Saturday, May 31, 2014

Stockholm Syndrome (စတော့ဟုမ်း လက္ခဏာစု) (by Kang Shin Juu)

ဘာသာပြန်သူ။ Sunwu Kang (ဝေနွယ်နှင်းစိုး) (s2sunwus2@hanmail.net) 

နောက်ခံအချက်လက်။   ။ ဓားပြတွေက ဓားစာခံအဖြစ် ခေါ်ဆောင်သွားခံရတဲ့ သူတွေဟာ ဓားပြတွေနှင့် အချိန် အတော်ကြာ နေရင်း ဓားပြတွေကို သနားပြီး ဒီ ဓားပြတွေကို ဖမ်းဖို့ ကြိုးစားနေတဲ့ ရဲတွေကို ရန်သူအဖြစ် သတ်မှတ်ပစ်တဲ့ စိတ်အခြေအနေကို ဆိုလိုပါတယ်။

ဒီ လက္ခဏာစု ဖြစ်ပေါ်လာရတဲ့ နောက်ခံသမိုင်း။   ။ ၁၉၇၃ ခုနှစ် ဆွီဒင်နိုင်ငံ Stockholm မြို့မှာ ဖြစ်ပွားခဲ့တဲ့ ဓားစာခံဖမ်းဆီးမှု အဖြစ်အပျက်ကို အခြေခံတဲ့ ဝေါဟာရ ဖြစ်ပါတယ်။ ဓားပြတွေကြောင့် အင်မတန်ဆိုးဝါးလှတဲ့ နေရာတွေရောက်ပြီး ဓားစားခံအဖြစ် အဖမ်းခံလာရတဲ့ သူတွေဟာ၊ အဲဒီ ဓားပြတွေကိုပဲ ထောက်ခံသွားတဲ့ အဖြစ်အပျက်ပါ။ ဘယ်လောက်ထိလဲဆိုရင် ဓားပြတွေနဲ့ အတူတူ ပူးပေါင်းဖို့အထိပါ ဖြစ်လာပါတယ်။ ဒီလို အခြေအနေဆိုးတစ်ရပ်မှာ အဖမ်းခံထားရသူတွေဟာ၊ အစဦးပိုင်းမှာတော့ ကြောက်ရွံ့မှုတွေ ခံစားကြရပေမဲ့၊ ဓားပြတွေနဲ့ အတူတူနေတဲ့ အချိန်တွေ များလာတာနှင့် အမျှ တဖြည်းဖြည်း ဆိုသလိုပဲ သူတို့တွေကို ကရုဏာတွေဖြစ်၊ နောက်ဆုံးတော့လည်း မိမိတို့ကို လာကယ်ဖို့ ရောက်လာတဲ့ ရဲတွေကိုတောင် ပြန်လည်တိုက်ခိုက်ဖို့ အနေအထားအထိအောင် ဖြစ်သွားတဲ့ အဖြစ်မျိုးလို့ ပညာရှင်တွေက ရေးသားကြပါတယ်။

Stockholm လက္ခဏာစုနှင့် ဆက်စပ်ပြီး နိုင်ငံတော်ဆိုတာ ဘယ်လို အရာမျိုးလဲဆိုတာကို ရှင်းပြထားတဲ့ စာအုပ်ထဲမှ အကြောင်းအရာကို ဘာသာပြန်ထားပါတယ်။

ကိုရီးယား Philosopher ပညာရှင်လည်းဖြစ် စာရေးဆရာလည်း ဖြစ်တဲ့ Kang Shin Juu ရဲ့ စာအုပ်ကို ဘာသာပြန်ထားခြင်းဖြစ်ပါတယ်။

