Tuesday, November 24, 2015

နတ်အလို လူမလိုက်နိုင်

လူဆိုတာ အရက်စက် အယုတ်မာတတ်ဆုံး သတ္တဝါတွေ မဟုတ်လား။ လူတွေ လက်တွေ့ကျင့်သုံးနေကြ တာက ကြီးနိုင်ငယ်ညှဉ်းဝါဒပဲ။ လူတွေထက် ဥာဏ်အားနည်းတဲ့ တိရစ္ဆာန်တွေအပေါ်ဆိုရင် လူတွေဟာ ရက်ရက်စက်စက် မွေးမြူ၊ သတ်စား၊ ခိုင်းစားကြတယ်။ 

ဒါပေမဲ့ လူတွေရဲ့ လုပ်ရပ်ကို ရှက်နေတဲ့ သက်သက်လွတ်စားသူ တစ်ယောက်ရှိတယ်။ လူတွေ အသားစားနေတာ၊ တိရိစ္ဆာန်တွေအပေါ် လူတွေ ခေါင်းပုံဖြတ် သွေးစုပ်နေတာ၊ ရက်ရက်စက်စက် သတ်ဖြတ်နေတာကို မကျေမချမ်း ဖြစ်နေတဲ့သူပေါ့။ မကျေမချမ်းဖြစ်ပေမဲ့ သူလည်း ဘာမှ တတ်နိုင်တဲ့ ကိစ္စတော့ မဟုတ်ဘူး။ သူသွားပြောလည်း ဟိုလူတွေက အရေးစိုက်မှာမှ မဟုတ်တာ။ ဒီတော့ ဘာမှ မပြောဘဲ နေမိတာပေါ့။ ပြောလိုက်မှ ဆန့်ကျင်ဘက်ရလဒ်တွေ ထွက်ပြီး ပိုဆိုးပြကြမှာ၊ “ဘာဖြစ်လဲ။ သူတို့ဘာသာ တိရစ္ဆာန်ဖြစ်နေလို့ ငါတို့စားတာ။ ဒီလောက်သနားနေရင် ကျားလှောင်အိမ်ထဲ ဝင်နေလိုက်ပါလား။ မြွေကိုအိမ်ပေါ် ခေါ်တင်ထားပါလား” အဲလို အမုန်းစကားတွေ ထပ်ကြားရမှာပဲ အဖတ်တင်နိုင်သွားနိုင်တယ်လေ။ ပြောလိုက်မှ ဆွပေးသလို ဖြစ်ပြီးတောင် ပိုဆိုးသွားနိုင်တယ်။ ဒီတော့ ကိုယ်ဘာမှမတတ်နိုင်သလိုမို့ နှုတ်ဆိတ်နေလိုက်မိပြန်ရော။ စိတ်ထဲမှာတော့ ကြေကွဲလို့ပေါ့။

ဒါပေမဲ့ မရဘူး။ အဲဒီမှာ နတ် ပညာရှိ အုပ်စုဆီက အသံတွေ ထွက်လာတော့တာပဲ။ “မင်းကိုယ်တိုင်က သက်သက်လွတ်သမား ဆိုပေမဲ့... အသားစားသူတွေနဲ့ အစားခံရသူတွေကြားမှာ မင်း... ဘာမှမပြောဘဲ ကြားနေနေတယ်ဆိုရင် မင်းလည်း အသားစားသူပဲ” .... “မင်းဟာ လူဆိုတဲ့ အကြမ်းဖက်ကောင်တွေ လုပ်တဲ့ ကိစ္စမှာ နှုတ်ဆိတ်နေတယ်။ ဒီတော့ မင်းလည်း အကြမ်းဖက်သမားပဲ” .... “အနည်းဆုံး ကုလသမဂ္ဂလိုတော့ စိုးရိမ်ကြောင်း ကြေညာသင့်တယ်။ အနည်းဆုံး Facebook မှာ profile လေးတော့ ပြောင်းသင့်တယ်”

