Friday, February 1, 2013

သည်းမခံခြင်းသည်လည်း ကောင်းမှုကုသိုလ်

ခေတ်မောင်းဂျာနယ် အတွဲ (၂) အမှတ် (၁) ထဲမှာ ကျနော် ရေးခဲ့တဲ့ ဆောင်းပါးပါ။ ခေတ်မောင်း ဂျာနယ် တစောင်လုံးကို ဒီမှာ download လုပ်လို့ ရပါတယ်။

သည်းမခံခြင်းသည်လည်း ကောင်းမှုကုသိုလ် 

အယူအဆ ရေးရာတွေနဲ့ ပတ်သတ်ရင် သည်းခံခြင်းဟာ ကောင်းမှုကုသိုလ်လို့ လူတော်တော်များများ တွေးကြပါတယ်။ သူတို့က ပြောပါလိမ့်မယ်။ ကွဲပြားတဲ့ လူ့အဖွဲ့အစည်းတွေမှာ ကွဲပြားတဲ့ တန်ဖိုးထားမှုတွေ ရှိနေတဲ့ အကြောင်းတွေ၊ ဒါကြောင့်မို့ “ငါတို့ဟာမှ ငါတို့ဟာ၊ ငါတို့ဟာသာလျှင် အမှန်တရား” လို့ လှေနံဓါးထစ် မယူဆသင့်ကြောင်း ပြောကြပါလိမ့်မယ်။ ဒါကြောင့် “ကွဲပြားခြားနားမှုတွေကို သည်းခံကြ” ဆိုပြီး ပြောကြပါလိမ့်မယ်။ အဲဒီ့အယူအဆဟာလည်း အခြေအနေ တော်တော်များများအတွက် သင့်လျော်ပါတယ်။ အထူးသဖြင့် သူ့အကြိုက်၊ ကိုယ့်အကြိုက် အလျောက် တကိုယ်ရည် ရွေးချယ်ရမယ့် တချို့ ကိစ္စတွေမှာ မတူညီမှုတွေကို ယေဘုယျအားဖြင့် သည်းခံရမှာပါ။ ဒါပေမဲ့ အယူအဆ ကွဲပြားမှု မှန်သမျှကို အမြဲတမ်း အခါခပ်သိမ်း သည်းခံရမယ် ဆိုရင်တော့ မသင့်လျော်ပါ။ လူ့အဖွဲ့အစည်း ကောင်းကျိုးအတွက် အားလုံးလက်ခံသင့်တဲ့ စံနှုန်းတွေ၊ တရားတွေ ရှိနေလို့ပါပဲ။

ကိုယ့်ကိုယ်ကို ကျောင်းဆရာ တယောက် အဖြစ် စဉ်းစားကြည့်ရအောင်။ အစစ အရာရာ တထပ်တည်း တူနေတဲ့ အဖြေလွှာ နှစ်ခုကို မတူညီတဲ့ Grade တွေ ပေးမိတယ် ဆိုပါစို့။ ကျောင်းသားတွေ ကျေနပ်ကြမှာ မဟုတ်ပါဘူး။ ဘာလို့လည်းဆိုတော့ ချွတ်စွပ်တူနေတဲ့ အဖြေလွှာ နှစ်ခုမှာ တခုကို အမှတ်များများ ပေးလိုက်ပြီး နောက်တခုကို အမှတ် နည်းနည်းပဲ ပေးလို့ပါ။ တရားမျှတမှု မရှိဘူးလို့ ပြောရမှာ ဖြစ်ပါတယ်။

