Thursday, July 10, 2008

သူပုန်တို့ ရဲ့ ဝိညာဉ်မှာ ကိန်းနေသေးတဲ့ တစ္ဆေ

ခင်ဗျားဟာ
ဗုဒ္ဓဝါဒရဲ့  ညီတော်။

ခင်ဗျားဟာ
ခရစ်ယာန် ဝါဒရဲ့  ညီတော်

ခင်ဗျားဟာ
ကောင်းကင်ပြာရဲ့ အမြစ်။

ခင်ဗျားဟာ
လမင်းဝါရဲ့ အနှစ်။

ချီကွေဗားရားကြောင့် ခင်ဗျားဟာ နာမည် တက်ခဲ့ရပြီး
ကက်စ်ထရိုကြောင့် ခင်ဗျားဟာ နာမည်ပျက်ခဲ့ရတယ်။

ခင်ဗျားပေးခဲ့တဲ့ အနီရောင်ပေါ့၊
ခွပ်ဒေါင်းတို့ ရဲ့ သွေးတွေကို
ပေးဆပ်မှုနဲ့ လောင်ကျွမ်းစေခဲ့တာ။

ခင်ဗျားက နိက္ခမ တံဆိပ်ကိုလည်း
မြေကြီးပေါ်မှာ နှိပ်ခဲ့တယ်။

တစ်ခါတစ်ခါမှာ ခင်ဗျားက လက်တွေ့ ကျသလောက်
တစ်ခါတစ်ခါမှာ ခင်ဗျားရဲ့ အတွေးအခေါ်တွေက မိုးပေါ်မှာပျံတယ်။

ခင်ဗျားပြေးခဲ့တဲ့ ခရီးမိုင်ကို
လောဘသားတွေက မလိုက်နိုင်ခဲ့ဘူး။

ခုတော့…
အုပ်စုတွေဖွဲ့ ပြီး မိုက်ချင်နေကြတဲ့
လောဘသားတွေ နေတဲ့ ကျွန်းတိုက်
ကမ္ဘာဆိုတဲ့ ဒုစရိုက်ဂြိုလ်မှာ
ခင်ဗျားရဲ့ စေတနာဟာ
တလွဲအသုံးခံလိုက်ရတဲ့ အမှိုက်။

ခင်ဗျား ရှိတာ ကောင်းတယ်။
ခင်ဗျားမရှိရင် လူတွေက ကြီးနိုင်ငယ်ညှဉ်း အနိုင်ကျင့်တယ်။
ခင်ဗျား မရှိတာ ကောင်းတယ်။
ခင်ဗျားရှိရင် လူတွေက ရေသာခိုတယ်။

ခင်ဗျားမှာ ကျွန်တော်မကြိုက်တဲ့ အချက်တွေလည်း ရှိတယ်။
အမွှေးတိုင်တွေ တစ်ခန်းလုံးအပြည့် ထွန်းပြီး
တံခါးတွေအကုန် ပိတ်ထားမှတော့
အနံ့ တွေ လှောင်ပြီး မွန်းမှာပေါ့။

ခင်ဗျားရဲ့ လူတစ်ချို့  ကိုလည်း မကြိုက်ဘူး။
ခင်ဗျားက မြေကြီးပေါ်မှာ နေဖို့ ပြောတယ်။
သူတို့ က ရွှေချထားတဲ့ တံလျှပ်ကုလားထိုင်တွေပေါ်မှာ
သေနတ်အားကိုးနဲ့ အတင်း တက်ထိုင်နေကြတယ်။

ခင်ဗျားက အနစ်နာခံဖို့ ပြောတယ်။
သူတို့ က ဘာမှမရှိတဲ့ခွက်တွေမှာ မလိုင်ဖတ်အဖြစ် တွယ်ကပ်နေကြတယ်။

ခုတော့
သူတို့ လုပ်ခဲ့တဲ့ ဒုစရိုက်နဲ့ 
ခင်ဗျားရဲ့ နာမည်ကို
သမိုင်းဆိုတဲ့ ကြိုးတိုက်ထဲမှာ
ကြိုးပေးသတ်ပစ် လိုက်ကြပြီ။

ဒါပေမယ့်
ခင်ဗျားဟာ မကျွတ်သေးတဲ့ တစ္ဆေ၊
ခင်ဗျား သေဆုံးသွားပေမယ့်
ခင်ဗျားရဲ့ ဝိညာဉ်ဟာ
်သွေးပျက်တုန်ယင်နေတဲ့ ကမ္ဘာကြီးကို
ငြိမ်းချမ်းရေး ပုဝါခြုံပေးဖို့ 
ဒဏ်ရာတွေကို ရင်ဘတ်ထဲမှာ ငုံထားတဲ့
သူပုန်တို့ ဆီမှာ ကိန်းနေတယ်။

ကောင်းကင်ကို

11 comments:

တန်ခူး said...