ဟုတ်သားပဲ။ ဒီတော့ သူ profile လေး ပြောင်းလိုက်တာပေါ့။ နွားလေး အသတ်ခံရတော့မယ့် သနားစရာပုံလေး။ အဲဒီမှာ တချို့ပညာရှိနတ် တွေဆီက အသံတွေ ထွက်လာပြန်ရော။ ဒီကောင်ဟာ “နွားတွေကိုမှ ရွေးသနားတဲ့ကောင်” ဆိုတဲ့ အသံတွေ။ တကယ်တော့ အဲဒီ ပညာရှိ နတ်တွေ ပြောတာလည်း တစ်စိတ်တစ်ပိုင်းတော့ မှန်တယ်။ တချို့လူတွေဟာ အဲလို ခွဲခြားခွဲခြား လုပ်နေကျ hypocrite ကောင်တွေလေ။ အဲဒါနဲ့ နောက်တစ်ရက်ကျတော့ ဝက်လေး အသတ်ခံရတော့မယ့် သနားစရာပုံလေးကို ပြောင်းတင်လိုက်တာပေါ့။ အဲဒါလည်း မလွတ်ပါဘူး။ တခြား ပညာရှိနတ်တွေက ပြောပြန်တယ်။ ဒီကောင်ဟာ ဝက်ကိုမှ ရွေးသနားတဲ့ကောင်တဲ့။ ဒါပေမဲ့ သူကတော့ တကယ်စေတနာနဲ့ ပြောင်းတာပါ။ ဒါပေမဲ့ လူတွေထဲမှာ စံနှုန်းနှစ်မျိုးနဲ့ကောင်တွေများတော့ သူုပါ သိမ်းကြုံးအပြောခံရတော့တာပေါ့။

တော်ပြီ။ ပရိုဖိုင်းပုံပြောင်းပြီး စာနာပြရတာ စိတ်ရှုပ်စရာ။ counterproductive ဖြစ်နေပြီ။ စာသားတွေနဲ့ပဲ စာနာကြောင်းပြတော့မယ်။ စာသားတွေနဲ့ပဲ တောင်းပန်တော့မယ်လို့ သက်သက်လွတ်သမားလေး တွေးလိုက်တယ်။ သူ့ကိုယ်သူ လူသားတစ်ရပ်လုံးရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ယောက် အသွင်မျိုးဖမ်းပြီး စတိုင်အပြည့်နဲ့ ဒီလိုကလေး ရေးလိုက်တယ်။

ဒီလူဆိုးတွေဟာ လူနာမည်ခံယူထားပေမဲ့ တကယ်တော့ လူ မဟုတ်သူတွေပါ။ လူစိတ် မရှိသူတွေပါ။ လူဆိုတဲ့ နာမည်ကို ခံပြီး လူ့ကျင့်ဝတ်ကို မလိုက်နာကြတဲ့ သူတွေပါ။ သူတို့နဲ့ ကျွန်တော်တို့ မတူပါဘူး”။ အဲလိုကလေး ရေးပြီး တောင်းပန်လိုက်တာပေါ့။ ဟန်ဆောင်တောင်းပန်တာတော့ မဟုတ်ဘူး။ နှစ်နှစ်ကာကာ တောင်းပန်လိုက်တာ။ စည်းခြားပြလိုက်တာပေါ့။

အဲလိုတောင်းပန်လိုက်တော့ နတ်တွေရဲ့ တုံ့ပြန်မှုလေးတွေတော့ ရပါတယ်။ တုံ့ပြန်မှုတွေကတော့ “ဘောပဲ။ မင်းလည်း သူတို့လို လက်နှစ်ဘက်၊ ခြေနှစ်ဘက်နဲ့ လူစကား ပြောနေတဲ့ကောင်ပဲ။ သူတို့လို ဝတ်စားဆင်ယင်ပြီး သူတို့လို နေထိုင်နေတဲ့ကောင်။ မကောင်းတဲ့ ကောင်တွေကို ကိုယ့်အုပ်စုနဲ့ မဆိုင်သလို၊ မကောင်းတဲ့ကောင်တွေဟာ လူမဟုတ်သလိုလို ပြောပြီး... ကိုယ့်အုပ်စုရဲ့ ဂုဏ်သိက္ခာကို အကာအကွယ်ပေးနေတာ။ လူတွေဘက်ကနေ ဆင်ခြေဆင်လက် ပေးနေတာ” တဲ့။

ကဲ ... အသားစားတဲ့ လူတွေကြားထဲက၊ အမျိုးမျိုးပြောနေကြတဲ့ နတ်တွေကြားထဲက သက်သက်လွတ်သမားလေး ဘာလုပ်ရမလဲဟင်။


