Showing posts with label literature. Show all posts
Showing posts with label literature. Show all posts

Sunday, November 13, 2016

ကျွန်တော်နဲ့ ဝတ္ထုဇာတ်ကောင်တွေ

 ကျွန်တော် နဲ့ ဝတ္ထုဇာတ်ကောင်တွေ

(Facebook က ပို့စ်ကို မူရင်းဒိတ်အတိုင်း blog မှာ ပြန်စုတာပါ)

စက်မှှုတက္ကသိုလ်တက်နေတဲ့ အချိန်တုန်းက ဆရာ တက္ကသိုလ်ဘုန်းနိုင်ရဲ့ ဝတ္ထုတွေကို အသည်းစွဲ။ အခုလည်း ကြိုက်တုန်းပါပဲ။ ဆရာ တက္ကသိုလ်ဘုန်းနိုင်ကို သူငယ်ချင်းလက်ဝဲတချို့ မကြည်ကြပေမဲ့ ကျွန်တော်ကတော့ လက်ဝဲစာပေတွေကိုရော၊ တက္ကသိုလ်ဘုန်းနိုင်ရဲ့ စာတွေကိုရော ကြိုက်တယ်။ အဲဒီတုန်းက တက္ကသိုလ်ဘုန်းနိုင်ရဲ့ စာတွေကို ကြိုက်တဲ့ သူငယ်ချင်း အချင်းချင်း နောက်ကြတယ်။ ဝတ္ထုတွေဖတ်၊ စိတ်ကူးတွေယဉ်ပြီး ဘဝပျက်တော့မယ်လို့။ စကြတာပါ။ အလေးအနက် ပြောကြတာ မဟုတ်ဘူး။ 

တကယ်ကျတော့ ဘဝပျက်မယ်ဆိုရင် အဲဒီနောက်ပိုင်းကာလမှာ စွဲလမ်းလာတဲ့ ဝတ္ထုတွေကမှ ဘဝပျက်ချင်ပျက်မှာ။ (The Stranger/The Outsider/စည်းပြင်ကလူ) ထဲက မတုန်မလှှုပ် ဇာတ်ကောင် Meursault တို့၊ တခုခုကို အသေစွဲလမ်းတဲ့ Moby Dick ထဲက ကပ္ပတိန် အေးဟက်ဘ် (Ahab) တို့၊ ဂတ်စ်ဘီ (Gatsby) ထဲက ဇာတ်လိုက်တို့၊ ပြီးတော့ ဆမ်းမားဆက်မွန် ရဲ့ The Fall of Edward Barnard ၊ The Lotus Eater နဲ့ သူ့ဝတ္ထု ဘာသာပြန် “လစန္ဒာနဲ့ ခြူးပိုက်ဆံ” ထဲက လောကကို ရှောင်ခွာပြေးတဲ့ ဇာတ်ကောင်တွေ၊ အများနဲ့ မတူုတဲ့ ဇာတ်ကောင်စရိုက်တွေ၊ ဟဲမင်းဝေးရဲ့ The Killer ထဲမှာ ကိုယ့်ကို လာသတ်မှာကို ကြိုသိတာတောင် မတုန်မလှှုပ်နဲ့ ဘာမှ ကြိုတင်မပြင်ဆင်တဲ့ ဇာတ်ကောင်.. သူတို့တွေကို သဘောကျလာတယ်။ ဆရာမြသန်းတင့် ဘာသာပြန်ခဲ့တဲ့ "The Catcher in the Rye" ဝတ္ထုကို ရေးခဲ့တဲ့ စာရေးဆရာ J. D. Salinger ဟာ နောက်ပိုင်းမှာ လူ့လောက ကို ရှောင်ဖယ်ပြီး သီးသန့် နေထိုင်သွားတယ် ဆိုတာကိုလည်း စိတ်ဝင်စားမိသေးတယ်။


ဆရာ တက္ကသိုလ် ဘုန်းနိုင်ရဲ့ ဇာတ်လိုက်တွေက ဇာတ်သိမ်းကောင်းတာများတယ်။ နောက်ပိုင်း စွဲလမ်းလာတဲ့ ဝတ္ထုတွေထဲက ဇာတ်ကောင်တွေက တစ်ယောက်မှ ဇာတ်သိမ်း မကောင်းဘူး။ ဒါပေမဲ့ ခုနောက်ပိုင်းမှာ အဲဒီ ဇာတ်သိမ်းမကောင်းတဲ့ ဇာတ်ကောင်တွေကပဲ ကိုယ့်ကို inspire ဖြစ်လာစေတယ်။ ဇာတ်သိမ်းကောင်းတဲ့ ဝတ္ထုတွေဟာ ကျွန်တော့်ကို အရင်လောက် မဆွဲဆောင်နိုင်တော့ဘူး။ ဇာတ်သိမ်းမကောင်းပေမဲ့ အဲဒီဇာတ်ကောင်တွေလို ကိုယ့်ပုံစံ၊ ကိုယ့်အတွေး၊ ကိုယ့်ကမ္ဘာနဲ့ပဲ နေသွားချင်တယ်။

