Saturday, May 19, 2012

de Bono ၏ ဦးထုပ်နက်ကိုဆောင်း၍ စတုတ္ထ မဏ္ဍိုင်များအား နှိုက်ချွတ်ကြည့်ခြင်း


(၁)
“တကယ်တော့ ဘယ်နိုင်ငံမှာဖြစ်ဖြစ် ပြည်သူဆိုတာ ငတုံး။ သည်းခြေကြိုက် တခုခုနဲ့ မျှားလိုက်ရင်၊ တခုခုနဲ့ ဆွပေးလိုက်ရင် ခင်ဗျား လွဲနေဦးတော့။ ပါလာမှာပဲ။ အမျိုး၊ဘာသာ ဆိုတဲ့ စကားကိုသာ လှိုင်လှိုင်သုံး ပြီး ဘာသာရေး၊ လူမျိုးရေး ရန်တိုက်ပေးပြီး ကိုယ်က သူရဲကောင်းကြီး ဝင်လုပ်ချင်ဝင်လုပ်။ ဒါမှမဟုတ် မြန်မာဆိုတာ ဘယ်လိုတော်ကြောင်း မြှောက်ပေးချင်မြှောက်ပေး။ ဒါမှမဟုတ်လည်း ပြည်သူ့အကျိုးအတွက် ဆိုတဲ့စကားကိုသာ လှိုင်လှိုင်သုံး။ ပါလာမှာပဲ” အတိုက်အခံ ဆိုသူ သူငယ်ချင်းက အမြည်းတစ်ဖတ်ကို ကောက်ဝါးရင်း ခဏ အချိန်ယူပြီးမှ ဆက်ပြောတယ် “လူပြိန်းကြိုက် ဆိုတာ ရှိတယ်ဗျာ။ ဥပမာ အစိုးရက…ဒီအချိန်မှာ မျက်လှည့်ပြလိုက်ရင်”

          ဒီအချိန်မှာ မျက်လှည့်ပြလိုက်ရင်လို့ ဆိုလိုက်တဲ့ အချိန်မှာ မျက်လှည့်တခုကို တကယ် ရှုစားရတော့မယ်မှန်း ကျနော် မသိခဲ့ဘူး။ ဒီအချိန်မှာ မျက်လှည့်ပြလိုက်ရင်လို့ ဆိုလိုက်တဲ့ အချိန်မှာ အဲဒီ့ ပြောနေတဲ့ သူငယ်ချင်းဆီကို ဖုန်းဝင်လာတယ်။ မီဒီယာ တခုမှာ လုပ်နေတဲ့ သူ့သူငယ်ချင်းက ဆက်တာ။

မေးတယ်။ ဖြေတယ်။ ကျနော်တို့ ကြားရတယ်ပေါ့။ သူငယ်ချင်း လေသံကတော့ ခုနက လေသံနဲ့ လုံးဝ မတူတော့ဘူး။ point တခု အရောက်မှာတော့ သူ့လေသံက ရုတ်ချည်း မြင့်တက်သွားပြီး “စစ်အစိုးရအနေနဲ့ ပြည်သူတွေရဲ့ နိုင်ငံရေး ရေချိန်ကို လျှော့တွက်မိရင်တော့ အရမ်းမှားသွားမယ်။ ပြည်သူဆိုတာက ကျနော်တို့ နိုင်ငံရေးသမားတွေထက်တောင် နိုင်ငံရေးကို နောကြေနေပါပြီ။ ပြည်သူတွေရဲ့ နိုင်ငံရေး အသိစိတ်ဓာတ်တွေက မြင့်မားနေပြီ”

