Sunday, May 6, 2012

Free Thinker ကို ပုံဖော်ကြည့်ခြင်း

Free Thinker ဆိုတဲ့ အသုံးအနှုန်းကို ကျနော်တယောက်တည်းရဲ့ ရှုထောင့်ကနေ ပုံဖော်ကြည့်တာပါ။ 
ကျနော် Facebook groups တွေထဲမှာ ရေးပြီး တင်ခဲ့တဲ့ post ကို ထပ်ဖြည့်ပြီး ရေးထားတာပါ။


Free Thinker ဆိုတာက ဘာသာရေး အယူဝါဒ တခုခုနဲ့ အသေသက်ဆိုင်နေခြင်းမျိုး မဟုတ်တာ။ Free Thinker တယောက်ဟာ အယူဝါဒတွေထဲက အစိတ်အပိုင်း မှန်သမျှကို လက်မခံအားလုံးလိုက်ပယ်နေတာ မဟုတ်ပါ။ တန်ဖိုးရှိတယ်လို့ သိတဲ့ အပိုင်းကို လက်ခံပြီး တန်ဖိုးမရှိဘူးလို့ သိတဲ့ အပိုင်းကို ပစ်ပယ်တာပါ။ 

အသိပညာကို ချစ်မြတ်နိုးတဲ့သူဆိုရင် ဘာသာရေးတွေအပြင် ဘာသာရေး မဟုတ်တဲ့ အယူအဆတွေထဲကပါ သင့်တော်ရာကိုလက်ခံ၊ သင့်တော်ဘူးလို့ ထင်တာကို ပစ်ပယ်ပါလိမ့်မယ်။ Free thinker ဆိုတဲ့ စကားလုံးအတိုင်း သူ့ ရွေးချယ်မှုမရွေးချယ်မှု လက်ခံတဲ့အရာ၊ လက်မခံတဲ့ အရာတွေက အများနဲ့ မတူတောဲ့ သူက individualist တယောက် ဖြစ်နေလိမ့်မယ်။ အသိပညာမှန်သမျှကို ချစ်မြတ်နိုးပြီး အယူဝါဒတွေ အားလုံးကို tool တခုခု အဖြစ်ပဲ သဘောထားတဲ့သူတွေကို Free Thinker လို့ ဆိုချင်ပါတယ်။ ဘယ်အချိန်မှာ ဘယ် tool ကိုသုံးမယ်ဆိုတာကို မိမိဘာသာ ဆုံးဖြတ်ရတဲ့အတွက် ဘဝက စိတ်ဝင်စားစရာ ကောင်းလာမယ်။ အနုပညာ တရပ်လိုဖြစ်လာမယ်။ ဘာသာရေးတွေရဲ့ အယူအဆတွေဟာ ဘာသာရေး တခုထဲမှာတင် တခုနဲ့ တခု ချိတ်ဆက်ထားတာ မဟုတ်တဲ့အတွက် တပိုင်းကို လက်ခံတာနဲ့ ကျန်တဲ့အပိုင်းကို လက်ခံလိုက်စရာမလို သလို တပိုင်းကို ပယ်တာနဲ့ နောက်တပိုင်းကို လိုက်ပယ်စရာ မလိုပါဘူး။ အသုံးဝင်မယ့် အပိုင်းကို ရွေးချယ် အသုံးချယုံပါပဲ။

Free thinker ဟာ စဉ်းစားစရာတွေနဲ့ပဲ ပျော်မွေ့နေလိမ့်မယ်။ မေးခွန်းတွေကို သေသည်အထိ ဆက်တိုက် ထုတ်ရင်း တတ်နိုင်သမျှ အသိဥာဏ်ဘောင်ကို ချဲ့သွားလိမ့်မယ်။

Free thinker တယောက်မှာ တခုခုကို အသေတိုက်ခိုက်စရာ တခုခုကို အသေကာကွယ်ပေးစရာ မရှိတော့ပါဘူး အယူအဆ တခုခုမှာ သူမကြိုက်တာတွေ့ရင် rational arguments တွေနဲ့ ပြင်းပြင်းထန်ထန် ဝေဖန်ချင် ဝေဖန်ပါလိမ့်မယ်။ ဒါပေမဲ့ Free thinker တယောက်ဟာ ဘယ်အယူအဆကိုမှ အသားလွတ် ပုတ်ခတ်မှာ မဟုတ်ပါ။ 