ခေါင်းစဉ်။   ။ နိုင်ငံဆိုတဲ့ သက်တမ်းအရင့်ဆုံး ဒဏ္ဍာရီပုံပြင်တစ်ပုဒ်~~။
      국가라는 오래된 신화
ခင်ဗျားတို့တတွေ Stockholm လက္ခဏာစု [Stockholm syndrome]
ဆိုတဲ့ စကား ကြားဖူးကြတယ်မဟုတ်လား။ ၁၉၇၃ခုနှစ် ဆွီဒင်နိုင်ငံ Stokcholm မြို့ ဘဏ်တစ်ခုမှာ ဖြစ်ပွားခဲ့တဲ့ ဖမ်းဆိး လုယက်မှုကြောင့် ဖြစ်ပေါ်လာတဲ့ ဝေါဟာရ ဖြစ်ပါတယ်။ အဲဒီအချိန် ဓားပြတွေကြောင့် အင်မတန်ဆိုးဝါးလှတဲ့ နေရာတွေရောက် ဓားစားခံအဖြစ် အဖမ်းခံလာရတဲ့ သူတွေဟာ မိမိရဲ့ အသက်ကို ဆုပ်ကိုင်ထားတဲ့ အင်အားကြီးမားသူ ဓားပြရဲ့ လွှမ်းမိုးမှုကြောင့် ဒီ ဓားပြကိုပဲ ထောက်ခံဖို့ ဖြစ်လာပါတယ်။ ဘယ်လောက်ထိလဲဆိုရင် အတူတူ ပူးပေါင်းဖို့အထိပါ ဖြစ်လာပါတယ်။

ဓားစားခံအဖြစ် ဖမ်းဆီးခေါ်ဆောင်ခံရတဲ့ဆိုတဲ့ အဖြစ်ဟာ အဖြစ်ဆိုးတွေထဲက အဆိုးဝါးဆုံး အခြေအနေလို့လည်း ပြောလို့ရတယ်မဟုတ်လား။ ဒီ ဓားပြတွေဆီက မလွတ်မြောက်နိုင်ဘူးဆိုရင် အဆိုးဆုံးအခြေအနေက အသက်သေသွားတဲ့အထိ ဖြစ်နိုင်တယ်လေ။ အဲဒီတော့ ဒီလို အခြေအနေ ဆိုက်ရောက်ပြီး ကိုယ့်ကို ကယ်တင်နိုင်မယ့် အင်အား၊ ရဲတွေမှာလည်း မရှိဘူးဆိုရင် ဓားစားခံတွေရဲ့ စိတ်ဓာတ်ကျမှုဟာ အရမ်းအရမ်းကို ဖြစ်ပွားလာနိုင်တယ်ဆိုတာ ဧကန်မလွဲပါပဲ။

ဒီလိုအခြေနေမျိုး ရောက်ပြီဆိုရင် ဓားစားခံတွေဟာ ဘယ်လို တုံ့ပြန်မှုတွေ ရှိနေမလဲ။ သူတို့တွေကို ကယ်တင်ပေးမယ့် ရဲတွေ၊ လူ့အဖွဲ့အစည်း(society)တွေထက် သူတို့ကို ချုပ်ထားတဲ့ ဓားပြတွေရဲ့ ဘက်ကို လိုက်ပေးဖို့ ဖြစ်လာပါတယ်။ စိတ်ပညာရှင်တွေရဲ့ စကားအရဆိုရင် ၊ ဓားစာခံတွေ ခံစားဖို့ ဖြစ်လာတဲ့ Stockholm လက္ခဏာစု ဟာ အချက်၃ချက် ရှိနေပါတယ်။

(၁) မိမိတို့ရဲ့ အသက်ကို ဆုပ်ကိုင်ထားတဲ့ ဓားပြတွေဟာ ဓားစာခံအဖြစ်ပဲ အသုံးချပြီး အသက်ကို ဒုက္ခမပေးပါလားဆိုပြီး ဓားစာခံတွေက ကျေးဇူးတွေတင်၊ နောက်ဆုံးတော့လည်း သူတို့တွေကို ကြင်နာတဲ့စိတ်တွေအထိ ဖြစ်ပေါ်လာတာလို့ ပြောပါတယ်။

