင်ရုံနဲ့ မလုံလောက်သေးဘူး။ အမှားကိုထောက်ပြပြီးတော့ အမှန်နဲ့ အစားထိုးပြသပေးနိုင်ဖို့လဲ လိုသေးတယ်။







ဗုဒ္ဓဘုရားရှင်ဟာ မိစ္ဆာအယူဝါဒတွေ ကြားထဲမှာ နောက်မှပေါ်ထွန်းလာပြီးတော့ သာသနာကို အောင်မြင်ဖြစ်ထွန်းစွာ ပြုစုပျိုးထောင်ခဲ့တာဟာ အမှားကို ထောက်ပြပြီးတော့ အမှန်နဲ့ အစားထိုး ပေးနိုင်ခဲ့လို့ပဲဖြစ်တယ်။







အဋ္ဌကထာဆရာတွေရဲ့ အချက်အလက်တွေကို ပယ်ဖျက်ချင်ရင် အဋ္ဌကထာဆရာတွေထက် တော်နေတတ်နေဖို့လိုပါတယ်။ အခုတော့ သူတို့ခမျာမှာ အဋ္ဌကထာဆရာက ပညာရှိနည်းနဲ့ ပြောသွားတာတောင် မသိနိုင်ကြတဲ့ ဘ၀တွေဖြစ်နေပြီးတော့ အဋ္ဌကထာဆရာကို ပယ်ပယ်နယ်နယ် စော်ကားနေကြတဲ့ ဒုမ္မေဓတွေရဲ့ မိုက်ရူးရဲမှုကို တကယ်ကို အံ့သြမင်သက်ဖြစ်မိပါတယ်။



ဒီသဘောတ၇ားလေးတောင် နားမလည်ပါပဲ ဝေဖန်ရေးဆွေးနွေးခေါင်းစဉ်တပ်ထားတဲ့ မိမိတို့ကိုယ် မိမိတို့ ပြန်လည်ဆန်းစစ်သင့်နေပါပြီ။



...............................................................................................မိုးသု(မန္တလေး)

ko said...

ကိုကောင်းကင်ကိုနဲ့ ခရေငယ်..ရေ..စာများများဖတ်ဗျာ..

မိန်းမနဲ့ ကလေးတွေကိုယ်တိုင်က ပါရမီကိုဖြည့်ချင်လို့ လိုလိုလားလားနဲ့ အကြည်အသာ လက်ခံလိုက်တာပါ.. ရုန်းရင်း၊ ဆန်ခတ်နဲ့ သူသတ်လက်ထဲအပို့ခံရသလို မဟုတ်ပါဘူး.. မင်းကြီးတောင် သာဓုခေါ်ပါတယ်.. ကာလပေါင်းများစွာ ပါရမီဖြည့်ရမယ့်အခရီးအတွက် ဒီလိုပါရမီဖြည့်ဖို့ကြုံကြိုက်လာတာဟာ စင်စစ်သူတော်ကောင်းကြီးတွေအဖို့ (ရလာမည့် အကျိုးကျေးဇူးကို သေသေချာချာသိသည့် အားလျှော်စွာ) တုန်လှုပ်မှုမရှိပါဘူး.. အခု ခင်ဗျားပြောတဲ့ (ပဒေသရာဇ်) လေးဘာလေးနဲ့ စွတ်စွဲနေတာ တခြားသူမဟုတ်ဘူးနော်.. ဘုရားအလောင်းတော်ဗျာ..ဥာဏ်လေးတထွာတမိုက်ဗျာ.. စကြာဝတေးမင်းရဲ့ စည်းစိမ်ကို ဖုန်းတောင်းယာစကာ ကိုယ်ချင်းမစာနိုင်ပဲ (ဟယ်..ဒီလောက်မဖြစ်နိုင်ပါဘူး) လို့ပြောသလို ဖြစ်နေပေါ့.. ဒီလိုတွေးတိုင်း အတွေးရဲရင့်တယ်မထင်လေနဲ့ဗျာ.. ဒါဟာ မှန်ကန်တဲ့ အတွေးအမြင်မဟုတ်ပါး.. အတွေးရဲရင့်တာက မှန်ကန်တဲ့နယ်ပယ်မှသာ အသုံးကျတာပါ..ဟုတ်ပြီနော်..