သူအသိပညာလို့ ထင်တဲ့အပိုင်းတွေကိုတော့ဘယ်ဘာသာ ဘယ်အယူအဆထဲမှာ ပါနေနေ မြတ်နိုးလိမ့်မယ်။ Free Thinker ဆိုတာ ဘယ်ဘာသာရေးနဲ့မှ ဆိုင်မနေနဲ့အတွက် ကိုယ့်ကဗျာကို ကိုယ်စပ်ရတဲ့သူ။ ကိုယ့်စာအုပ်ကို ကိုယ်ရေးနေတဲ့သူ။ ကိုယ့်ဘဝနေနည်းကို ဖြတ်ညှပ်ကပ်ပြီးတောတဖုံ၊ စဉ်းစားဆင်ခြင်ခြင်းအားဖြင့်ပါ တည်ဆောက်နေတဲ့သူ။

Free Thinker တယောက်ဟာ ဘာသာရေး ထဲက ပုံပြင်လိုလို ဟာတွေကိုတော့ တကယ့်အဖြစ်အပျက်လို့  ယုံနေမှာ မဟုတ်ဘူး။ ဒါပေမဲ့ အဲဒီ့ ပုံပြင် ကိုတော့ အသုံးမကျတဲ့ဟာ အဖြစ် မမြင်ဘဲ တန်ဖိုးရှိတာ အဖြစ်မြင်မယ်။ Surrealism အနုပညာ တရပ်အဖြစ် မြင်ချင်လည်း မြင်မယ်။ ပြီးရင် အကောင်းဘက်ကရော အဆိုးဘက်ကရောသုံးသပ်မယ်။ 

ဥပမာ ဝေသန္တရာဇာတ်တော်ကို ဆိုရင် ပါရမီဖြည့်တဲ့နေရာမှာ အယုတ်အလတ်အမြတ် ရွေးမနေဲ လှူရမယ်။ ကိုယ့်ရဲ့ ဒါနပါရမီ (ဒါမှမဟုတ် တခြားပါရမီတွေ ဖြည့်မှုဟာ) တခြားပုဂ္ဂိုလ်တွေရဲ့ လုပ်ဆောင်ချက်ကို မူတည်မနေဘဲ (ဥပမာ...သူကောင်းမှ ကိုယ်ပြန်ကောင်းမှာမျိုး၊ သူတော်ကောင်းကိုမှ လှူမယ့်ဟာမျိုး မဟုတ်တော့ဘဲ) သူကောင်းကောင်း မကောင်းကောင်း ဘယ်သူ့ကိုမဆို ကိုယ်ကောင်းမယ် ဆိုတဲ့ စိတ်ဓာတ်မျိုးရအောင် လေ့ကျင့်ဖို့ သင်ခန်းစာ ပေးတာလို့ မြင်တယ်။ နောက်ပြီးတော့ ပါရမီဖြည့်သူဟာ ဘာကိုမှ တပ်မက်စွဲလမ်းမနေဖို့ လိုတယ်လို့ သင်ခန်းစာ ပေးချင်တာလို့ မြင်တယ်။ မဟာဇနက ဇာတ်ဆိုလည်း မဆိုင်တဲ့နတ်တွေဆီ ရှိခိုးမနေဘဲ လက်တွေ့ကျကျ လုပ်ရင် အောင်မြင်တယ်ဆိုတာရယ်၊ ဇွဲဆိုတာ အဆုံးစွန်ထိ အဲလိုရှိရတယ် ဆိုတာမျိုးရယ်ကို နိမိတ်ပုံနဲ့ သင်ခန်းစာပေးတယ်လိုမြင်တယ်။ တဘက်မှာလည်း အကောင်းချည်းတော့ မြင်မှာ မဟုတ်ပါဘူး။ ပုံပြင်တွေရဲ့ ပျော့ကွက်တွေကို လည်း စဉ်းစားမှာပဲ။ ဝေသန္တရာဇာတ်မှာဆိုရင် အရင်ခေတ်က လူတွေက သားသမီးကို ကိုယ်ပိုင်ပစ္စည်းအဖြစ် သဘောထားပြီး ရက်ရက်စက်စက် လှူလိုက်တယ်၊ ယဇ်ပူဇော်ပုံ ဆန်ဆန်လုပ်လိုက်တယ်လို့ မြင်မယ်။ အဲဒါကလည်း အဲဒီ့ခေတ်ရဲ့ စံနဲ့တော့ ရက်စက်မှု မမည်လောက်ဘူး။ ခုခေတ်စံနဲ့ ဆိုရင်တော့ Human trafficking တွေ child rights တွေနှဲ့ ငြိနေတယ်။ အဲဒီလို ပုံပြင်တွေကို လေ့လာခြင်းအားဖြင့် အဲဒီ့ခေတ်က စံနှုန်းတွေရယ်၊ စံနှုန်းတွေ evolution ဖြစ်လာပုံရယ်ကို မြင်လာလိမ့်မယ်။ ပုံပြင်တွေ ဖြစ်ပါစေ ဦးတော့ ဘယ်ဘက်က သုံးသပ်သုံးသပ် ကိုယ့်အတွက် စဉ်းစားတွေးခေါ်စရာ ရတာက အမြတ်မို့လား။  ဒါပေမဲ့ တဘက်မှာ ပုံပြင်တွေ၊ ပုံပြင်ထဲက ငရဲတွေကို တကယ့်အဖြစ်အပျက်တွေ သဖွယ် သူ့ကို တရားသေးကြီး ပြောလာရင်တော့ ပြုံးနေပါလိမ့်မယ်။
ပုံပြင်ကို တကယ်ထင်ပြီး လုံးဝ ဖောက်ထွက်မတွေးနိုင်အောင် မဝေဖန်ရလောက်အောင် ပိတ်မိနေယုံနေရင်လည်း Free Thinker မဟုတ်နိုင်သလို တဘက်မှာ မင်းတို့ ပုံပြင်ကြီးက ယုတ္တိမရှိဘူးဆိုတာနဲ့လောက်တင် ရပ်နေရင်လည်း Free Thinker ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ညီမှာ မဟုတ်ပါဘူး။