(၂) ဓားစာခံတွေဟာ မိမိတို့ကို လာကယ်တဲ့ ရဲတွေကိုတောင် ပြန်လည်တိုက်ဖို့လုပ်ဆောင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရဲတွေဟာ မိမိတို့နဲ့ ဓားပြတွေကြားမှာ ရှိတဲ့ သံယောဇဉ်ကို ဖျက်ဆီးပြီး မိမိတို့ရဲ့အသက်ကိုတောင် ထိခိုက်လာနိုင်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။

(၃) နောက်ဆုံးအချက်က - ဓားပြတွေဟာ ဓားစာခံတွေအပေါ် ခင်မင်သွားပါတယ်။ ဒီလိုနဲ့ ဓားစာခံနဲ့ ဓားပြတွေဟာ အတူတကွ ကြောက်ရွံ့မှုဆိုတဲ့ စိတ်ခံစားမှု ဖြစ်ပေါ်ပါတယ်။ ဒီလိုနဲ့ ဒီ နှစ်ဦးနှစ်ဘက်ကြားမှာ “ငါတို့(we)” ဆိုတဲ့ အင်မတန်တွေးရခက်တဲ့ ယုံကြည်မှုတွေ ဖြစ်ပေါ်လာခြင်းပဲဖြစ်ပါတယ်။

သမိုင်းကို ပြန်ကြည့်မယ်ဆိုရင် နိုင်ငံအသီးသီးဟာ အခြေအနေဆိုး တစ်ရပ်ကို ရင်ဆိုင်ရပြီဆိုရင် စစ်ပွဲကတစ်ဆင့် တိုင်းပြည်အတွင်းမှာ ရှိနေတဲ့ အဆင်မပြေမှုတွေကို ဖုံးကွယ်ဖို့လုပ်ပါတယ်။ ဘာလို့ ဒီလိုလုပ်တယ်လို့ ထင်ပါသလဲ။ ဒါဟာဆိုရင် တိုင်းသူပြည်သားတွေကို Stockholm လက္ခဏာစု ထဲ ချောက်ချဖို့ ဆိုတဲ့ စီမံကိန်းကြောင့် ဖြစ်ပါတယ်။ အာဏာရှင်တွေကို ဆန့်ကျင်တဲ့ အတိုက်အခံအဖွဲ့တွေ၊ အတိုက်အခံ လူပုဂ္ဂိုလ်တွေဟာလည်း တချို့ အခြေအနေမျိုးမှာ အာဏာရှင်နဲ့ မိမိတို့တွေဟာ အခြေအနေတူတဲ့ ကံကြမ္မာမှာ ကျရောက်နေတယ်လို့ထင်ယောင်ထင်မှားဖြစ်တတ်ကြပါတယ်။

ကျနော်တို့တွေဟာ “နိုင်ငံ” ဆိုတဲ့ ပြဿနာကို အခြေခံကအစ ဖော်ထုတ်ဖို့ရာခက်ခဲတဲ့ အကြောင်းရင်းဟာ Stockholm လက္ခဏာစု ထဲ ရောက်ရှိနေလို့ မဟုတ်လား။
နိုင်ငံတော်ဆိုတာကြီးဟာ တကယ်တမ်းတော့တိုင်းသူပြည်သားတွေအပေါ် လွှမ်းမိုးနိုင်တဲ့ အာဏာတွေ ပိုင်ဆိုင်ထားတဲ့ အရာပဲ ဖြစ်ပါတယ်။ ထပ်ပြောရမယ်ဆိုရင် နိုင်ငံတော် အာဏာဆိုတဲ့ အရာကြီးကို ကိုင်ဆောင်ပြီး နိုင်ငံသားတွေကို ချုပ်နှောင် နေတာပဲဖြစ်ပါတယ်။ တခါတလေတော့လည်း ကျနော်တို့ကို သတ်တောင်ပစ်နိုင်ပြီး အတွင်းတစ်နေရာမှာ ကိန်းအောင်းနေတဲ့ အကြမ်းဖက်မှုလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် နိုင်ငံဟာ ကျနော်တို့တွေကို နိုင်ငံတော်က သတ်မှမသတ်တာ။ သတ်ဖို့နေနေသာသာ ကျနော်တို့အဖို့ဆိုပြီး မူဝါဒတွေတောင် လုပ်ပေးတယ်မဟုတ်လား။ ဒါကြောင့် စဉ်းစားကြည့်မယ်ဆိုရင် ကျေဇူးတောင်တင်လို့ရနေတယ်လေ။