(ဥပမာထိုးပြလျှင် ဝေဿန္တရာမင်းကြီးသည် ဘုရားအဖြစ်ပါရမီဖြည့်ရန်အလို့ငှာ တိုင်းပြည်သာမက ဆင်ဖြူတော်ပါလှုမည်ဖြစ်သည်။ သူ့အလုပ်သူလုပ်ရာတွင် ကံဆိုးစွာဖြင့် တိုင်းပြည်အုပ်ချုပ်မင်းလုပ်နေရသောကြောင့် ပြည်သူများဖြင့် ထိတ်တိုက်တွေ့လေပြီ။ တိုင်းသူပြည်သားများကလည်း ထိုက်သင့်သော တုန့်ပြန်မှုဖြင့် မြိုင်ရပ်သို့ နှင်လေတော့သည်။

ဥပဒေသကိုဆွဲထုတ်ကြည့်လျှင် မည်သူမျှ မမှားပေ၊ ဘုရားအလောင်းကလည်း ဘုရားအလောင်းအလုပ်လုပ်မည်။ ပြည်သူကလည်းပြည်သူအလုပ် ပြည်သူလုပ်သည်။)

ko said...

မိန်းကလေးကိုယ်တိုင်ကကို ဟင်..ယောင်္ကျားဖြစ်ပြီး မိန်းမတွေအတိုင်းပဲလို့ ပြောနေကြတာပဲ..
စကားလုံးအတိုင်းသာ အပ်ကျ၊ မတ်ကျ ကောက်မယ်ဆိုရင် အခံရခက်စရာချည်းပါပဲ..
လောကမှာ ချစ်စရာကောင်းတဲ့ သဘာဝတစ်ခုက မိန်းမကလည်း ယောင်္ကျားမကောင်းကြောင်းပြောရင်း..တပ်မက်ကြသလို..ယောင်္ကျားကလည်း မိန်းမတွေကို နှိမ်စကား၊ အထင်သေးစကားတွေ ပြောရင်းနဲ့ပဲ ဒူးထောက်နေရတာတွေအများကြီးပါ.. ဒါကြောင့်လည်း စကားပုံတွေ ပေါ်လာရတာပါ.. ကိုင်း..မိန်းကလေးဘက်က ယောင်္ကျားလေးဘက်ကို ဘယ်လိုမှတ်ချက်တွေပေးထားလည်းဆိုတာ ကြည့်စို့.. မိန်းကလေးဘက်ကလည်း ယောင်္ကျားလေးတွေကို ပယ်ပယ်နယ်နယ်တွယ်ထားတာရှိသလို..သူတို့ကိုယ်သူတို့လည်းပြန်လှောင်ထားပါတယ်.. ဒါကြောင့်ဒီအသုံးအနှုန်းတွေဟာ နှိမ်လုံးတွေမဟုတ်ပဲ ကိုယ်ဆိုချင်တဲ့အဓိပါယ်ကို ထင်းကနဲပေါ်အောင်သာ သုံးခြင်းဖြစ်ပါတယ်..
ဥပမာ.. (ဒီကောင်ကွာ..မိန်းမလို၊ မိန်းမရ ဆန်လိုက်တာ) ဆိုရင် ဒါဟာ ကြားရသူတိုင်းအဖို့ မိန်းမသားထုကြီးကို စော်ကားတယ်လို့ မထင်ကြပဲ..စိတ်ထားကျဉ်းမြောင်း၊ သေးသိမ်သူဟု သဘောပေါက်ရုံသာ ရှိပါတယ်..
In passing, also, I would like to say that the first time Adam had a chance he laid the blame on Woman.
Nancy Astor
ကြုံတုန်းပြောရဦးမယ်.. အာဒမ်ဟာ အခွင့်ရရချင်း မိန်းမအပေါ်အပြစ်ပုံချတာပဲ။