Free Thinker တယောက်ဟာ ဘာသာရေးတွေ၊ အယူအဆတွေ ဆီကနေ အသိပညာတွေရတဲ့အတွက် ဆရာဆိုတာတော့ ရှိယ်။ ဆရာတယောက်တော့ မကတဲ့ သဘောပေါ့။ ဒါပေမဲ့ ဆရာပြောသမျှ ခေါင်းငြိမ့်နေမှာ မဟုတ်ဘဲ ဆရာရဲ့ ဟာကွက်ကိုလည်း ရှာနေလိမ့်မယ်။

Free Thinker တယောက်အတွက် ဘယ်လိုစာမျိုးကမှ အဆိပ်မဟုတ်ဘူး။ စာတွေ အယူအဆတွေကို မစဉ်းစားဘဲနဲ့ အလွယ်တကူ လက်ခံလိုက်မှာ မဟုတ်တဲ့အတွက် ဘယ်စာကမှ သူ့ကို အဆိပ်မသင့်စေဘူး။

Free Thinker တယောက်ဟာ ဘာသာရေးတိုင်းကို အထိုက်အလျောက် လေးစားလိမ့်မယ်။ ဒါပေမဲ့ သူရဲ့လေးစားမှုဟာ ဘာသာရေးတွေကို ဝေဖန်ခြင်း၊ မဝေဖန်ခြင်းနဲ့တော့ သက်ဆိုင်မှာ မဟုတ်ဘူး။ ဘာသာရေး အယူအဆ တခုခုဟာ အမှန်တရား ရှာဖွေမှု လမ်းမမှာ လာပြီး ပိတ်ဆို့နေရင်၊ သိပ္ပံနယ်ပယ်ကို ကျူးကျော်လာရင် Free Thinker တယောက်ဟာ ဝေဖန်မှာပဲ ဖြစ်ပါတယ်။ ဝေဖန်ပေမဲ့ ဘာသာရေးတွေကို ဘယ်တော့မှ အသားလွတ် ပုတ်ခတ်ဆဲဆိုမှာ မဟုတ်ပါဘူး။

Free thinker တယောက်ဟာ ဘာသာရေးနဲ့ ပတ်သတ်ရင်သာ အတွေးအခေါ် လွတ်လပ်ပွင့်လင်းတာ မဟုတ်ပါဘူး။ နိုင်ငံရေး အတွေးအခေါ်တွေ၊ အနုပညာနဲ့ ပတ်သတ်တဲ့ အတွေးအခေါ်တွေ အပါအဝင် နေရာအားလုံးမှာ လွတ်လွတ်လပ်လပ် တွေးတောနိုင်သူ ဖြစ်ရမယ်လို့ မြင်ပါတယ်။ အနုပညာရပ်နဲ့ ဥပမာပေးရရင် အနုပညာနဲ့ ပတ်သတ်လာရင် အနုပညာဝါဒ အားလုံးကို အသုံးချစရာ tool တွေ အဖြစ်ပဲ မြင်ပါလိမ့်မယ်။ ဂန္ထဝင်ပုံစံမှ အနုပညာ ဆိုတာမျိုး၊ မော်ဒန်၊ ပို့စ်မော်ဒန် မှ အနုပညာဆိုတာမျိုး ဘောင်ခတ်နေမှာ မဟုတ်ပါ။ အနုပညာမြောက်ရေးအတွက် နည်းစနစ်အမျိုးမျိုး၊ tool အမျိုးမျိုးကို ဖန်တီးသူ ပိုင်နိုင်သလို အဆင်ပြေသလို အသုံးချဖို့ပဲ လိုအပ်တယ်လို့ မြင်ပါတယ်။ ဂန္ထဝင်နည်းစနစ်လည်း ဖြစ်ချင်ဖြစ်မယ်၊ surrealism ဖြစ်ချင်ဖြစ်မယ်။ tool တွေ အမျိုးမျိုးပေါင်းစပ်ပြီး ဖန်တီးထားတာလည်း ဖြစ်ချင်ဖြစ်မယ်။ အဓိကက ဖတ်ရှုသူ ခံစားသူရဲ့ စိတ်မှာ အနုပညာမြောက်သွားရင် အနုပညာလို့ သတ်မှတ်လိုက်တာပါပဲ။ 

တချို့တွေ ပြောသလို အနုပညာကိုမှ မခံစားတတ်ရင် လူမဟုတ်တော့ သလိုလို၊ အနုပညာ မခံစားတတ်တဲ့သူနဲ့ စကားမပြောချင်သလိုလိုတွေလည်း Free thinker တယောက်မှာ မရှိပါ။ အဲလို ရှုထောင့် တခုတည်းကိုကြည့်ပြီး လူတယောက်ကို တန်ဖိုးဖြတ်သူတွေဟာလည်း ဘာသာရေးအစွန်းသမားတွေနဲ့ အတူတူပါပဲ။ ငါတို့ ကိုးကွယ်တာ ငါတို့ မြတ်နိုးတာကို မင်းတို့ မကိုးကွယ် မင်းတို့ မမြတ်နိုးဘူးဆိုရင် မှားနေတယ်လို့ တဘက်သတ် စွပ်စွဲနေတာနဲ့ အတူတူပါပဲ။ Free thinker တယောက်ဟာ ကိုယ်ချစ်မြတ်နိုးတဲ့ အရာတွေကို သူများက ချစ်မြတ်နိုးခြင်း မရှိလည်း လက်ခံနိုင်ပါတယ်။ လူတယောက်ကို ဘာသာရေးတခုတည်း၊ အနုပညာ တခုတည်းကို ကြည့်ပြီး ဘယ်တော့မှ တန်ဖိုးဖြတ်မှာ မဟုတ်ပါ။ Free Thinker တယောက်မှာ လူမျိုးရေးအရခွဲခြားဆက်ဆံခြင်း၊ ဒေသစွဲအရ ခွဲခြားဆက်ဆံခြင်းတွေလည်း ရှိမှာ မဟုတ်ပါ။ Free thinker လူကိုလူအဖြစ်ပဲ မြင်ပါလိမ့်မယ်။ 