စကားလုံးတွေ ချမ်းသာကြွယ်ဝလိုက်ပုံများ…
ဝိညာဉ်တွေ ပူးဝင်စီးကပ်လိုက်ပုံများ…
ဒီနေရာမှာ ဒီကဗျာတွေလာလာဖတ်ပြီး
ကဗျာထဲဝင်ဝင်ပျောက်သွားတဲ့
ကိုယ့်ကိုယ်ကို မနဲပြန်ပြန်ဆွဲခေါ်ရတယ်…

ညိမ်းညို said...

အကိုကြီး ကဗျာဖတ်သွားတယ်ဗျ။ အစစအဆင်ပြေပါစေဗျာ ..။

Kay said...

ဒီကဗျာကိုတော့.. အရမ်းကြိုက်သွားပြီ။

အိုင်လွယ်ပန် said...

ကောင်းလိုက်တဲ့စကားလုံးတွေအစ်ကိုရာ....
တစ်ကယ့်ကိုကြောက်ခမန်းလိလိပါပဲ......
အထပ်ထပ်ဖတ်သွားပါတယ်.....
ကဗျာကောင်းတစ်ပုဒ်အတွက်ကျေးဇူးပါအစ်ကို....

ကိုရင်နော်ခင်လေးငယ် said...

စ..ဆုံး လေးခေါက်တိတိ ဖတ်သွားပါတယ်...
“ငြိမ်းချမ်းရေးပုဝါ” ကို ယက်နေတဲ့ လက်များ

ငြိမ်းချမ်းကြပါစေ....
တောင်းဆုချွေ၏ ။

ကိုရင်ညိန်း said...

ခင်ဗျားရဲ့ ဝိညာဉ်ဟာ
်သွေးပျက်တုန်ယင်နေတဲ့ ကမ္ဘာကြီးကို
ငြိမ်းချမ်းရေး ပုဝါခြုံပေးဖို့ 
ဒဏ်ရာတွေကို ရင်ဘတ်ထဲမှာ ငုံထားတဲ့
သူပုန်တို့ ဆီမှာ ကိန်းနေတယ်။

အဲဒီပါဒ အသွားကို အရမ်းကြိုက်တယ်ဗျာ ။
စကားလုံး ချမ်းသာလိုက်ပုံများက မနာလိုချင်စရာပဲ ။

မောင်ငယ် said...

လာလည်သွားပါတယ်ခင်ဗျ။
အားပေးနေတယ် ကိုကောင်းကြီး။
ဖန်တီးမှုတွေ ကောင်းပါတယ်ဗျာ။

Pinkgold said...

အကို့ကိုတော့ လေးစားပြီးရင်း လေးစားရင်းပဲ
စကားလုံးတွေ တော်တော်ထွက်နိုင်တဲ့ ဦးနှောက်ပဲ.. ခင်ဗျား အကြောင်းတော့ သိသွားပြီ.. ကိုယ့်အကြောင်းလည်း ကိုယ်ပြောလေ

ဝေလေး said...

ကဗျာလေးလာဖတ်သွားတယ်ရှင့်
အားကျလိုက်တာ.....ရေးတတ်ပုံများ
ကောင်းတယ်.........

ကလိုစေးထူး said...

ကဗျာမရေးတတ်ဘူးဗျာ။ ကဗျာကောင်းတွေ တွေ့ရင်တော့ တကြောင်းချင်းစီကို အသေအချာဖတ်မိတာပဲ။ အခုလဲ ရေးတတ်တဲ့လူတွေ ရေးထားလိုက်တာ ပြောင်မြောက်လိုက်တဲ့ စကားလုံးတွေ...။ ကြိုက်တယ်ဆိုတာထက် ပိုပြီး မချီးကျူးဝံ့ဘူး။ `ဘာမှမရှိတဲ့ ခွက်တွေမှာ မလိုင်ဖတ်အဖြစ် တွယ်ကပ်နေကြတယ်´ ဆိုတဲ့ အဖွဲ့ကိုတော့ အခိုက်ဆုံးပဲ။

Mintasay said...

It's a flawless living poem that can give various thinking to different readers. Yours is better than better from time to time. Respect, bro.