But remember, a man ends by hating the woman who he thinks has found him out.
Jennie Jerome Churchill
နောက်ဆုံးပိတ်မတော့.. ယောင်္ကျားတွေဟာ သူတို့အကြောင်း သိသွားတယ်လို့ ထင်တဲ့ မိန်းမတွေကို မုန်းတော့တာပဲ။


He believed that all women who want to should free, equal, independent, creative, well-informed, and lead stimulating, interesting lives. Except me.
Lucille Kallen
ကျွန်မယောင်္ကျားဟာ မိန်းမအားလုံးလွတ်လွတ်လပ်လပ်၊ ညီညီမျှမျှ သီးခြားရပ်တည်နိုင်ပြီး ပညာတတ်မြောက်တီထွင်ကြံဆ လှုံ့ဆော်အားတိုး စိတ်ဝင်စားဖွယ်ဘ၀ စံစားသင့်တယ်လို့ ယုံကြည်တယ်.. ကျွန်မကလွဲရင်ပေါ့..

ko said...

A man without a wife is as a helpless barge without a towboat.
Helen Rowland
မိန်းမမရှိတဲ့ ယောင်္ကျားဟာ ဆွဲလှေမပါတဲ့ ကူးတို့ဖောင်ကြီးလိုပဲ..


The only really happy people are married women and single men.
MarleneDietrich
ဘ၀မှာ တကယ်ပျော်တဲ့သူတွေဟာ လင်ရှိမိန်းမတွေနဲ့ လူပျိုကြီးတွေပဲ..


Though courtship turns frogs into princes, marriage turns them quietly back.
Marge Piercy
လူပျိုလှည့်တုန်းကတော့ ဖားမင်းသားလေးပေါ့..အိမ်ထောင်လည်းကျပြီးရော ဖားပြန်ဖြစ်သွားကရော..



After a few years of marriage a man can look right at a woman without seeing her and a woman can see right through a man without looking at him.
လက်ထပ်ပြီး နှစ်မကြာခင် ယောင်္ကျားက မိန်းမကိုစိုက်သာကြည့်ပြီး ဘာမှမမြင်ဘူး၊ မိန်းမက ယောင်္ကျားကိုမကြည့်ပဲ အကုန်မြင်တယ်..


I never married because I have three pets at home which answer the same purpose as a husband. I have a dog which growls every morning, a parrot which swears all afternoon, and a cat that comes home late at night.
Marie Corelli
ကျွန်မ အိမ်ထောင်မပြုတဲ့အကြောင်းကတော့..ယောင်္ကျားနည်းတူပြုမူမယ့်အကောင်သုံးကောင်အိမ်မှာမွေးထားလို့ပဲ.. မနက်တိုင်းဟောင်တဲ့ခွေးရယ်၊ တစ်နေ့လည်လုံးဆဲနေတဲ့ ကြက်တူရွေးရယ်၊ ညမိုးချုပ်မှ အိမ်ပြန်လာတဲ့ ကြောင်တစ်ကောင်ရယ်..

ko said...

A woman's husband of course must keep her. It's his right. What did he marry for?
Augusta Johnstone.
ယောင်္ကျားကမိန်းမကို လုပ်ကျွေးရမှာပေါ့..သူလက်ထက်တာ ဒီအခွင့်အရေးအတွက်မဟုတ်လား..


I hated rows unless I made them myself.
Gertrude Atherton
ကျွန်မကိုယ်တိုင်မပါတဲ့ ရန်ပွဲအားလုံးကိုမုန်းတယ်..


The great and almost only comfort about being a woman is that one can always pretend to be more stupid than one is, and no one is surprised.
Frya Stark
မိန်းမဖြစ်ရတဲ့ အကျိုးတစ်ခုကတော့ အချင်ယောင် ဆောင်နိုင်တာပဲ၊ ဘယ်သူကမှလည်း မအံ့သြဘူး.