အယူအဆရေးရာ မတူညီမှု မှန်သမျှတိုင်းကို အမြဲတမ်း သည်းခံမယ် ဆိုတဲ့ သူတွေဟာလည်း တကယ်တော့ ခုနက ပြောခဲ့တဲ့ ချွတ်စွပ်တူတဲ့ အဖြေလွှာ နှစ်ခုကို အမှတ်နှစ်မျိုးပေးတဲ့ ကျောင်းဆရာနဲ့ အတူတူပါပဲ။ ကိုယ့်ယဉ်ကျေးမှု၊ ကိုယ့်လူ့အဖွဲ့အစည်းထဲက လူတွေရဲ့ ခပ်ညံ့ညံ့ အဖြေလွှာ [မကောင်းတဲ့ အယူအဆ တခုခု] ကိုတော့ “ရှုံး” (သို့မဟုတ်) “မှားယွင်း” လို့ သတ်မှတ်ထားချိန်မှာ တခြားလူ့အဖွဲ့အစည်းထဲက ပုံစံတူ ခပ်ညံ့ညံ့ အဖြေလွှာ [ပုံစံတူ မကောင်းတဲ့ အယူအဆ တခုခု] ကိုတော့ “အောင်” (သို့မဟုတ်) “မှန်ကန်” လို့ လိုက်လျောမှုနဲ့ သတ်မှတ်ပေးထားလို့ပါ။

ဥပမာ တခု ပေးချင်ပါတယ်။ အရှုံးပေးရင် နှလုံးအေးတယ် ဆိုတဲ့ စကားကို လက်ကိုင်ထားသူ တယောက် ရှိတယ် ဆိုပါစို့။ သူက သူ့ဘာသာသူတော့ အထိုက်အလျောက် အမြင်ကျယ်တယ်။ သူ့မှာ လူမျိုးရေး အမြင်ကျဉ်းမြောင်းမှု ဘာညာ မရှိဘူး ဆိုပါစို့။ သူကိုယ်တိုင်တော့ လူမျိုးရေး ခွဲခြားခြင်းဟာ “မှားတယ်” လို့ ယူဆတဲ့ အတွက် အဲလိုလုပ်ရပ်ကို ဘယ်တော့မှ မလုပ်ဘူး ဆိုပါစို့။ ဒါပေမဲ့ သူက အေးအေးဆေးဆေး သမား။ သူများကို ဆန့်ကျင်ပြောရမှာ အားနာတတ်တယ်၊ အမြဲတမ်း လိုက်လျော အလျှော့ပေးတတ်တယ်၊ လူတိုင်းနဲ့လည်း အဆင်ပြေချင်တဲ့သူ ဆိုပါစို့။ သူ့မိတ်ဆွေ တယောက်က သူ့ရဲ့ လူမှုကွန်ယက် Wall မှာ လူမျိုးရေး ခွဲခြားတာတွေ လာ share မယ်။ အဲဒီ့မိတ်ဆွေက ကိုယ့်ရှေ့မှာ တခြားလူမျိုးခြားတွေကို ခွဲခြား ဆက်ဆံတာ၊ နှိမ့်ချ ဆက်ဆံတာတွေ လုပ်လာတဲ့ အခါကိုယ်က လက်မခံကြောင်း မပြသဘဲ “သြော်…သူ့မှာလည်း သူ့အကြောင်းပြချက်နဲ့သူ အမျိုးသားရေး အမြင်တွေ၊ မျိုးချစ်စိတ်ဆိုတဲ့ အမြင်တွေ ရှိနေလို့ ဖြစ်မှာပါလေ၊ အဲလိုခွဲခြားခြင်းက သူ့အတွက်တော့ အမှန်တရား ဖြစ်နေလိမ့်မယ်။ သူလည်း သူ့လူမျိုးသူ ချစ်လွန်းအားကြီးလို့ ဖြစ်မှာပါလေ” လို့ တွေးပေးလိုက်တယ် ဆိုပါစို့။ ဒီလို တွေးပေးလိုက်ခြင်းဟာ ထပ်တူ အဖြေလွှာ ၂ ခုကို မတူတဲ့အမှတ် တွေ ပေးလိုက်တဲ့ ကျောင်းဆရာလို ဖြစ်သွားမှာပါ။ အဲလိုတွေးပေးသူဟာ၊ ဒီမကောင်းတဲ့ အပြုအမူ တခုတည်းကိုပဲ ကိုယ့်အတွက်တော့ “မှား” တယ်။ တခြားသူအတွက်တော့ “မှန်” တယ်လို့ အဲဒီ့ တခြားသူရဲ့ အစွဲအလမ်း ရှုထောင့်ကနေ သွားတွေးပေးပြီး အမှန်အဖြစ် သတ်မှတ် နားလည် ပေးလိုက်လို့ပါပဲ။