ဥပမာ ပြောရရင် …. The Lotus Eater ထဲက ဇာတ်လိုက်လို ကိုယ့်မှာ စုဆောင်းထားတဲ့ ပိုက်ဆံတွေ အများကြီး မရှိလို့ သူ့လို လှပတဲ့ ကျွန်းလေးမှာ သွားပြီး နေလို့ မရပေမဲ့ … ကိုယ့်အိမ်မှာ ကိုယ့်သီးသန့်ကမ္ဘာလေးဖန်ဆင်းပြီး …. အဲဒီသီးသန့် ကမ္ဘာလေးထဲမှာ… Moby Dick ထဲက ဇာတ်ကောင် ကပ္ပတိန် Ahab က ဝေလငါးဖြူကို အရူးအမူး စွဲစွဲလမ်းလမ်း ဖြစ်နေသလို ကိုယ်လည်း စာပေဖြစ်ဖြစ်၊ အနုပညာဖြစ်ဖြစ်၊ တခြားဟာ တစ်ခုခုကို ဖြစ်ဖြစ် စွဲစွဲလမ်းလမ်း ပျော်မွေ့နေချင်တယ်။ အဲဒီလိုဆိုရင် လူမှှုရေးပိုင်းတွေ၊ စီးပွားရေးပိုင်းတွေ အင်အားနည်းသွားမှာမို့ ကပ္ပတိန် အေးဟက်ဘ် တို့၊ ဂျေးဂတ်စ်ဘီတို့ အဆုံးမှာ ဘဝပျက်သလို ပျက်သွားနိုင်ပေမဲ့ နေတုန်းမှာတော့ ဘဝကို ကိုယ်နှစ်သက်တာတွေချည်းနဲ့ပဲ အပြည့်အဝ နေသွားလို့ ရတယ်လေ။ လူမှှုရေးတွေကို ဘေးချိန်ပြီး ကိုယ်နှစ်သက်တဲ့အရာတွေနဲ့ပဲ ဈာန်ဝင်စားနေမယ်။ 


အခုလည်း အဲလိုဆန်ဆန် ဖြစ်နေတာပါပဲ။ ဘန်ကောက်မှာဆိုတော့ သူငယ်ချင်းတွေ သိပ်မရှိဘူးလေ။ အလုပ်ကိုလည်း အွန်လိုင်းကပဲ လုပ်ရတာ။ တစ်လနေလို့မှ သူငယ်ချင်းတစ်ယောက်နဲ့ မတွေ့ဖြစ်ဘူး။ အပြင်လည်း မထွက်ဖြစ်ဘူး။ သီးသန့်ကမ္ဘာလေးပဲ။

အဲ…. ဘဝက ဝတ္ထုမဟုတ်တော့ အဲဒီ ဝတ္ထုဇာတ်ကောင်တွေလောက်တော့ ကိုယ့်ဘဝကိုယ် ပုံဖော်လို့ မရဘူးပေါ့။ The Lotus Eater ထဲက ဇာတ်လိုက်လို ဖရီးရိုက် မနေနိုင်ဘဲ အလုပ်တွေ ဘာတွေ ကုန်းရုန်း လုပ်ရသေးတာပေါ့။


Documentary တွေထဲကလို တောထဲသွားနေတဲ့ hermit မျိုး မဖြစ်ချင်ပေမဲ့ မြို့ ငယ်ငယ်သေးသေး လေးတစ်ခုက ကိုယ့်အခန်းကျဉ်းလေးထဲမှာ hermit ဖြစ်နေချင်တယ်။  


ကောင်းကင်ကို (၂၀၁၆ ခုနှစ် - နိုဝင်ဘာ ၁၃)

ပြီးခဲ့တဲ့နှစ်က Facebook မှာ တင်ခဲ့တဲ့ ပို့စ်

မှတ်ချက်။ အင်္ဂလိပ်စာလုံးတွေက လူအထင်ကြီးအောင် တမင် ညှပ်သုံးတာမျိုး မဟုတ်ပါဘူးး။ တချို့စာလုံးတွေက အင်္ဂလိပ်လိုကို ပိုစွဲပြီး အာရုံရလို့ ခေါင်းထဲပေါ်လာသလို ရေးထားခဲ့တာ။