          သူငယ်ချင်းရဲ့ ပါးစပ်ကနေ ဆန့်ကျင်ဘက်တွေ ထွက်လာအောင် မီဒီယာ သမားက မျက်လှည့် ပြလိုက်ပြီ။ ပြည်သူကို ငတုံး၊ လူပြိန်းလို့ ချိုးချိုးနှိမ်နှိမ် မပြောသင့်ကြောင်း၊ သဘောမထားသင့်ကြောင့် ကျနော့်အတွေးကို ဒီpost မှာ ကျနော် အကျယ် မရေးချင်သလို "ပြည်သူအားလုံးက အရာရာကို အကုန် သိနေတယ်၊ အမြဲတမ်းနိုင်ငံရေး ရေချိန်တွေ မြင့်နေတယ်၊ ပြည်သူအားလုံး အမြဲတမ်းမှန်တယ်"ဆိုတဲ့ အယူအဆ မဟုတ်ကြောင်းကိုလည်း ဒီ post မှာ အကျယ် မရေးချင်ပါ။ ကျနော် အဓိက ပြောချင်တာက မီဒီယာတွေရဲ့ အင်တာဗျူး ခံရတဲ့အခါ အများစုက စိတ်ထဲမှာ ရှိတဲ့အတိုင်း ပြောလေ့ မရှိတာကို မီးမောင်းထိုးပြ ချင်တာပါ။

မီဒီယာတွေပေါ်မှာ တက်လေ့ရှိတဲ့ အလုံးတွေက

“သမ္မတကြီးကို ယုံပါတယ်” (တကယ် ယုံလို့ ပြောနေရတာမှ မဟုတ်တာ)

“ဒေါ်အောင်ဆန်းစုကြည်ကို ညီမလေးလို သဘောထားပါတယ်” (တော်သေးတာပေါ့၊ ညီမလေးလို သဘောထားပေလို့။)

 “နှစ်နိုင်ငံ ချစ်ကြည်ရေးအတွက်” ဆိုတဲ့ စကားလုံးတွေ၊ “အိမ်နီးချင်းကောင်း ပီသစွာဖြင့်” ဆိုတဲ့ စကားလုံးတွေ၊

“သမီးက အချစ်ရေးကို စိတ်မကူးသေးပါဘူး” ဆိုတဲ့ အရည်မရ အဖတ်မရတွေ၊ “ဇာတ်လမ်းတွေကို သေချာစိစစ်ပြီှးတော့ ကိုယ်နဲ့ လိုက်ဖက်မယ့် ဇာတ်လမ်းမျိုးတွေကိုမှ ရွေးချယ်လက်ခံပြီး သရုပ်ဆောင်တာပါ” ဆိုတဲ့ မုသာဝါဒတွေ၊ “ပြည်သူ့အတွက်” ဆိုတဲ့ ငါးမျှားချိတ်တွေ၊ “ပေးဆပ်နေပါတယ်” ဆိုတဲ့ ကြွားလုံးတွေ

အဲဒီ့လို…စင်တခုရနေတဲ့….ပြောရေးဆိုခွင့် ရနေတဲ့…အစိုးရတွေ၊ နိုင်ငံရေးသမားတွေ၊အနုပညာရှင်တွေရဲ့ စိတ်ထဲမှာ မပါတဲ့ အပေါ်ယံ စကားလုံးတွေကို တင်ဆက်နိုင်ရေးအတွက် တချို့ မီဒီယာသမား တွေလည်း ပါပါရာဇီဆန်ဆန် ရုန်းကန်ရ။ တချို့လည်း လုံခြုံရေးဝန်ထမ်း ဆိုသူက ဆော်ပလော်တီးတာ ခံရ၊ တချို့လည်း မင်းသမီးက ပါးရိုက်တာ ခံရနဲ့။

စာဖတ်သူ ဘက်က ကြည့်တော့လည်း အဲလို အပေါ်ယံတွေ ဖတ်ရဖို့အရေး ပိုက်ဆံအကုန်ခံပြီး ဂျာနယ်တွေ ဝယ်ရ၊ အင်တာနက်တွေ ကြည့်ရနဲ့။ ဝယ်ကြပေါ့၊ ကြည့်ကြပေါ့။ အပေါ်ယံတွေ ကြားချင်သူတွေရှိနေတော့လည်း အပေါ်ယံပြောမယ့်သူတွေ ရှိနေတာပေါ့။ အပေါ်ယံ ပထမမဏ္ဍိုင်၊ အပေါ်ယံ ဒုတိယမဏ္ဍိုင်၊ အပေါ်ယံ တတိယမဏ္ဍိုင်၊ အပေါ်ယံ စတုတ္ထမဏ္ဍိုင် ကြီးတွေနဲ့ အပေါ်ယံပြောတဲ့ အစိုးရတွေ နိုင်ငံရေးသမား တွေက အပေါ်ယံ ကြိုက်ကြတဲ့ ပြည်သူတွေအတွက် အပေါ်ယံ ကမ္ဘာကြီးထဲမှာ အပေါ်ယံ နိုင်ငံတော်ကြီးကို ပျော်ပျော်ပါးပါး တည်ဆောက်ကြတာပေါ့။ မနိပ်ဘူးလား။`