ဒါကြောင့် ကျနော်တို့တတွေဟာ ဓားစာခံတွေ ဓားပြတွေအပေါ် ကြင်နာစိတ် ဖြစ်ပေါ်သလိုမျိုး နိုင်ငံတော်အပေါ်မှာလည်း သံယောဇဉ်ဖြစ်တဲ့ စိတ်တွေ ဖြစ်ပေါ်လာတာပါ။ အကယ်၍များ တစ်ယောက်ယောက်က နိုင်ငံကို ပြဿနာအဖြစ် လုပ်လာပြီဆိုရင်၊ ကျနော်တို့ရဲ့ စိတ်တွေဟာ အင်မတန် စိုးရိမ်လာပါတယ်။ ဓားစာခံတွေဟာ မိမိတို့ရဲ့ အသက်ကို ကာကွယ်ပေးဖို့ ရဲတွေက ဓားပြကို တိုက်ခိုက်တာ မလိုလားသလိုမျိုးပဲပေါ့။

နောက်ဆုံးတော့လည်း ဒီလိုမျိုး ပုံစံတွေနဲ့ နိုင်ငံဆိုတာ ရှိကိုရှိရမယ့် အရာ၊ မရှိရင် မဖြစ်တဲ့ အရာအဖြစ် ထင်ယောင်ထင်မှားစိတ်တွေ ဖြစ်ပေါ်လာပါတယ်။ ဓားပြတွေဆီကို ဦးတည်လာတဲ့ ကျည်ဆံတွေကို ကာကွယ်ပေးတဲ့ ဓားစာခံတွေရဲ့ အခြေအနေမျိုးလိုပေါ့။

နိုင်ငံဆိုတာနဲ့ ပတ်သတ်ပြီး ကျနော်တို့နိုင်ငံ(တောင်ကိုရီးယား)က ပြည်သူတွေ Stockholm လက္ခဏာစု ကို ခံစားဖို့ ဖြစ်လာရတဲ့ အချိန်ကတော့ ပက်ဂျောင်းဟီလက်ထက်(1917~1979)[1] ကနေစတင်လာတဲ့ စစ်အာဏာရှင်ခေတ်လို့ ပြောရပါ့မယ်။ ဒါပေမယ့် အခုလောလောဆယ် ကျနော်တို့ တိုင်းသူပြည်သားတချို့ဟာ Stockholm လက္ခဏာစု ကို ခံစားနေရတဲ့ ဓားစာခံတွေလို ပက်ဂျောင်းဟီကို တသသဖြစ်နေတဲ့သူတွေ ရှိနေပါတယ်။ ကျနော်တို့တတွေဟာ သူလုပ်ခဲ့တဲ့ အာဏာရှင်ဆန်လုပ်ရပ်တွေကိုတော့ မေ့လို့နေကြတယ်လေ။ ပိုပြီးတောင် ဆိုးတာက သူ့ကို တိုးတက်အောင်လုပ်ပေးသူ၊ ဟန်မြစ်ရဲ့ အင်အားကို ကြီးထွားအောင် လုပ်ပေးသူ၊ တိုင်းပြည်အငတ်ဆင်းရဲဘေးမှ လွတ်မြောက်အောင် လုပ်ဆောင်ပေးသူအဖြစ် အမှတ်ရချင်နေကြပါတယ်။ ဒီလိုဆိုရင် ပက်ဂျောင်းဟီဟာ ကျနော်တို့ရဲ့ ဘ၀ကို ဘယ်လိုမျိုးဖြစ်အောင် လုပ်ခဲ့တဲ့ သူလဲဆိုတာ သေချာ သိဖို့ လိုလာပြီ။ အခုလောလောဆယ် လူငယ်နိုင်ငံရေးပညာရှင် ဂျောင်းအင်းဂွမ်(1957~2005) ဟာ ဒီလိုမျိုး ဖွင့်ဆိုထားပါတယ်။