တချို့သူတွေ ပြောတတ်ကြတာ ရှိပါတယ်။ ဟစ်တလာက ဂျူးလူမျိုးတွေကို သန်းနဲ့ချီပြီး သတ်ခဲ့တာဟာ ကြားလူတယောက် အမြင်နဲ့ ကြည့်ရင် မှားပေမဲ့ သူ့လူမျိုးတွေ အသာစီးရဖို့အတွက် လူမျိုးခြားတွေကို သတ်တာမို့ သူတို့ ရှုထောင့်က ကြည့်ရင် မှန်တယ် လို့ တချို့က ဆိုတတ်ကြပါတယ်။ တကယ်တော့ ဒါဟာ double standard ပါ။ စံနှုန်းနှစ်မျိုးကို ကျင့်သုံးနေခြင်းပါ။ တကယ်တော့ ဓမ္မဆိုတာ “ဘက်” တွေ၊ အခြေအနေတွေ ကို လိုက်ပြီး ပြောင်းလဲရိုး ထုံးစံမရှိပါ။

နောက်ထပ် ဥပမာ တခုပေးရရင် အမျိုးသမီးတွေရဲ့ ပညာသင်ကြားခွင့်တွေကို ပိတ်ပင်တားဆီးတာဟာ မှားယွင်းတယ်လို့ ခံယူသူတယောက်ဟာ ကိုယ်တိုင်လည်း အမျိုးသမီးတွေ တန်းတူ အခွင့်အရေး ရရှိရေးကို အားပေးရမှာ ဖြစ်သလို၊ တခြား အစဉ်အလာတွေ အောက်က လူတချို့က အမျိုးသမီးတွေရဲ့ ပညာသင်ကြားခွင့်ကို ပိတ်ပင်တားဆီးလာရင်လည်း ပြတ်ပြတ်သားသား ဆန့်ကျင်ရမှာ ဖြစ်ပါတယ်။ “သြော်…သူတို့ ယဉ်ကျေးမှုအရပဲလေ၊ သူတို့ ဘာသာရေးအရ ပဲလေ” ဆိုပြီး နားလည်ပေးဖို့ မသင့်ပါဘူး။ စိတ်ပိုင်းဆိုင်ရာ စံနှုန်း ဆိုတာ ယဉ်ကျေးမှုတွေ၊ အစဉ်အလာတွေနဲ့ ဘာမှ မဆိုင်ပါဘူး။ မှားယွင်းမှုတွေကို သည်းမခံရဘူး ဆိုတာဟာ မတူတဲ့ အုပ်စုတွေကို တိုက်ခိုက်ရမယ်၊ ရန်ရှာရမယ်လို့ ဆိုလိုတာတော့ မဟုတ်ပါဘူး။ မှားယွင်းမှုတွေအပေါ်မှာ နှုတ်ဆိတ်မနေဘဲ တားသင့်တာတား၊ ဆွဲခေါ်သင့်တာတွေကို ဆွဲခေါ်ရမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ အရေးကြီးလာတာကတော့ အမှားတွေကို တုံ့ပြန်ရာမှာ စေတနာ ပါမပါနဲ့ တုံ့ပြန်ပုံ တုံ့ပြန်နည်းပဲ ဖြစ်ပါတယ်။ မှန်စေချင်တဲ့ စေတနာနဲ့ တုံ့ပြန်တာနဲ့ ရန်ရှာလိုစိတ် သက်သက်နဲ့ တိုက်ခိုက်တာက အများကြီး ကွာပါတယ်။

