Saturday, July 5, 2008

အေးဘက်ဆိုတဲ့ တက္ကသိုလ်

လောကကြီးမှာ
ငွေကြေးနဲ့ ဝယ်ယူဖို့ လည်း မလို
တောင်းယူစရာလည်းမလို၊
အလှတရားကို ဖတ်တတ်တဲ့ မျက်လုံးရှိသူတိုင်း
ခံစားလို့ ရနိုင်တဲ့ စည်းစိမ်တစ်မျိုးရှိတယ်။

အဖြူအနက်ကျောင်းဝတ်စုံတွေနဲ့ 
အားလုံးအရောင်တူအောင်ညှိုထားလိုက်တာတောင်
အလှရောင်စုံထွက်နေသေးတဲ့ နုနုဖတ်ဖတ် ပန်းပွင့်လေးတွေ
သူနိုင်ကိုယ်နိုင်အလှချင်းပြိုင်နေကြတဲ့ နံနက်မှာ
ငါ့မျက်လုံးနှစ်ဘက် အစာရှာထွက်ဖို့ အတွက်
ငါ…အေးဘက်ကို ထွက်လာခဲ့တယ်။

ပန်းလေးတွေကို မခူးမဆွတ်ပဲ
မသိမသာခိုးကြည့်ပြီး
သူတို့ ရဲ့ အလှအပတွေကို အသိအမှတ်ပြုခြင်းဟာ
အပြစ်မရှိဘူးလို့  ကိုယ့်ကိုယ်ကို ဖြေသိမ့်ရင်းနဲ့ ပေါ့။

ဒီလိုနဲ့ …
အေးဘက်ဝင်းထဲ ခြေအချချမှာ
စကတ်တိုတိုနဲ့ ပန်းလေးတစ်ပွင့်က
သူ့ ဖြစ်တည်မှု သူ့ အလှနဲ့ 
ခပ်မိုက်မိုက် ပွင့်ပြတယ်။

ဟော…ဟိုမှာ
သုံးယောက်တွဲပြီးလျှောက်လာတဲ့
ပန်းလေး တစ်ခက်၊
သူတို့ အလှကိုယ်စီနဲ့ ငါ့မျက်လုံးကို နှုတ်ဆက်တယ်။

ဟိုမှာတော့
ဟန်းဖုန်းပြောရင်းနဲ့  ပြုံးနေတဲ့ကောင်မလေးတစ်ယောက၊်
ဝေးလျက်နဲ့ နီးနေရတဲ့ အရသာကို ခံစားပြီးတော့ ပြုံးနေတာလား။

ဒီလိုနဲ့ ဆက်ပြီးအလျှောက်
ရေကန်လေးနား အရောက်မှာ
အလှမွေးထားတဲ့ ငှက်ကလေးက
“ဖီးခ” ဆိုပြီးနှုတ်ဆက်တယ်။

ရေကန်ထဲမှာလည်း
ပျော်ရွှင်စွာ ကစားနေတဲ့ ဘဲကလေးနှစ်ကောင်
တစ်ကောင်က ပြေးလို့ ၊ တစ်ကောက်က လိုက်လို့ ။

ထိုင်ခုံလေးတစ်ခုံမှာတော့
ကောင်လေးတစ်ယောက်နဲ့ ကောင်မလေးတစ်ယောက်
အပျင်းပြေ ထိုင်နေကြတာလား။
အချစ်တွေ ပြိုင်နေကြတာလား။

ဒီလိုနဲ့ ငါသွားပြီးထိုင်နေကျ E building ရှေ့ အရောက်မှာ
ဘယ်အချိန်ရောက်ရောက် မျက်လုံးထဲက ဖျောက်ပစ်ဖို့ ခက်တော့မယ့်
မြင်ကွင်းတစ်ခုက ဆီးကြိုနေတယ်။
မြူးမြူးကြွကြွ ပန်းပွင့်ပျို တစ်သိုက်
ကိုယ့်အလုပ်ကို ကိုယ်ဂရုစိုက်ပြီး
မော်ဒန်အက တိုက်လို့ ၊
ပတ်ဝန်းကျင်တစ်ခုလုံးကို မေ့လျော့နေသလိုလို ။
ယုံကြည်ချက် အငွေ့ အသက်တွေ စွက်နေတဲ့
‘က’ဟန် ‘က’ချက် တွေနဲ့ 
ကောင်းကင်ဆီကိုပဲ ချက်ခြင်း ပျံတက်တော့မလိုလို။

ပန်းပွင့်လေးတွေက ရူပါအဆင်း ပြိုင်နေရုံတင်မကဘူး၊
သူတို့ စုမိတဲ့နေရာနားတစ်ဝိုက်ဟာ
ဂီတဝိုင်းတစ်ခုလိုပဲ မြိုင်မြိုင်ဆိုင်ဆိုင်၊
ပြိုင်ပွဲထဲက ငှက်ကလေးတွေလို
တေးဆိုပြိုင်နေကြတာလား။
သူတို့ ပြောနေကြတဲ့ စကားလုံးဝဲဝဲလေးတွေကို
နားမလည်ပေမယ့်
သူတို့ ပြောလိုက်တဲ့စကားလုံးတွေဟာ
ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေနဲ့ အရောင်လက်လို့ 
သြော်…သူတို့ ရဲ့ အနာဂတ်တွေကလည်း အရောင်လက်လို့ ။

အေးဘက်ဆိုတာ
လူငယ်တွေရဲ့ ရင်ခုန်သံစစ်စစ်နဲ့ 
လောကတံခါးသစ်တွေကို ဆွဲဖွင့်ပစ်မယ့်ကျောင်းလား။
ပန်းပွင့်တို့ ရဲ့ မလိုင်တွေ
အလှချင်းပြိုင်နေကြတဲ့ကျောင်းလား။
ဘာပဲဖြစ်ဖြစ် နို့ တစ်ခွက်မှာ မလိုင်များတာဟာ ကောင်းတဲ့ အခြေအနေပါ။

နယ်ကျွံသွားတဲ့ အတွေးတွေ
အလည်လွန်ထားတဲ့ မျက်လုံးတွေနဲ့ 
သူတို့ မျက်နှာပေါ်က စကားလုံးတွေကို သွားဖတ်ကြည့်တယ်။
သူတို့ မှာ အနာဂတ် ပျောက်နေတဲ့ မျက်နှာတွေ မရှိဘူး။
ပျံသန်းရမှာ ကြောက်နေတဲ့ လက္ခဏာတွေ မရှိဘူး။
သူတို့ မှာ ကမ္ဘာကြီးကို စားပွဲပေါ်တင်ဖတ်ဖို laptop ကိုယ်စီရှိတယ်။
တစ်ကျောင်းလုံးအနှံ့ ကိုယ်ယောင်ဖျောက်ပြီး ပျံနေတဲ့ ဝါယာလက်(စ်) အင်တာနက်ကော်နက်ရှင်လည်း ရှိတယ်။

မိုင် ၃၆၀ လေး ဝေးသွားတာနဲ့ 
အခွင့်အရေးတွေက တစ်ကမ္ဘာစီလောက်ခြားသွားရသလား။
နယ်နိမိတ်မျဉ်းပါးပါးလေး ခြားလိုက်တာနဲ့
ငှက်တွေရဲ့ ဘဝဟာ လေလွင့်သစ်ရွက်ဖြစ်တဲ့အထိ ထိုးကျသွားရသလား။

သြော်...
အလှတရားခံစားရင်းနဲ့ 
မကျက်သေးတဲ့ အနာပေါ်ကိုတုတ်ကျ
ခြေတွေလက်တွေလှုပ်လို့ မရခဲ့တဲ့ ဘဝကို ပြန်ပြီးသတိရမိတယ်။

နောက်ဆုံးတော့
လျှပ်စီးလက်တုန်း ခဏလေးမှာ လင်းခွင့်ရနေတဲ့ ကောင်းကင်တစ်ချပ်
ငှက်ခဏ ဖြစ်ခွင့်ရနေတဲ့ သစ်ရွက်တစ်ကောင် ဟာ
ကိုယ့်မျက်လုံးတွေကို ကိုယ်ပြန်သိမ်း
လန့် နိုးလာတဲ့ ဒဏ်ရာဟောင်းတွေကို ပြန်ပြီးချော့သိပ်
ဒုက္ခတွေ အိမ်ငှားနေတဲ့ ရင်ဘတ်ကို ပြန်ပိတ်ပြီး
အေးဘက်ကျောင်းဝင်းထဲကနေ
တိတ်တိတ်ကလေး ပြန်ထွက်လာခဲ့တယ်။

ကောင်းကင်ကို

မှတ်ချက်။ ။အေးဘက် (Assumption University) မှာ Bachelor ကျောင်းသားကျောင်းသူတွေ ဟာ အဖြူအနက် ကျောင်းဝတ်စုံ ကို ဝတ်ရပါတယ်။ Master ကျောင်းသားကျောင်းသူတွေကတော့ ကိုယ်ကြိုက်တာ ဝတ်လို့ ရပါတယ်။

ဖီးခ ဆိုတာ ထိုင်းလို “အစ်ကိုရှင့်” (or) “အစ်မရှင့်” ဆိုပြီးနှုတ်ဆက်တာပါ။

“ပြိုင်ပွဲထဲက ငှက်ကလေးတွေလို တေးဆိုပြိုင်နေကြတာလား” ဆိုတဲ့နေရာမှာ တင်စားရုံသက်သက်မဟုတ်ပါဘူး။ ထိုင်းနိုင်ငံမှာ ငှက်ကလေးတွေ တေးဆိုပြိုင်တဲ့ပွဲတွေ ရှိပါတယ်။

15 comments:

Admin said...

အဖိ...ဒီးထိစို့

ညိမ်းညို said...

အကိုကြီးရေ နှိုင်းယှဉ်ခံစားမသွားတာလား။ ကဗျာဖတ်သွားတယ်ဗျ။ ပျော်ရွှင်ပါစေဗျာ :)

Anonymous said...

ဆ၀ပ်ဒီခပ်

သင်ကာ
ကျန်းမိုင်မဟာဝိထျာလိုင်

Mhu Darye said...

အေးဘက် ကိုရောက်ဖူးသွားပြီ။ ကျေးဇူးပါ..။

Pinkgold said...

ABAC မှာ ကျောင်းလာတက်တာပါ

Mintasay said...

အဖိ ...ဒီးထိစို့ ဆိုတာကျနော်ဗျ....admin ပဲပေါ်လို့

Mintasay said...

ဆဗိုင်းဒီး......အေးဆေးပဲလား

Anonymous said...

"နောက်ဆုံးတော့
လျှပ်စီးလက်တုန်း ခဏလေးမှာ လင်းခွင့်ရနေတဲ့ ကောင်းကင်တစ်ချပ်
ငှက်ခဏ ဖြစ်ခွင့်ရနေတဲ့ သစ်ရွက်တစ်ကောင် ဟာ
ကိုယ့်မျက်လုံးတွေကို ကိုယ်ပြန်သိမ်း
လန့် နိုးလာတဲ့ ဒဏ်ရာဟောင်းတွေကို ပြန်ပြီးချော့သိပ်
ဒုက္ခတွေ အိမ်ငှားနေတဲ့ ရင်ဘတ်ကို ပြန်ပိတ်ပြီး
အေးဘက်ကျောင်းဝင်းထဲကနေ
တိတ်တိတ်ကလေး ပြန်ထွက်လာခဲ့တယ်။"
ကဗျာလေးကို နှစ်သက်စွာ ခံစားသွားပါတယ်....:D

တန်ခူး said...

အေးဘက်ကို မရောက်ဘူးပေမယ့် ရင်းနှီးနေတယ်… အဲဒီမှာ RITကအရမ်းတော်တဲ့ ဆရာကြီးတွေ အများကြီးပဲ… ပင်စင်သွားတဲ့ အရွယ်ပေမယ့် အေးဘက်က ပင်စင်ဘယ်တော့မှမသွားတဲ့ သူတို့ ပညာကို တန်ဖိုးထားတယ်…

ဒါထက် အေးဘက်သွားတာ ခက်ခက်သိရင် စိတ်ကောက်ပြီး ဟိုတခါလို ပျောက်သွားဦးမယ်နော်…

မေငြိမ်း said...

အင်းးး အမ ထိုင်းကိုရောက်စ ချင်းမိုင်တက္ကသိုလ်ထဲ သွားတော့ မြင်မြင်သမျှမှာ ခံစားရတာ အဲသလိုပဲ..။ ပိုဆိုးတာက ကိုယ်တိုင် မြန်မာနိုင်ငံရဲ့ တက္ကသိုလ်ဝန်းကျင်တွေမှာ ကျင်လည်ခဲ့ရတဲ့ အနာတရတွေနဲ့မို့ အများကြီး ကိုယ်ချင်းစာ ခံစားရပါတယ်..။

Anonymous said...

