Tuesday, February 12, 2013

သက်သတ်လွတ်

ကိုယ်တိုင်ကျတော့ သူများသတ်ပြီးသား အသားကိုစားပြီး … "သားသတ်သမားတွေ၊ တံငါတွေ၊ မွေးမြူရေးသမားတွေ"ဟာ အကုသိုလ်ကောင်တွေ ဆိုတဲ့ ပုံစံမျိုး တချို့ လုပ်တတ်ကြပါတယ်။ အဲဒီ့လို အလုပ်တွေကို သမ္မာအာဇီဝ မဖြစ်ဘူးလို့ သတ်မှတ်တတ်ကြတယ်။

ကိုယ်ကျတော့ သူတို့သတ်ထားတဲ့ အသားစားမယ်၊ အကုသိုလ်ကိုတော့ သတ်တဲ့သူ ယူလိမ့်မယ် ဆိုတဲ့ စိတ်မျိုးက တကိုယ်ကောင်းဆန်လွန်းတဲ့ စိတ်မျိုးလို့ ထင်တယ်။ အဲဒီ့လိုလူ တချို့က ပြောကြပြန်တယ်။ အသားဖြစ်ဖြစ် အသီးအရွက်ဖြစ်ဖြစ် အစားအစာကို တပ်မက်စိတ် မပါဘဲ စားရင် ပြီးရောတဲ့။ အကုသိုလ် မဖြစ်ဘူးတဲ့။ အဲဒါဆိုလည်း ဆီတွေဘာတွေ၊ တခြားအရသာတွေ ထည့်မနေဘဲ၊ ဟင်းတွေကို အရသာ အမျိုးမျိုးချက်မနေဘဲ ရေလုံပြုတ် စားကြရောပေါ့။ အချိန်ကုန်တောင် သက်သာဦးမယ်လေ။ ကျနော့်အမြင်တော့ သဘာဝကြီးကတောင် သစ်သီးဝလံလို စားစရာတွေမှာ အရသာ မျိုးစုံ ပေးထားတာပဲ။ ဒီတော့ အစားအစာကို တပ်မက်ခြင်းတွေ၊ အရသာခံခြင်းတွေဟာ အန္တရာယ်ရှိလောက်တဲ့ အဆင့်အထိ တပ်မက်တာမျိုး မဟုတ်ရင် အပြစ်ကင်းတဲ့ ခံစားမှုမျိုး၊ သဘာဝကျတဲ့ စည်းစိမ်မျိုးလို့ပဲ ကျနော်တော့ ခံယူတယ်။

တိရိစ္ဆာန် တွေကို စားဖို့ သတ်တာကိုကျတော့ အပြစ်ပြော၊ ကိုယ်တိုင်ကျတော့လည်း သက်သတ်လွတ် မစားသူ တယောက်ကို “အဲဒါက ရှေ့နောက်မညီဘူး၊ မင်း…သတ္တဝါတွေကို သနားရင် အသား မစားဘဲ နေပေါ့။ ဒါဆို သတ္တဝါတွေ အရေအတွက် နည်းနည်းပဲဖြစ်ဖြစ် အသက်ချမ်းသာရာ ရတာပေါ့” လို့ သွားပြောလိုက်ရင် သူတို့ ပြန်ပြောလေ့ ရှိတာက “ငါတယောက်တည်း အသား မစားဘဲ နေလည်း တကမ္ဘာလုံးက အသားစားနေမှာပဲ။ ဒီတော့ သားသတ်သမားတွေလည်း ရှိနေမှာပဲ။ ငါတယောက်တည်း သက်သက်လွတ် စားရုံနဲ့တော့ မထူးဘူး” လို့ ပြန်ပြောတတ်ကြတယ်။ ဒါဆိုရင် ပြန်မေးချင်တာက စိတ်ပိုင်းဆိုင်ရာ ခံယူချက်တို့၊ သီလတို့ ဆိုတာဟာ တကမ္ဘာလုံး လုပ်ခြင်း မလုပ်ခြင်းနဲ့ ဆိုင်လို့လား။ ဥပမာ…တတိုင်းပြည်လုံး ပြည်သူပိုင် ပစ္စည်တွေ ခိုးနေကြရင် ငါမခိုးလည်း တိုင်းပြည်အတွက် ဘာမှ ထူးမှာမဟုတ်ဘူး ဆိုပြီး လိုက်ခိုးတော့မှာလား? တကမ္ဘာလုံး ခိုးရင် လိုက်ခိုးတော့မှာလား? Moral legitimacy ဆိုတာ သူများလုပ်ခြင်း မလုပ်ခြင်း၊ တကမ္ဘာလုံး လုပ်ခြင်း မလုပ်ခြင်းနဲ့ မဆိုင်ဘူး။ ကိန်းဂဏန်း အရေအတွက်နဲ့ မဆိုင်ဘူးလေ။