ကျနော်တို့ဆီက နိုင်ငံသားတချို့မှာ မကြာမကြာ တွေ့ရတတ်တဲ့ အပြုအမူကို ကြည့်ရအောင်။ အသက် ၁၅ နှစ် အရွယ် ပါကစ္စတန် နိုင်ငံသူ မာလာလာ (Malala) ရဲ့ ကိစ္စနဲ့ ဥပမာ ပေးချင်ပါတယ်။ တာလီဘန်တွေက မိန်းကလေးတွေရဲ့ ပညာသင်ကြားခွင့် အပြင်းအထန် ဆန့်ကျင် တားမြစ်ပါတယ်။ မာလာလာ ကတော့ အဲလို အန္တရာယ်တွေ ကြားကနေ ကိုယ်တိုင်လည်း ပညာသင်ချင်သူ ဖြစ်သလို မိန်းကလေးတွေ လွတ်လွတ်လပ်လပ် ပညာသင်ကြားခွင့်ရအောင်လည်း သူ အသက် ၁၁ နှစ် အရွယ်ကတည်းက စပြီး စည်းရုံးလှုံ့ဆော်ခဲ့သူပါ။ အကြိမ်ကြိမ် ရန်ရှာခံနေရ၊ အသက်အန္တရာယ် ခြိမ်းခြောက်ခံနေရတဲ့ ကြားက မာလာလာဟာ မိန်းကလေးတွေ ပညာသင်ကြားခွင့် ရရှိရေးအတွက် လှုပ်ရှားဆောင်ရွက်မှုတွေ အပြင်းအထန် ပြုလုပ်ခဲ့ပါတယ်။ ၂၀၁၂ခုနှစ် အောက်တိုဘာမှာတော့ မာလာလာ စီးလာတဲ့ ကျောင်းကားကို တာလီဘန်တွေက တားဆီးပြီး မာလာလာကို ရွေးထုတ်ပြီးတော့ သေနတ်နဲ့ ပစ်တဲ့အတွက် မာလာလာဟာ ခေါင်း၊ လည်ပင်းနဲ့ ပုခုံးမှာ ဒဏ်ရာ ပြင်းပြင်းထန်ထန် ရခဲ့ပါတယ်။ ပြင်းထန်တဲ့ ဒဏ်ရာကြောင့် မာလာလာဟာ သေမလို ဖြစ်ခဲ့ရ၊ မေ့မျောခဲ့ရပေမဲ့ ဆေးကုသမှုတွေ ခံယူပြီး ကျန်းမာရေး အခြေအနေ တိုးတက်လာခဲ့ပါတယ်။ အဲဒီ့လို ကိစ္စမျိုးကို ကျနော်တို့ နိုင်ငံသားတချို့ ဝေဖန်ရာမှာ တာလီဘန်တွေကို ပြင်းပြင်းထန်ထန် ဝေဖန်တာကတော့ ကောင်းပါတယ်။ ဒါပေမဲ့ ဝေဖန်သူတွေက စေတနာနဲ့ ဝေဖန်တာမျိုးထက် တာလီဘန်တွေက မွတ်စလင်၊ ဒါကြောင့် မွတ်စလင် မှန်သမျှ တယောက်မှ မကောင်းဘူး၊ အကုန်ဆိုးတယ် ဆိုတဲ့ ဝါးလုံးရှည်နဲ့ ရမ်းတဲ့သဘောမျိုး ဖြစ်နေတယ်။ တဘက်မှာ မာလာလာလည်း မွတ်စလင် ဆိုတာကို မမြင်ကြဘူး။ အဲလိုပဲ ဘာသာရေး အစွန်းရောက်တွေက မွတ်စလင် အမျိုးသမီး activists တွေကို နှိပ်ကွပ်တဲ့အခါမျိုးမှာဆိုရင်၊ တချို့ဝေဖန်သူတွေက…အာခံရဲတဲ့ အမျိုးသမီးတွေကို လေးစားတာမျိုး၊ နှိပ်ကွပ်ခံရသူတွေကို သနားတာမျိုးထက် မွတ်စလင်မှန်သမျှ တယောက်မှ မကောင်းဘူး ဆိုတဲ့ပုံစံမျိုး ပြောချင်စိတ်တွေပဲ ထက်သန်နေတာကို တချို့တွေ ဆီမှာ တွေ့ရပါတယ်။ တကယ်လို့ မာလာလာလို လူမျိုး မြန်မာပြည်မှာ ပေါ်လာရင်လည်း အဲလိုလူတွေက သနားကြမှာမဟုတ်ဘဲ ကုလားမ ဆိုတဲ့အမြင်နဲ့ ဆဲကြဦးမှာပါပဲ။ အယူအဆဆိုးတွေကို ဖြန့်ချီသူတွေ၊ အစွန်းရောက်တွေကိုပဲ ပစ်မှတ်ထားရမယ့် အစား အလယ်အလတ် သမားတွေ၊ ကောင်းတဲ့တော်တဲ့သူတွေ ကိုပါ ရန်ရှာနေကြပါတယ်။ တခါတခါ ဆိုးဝါးတဲ့ သတင်းတွေ တွေ့ရင် အလုအယက် share ကြတာမျိုး မြင်နေရတော့ ဒါမျိုးအဖြစ်တွေကို တကယ်မရှိစေချင်တာမှ ဟုတ်ရဲ့လားလို့တောင်မှ သံသယ ဖြစ်မိပါတယ်။ ဒီလိုအဖြစ်ဆိုးတွေ ရှိလေ သူတို့ကို အပုပ်ချလို့ ကောင်းလေ၊ မုန်းအောင်လုပ်လို့ ကောင်းလေလို့တွေးပြီး အဲလို အဖြစ်အပျက်တွေ များများရှိစေချင်တာလားလို့တောင် သံသယ ဖြစ်မိပါတယ်။