ကောင်းကင်ကို


Thursday, November 12, 2015

Obsession

ငါဟာ ကပ္ပတိန် အေးဟက်(ဘ်)
ငါဟာ ဂတ်(စ်)ဘီ
ငါဟာ ချန်ထွန်းအောင်
ငါဟာ ဘကြီးအောင်ရဲ့ ဆင်စွယ်ရုပ်လေးကို
စွဲလန်းနေတဲ့ကောင်။

ကောင်းကင်ကို (နိုဝင်ဘာ ၁၂) ၂၀၁၅

Ref

ဝတ္ထုများ
--------
Moby Dick (by Herman Melville)
The Great Gatsby (by F. Scott Fitzgerald)
နတ်ကာဖီ (နေဝင်းမြင့်)
ဘကြီးအောင်ညာတယ် (မင်းသုဝဏ်)

Wednesday, November 11, 2015

အမှိုက်ထဲတွင် ရှာဖွေခြင်း

မေးခွန်းက ထူးဆန်းနေလည်း
ခက်မလိုလို နဲ့ လွယ်တယ်။

ကမ္ဘာကြီးစွန့်ပစ်ချင်တဲ့ အတွင်းပစ္စည်းတွေထဲမှာ
လူမသေဖူးတဲ့ အိမ်က မုန်ညင်းစေ့ထက် ရှားတာတွေ ဆွဲထုတ်ပြပါတဲ့။
ဒုက္ခတွေက လက်ပူးလက်ကြပ် ချရေးလိုက်တယ်။

()
မျက်နှာပေါင်းတင်ထားတဲ့ ခြင်္သေ့ဝတ်ရုံအောက်က
တက်ကြွတဲ့ လူသားဝါဒီ

()
လင်မယားကိစ္စ အနံ့လိုက်ခံနေတဲ့ အဖွဲ့ထဲက
အကျင့်သီလနဲ့ ပြည့်စုံတဲ့ သောနုတ္တရ

()
ဘုရားသခင်ကို လည်ပြန်လှီးနေတဲ့ IS အဖွဲ့ထဲက
ဂုတ်ကျားလောက် ဦးနှောက်ရှိပြီး ဘေဘီလုံး လောက် နှလုံးသား ရှိတဲ့သူ။

ကောင်းကင်ကို









Tuesday, November 3, 2015

မှော်ရုံတော နဲ့ ခြူးပိုက်ဆံ

၁၉၉၈ လောက်တုန်းက မှော်ရုံတောမှာ မောလှပြီကို အရင်ဖတ်ဖြစ်ပြီး၊ နောက်ခြောက်လလောက်နေတော့ လစန္ဒာနဲ့ ခြူးပိုက်ဆံကို ဖတ်ဖြစ်တယ်။ မှော်ရုံတော ကို အရင်ဖတ်ထားတာ ဆိုတော့ ခြူးပိုက်ဆံကို ဖတ်ပြီး တမျိုးကြီး ဖြစ်သွားတယ်။ မှော်ရုံတော ထဲမှာက ဂေါ်ဂင်က စိတ်ကူးယဉ်သူရဲကောင်း ဆန်ဆန် ဖြစ်နေပြီး၊ ခြူးပိုက်ဆံထဲမှာကျ (ဂေါ်ဂင်ကို မှီးပြီး ပုံဖော်ထားတဲ့) စထရစ်ကလန် က ရက်စက်တဲ့သူလို ဖြစ်နေတာကိုး။ အဲဒီတုန်းက မှော်ရုံတောကိုပဲ ပိုကြိုက်တယ်။ ခြူးပိုက်ဆံ ကို သိပ်သဘောမကျဘူး။

ဒါပေမဲ့ အခုပြန်တွေးကြည့်တော့ မှော်ရုံတော က ဒရမာတွေများ စာရေးဆရာ ဖန်တီးယူတာတွေများပြီး စိတ်ကူးယဉ်ဆန်သလို၊ အစစ်နဲ့ ပိုဝေးသလို ခံစားရတယ်။ (ဝတ္ထုပေမဲ့) ခြူးပိုက်ဆံက သဘာဝ ပိုကျသလို ခံစားရတယ်။

ဘာသာပြန်တွေပဲ ဖတ်ဖူးတာပါ။