Free thinker ဆိုပေမဲ့ အနုအရင့် တယောက်နဲ့ တယောက် ကွဲနေပါလိမ့်မယ်။ အယူအဆ အသေးစိတ်တွေလည်း တယောက်နဲ့ တယောက် ကွဲနေပါလိမ့်မယ်။ တဘက်မှာ Free thinker ဆိုတာဟာ အတွေးအခေါ်တွေ relatively free ဖြစ်လို့သာ သုံးနှုန်းခြင်း ဖြစ်ပါတယ်။ လောကမှာ အဆုံးစွန်ထိ လွတ်လွတ်လပ်လပ် တွေးခေါ်ကျင့်သုံးခွင့်ကတော့ ဘယ်တော့မှ ရမှာမဟုတ်တာကို နားလည်ပါတယ်။ (ဥပမာ… society ရဲ့ လွှမ်းမိုးမှုကိုလည်း တချို့နေရာတွေမှာ ခံရမှာ ဖြစ်ပါတယ်။ တချို့နေရာတွေမှာတော့ ရှေးရိုးစွဲ အတွေးအခေါ်တွေ၊ society မှာ အရိုးစွဲနေတဲ့ အယူအဆတွေထဲကနေ ဖောက်ထွက်ပါလိမ့်မယ်။) ပုံသေ မရှိနိုင်ပါ။ တယောက်နဲ့ တယောက်လည်း မတူနိုင်ပါ။ Free thinker ဆိုတာမှာ လွတ်လပ်စွာ တွေးခေါ်သူကိုပဲ ဆိုလိုတာပါ။ Free ဖြစ်ခြင်းနဲ့ မှန်ခြင်းမှားခြင်းကလည်း မသက်ဆိုင်ပါ။ လွတ်လွတ်လပ်လပ် ဆုံးဖြတ်တွေးခေါ်ရတဲ့အတွက် တချို့နေရာတွေမှာ free thinker က မှားသွားနိုင်ပြီး free thinker မဟုတ်သူက မှန်ချင်မှန်နေပါမယ်။ ဒါပေမဲ့ free thinker မဟုတ်သူရဲ့ အမှန်အမှားဟာ သိမြင်လို့ မှန်ခြင်းမှားခြင်းမျိုး မဟုတ်ဘဲ အယူဝါဒတွေကို အသေလိုက်နာရာက ဖြစ်လာတာမို့ ပညာမတိုးနိုင်ပါ။ Free thinker ကတော့ လွတ်လပ်စွာတွေးခေါ်နေသူ ဖြစ်တဲ့အတွက် ရှေ့ကို ခြေလှမ်းနေပါတယ်။

ဘာသာရေးတွေကို ယုံကြည်သူတွေ အပေါ်မှာ free thinker တယောက်အနေနဲ့ အမြင်က…သူတို့လည်း သူတို့အတွက် အကျိုးရှိမယ် ထင်တဲ့ tool ကို သုံးနေတယ်လို့ သဘောထားတဲ့အတွက် အပြစ်ပြောစရာ မရှိပါ။ ဘာသာရေးကြောင့် စိတ်ကောင်းမွေးနိုင်သူတွေကို တွေ့ရတဲ့အခါ ဝမ်းသာပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ စည်းကိုကျော်လာပြီး တခြားလူကို သူတို့လက်ခံထားတဲ့ အယူအဆတွေနဲ့ လာတိုင်းရင်တော့ မကြိုက်ပါ။ ဘာသာရေးအတွက် ရန်ဖြစ်ကြတာ၊ ခွဲခြားဆက်ဆံတာ၊ မီးများမီးနိုင်…ရေများရေနိုင်ဝါဒနဲ့ အနိုင်ကျင့်ကြတာကိုလည်း မနှစ်မြို့ပါ။  

လွတ်လပ်စွာတွေးခေါ်မှုနဲ့ ပတ်သတ်ပြီး ကာလာမသုတ် ဟာ တော်တော်နာမည်ကြီးပါတယ်။ အကျဉ်းချုပ်ဖော်ပြရရင် “ပြောသံကြားရုံနဲ့ အတည်မယူနဲ့။ အစဉ်အဆက်စကားဖြစ်ရုံ၊ စာအုပ်ထဲမှာ ပါရုံ၊ ကြံဆတွေးတောလို့ရရုံ၊ ဆရာသမားစကားဖြစ်ရုံ တွေနဲ့ အတည်မယူနဲ့၊ မိမိကိုယ်တိုင် သိအောင်ကြိုးစား” ဆိုတဲ့ သဘောမျိုးနဲ့ အများက ပြောတတ်ကြပါတယ်။ ကျနော်စံထားချင်တဲ့ Free thinker ဆိုတာဟာ ကာလာမသုတ်ကိုတောင် ကာလာမသုတ်နဲ့ ပြန်သုံးသပ်မယ့်သူမျိုးပါ။ ဘယ်လောက်အတိုင်းအတာအထိ ကာလာမသုတ်အပေါ် အဓိပ္ပါယ်ဖွင့်ဆိုမှုတွေ မှန်ကန်သလဲ၊ အဲဒါကို လက်ကိုင်ထားရင် ကောင်းကျိုးဆိုးကျိုးတွေ ဘယ်လိုရှိမလဲ ဆိုတာကအစ ပြန်သုံးသပ်မယ့် free thinker မျိုးပါ။ ကာလာမသုတ်ကို တချို့လူတွေ အဓိပ္ပါယ်ဖွင့်သလို “ကိုယ်တိုင်သိမှ သေချာယုံရမယ်” ဆိုတာကိုလည်း နေရာတကာမှာ လက်ကိုင်ထားဖို့ လိုမှာ မဟုတ်ပါ။ စကားကပ်ပြောသူတွေနဲ့ ကြုံရတတ်ပါတယ်။ လျှပ်စစ်ဓာတ်ကို လက်ခံခြင်းမျိုး၊ လပေါ်ကို လူရောက်တယ်ဆိုတာကို လက်ခံခြင်းမျိုး၊ သိပ္ပံစမ်းသပ်ချက်တွေကို လက်ခံကြောင်း ပြောရင် “မင်းကိုယ်တိုင် သိတာလား၊ မင်းကိုယ်တိုင် စမ်းသပ်တာလား” ဆိုပြီး ပြန်မေးတာ မျိုးနဲ့ ကြုံရတတ်ပါတယ်။ စာအုပ်တွေထဲက ဘာသာရေးတွေ၊ စာအုပ်တွေထဲက သမိုင်းတွေကို မျက်စေ့မှိတ် လက်ခံခြင်းမျိုးနဲ့၊ သိပ္ပံစမ်းသပ်ချက်တွေကို လက်ခံခြင်းမျိုးက မတူပါ။ သိပ္ပံစမ်းသပ်ချက်တွေဟာ တိကျတဲ့ စည်းမျဉ်းတွေနဲ့ အကြိမ်ကြိမ် အစမ်းသပ်ခံပြီးသားမို့၊ တိကျတဲ့ စနစ်တွေကို ဖြတ်သန်းလာပြီးသားမို့ အဲဒါတွေကို လက်ခံခြင်းနဲ့ ဘာသာရေးတွေ တချို့သမိုင်းတွေထဲက ဒဏ္ဍာရီတွေကို လက်ခံခြင်းမျိုးက လုံးဝမတူနိုင်ပါ။ 

Free thinker တယောက်ဟာ သိပ္ပံတွေ၊ logic တွေကို လက်ခံတယ်ဆိုပေမဲ့ သိပ္ပံတွေ၊ လောဂျစ်တွေရဲ့ ဘောင်ခတ်ထားခံရတဲ့ ရုပ်ဝါဒီ တယောက်တော့ မဟုတ်ပါ။ အနုပညာတွေကို ချစ်မြတ်နိုးသလို၊ လူသားတွေ ကောင်းကျိုး..ပိုကျယ်ပြန့်လာရင်တော့ လောကကောင်းကျိုးကို ဖြစ်ပေါ်စေမယ့် အရာမှန်သမျှကို တန်ဖိုးထားပါတယ်။ Free thinker တယောက်ဟာ ကိုယ်ချင်းစာတရား+သိပ္ပံ+လောဂျစ်+လူမှုရေးတွေကို လက်ကိုင်ထားပြီး ဟန်ချက်ညီညီ အသုံးချနိုင်ဖို့ လိုတယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ ဘဝမှာ ပုံသေမဟုတ်တဲ့ လောကဓံတွေ၊ ပုံသေမဟုတ်တဲ့ ပြဿနာတွေကို ရင်ဆိုင်ကြုံတွေ့ရမှာ ဖြစ်တဲ့အတွက် ပုံသေနည်းတွေ၊ ပုံသေနီတိတွေတော့ အဆင်သင့် မရှိနိုင်ပါ။ စမ်းတဝါးဝါးနဲ့ပဲ တတ်နိုင်သမျှ ခရီးသွားရမှာ ဖြစ်ပါတယ်။ 

အပေါ်မှာ ကျနော်ရေးခဲ့တာတွေ အားလုံးကို ကျနော် အမြဲလက်ခံကျင့်သုံးနေနိုင်ပြီလို့ မဆိုလိုပါ။ ကျနော် ထားရှိတဲ့ စံတွေ ဖြစ်ပြီး အဲဒီ့အတိုင်း တတ်နိုင်သမျှ ကျင့်သုံးနေထိုင် ဖို့တော့ အမြဲ ကြိုးစားပါတယ်။ အမြဲလည်း ကြိုးစားနေမှလည်း ဖြစ်မယ့်အရာပါ။  (by ကောင်းကင်ကို)


11 comments:

ညိမ်းနိုင် said...

သိပ်ကောင်းတဲ့ သုံးသတ်ချက်ပဲ ကိုကောင်း...။
ဖရီးသင့်ကာဆိုတာ ဒီလိုပဲဖြစ်နေရပါမယ်။ဒီအတိုင်းပဲဖြစ်
နေပါလိမ့်မယ်...၊ကျွန်တော်တို့ဟာ ဘယ်ဘာသာတရား
ကိုမှ လုံးဝဥသုန်ပစ်ပယ်သူတွေ ဘယ်တုန်းကမှ မဟုတ်
ခဲ့ပါဘူးလေ...။

mmthinker said...

a good definition

Kyaw Zwar Lynn said...

I think 'Free'thought means thinking and philosophizing without any restrictions by dogmas and traditions.... That Freedom is the word for free in Freethought.

Thuta said...

ကျွန်တော်ထင်တာတော့ လောကမှာ လူတိုင်းဟာ ကိုယ်လက်ခံတဲ့ စံတစ်ခုခု (မိရိုးဖလာအရ ထားတဲ့စံ ဖြစ်ချင်ဖြစ်မယ်.. ဖရီးသင်ကာဆိုပြီး တွေးရာကနေ ကိုယ့်ဘာသာ ထားတဲ့ စံဖြစ်ချင်ဖြစ်မယ်) နဲ့ပဲ တိုင်းပြီး အရာအားလုံး မှန်တယ် မှားတယ်.. တခါတလေ မှားမှန်းသိလဲ မှန်ပစ်တယ်.. မှန်မှန်းသိလဲ မှားပစ်တာမျိုးပါပဲ.. အဲဒီ ဖရီးသင်းကင်းဆိုတဲ့ နေရာမှာ စံလဲမရှိ ပုံဖော်လို့လဲ ရမယ်မထင်တာမို့ ဒါကိုပုံဖော်တာဟာ လွတ်လပ်စွာတွေးခေါ်တာကို ပုံဖော် စံခတ်လိုက်တဲ့ တခြား ဥပမာပြချက်တွေနဲ့ပဲ သွားဆင်ပါလိမ့်မယ်.. ကျွန်တော်ကတော့ လူတိုင်းဟာ ကိုယ်စဉ်းစားတွေးခေါ်လို့ ရတဲ့ ပမာဏအနဲအများအလျောက် ချုပ်မတီးထားပဲ လွတ်လပ်စွာပဲ တွေးခေါ်ကြတာပါပဲလို့ မြင်ပါတယ်လေ.. တကယ်လို့ ဘာသာရေး အချုပ်အနှောင်တွေရဲ့ ပြင်ပကို ဖောက်ထွက်မတွေးဘူးဆိုတဲ့ လူတွေဆိုရင်တောင် သူတွေးခေါ်လို့ ရတဲ့ လွတ်လပ်မှုဟာ ဘာသာရေးထဲ ဘောင်ဝင်နေလို့သာ ဖြစ်ပါလိမ့်မယ်.. ဒါပေမဲ့ အဲလောက်ထဲမှာပဲ ပိတ်လှောင်နေရလားလို့ အပြစ်တော့ မဆိုသာပြန်ဘူးဗျ.. ကိုယ်က ကိုယ်ပိတ်လှောင်တယ်ထင်တဲ့ ဒီဘက်ကနေ တခြားကိုယ့်ဘာသာ မှန်လှပြီလို့ သတ်မှတ်တဲ့ နောက်ဘောင်တစ်ခုထဲ ရောက်သွားတာလဲ ဖြစ်နိုင်ပေတာကိုး.. ဘယ်ဘောင်က ပိုကျဉ်းသွားလဲဆိုတာတော့ ဘယ်သူမှလဲ မြင်နိုင်တဲ့ ကိစ္စမဟုတ်တာမို့ ဘယ်သူမှဘောင်ထဲက မတွေးပဲ သူ့စံနဲ့သူ လွတ်လပ်စွာတွေးခေါ်နေကြသူများလို့ပဲ မြင်ပါတယ်ဗျား.. ဒါမှမဟုတ် ကိုယ့်ဘောင်နဲ့ကိုယ် ကန့်သတ်တွေးနေသူများလို့လဲ ပြောင်းပြန်တွေးလို့ ရပါလိမ့်မယ်လေ..