Social network တွေပေါ်မှာ အများဆုံးတွေ့ရတာတွေက အယူအဆမှားတွေကို ဝေဖန်တာမျိုးထက် hate speech မျိုးဖြစ်နေပါတယ်။ hate speech ဖြန့်ဝေသူ ကိုယ်တိုင်က မှားယွင်းနေတဲ့ အတွက် တခြားသူရဲ့ အမှားမျိုးကို ဝေဖန်ဆန့်ကျင်ရာမှာ ထိရောက်မှုလည်း မရှိနိုင်တော့ပါဘူး။ ရန်လိုမှုကို အခြေခံပြီး လုပ်နေတာမို့ ကောင်းကျိုးလည်း ဖြစ်လာမှာ မဟုတ်ပါဘူး။

မာလာလာဟာ တခြားသူတွေ (တာလီဘန်တွေ) ရဲ့ အယူအဆ မှားတွေကို သည်းခံမနေဘဲ၊ အန္တရာယ်တွေ ကြားထဲကနေ နည်းမှန်လမ်းမှန်နဲ့ တုံ့ပြန်ခဲ့သလိုမျိုးပဲ၊ ကိုယ်ပိုင် စိတ်ပိုင်းဆိုင်ရာ စည်းကမ်းကို တန်ဖိုးထားသူ တယောက်ဟာ၊ တခြားတယောက် (ဒါမှမဟုတ်) တခြားအုပ်စုတခုရဲ့ မှားယွင်း ချွတ်ချော်မှု တခုခုကို တွေ့တဲ့အခါမှာ နှုတ်ဆိတ်မနေဘဲ ဝေဖန်ဖို့ တာဝန်ရှိပါတယ်။

ဒဿနိကဗေဒ ရှုထောင့်က ကြည့်ရင်တော့ မှန်ခြင်းမှားခြင်း ခွဲခြား သတ်မှတ်တဲ့ နေရာမှာ၊ ကောင်းမှု မကောင်းမှု သတ်မှတ်တဲ့နေရာမှာ၊ သည်းခံသင့်တဲ့ limit သတ်မှတ်တဲ့ နေရာတွေမှာ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးငြင်းခုန်စရာတွေ ရှိနေမှာ ဖြစ်ပေမဲ့ လူမှုလောကမှာတော့ အဲ့လောက်ထိ ကပ်ကပ်သတ်သတ် စဉ်းစားစရာ မလိုတာမို့ သိပ်မခက်ခဲပါဘူး။ အမှန်အမှား သတ်မှတ်ဖို့ ညှိနှိုင်းရာမှာ အစဉ်အလာ ဘာသာရေးတွေကို သုံးပြီး ညှိနှိုင်းသတ်မှတ်ဖို့ အဆင်မပြေ နိုင်ပေမဲ့ ဘုံဆန်တဲ့၊ ဘာသာလူမျိုး မရွေး သက်ဆိုင်တဲ့ လူသားကျင့်ဝတ်တွေ၊ အသက်မွေးဝမ်းကျောင်း ဆိုင်ရာ ကျင့်ဝတ်တွေ၊ လူ့အခွင့်အရေး စံနှုန်းတွေနဲ့ ချိန်ထိုးပြီး အတိုင်းအတာ တရပ်အထိ ဆုံးဖြတ်နိုင်မှာပါ။

အဲလို ဆုံးဖြတ်ပြီးပြီ ဆိုရင်၊ နောက်ဆုံးပိတ် လိုအပ်တာကတော့ မှားနေတာကို မှားနေတယ်လို့ မကြောက်စတမ်း၊ အားမနာ စတမ်း ပြောရဲတဲ့ သတ္တိပဲ ဖြစ်ပါတယ်။ လူဆိုးတွေ အစွန်းရောက်သူတွေက လက်ရဲဇက်ရဲ ရှိသလောက်၊ အမှန်အမှား ခွဲခြားတတ်ပြီး စိတ်ကောင်းရှိသူတွေက ကြောက်နေကြတဲ့ အတွက်၊ အားနာနေကြတဲ့ အတွက်၊ စိတ်ကုန်နေကြတဲ့ အတွက်၊ အမုန်းမခံနိုင်ကြတဲ့ အတွက်၊ လူမှုလောကကြီးထဲမှာ တဘက်စောင်းနင်းတွေ ဖြစ်နေတာမို့ ရဲဝံ့တဲ့ အသံတွေ လိုအပ်နေပါတယ်။ အမှားအယွင်းတွေ အဆိပ်အတောက်တွေကို ဖိနှိပ်မှုတွေကို သည်းမခံတဲ့ အသံတွေ လိုအပ်နေပါတယ်။ ဒါကြောင့်…သည်းမခံခြင်းသည်လည်း ကောင်းမှုကုသိုလ်။

ကောင်းကင်ကို Ref: (Andrew Pessin ၏ Intolerance is a Virtue ကို မှီငြမ်း ရေးဖွဲ့ပါသည်။)

2 comments:

yinmin khine said...

မှားနေတာကို မှားနေတယ်လို့ မကြောက်စတမ်း၊ အားမနာ စတမ်း ပြောရဲတဲ့ သတ္တိပဲ ဖြစ်ပါတယ်။
လူဆိုးတွေ အစွန်းရောက်သူတွေက လက်ရဲဇက်ရဲ ရှိသလောက်၊ အမှန်အမှား ခွဲခြားတတ်ပြီး စိတ်ကောင်းရှိသူတွေက ကြောက်နေကြတဲ့ အတွက်၊
အားနာနေကြတဲ့ အတွက်၊ စိတ်ကုန်နေကြတဲ့ အတွက်၊ အမုန်းမခံနိုင်ကြတဲ့ အတွက်၊ လူမှုလောကကြီးထဲမှာ တဘက်စောင်းနင်းတွေ ဖြစ်နေတာမို့ ရဲဝံ့တဲ့ အသံတွေ လိုအပ်နေပါတယ်။ အမှားအယွင်းတွေ အဆိပ်အတောက်တွေကို ဖိနှိပ်မှုတွေကို သည်းမခံတဲ့ အသံတွေ လိုအပ်နေပါတယ်။

a said...

ကောင်းတယ်ဗျာ။ဒီလိုစိတ်ထားတတ်ဖို့အဝေး..အဝေးကြီးကိုလိုအုံးမှာ။(လူ့အစွမ်းအစတွေကိုနှစ်(၅၀)လောက်ဖျက်စီးခံထားရတာ)။