Friday, October 16, 2015

သက်ဆိုး

ကျွန်တော်တို့ဆီမှာ
ရေရှားပေမယ့်
တံလျှပ်တွေပေါတယ်။

အနာဂတ်မဲ့ ခံစားချက်တွေ ခဏပျောက်ဖို့
ပုလင်းတွေ တစ်လုံးပြီး တစ်လုံး ဖောက်ခဲ့ရပေါ့။
အခုပုလင်းရဲ့ expire date ကို စစ်ကြည့်လိုက်တော့
နိုဝင်ဘာ ၈ ရက်။

လူတိုင်းသေရမယ့် လောကမှာ
ကိုယ့်အတွင်းစိတ် ငရဲကမ္ဘာကို ရှောင်ဖို့
သိပြီးသား မဲပြာပုဆိုး ရုပ်ရှင်ကို
ခဏပြန်မေ့ထားပြီး
အတင်း ရင်ခုန်နေရတဲ့ အရသာမျိုး။

ဘာမှလုပ်လို့ မရတဲ့အတူတူ
ယူနီဖောင်းအသစ်နဲ့ ဘုရားသခင်တွေဆီက ဆုတောင်းကြရ။

တင်အေးရဲ့ ကျေးဇူးကြောင့်
ဘန်ကောက်ကလို
ကမ္ဘာကျော်တွေရဲ့
သရုပ်ပြသက်သက် တင်းနစ်ပွဲမျိုး မလိုတော့ဘူး။

တကယ်က
နာကျင်မှုဆိုတာ
သတိပြုတုံ့ပြန်မှုတွေရဲ့အစပါ။
ခုတော့ ထုံဆေးဆန်ဆန် ထွက်ပေါက်တွေအောက်မှာ
တုံ့ပြန်လိုခြင်းတွေ အသက်ပျောက်ခဲ့။

မြန်မာနိုင်ငံဆိုတာ
Coma ရနေတဲ့ လူနာ၊
စက်အကူအညီနဲ့ အသက်ဆက်နေရကြောင်း သိဖို့
ကိုယ့်ဘာသာကိုယ် မှန်ထ မကြည့်နိုင်ရှာဘူး။

တစ်တိတိနဲ့ ရေရှည် ပျက်စီးနေမယ့်အစား
ဝုန်းခနဲ ပြိုကျသွားမှ
နောင်တတွေက ပြန်တည်ဆောက်ကြမှာမို့
မြန်မာနိုင်ငံရေ...
မင်းကို အထိန်းရပ်ပြီး
အဆင်းကိုဘီးတပ်ချင်တယ်။

ကျွန်တော်ဟာ
နည်းပြ ပြုတ်စေချင်လို့
ကိုယ့်အသင်း ဂိုးပြတ် ရှုံးစေချင်သူတစ်ယောက်။
စစ်အာဏာရှင်တွေ ပြုတ်ဖို့
ပြဿနာမီးတောက်တွေ
မြန်မာနိုင်ငံကို ဂိုးပြတ်သွင်းပစေ။

ကောင်းကင်ကို (၁၆ အောက်တိုဘာ၊ ၂၀၁၅)
မှတ်ချက်။ ။ သွင်းပစေ = သွင်းပါစေ ကို အသံထွက်အတိုင်း ရေးထားတာပါ။

No comments: