စစ်ဖိနပ်ရာတွေ ဗရပွနဲ့ 
ကြေမွနေတဲ့ ဥယျာဉ်ကို
ပြန်ပြုပြင်ဖို့ သုံးနည်းရှိသတဲ့။
တစ်ချို့ တွေက...
မိစ္ဆာကောင်းကင် ဆီက သနားကရုဏာကို
ခေါင်းလျှိုး မျှော်လင့်ကြတယ်။
တစ်ချို့တွေက...
အနောက်အရပ်ဆီက အင်အားကြီးနတ်တွေကို
မချင့်မရဲ မျှော်ကိုးကြတယ်။
တစ်ချို့ တွေက...
ကိုယ့်အားကိုယ်ကိုး
ကိုယ့်စိတ်ဓာတ် ကိုယ်ပြန်လေထိုးပြီး
ဆက်လက်ချီတက် ချင်ကြတယ်။
ဒါပေမယ့်...
သေနတ်ကိုပဲ အချိန်ပြည့် မောင်းတင်
နှစ် လေးဆယ်ကျော် မှောင်နေခဲ့တဲ့ ကောင်းကင် ဆီက
ဘာများမျှော်လင့်လို့ ရဦးမှာလဲ။
အစွယ်ကျိုးနေတဲ့ တစ္ဆေ
အဆိပ်မရှိတဲ့ မြွေကို
ဘယ်သူ တပည့်မွေးဦးမှာလဲ။
နဂိုက လှပါလျက်နဲ့ 
အနာတွေ အပြည့်နဲ့ ရုပ်ဆိုး
အရိုးချည်း ကျန်ခဲ့မယ့် တစ်ခုလပ်မ ကို
ဘယ်သူ ကယ်တင် ချင် ဦးမှာလဲ။
ဟေ့...ဒီမှာ...
တစ်နည်းပဲ ကျန်တော့တယ်။
ငါတို့ အားလုံး
အိပ်မက်တွေကို ဓားလိုသွေးပြီး
စိတ်ဓာတ်တွေကို ကျားလိုမွေးထားရမယ်။
ကိုယ့် အသံ ကိုယ်မြှင့်ပြီး ကိုယ့်အလံ ကိုယ်လွှင့်ရမယ်။
သွေးကြောထဲ လှိုင်းဂယက်ထ
စိတ်ဓာတ်တွေ တက်ကြွနေတုန်း
တိုင်ကပ်နာရီက ခုနစ်ချက်ထိုး
အလည်လွန်နေတဲ့ ငါ့ စိတ်ကို လာနှိုးတယ်။
မိုးခါးရေတစ်ခွက် အရှာထွက်ဖို့ အချိန်ရောက်ပြီတဲ့။
အုတ်မြစ် မချရလိုက်သေးခင် အချိန်မှာပဲ
လေထဲက အိမ်လေး ပြိုပျက်
လက်တွေ့ ဘဝရဲ့ အကြမ်းဖက်မှု အောက်မှာ
ငါးမိနစ်သား စိတ်ကူးမီးတောက် ကလေး
မရှုမလှအသက်ထွက်သွားခဲ့တယ်။
ဒီလိုနဲ့ 
ဆပ်ပြာ ပူဖောင်းလေးပေါက်...
သြော်...
ဝမ်းတထွာဆိုတဲ့ သမုဒ္ဒရာ အောက်မှာ
ငါတို့ နိုင်ငံ ပျောက်ခဲ့ပြီပဲ။
ကောင်းကင်ကို
Sunday, September 28, 2008
Subscribe to:
Post Comments (Atom)
12 comments:
ကောင်းကင်ကို မွေးဖွားလိုက်တဲ့ အနုပညာကဗျာတွေဟာ အားလုံးကောင်းနေတာပါပဲ---
အနုပညာအားအလွန်ကောင်းတယ်လို့
မှတ်ချက်ပေးပါရစေ--
ရင်ထဲကို ဒိုင်းကနဲတိုးဝင်ပြီး ဆုပ်ယူသွားပါတယ်--
အာဏာရှင်တွေရဲ့ လမ်းဆုံးဟာ ကျဆုံးခြင်းပါ။
ပြည်သူတွေကိုဖိနှိပ်လေလေ အာဏာရှင်တို့ အသက်ရှူတာကြပ်တာလူသိလေလေ
ပြည်သူတွေကိုကြောက်လှန့် အောင်လုပ်လေလေ သူတို့ ကြောက်နေတာပေါ်လေလေပါ။
မြန်မာပြည် မပျောက်ပါဘူး။
စနစ်ဆိုးတွေသာတခုပြီးတခု တနေရာပြီးတနေရာမှာ ပျောက်ကွယ်ကြမှာ
ခွပ်ဒေါင်းကိုအမြင့်ဆုံးပျံဖို့
မောင်းပြန်ကိုဒေါင်းအအလံနဲ့တိုက်မယ်တဲ့
ကျောင်းနံရံတ၀ိုက်ကအသံတွေ
အဲဒီနောက်
အလောင်းချင်းမြေထပ်
လူငယ်တွေခြေကျင်းခတ်ခံရလို့
မြင်ပြင်းကပ်တာနဲ့သူပုန်
ငယ်ရွယ်ရမယ်
အမှန်တရားကိုတွေးခေါ်ပြောဆိုလို့
အစီအရီရိုင်ဖယ်တွေရှေ့
ရင်ကော့ပြီးလမ်းသလားရဲတာနဲ့
သားရဲတွင်းထဲအတွက်အလောင်းတစ်လောင်း
စစ်ဘီလူးစစ်ရူးတွေအတွက်
မာန်မာနအသရေကိုအမြိုက်ကြွေးဖို့
သွေးတစ်ခွက်...