ပက်ဂျောင်ဟီရဲ့ နိုင်ငံရေးအတွေးကတော့ မူလအစအားဖြင့် Nationalism အတွေးအခေါ်တွေ ရှိနေတယ်လို့ ကောက်ချက်ချလို့ ရပါတယ်။သူရဲ့Nationalism အတွေးအခေါ်ဟာဆိုရင် မိမိရဲ့ သိသာထင်ရှားလှတဲ့ နိုင်ငံရေးအတွေးအခေါ်ကို နိုင်ငံတော်ဆိုတဲ့ အရာကြီးကို ဗဟိုထားပြီး ညှင်းပန်းနှိပ်စက်မှုနှင့် ခေါင်းဆောင်မှုဆိုတာကို ပေါင်းစပ်ပြီး ပြုလုပ်ထားတဲ့ အရာပဲ ဖြစ်တယ်။ ဒါကြောင့် သူဟာ တိုင်းသူပြည်သားတွေရဲ့ အသက်ရှင်နေထိုင်နိုင်မှုဟာဆိုရင် နိုင်ငံတော်ကပဲ တာဝန်ယူရမယ်လို့ ပြောပါတယ်။ ပက်ဂျောင်းဟီရဲ့ Nationalism အတွေးအခေါ်တွေဟာဆိုရင် မျိုးနွယ် ပြန်လည်တည်ဆောက်တာတွေ၊ တိုင်းသူပြည်သားတွေနေတဲ့ မြို့တော် တိုးတက်ရေးတွေ၊ မြို့တော် တည်တံ့ခိုင်မြဲရေးတွေ စတဲ့ ပညာရေးပိုင်းဆိုင်ရာ ကိစ္စ တွေကို လုပ်ဆောင်ခဲ့ပါတယ်။သူရဲ့ လုပ်ဆောင်မှုထဲက အထင်ရှားဆုံးအရာဟာ [National Chart of Education_국민교육 헌장- 國民敎育憲章] ပဲဖြစ်ပါတယ်။ ဒီ [National Chart of Education]ဟာဆိုရင်၊ အားလုံးကို ချုံကြည့်မယ်ဆိုရင် တစ်ဦးတစ်ယောက်ချင်းစီကို နိုင်ငံတော်ဆိုတဲ့ ဦးတည်ချက်ကြီးထဲကို ထည့်သွင်းတဲ့ အတွေးအခေါ်ပိုင်းဆိုင်ရာ ပုံစံကို ပြသပါတယ်။ အာဏာရှင်ဆန်တဲ့ အတွေးအခေါ်တွေက အခြေခံထားပါတယ်။ ပြီးတော့
“တိုင်းသူပြည်သားတွေ ကျန်းမာသန်စွမ်းခြင်းဟာ တိုင်းပြည်ရဲ့ အင့်အား” လို့ အဓိပ္ပါယ်ရတဲ့ ဆောင်ပုဒ်လည်း ခေတ်စားခဲ့ပါတယ်။