ဒါပေမဲ့ သက်သတ်လွတ် သမားက သားငါးသတ်ဖြတ်သူကို ဝေဖန်တာမျိုးဆိုရင်တော့ သဘာဝ ကျပါတယ်။ အဲဒီ့လို သက်သတ်လွတ်သမားတွေကိုလည်း အပေါ်မှာပြောခဲ့တဲ့ ရှေ့နောက်မညီသူတွေက ဒေဝဒတ် ဝါဒီတွေဆိုပြီး မညှာမတာ သမုတ်ကြပြန်တယ်။

ဖေ့စ်ဘွတ်ခ် တည်ထောင်တဲ့ မာ့ခ်ဇူကာဘတ် ကတော့ ပြောင်းပြန်။ တတ်နိုင်သမျှ သက်သက်လွတ် စားဖြစ်အောင် ကြိုးစားတဲ့ အနေနဲ့ ကိုင်တိုင်ကိုယ်ကျ သတ်ထားတဲ့ အသားကိုမှ စားသတဲ့။ သူ့ ဒဿနကတော့ ဒီလို။ လူတွေဟာ အသားကိုတော့ စားကြပေမဲ့ ကိုယ်တိုင် သတ်ခဲ့ကြရတာ မဟုတ်တော့ အဲဒီ့ အသားစားတဲ့ အချိန်မှာ သတ္တဝါတကောင် သေရရှာပြီ ဆိုတဲ့အတွေးကို၊ သနားစရာမြင်ကွင်းတွေကို လျစ်လျူရှုလိုက်ဖို့၊ မေ့ပစ်လိုက်ဖို့ လွယ်တယ်တဲ့။ အဲလို အလွယ်တကူ မေ့ပစ်၊ လျစ်လျူရှုပစ်လိုက်တာဟာ တာဝန်မဲ့တာလို့ မာ့ခ်ဇူကာဘတ်က ယူဆသတဲ့။ ဒါကြောင့် ကိုယ်တိုင်သတ်တဲ့ အသားကိုပဲ စားတော့တယ်တဲ့။ ဟုတ်ပါတယ်။ ကိုယ်တိုင် မြင်နေရရင် တိရစ္ဆာန်ကြီးကြီး တကောင်လောက်ကိုတောင် သွေးထွက်သံယို မသတ်ချင်ပေမဲ့၊ အနိဌာရုံ မြင်ကွင်းတွေကို မမြင်ရဘူးဆိုရင် လူတသောင်းလောက်ကို သေစေမယ့် အမိန့်မျိုး ချလိုက်ရရင်တောင် အိပ်ရေးမပျက်ကြဘူး မဟုတ်လား။

သတ္တဝါတွေကို စားဖို့ သတ်ခြင်းကို သက်သတ်လွတ် စားသူတွေက ဝေဖန် ထောက်ပြလာရင်တော့ သူ့ဟာနဲ့သူ ရှေ့နောက်ညီတာမျို့ လက်ခံပါတယ်။ ဒါတောင်မှ ကိုယ်တိုင်တစုံတခု လိုချင်လို့၊ ကုသိုလ်လိုချင်လို့၊ ဒါမှမဟုတ် အကုသိုလ်ဖြစ်မှာကို ကြောက်လို့ သက်သတ်လွတ်စား တာမျိုးထက် သတ္တဝါတွေကို သနားတဲ့စိတ်သက်သက်နဲ့ သက်သတ်လွတ်စားတာမျိုးကိုပဲ ပိုလေးစားပါတယ်။ သက်သတ်လွတ် စားခြင်းဟာ ဘာသာရေးကြောင့် မဟုတ်ဘဲ “လူတွေဟာ အသိဥာဏ် အကြီးဆုံးဖြစ်လို့ ကိုယ့်လောက် အသိဥာဏ်မရှိတဲ့ သတ္တဝါတွေကို ညှာသင့်တယ်” ဆိုတဲ့ အတွေးမျိုးနဲ့ ဆိုရင်ပေါ့။
ကောင်းကင်ကို

8 comments:

Arkar Kyaw said...