Anonymous said...

You can be a free thinker as I am but don't be a fool! We are not living in a perfect world and there are more pious lunatics who will kill for their nude gods or goddesses or horny prophets with tiny penises and big sexual appetites than us, real free thinkers. So don't expect the world to become perfect because you discard your own religion or god you worship before. There are more fools than highly educated free thinkers. Dick heads will always overpower us with numbers. Religion is there, was there and will be there and therefore don't fool yourself that they will disappear soon for you to declare a free thinker.

မိုးယံ said...

ဂွတ်စ် မိုက်စ် ကြိုက်စ်

အင်း...အဲဒါမျိုး သဘောကျတယ်.. ကာလာမ သုတ်ကို ခိုက်တယ်...ဒါပေမယ့်... ဟိုတစ်ခေါက် ကိုကောင်းကျွန်တော့်ကိုဆုံးမသလို....ကာလာမ သုတ်မှာတောင် ဘာကိုမှ အရမ်ကာရော မယုံဖို့ ဆိုတာကို သတိထားမိသလို...ကိုယ်တွေ့ဆိုပြီး မီးကို ကိုင်ကြည့်စရာမလိုပဲ ပူ (အန္တရယ်ရှိစေ) မှန်း သိနိုင်တဲ့ ဥာဏ်မျိုးနဲ့ သူများအတွေ့ အကြုံကိုအမှန်လို့ လက်ခံနိုင်တဲ့ အသိမျိုးလဲ ရှိပါတယ်။

clock.pendulum said...

http://www.facebook.com/notes/%E1%80%97%E1%80%AF%E1%80%92%E1%81%B6%E1%80%98%E1%80%AC%E1%80%9E%E1%80%AC-%E1%80%A1%E1%80%B1%E1%80%90%E1%80%BC%E1%80%B8%E1%80%A1%E1%80%BB%E1%80%99%E1%80%84%E1%80%B9/%E1%80%A1%E1%80%BB%E1%80%99%E1%80%84%E1%80%B9%E1%80%99%E1%81%BE%E1%80%80%E1%80%8A%E1%80%B9%E1%80%9C%E1%80%84%E1%80%B9%E1%80%85%E1%80%9B%E1%80%AC%E1%80%99%E1%80%BA%E1%80%AC%E1%80%B8%E1%82%8F%E1%80%BD%E1%80%84%E1%80%B9%E1%80%B7-%E1%80%B1%E1%81%80%E1%82%86%E1%82%8F%E1%81%B1%E1%80%9B%E1%80%AC/403823639664706

Anonymous said...

Hello there! This is my first visit to your blog! We are a team of volunteers and starting a new
initiative in a community in the same niche.

Your blog provided us valuable information to
work on. You have done a outstanding job!

Also visit my blog: dance

hitthu said...

ကောင်းတယ်​ အစ်​ကို.....အရမ်း ​ကောင်းတယ်​ .....

hitthu said...

အစ်​ကို .... ကျွန်​​တော်​ အစ်​ကို့ရဲ့ မကျွတ်​​သေးတဲ့တ​စ္ဆေ ကဗျာ စာအုပ်​ PDF လိုချင်​လို့ ကူညီပါဗျာ အဲ့ထဲက ဗိုလ်​ချုပ်​ ကဗျာ​လေး ကို လိုချင်​လို့ပါ

Kaung Kin Ko said...

ဟုတ် ညီလေး။
ကဗျာစာအုပ်က ဒီမှာပါညီ။

http://kaungkinko.blogspot.com/2010/03/ebook-download.html