နိုင်ငံရေးပညာရှင် ဂျောင်းအင်းဂွမ်(1957~2005)က၊ ပက်ဂျောင်းဟီရဲ့ နိုင်ငံရေးအတွေးအခေါ်ဟာ Nationalism ပါလို့ အဓိပ္ပါယ်ဖွင့်ဆိုပါတယ်။ ဒီမှာပြောတဲ့ Nationalism ဆိုတာ သူပြောသလိုပဲ “တစ်ဦးတစ်ယောက်ချင်းစီကို နိုင်ငံတော်ဆိုတဲ့ ဦးတည်ချက်ကြီးထဲကို ထည့်သွင်းထားတဲ့ အတွေးအခေါ်” ပေါ့။ သူဆိုလိုတာက တစ်ဦးတစ်ယောက်ချင်းစီဟာ၊ နိုင်ငံတော်က လိုအပ်ရင်သုံးဖို့ အထောက်အကူပစ္စည်းသာသာပဲဖြစ်ပြီး နိုင်ငံတော်ကတော့ တစ်ဦးချင်းစီရဲ့ ဦးတည်ချက်ပဲဖြစ်ပါတယ်။ ဒီစကားအရ ပက်ဂျောင်းဟီအတွက်ကတော့ ကျနော်တို့ဟာ နိုင်ငံတော်တိုးတက်ဖို့အရေး အသုံးချခံရတဲ့ အထောက်အကူပစ္စည်းသာ ဖြစ်တယ်ဆိုတဲ့ သဘောပေါ့။ သူ့အတွက် နိုင်ငံတော်ဆိုတာ ဘယ်သူမှ ၀င်ရောက်တားဆီးလို့ မရနိုင်တဲ့ အာဏာလို့ ပြောလို့ရပါတယ်။ ဒါဟာ ဘာဆိုလိုတာပါလဲ။ ပက်ဂျောင်းဟီးတွေးထားတဲ့ အတွေးတိုင်းသာ စဉ်းစားရမယ်ဆိုရင်၊ ဘယ်သူမှ တိုင်းပြည်ကို ပြဿနာတစ်ရပ်အဖြစ် နိုင်ငံတော်ဆိုတာကို သံသယတောင် ဖြစ်စရာမလိုဘူးဆိုတဲ့ သဘောပါပဲ။ ဒီလို ဖြူစင်သန့်ရှင်းပြီး ကြီးကျယ်လှတဲ့ နိုင်ငံတော်နှင့် ပတ်သတ်ပြီး သံသယတွေ ဖြစ်စရာမလိုဘူး_ ဆိုတဲ့ သဘောပေါ့။ ဒီလိုဆိုရင် ကျနော်တို့တတွေဟာ ပက်ဂျောင်းဟီရဲ့ Nationalism အယူကို မျက်ကန်းယုံ ယုံပြီး အလုံးစုံ ပုံအပ်ပြီး နောက်ကနေ လိုက်မလား။ ဒါမှမဟုတ် နိုင်ငံတော်နှင့် ပတ်သတ်ပြီး ကိုယ်ကိုယ်တိုင် သံသယဖြစ်ပြီး ဘက်စုံကနေ စဉ်းစားကြည့်မလား။

ပက်ဂျောင်းဟီ သွတ်သင်းထားတဲ့ Nationalism အယူအဆကနေ လွတ်မြောက်ဖို့ရာ
အတွက်ဆိုရင်၊ ဒါမှမဟုတ် နိုင်ငံတော်ဆိုတဲ့ Stockholm လက္ခဏာစုကနေ လွတ်
မြောက်ဖို့အတွက်ဆိုရင်၊ နိုင်ငံတော်ဆိုတဲ့ အရာကို ဝေဖန်ဆန်းစစ်တဲ့အခါ ဖြစ်ပွားလာနိုင်တဲ့ အဆင်မပြေမှုတွေကို သည်းခံနိုင်တဲ့ အားတော့ ရှိရမှာပေါ့။

ဘာသာပြန်သူ။ Sunwu Kang (ဝေနွယ်နှင်းစိုး) 

No comments: