Tuesday, June 24, 2008

ဘဝ

ဘဝဟာ
အထိမခံတဲ့ ရွှေပန်းကန်တစ်ချပ်
ပြန်ရစ်လို့ မရတဲ့ရုပ်ရှင်
ရေနှစ်ခါ ချိုးလို့ မရတဲ့ မြစ်
နှစ်ခါချစ်ရေးဆိုခွင့်မပေးတဲ့ အပျိုစင်
နှစ်ခါ လက်ထပ်ခွင့် မရှိတဲ့ က္ကုနြေ္ဒရှင်
ကြွေကျသွားရင် နဂိုအတိုင်းပြန်ထားလို့ မရတော့တဲ့ပန်းတစ်ပွင့်၊
ဘဝက ဖန်ခွက်တစ်လုံးလိုပဲ
အက်လွယ် ကွဲလွယ်တယ်။

ဘဝဟာ သူများတွေဆီက အတောင်ပံငှားပြီး ပျံနေရတဲ့ငှက်
ပတ်ဝန်းကျင်နဲ့  မပြေလည်ရင်
အတောင်ပံငှားလို့ မရဘူး။

ဘဝဟာ စိတ်ကူးထဲက အမြင့် အတိုင်း အမြဲတမ်းလိုက်ပျံလို့ မရတဲ့ စင်ရော်
အသိုင်းအဝိုင်းက ငှက်တွေထက် ပိုမြင့်မြင့်ပျံမိရင်
ယောနသံစင်ရော်လို ဝိုင်းပြီး အပယ်ခံရတတ်တယ်။

ဘဝဟာ အသိဥာဏ်လျှပ်စီးကို
အခြေအနေကြည့်ပြီးမှ လက်ခွင့်ရတဲ့ကောင်းကင်။
ဘဝဟာ ပတ်ဝန်းကျင်နဲ့ ညှို ပြီး အဖြတ်ခံလိုက်ရတဲ့
ရှည်ထွက်နေတဲ့ ပေတံတစ်ချောင်း။

ဘဝဟာ ဖြောင့်ချင်တိုင်းဖြောင့်လို့  မရတဲ့သစ်ပင်
အကြောင်းကြောင်းကြောင့် အုပ်စုကိုခွာ
ဘယ်သူမှ မရှိတဲ့ ကွင်းပြင်ကြီးထဲမှာ ရပ်မိရင်
မိုးကြိုးပစ်မှတ် ဖြစ်သွားနိုင်တယ်။

ဘဝဟာ ပတ်ဝန်းကျင်အတိုင်း အရောင်လိုက်ပြောင်းရတဲ့ လိပ်ပြာ
ဘဝဟာ ခေတ်ရေစီးကြောင်းအတိုင်း လိုက်မျှောရတဲ့ ဗေဒါ
ဘဝဟာ အားကြီးသူတွေပြောရင် လိုက်ခေါင်းငြိမ့်ရတဲ့ ပုတ်သင်။

ဘဝဟာ ရင်တွင်းဖြစ်တေးတွေကို မျို
သူများကြိုက်တဲ့ တေးတွေကို လိုက်ဆိုနေရတဲ့ငှက်
အဲဒီ့ ငှက်ရဲ့ ရင်ထဲမှာ အသံတွေက အကျဉ်းကျနေတယ်။

ဘဝဟာ သက်ရှိသက်မဲ့ ရန်သူသန်းပေါင်းများစွာကို
တစ်ယောက်ထဲနဲ့ ရင်ဆိုင်နေရတဲ့ စစ်ပွဲ။

ဘဝဟာ အငိုမျက်လုံးတွေကို ဖုံးဖို့ 
အားတင်းပြီး ပြုံးနေရတဲ့ သံတမန်။

ဘဝဟာ မာယာတွေနဲ့ ကစားရတဲ့ စစ်တုရင်ပွဲ
သူများဒိန်ခဲကို ရွှေ့ နိုင်မှ
အောင်မြင်မှုက ရတတ်တယ်။

ဘဝဟာ ထုတ်ဝေခွင့်မရတဲ့ ကဗျာတစ်ပုဒ်၊
ကိုယ်မနှစ်သက်တဲ့ ဘဝတစ်ခုကို
ဖြတ်ညှပ်ကပ် ခင်းကျင်းပြရင်း
ကိုယ်လိုချင်တဲ့ ဘဝအစစ်ကိုတော့
နေ့ ခင်းအိပ်မက်တွေ ညအိပ်မက်တွေ ထဲမှာပဲ သိမ်းထားလိုက်ရတော့တယ်။

ဘဝဟာ ဟိုးမြေကြီးအတွင်းထဲမှာ
နစ်မြုပ်နေတဲ့ ကျောက်ရိုင်း
ဘယ်လောက်ပဲ တောက်ပနေပါစေ
တူးဖော်ပေးမယ့်သူ မရှိသေးသရွေ့ တန်ဖိုးက သုည။

ဘဝဟာ အားကြီးသူတွေ ပြဌာန်းပေးထားတဲ့ သံလမ်းအတိုင်း
ကျဉ်းကျဉ်း ကြပ်ကြပ် ပြေးနေရတဲ့ ရထား။
ကိုယ့်လမ်းအတိုင်း ကိုယ်သွားရင် မရှူမလှ တိမ်းမှောက်သွားနိုင်တယ်။

ဘဝဟာ မတရားတဲ့ လောင်းကစားဝိုင်း
ဘဝတစ်ခုလုံးရင်းပြီး ကစားတာတောင်မှ
ဒုက္ခတွေချည်းရချင်ရတတ်တယ်။
လေပဲ အရင်းစိုက်တဲ့သူကလည်း
အမြတ်အစွန်းတွေ ပိုက်ချင်ပိုက်သွားတာပဲ။

ဘဝဟာ
ကိုယ့်ကိုငြိုးနေတဲ့ ကြမ္မာစောင့်နတ်ရဲ့ လက်ထဲက အံစာတစ်တုံး။
သူကြွေအံကစားလိုက်တာ
နံပါတ် ၁၃ ချည်း ကျချင်ကျနေတတ်တယ်။

ဘဝဟာ စတော်ဘယ်ရီ စိုက်ပေမယ့် ပဒိုင်းသီး သီးပေးချင်သီးပေးတဲ့သစ်ပင်
နှင်းဆီရနံ့ လိုချင်လို့ နှင်းဆီပန်းပင် စိုက်ခါမှ
ပန်းမပါပဲ ဆူးတွေချည်းသက်သက် ပွင့်ချင်ပွင့်သေးတာ။

ဘဝဟာ တွက်ရခက်တဲ့ ပုစ္ဆာ
အကြောင်းကြောင့် အကျိုး ဖြစ်တယ်ဆိုပေမယ့်
ကွင်းဆက်က ဝေးလို့ 
မှန်းချက်နဲ့ နှမ်းထွက် အလွဲမှာ
ကွဲအက်သွားတဲ့ အသည်းကို
ဘယ်သူပြန်ပြီးဆက်ပေးမှာလဲ။

ဘဝဟာ မအောင်မြင်သေးတဲ့ ပန်းချီဆရာ
ဝမ်းမဝ သေးတော့လည်း
အပေါစား ဆိုင်းဘုတ်ပဲ ရေးစားနေရတော့တယ်။

ဘဝဟာ မီးလောင်နေတဲ့ အိမ်တစ်လုံး
ကိုယ့် အတ္တကိုယ် မနည်းသယ်ပြီး
ကိုယ်လွတ်ရုန်း ထွက်ပြေးနေရတော့တယ်။

ဘဝဟာ တံလျှပ်တွေနောက် လိုက်ရင်းနဲ့ သားကောင်ဖြစ်သွားခဲ့ရတဲ့ မုဆိုး

ဘဝဟာ ရွေးစရာလမ်း မရှိလို့ မီးမှန်းသိလျက်နဲ့ ဝင်တိုးနေရတဲ့ ပိုးဖလံ။
ဘဝဟာ နှစ်ကိုယ်ခွဲပြီး ကိုယ့်စိတ်နဲ့ ကိုယ် ပြန်ထိုးနေရတဲ့ ပဋိပက္ခကြိုးဝိုင်း

ဘဝဟာ ရွေ့ လျားနေတဲ့ ပန်းတိုင်
ဘဝဟာ ဘယ်လောက်ပဲလျှောက်လျှောက် မရောက်တဲ့ခရီး

ဘဝဟာ စီစီဖတ်ရဲ့ ပုခုံးပေါ်က ကျောက်တုံး
ဘဝဟာ အချိန်ကျရင် အားကုန်သွားမယ့် ဘက်ထရီတစ်လုံး....

ကောင်းကင်ကို

8 comments:

Nyein Chan Aung said...

“ဘ၀... ဘ၀” ကဗျာခံစားသွားတယ် ညီ။

တန်ခူး said...

တည်ခင်းဧည့်ခံထားတဲ့ ခါးသက်သက်အမှန်တရားတွေကို မြိန်လျှက်စွာ ခံစားသွားတယ်…

Mintasay said...

ခင်ဗျာကတော့ ကဗျာဆရာ စစ်စစ်ပါပဲဗျာ...ဒီအပုဒ်ကို တော်တော်ကြိုက်မိတယ်

Mintasay said...

ဘဝဟာ စီစီဖတ်ရဲ့ ပုခုံးပေါ်က ကျောက်တုံး ....အဲဒီစာသားက အမှန်ဆုံးပဲ...ပြီးတော့ ကျနော်ယုံကြည်ထားခဲ့တာလည်း အဲ့ဒီလိုပဲ

Mhu Darye said...

ဒီဘက် အခန်းမှာ ဘ၀ကို ပေါင်းသင်ထားတယ်။
ကျွှန်တော့ အခန်းမှာ အချစ်ကို နေပြနေတယ်။ အချစ် မရှိပဲ ရှင်သန်လို့ ရတဲ့ ဘ၀များ ရှိရင်...ပို့ ချပေးပါအုံးနော့်။ ကဗျာလို့ ထင်ရတဲ့ ”ဘ၀” ကို ဖွင့်ဆိုထားတာလေး ကြိုက်နှစ်သက်မိပါတယ်။ အားပေးလျက်ပါ။

ညိမ်းညို said...

အကိုကြီးရေ
ဘ၀ကို ထပ်တူထွန်းညှိသွားတယ်ဗျာ

Dream said...

ကဗျာလေးကိုနှစ်သက်ပါတယ်။
ဒါပေမဲ့ စီစီဖတ်ဆိုတာနားမလည်ဘူး။အဲဒါလေးပြောပြပါ။

ဝေလေး said...

ဘဝကိုတင်စားသွားလိုက်တာ.......ကောင်းတယ်..
မိတယ်.....ခံစားသွားတယ်နော်........