If you are beautiful, your husband is your slave; if your plain, you are his upper servant.
Gertrude Atheton
ရှင်ရုပ်ချောရင် ရှင့်ယောင်္ကျားက ရှင့်ရဲ့ ကျွန်ကြီးပေါ့.
ရှင်ရုပ်မချောရင်တော့ ရှင်က သူ့ရဲ့ အထက်တန်းစား အစေခံပဲ..
If you want to get revenge on a man, marry him.
Belinda Hadden & Amada Chrisrie
ယောင်္ကျားတစ်ယောက်ကို ကလဲ့စားခြေချင်ရင် သူ့ကိုသာ လက်ထပ်လိုက်။
A bachelor is a large body of egotism, completely surrounded by caution and fortified at all points by suspicion.
Helen Rowland
လူပျိုကြီးဆိုသည်မှာ ကြီးစွာသော သတိဝီရိယခြံရံလျက် နေရာတကာ မသင်္ကာစိတ်ဖြင့် ကျားကန်ထားသော ငါသာလျှင် မဓာန ၀ါဒရှင်ကြီးဖြစ်ပါသည်။

ko said...

နာမည်ကျော် စာပေနယ်၊ သရုပ်ဆောင်နယ်၊ နိုင်ငံရေးနယ်ပယ်အသီးသီးမှ အမျိုးသမီးများ၏ ယောင်္ကျားတွေအပေါ်ထားသည့်အမြင်များကို အနည်းငယ်တင်ပြလိုက်ပါတယ်.. မှတ်ချက်တွေကိုဖတ်ရင်းနဲ့ .. ခေါင်းမှာ ဂျိုပေါက်မပေါက် လက်နဲ့စမ်းချင်လာလိမ့်မယ်ထင်တယ်.. အဟက်..ဟက်.. တန်ဖိုးရှိတဲ့အချိန်တွေကို ဆက်ပြီးဖြုန်းချင်ရင်တော့..အဆိုပါမှတ်ချက်တွေကို ထပ်မံပြီးလေကန်ဆွေးနွေးနိုင်ပါတယ်..
တကယ်လို့များ မိမိကိုယ်ကို သိပ်ပြီးအထင်ကြီးလွန်းတဲ့ မဟာပုရိသ၀ါဒရှင်တွေအဖို့ မိန်းကလေးတွေ အရူးလုပ်မခံရစေဖို့ပဲ မျှော်လင့်ရပါတယ်.. အဲ..ဒီထဲမှာ ကျွန်တော်မျိုးလည်းပါသပေါ့ဗျာ.. တခါတရံများတောင် မိန်းကလေးတွေရဲ့ ပါးရည်နပ်ရည်နဲ့ အကင်းပါးမှုကို အထင်ကြီးမိတာ ၀န်ခံပါတယ်..
နောက်ဆုံးမှတ်ချက်ကတော့..မိန်းကလေးတွေဟာ ယောင်္ကျားတွေလောက်မတော်ဘူးလို့ထင်တဲ့ ယောင်္ကျားလောက် တုန်းတာ မရှိဘူးလို့ ပြောပါရစေတော့.. ဒီလိုယောင်္ကျားမျိုးတွေပဲ မိန်းမတစ်ယောက်ရဲ့ ကြိုးဆွဲမှုအောက်မှာ နွားတစ်ကောင်လို ကုန်းရုန်းလုပ်ပေးရတာပါပဲ.. ရေချိုလေးတိုက်၊ မြက်ခြောက်လေးကျွေးလို့ပေါ့..အဟက်..ဟက်..

Anonymous said...

Hey. I'm sorry to trouble you but I happened to run across your blog website and noticed you happen to be using the exact same template as me. The only problem is on my site, I'm unable to get the theme looking like yours.

Would you mind emailing me at: luzbrunson@gmail.

com so I can get this figured out. By the way I've bookmarked your web page: http://www.blogger.com/comment.g?blogID=6028901933327882406&postID=2003197900135543699 and will be visiting often. Many thanks!

My blog - Www.artsofunderstanding.org