ခေတ်ကြီးမှာ လူငယ်ဟာ
ဓားကိုင်ထားတဲ့အရူးကိုရင်ဆိုင်လို့
မေတ္တာပို့ရုံသက်သက်နဲ့တော့
အလုပ်မဖြစ်နိုင်တော့.....
သမုဒ္ဒရာအောက်မှာ ကောက်ရိုးတမျှင်ကို ရှာမိတုန်းပါ….
ဆရာ့ကဗျာတွေကတော့ ဖတ်လိုက်တိုင်း အားအင်အပြည့်ပဲ..။
လေးစားစွာဖြင့်
မေပျို
သမုဒ္ဒရာအောက်မှာ လည်း အသက်ရှုကျပ်နေပြီး ဘာမှ မသုံးမတည့်တဲ့ကျောက်တုံးတွေရှီတယ် တကယ်လို စည်းလုံးကြမယ်ဆိုရင် ကျောက်တုံးတစ်လုံးချင်း စုပုံဆင့်လို မြေကြီးကိုဖောက်တွက်ရောက်နိုင်တဲ့ တောင်တစ်လုံးတော့ ဖြစ်နိုင်တယ်. ကျမတို့ ကျောက်တုံးတစ်လုံးစီ ဆင့်ကြရအောင်
ကဗျာလေးလာခံစားသွားတယ်..အားမာန်အပြည့်ပါဘဲညီ
လေးရေ...
ကဗျာ လာဖတ်သွားတယ်ညီရေ.. အဆင်ပြေပါစေ..
ကိုကောင်းရေ... ဆပ်ပြာပူပေါင်းတွေ...ဘယ်တော့ မိုးပျံပူပေါင်းဖြစ်မလဲ... မိုးပျံပူပေါင်းဖြစ်ကြရင်ရော... အလေးချိန်ဘယ်လောက်ထိသယ်နိုင်ကြမလဲ... ကျနော်တို့နိုင်ငံရဲ့အလေးချိန်ကရော... ဘယ်လောက်များလေးလဲ...
ကိုလွတ်ရုန်းနေတဲ့ မိုးပျံပူပေါင်းတွေ ရောဘယ်လောက်များလဲ...
ကဗျာတွေအရမ်းကြိုက်တယ်ဗျာ... အရမ်းလဲလေးစားပါတယ်...
(ဖိုးမောင်)
ကဗျာဆရာရယ်... ရနေတဲ့ခွန်အားလေးကို အိမ်မက်ဆိုတာကြီးနဲ့ဘာလို့ကန်ထုတ်ချင်ရတာလဲ...
ကိုယ့်အားကိုယ်ကိုး
ကိုယ့်စိတ်ဓာတ် ကိုယ်ပြန်လေထိုးပြီးပဲ
ဆက်လက်ချီတက် ချင်တယ်။
သေနတ်ကိုပဲ အချိန်ပြည့် မောင်းတင်
နှစ် လေးဆယ်ကျော် မှောင်နေခဲ့တဲ့ ကောင်းကင် ဆီက
ဖန်မီးအိမ်လိုအလင်းမှိန်လေးတောင်
မျှော်လင့်ခွင့် ရှိသေးရင်....
ဆုပ်ထားတဲ့ လက်သီးတွေ ဖြေချလို့ မဖြစ်သေးဘူး။
အစွယ်ကျိုးနေတဲ့ တစ္ဆေ
အဆိပ်မရှိတဲ့ မြွေ....နဲ့
အနာတွေ အပြည့်နဲ့ ရုပ်ဆိုးကို
ဘယ်သူမှ မကယ်ချင်လည်း......
အရာရာမှာ သူ့တန်ဖိုးနဲ့ သူရှိတယ်.........တဲ့။
ဟေ့...ဒီမှာ...
တစ်နည်းပဲကျန်လည်း
ငါတို့ အားလုံး
အိပ်မက်တွေကို ဓားလိုသွေးပြီး
စိတ်ဓာတ်တွေကို ကျားလိုမွေးထားရမယ်။
ကိုယ့် အသံ ကိုယ်မြှင့်ပြီး ကိုယ့်အလံ ကိုယ်လွှင့်ရမယ်။
ဆပ်ပြာ ပူဖောင်းလေးပေါက်...
သြော်...
ဝမ်းတထွာဆိုတဲ့ သမုဒ္ဒရာ အောက်မှာ
ငါတို့ နိုင်ငံ ပျောက်ပြီးခဲ့ရင်...
ငါးမိနစ်သား စိတ်ကူးမီးတောက်လေးတွေပေါင်း
လက်တွေ့ ဘဝရဲ့ အကြမ်းဖက် မောင်းနှင်းမှုအပြီးမှာ...........
စိတ်ဓာတ်တွေအသစ်လို ပြန်မွေးဖွားလာရမယ်.....။
............
အဆင်ပြေအောင် ပြန် မြှင့်တင်သွားတယ်....။ ^_^
Post a Comment