သတ္တဝါတွေကို သနားရင် အသားပိုစားသင့်တယ်။

အသားစားလို့ရှိရင် အသားအတွက် demand ပိုများမယ်။ Demand များတော့ supplier တွေက ပိုမွေးမယ်။ ကမ္ဘာပေါ်မှာ ကြက်၊ ဝက်ဆိုတာ ဘယ်လိုမှ မျိုးမတုန်းနိုင်တဲ့ သတ္တဝါတွေပါ။ ကျားကိုကြည့်၊ ဘယ်သူမှ မွေးပြီး မစားကြတော့ မျိုးတုန်းကုန်ပြီ။ ဒါကြောင့် သတ္တဝါတွေကို သနားရင် သားသတ်သမားတွေ ပိုမွေးအောင် အသားများများ စားပေးသင့်တယ်။

;D

Boston Cat said...

ဒါဆိုရင်တော့ သနားစရာကောင်းလှတဲ့ သစ်ပင်လေးတွေကို မသေမရှင် ဖဲ့ရွဲ့ပြီး စားတော့မယ်ပေါ့။

Kaung Kin Ko said...

အာကာကျော်ပြောတာလည်း ဟုတ်သားပဲ။ ဘော်စတွန်ကတ်ကိုတော့ ရဲစခန်းမှာ လူပျောက်ကြော်ညာ ထည့်ထားတယ်။ :D

ဟန်ကြည် said...

မှန်တယ်...ရည်ရွယ်ချက် မမွန်မြတ်ရင် လုပ်ရပ်တစ်ခုရဲ့ အနှစ်သာရဟာ မပြည့်စုံနိုင်ဘူး...

မိုးနတ်ကြယ်စင် said...

သတ်သတ်လွတ်နဲ့ ပတ်သက်တဲ့
အကို့အတွေးလေး သဘောကျမိတယ်
အကိုရေ....အင်းးးးးးးးးး
တစ်ယောက်ကို အယူအဆတစ်မျိုးပေါ့လေ...:)

ဝိမွန် said...

အပေါ်ဆုံးက အပိုဒ်ကို သဘောအကျဆုံးပဲ။ ရင်တွင်းဖြစ်တွေကို ထုတ်ပြထားတာကိုး။

=== said...

မာ့ခ်ဘဇူကာရဲ့ သဘောထားကို သဘောအကျဆုံးပဲ

တော်ပြီ အမေဇုံသစ်တောထဲက မြေကြီးစားတဲ့ လူတွေနဲ့ပဲ သွားနေတော့မယ် :-)

Unknown said...

ဘယ်လိုအကြောင်းကြောင်းကြောင့်ပဲ သက်သက်လွတ်စားစား သတ္တဝါအနည်းငယ်တော့ ဘေးလွတ်ရာ ရသွားတာပေါ့။

သက်သက်လွတ်စားဖို့ဆိုပြီး ဒီအတိုင်းတိုက်တွန်းရင်
တော်ရုံလူဘယ်လွယ်လွယ်နဲ့စားမလဲ
လူတွေကို ခြောက်တယ့်သဘော မြှောက်တယ့်သဘော တွေကို နည်းနည်း ထက်ပိုပြီးထိရောက်အောင် ကုသိုလ်တို့ အကုသိုလ်တို့ ငရဲတို့ကို သုံးခဲ့တာလည်းဖြစ်နိုင်ပါတယ်။ တကယ်လည်းရှိကောင်းရှိမှာပါ။

သချာင်္နဲ့ပြောရရင် Result ခြင်းတူပေမယ့် တွက်နည်းမတူခဲ့သလိုပေါ့
မေးခွန်းထားခဲ့တယ့်သူကတော့ ဒီအဖြေကိုကြိုက်လို့ဖြစ်မှာပါ :D