အရမ်းကိုကောင်းတယ် ၀င်အားပေးတယ် ကျေးဇူးပေးဗျာ

Anonymous said...

ကောင်းတယ် ဆရာ။ မိုက်တယ်။

December Cinderella said...

နယ်ကျွံသွားတဲ့ အတွေးတွေ
အလည်လွန်ထားတဲ့ မျက်လုံးတွေနဲ့ 
သူတို့ မျက်နှာပေါ်က စကားလုံးတွေကို သွားဖတ်ကြည့်တယ်။
သူတို့ မှာ အနာဂတ် ပျောက်နေတဲ့ မျက်နှာတွေ မရှိဘူး။
ပျံသန်းရမှာ ကြောက်နေတဲ့ လက္ခဏာတွေ မရှိဘူး။
သူတို့ မှာ ကမ္ဘာကြီးကို စားပွဲပေါ်တင်ဖတ်ဖို laptop ကိုယ်စီရှိတယ်။
တစ်ကျောင်းလုံးအနှံ့ ကိုယ်ယောင်ဖျောက်ပြီး ပျံနေတဲ့ ဝါယာလက်(စ်) အင်တာနက်ကော်နက်ရှင်လည်း ရှိတယ်။

မိုင် ၃၆၀ လေး ဝေးသွားတာနဲ့ 
အခွင့်အရေးတွေက တစ်ကမ္ဘာစီလောက်ခြားသွားရသလား။
နယ်နိမိတ်မျဉ်းပါးပါးလေး ခြားလိုက်တာနဲ့
ငှက်တွေရဲ့ ဘဝဟာ လေလွင့်သစ်ရွက်ဖြစ်တဲ့အထိ ထိုးကျသွားရသလား။

သြော်...
အလှတရားခံစားရင်းနဲ့ 
မကျက်သေးတဲ့ အနာပေါ်ကိုတုတ်ကျ
ခြေတွေလက်တွေလှုပ်လို့ မရခဲ့တဲ့ ဘဝကို ပြန်ပြီးသတိရမိတယ်။



great, greater, greatest ....
but ... after reading poems ...i feel sth .. so sad ..
Brother .. thanks for being there !!!

Anonymous said...

အရမ်းကောင်းပါတယ် ကိုကောင်းကင်ကိုရေ၊
ကျွန်တော်လည်း အေးဘက်မှာကျောင်းတက်နေတဲ့ အင်ဂျင်နီယာကျောင်းသားတစ်ဦးပါ။ ကိုကောင်းကင်ကို ကျွန်တော့်ကိုအပြင်မှာတွေ့ ရင်သိမှာပါ။
ကျွန်တော်ကျောင်းတက်နေတာ၂နှစ်ရှိခဲ့ပေမယ့် ကိုကောင်းကင်ကိုလိုကျွန်တော်မနှိုင်းယှဉ်ခဲ့မိဘူး။ ဟုတ်တယ်ဗျာ။ ကျွန်တော်တို့ နိုင်ငံကလူငယ်တွေနဲ့ တော်တော်ကိုကွာသွားပြီ၊ အရမ်းရမ်းကွာသွားပြီဆို ပိုမှန်လိမ့်မယ်။ သူတို့ မျက်နှာတွေမှာအနာဂတ်မဲ့နေတဲ့ အရိပ်အရောင်မျိုးတွေမရှိဘူး။ အမြဲပျော်ရွှင်တက်ကြွ နေတာပဲဗျာ။ ကောင်းပါတယ်။ ကျွန်တော်ဒီကဗျာကို တော့လုံးဝခံစားလို့ ရတယ်ဗျာ။ အရမ်းကောင်း။

MELODYMAUNG said...

ကဗျာခေါင်းစဉ်တောင် ပြောင်းချင်တယ်
မိုးနဲ့မြေကိုနှိုင်းယှဉ်ခြင်း ဆိုပြီး နာတို့ ညန်မာက တက္ကသိုလ်နဲ့ လေ အဟက်ဟက်