တကယ်တော့ မြန်မာနိုင်ငံ တခုတည်း ကွက်ပြီး ဖြစ်နေတဲ့ ကိစ္စတော့ မဟုတ်ပါ။ ကမ္ဘာပေါ်မှာ ရှိတဲ့ ဘယ်အစိုးရ၊ ဘယ်ခေါင်းဆောင်ကများ ပရိယာယ်တွေ၊ သံတမန်နည်းတွေ မသုံးဘဲ စိတ်ထဲရှိသမျှ အားလုံး မခြွင်းမချန် ဒဲ့ဒိုး ပြောလို့ရလို့လဲ။ ပရိယာရယ်တွေ၊ ရွှေ့နေတဲ့ အကွက်တွေဟာ သတင်းစာမျက်နှာတွေပေါ် တစွန်းတစသာ ရောက်လာမှာပါ။ အများအားဖြင့် အပေါ်ယံတွေပဲ ရောက်လာကြတာပါ။ ဒီလိုနဲ့ mainstream မီဒီယာတွေရဲ့ ရန်သူ WikiLeaks လို မီဒီယာတွေက ဖော်ကောင်လုပ်လိုက်ကြတဲ့ အခါမျိုးမှာတော့ အရှက်တွေကွဲကြ၊ မျက်နှာတွေ ပျက်ကြနဲ့။ WikiLeaks ရဲ့ ဖော်ကောင်လုပ်ခြင်း ခံရသူတွေက WikiLeaks ကို ကြောက်ခမန်းလိလိ ရန်ရှာကြရတော့တာပဲ။   

(၂)
ဘာ!…ငါက သတင်းသမားကောင်းကွ။ ခြံစည်းရိုးမှာ ခွထိုင်…အဲလေ နှစ်ဘက်လုံးမှာ ဝင်မပါဘဲ ကြားထဲမှာ မျှမျှ တတ ရပ်တည်နေမှာ။ နှစ်ဘက်စလုံးကို မေးပြီး နှစ်ဘက်စလုံးရဲ့ အသံတွေကို ထုတ်မှာ။

အဲဒါဆိုရင်လည်း နှစ်ဘက် ခွက်စောင်းခုပ်နေကြတဲ့ အချိန်မျိုးဆိုရင်တော့ ခင်ဗျားဟာက အတိုင်းအတာ တခုအထိ အလုပ်ဖြစ်မှာပါ။ ဒါပေမဲ့ အခြေအနေအရ နှစ်ဘက် ချစ်ချင်ယောင်ဆောင်နေတဲ့ အချိန်မျိုး၊ အခြေအနေအရ နှစ်ဘက် လက်ဝါးချင်း ရိုက်ပြီး ကျိတ်လုပ်နေတဲ့ ကိစ္စမျိုး၊ နှစ်နိုင်ငံ ချစ်ကြည်ရေး ကိစ္စမျိုးတွေမှာတော့ “ကျေနပ်အားရပါတယ်” ဆိုတဲ့ အပေါ်ယံ စကားလုံးတွေ၊ “အိမ်နီးချင်းကောင်း” ဆိုတဲ့ အပေါ်ယံ စကားလုံးတွေ၊ “အဆွေတော်” ဆိုတဲ့ အပေါ်ယံ စကားလုံးတွေပဲ ကြားရမှာပါ။ ပြုံးပြီး လက်ဆွဲနှုတ်ဆက်နေတဲ့ အပေါ်ယံ ပုံရိပ်တွေကိုပဲ လူတွေမြင်ကြရမှာပါ။ လူတွေမြင်ချင်တာကလည်း ဒါပဲမဟုတ်လား။

ဒီနေရာမှာ မီဒီယာသမား ဖြစ်တဲ့ ခင်ဗျားကိုချည်း အပြစ်ပုံချ လို့တော့ ဘယ်ရမလဲ။ တကယ်တော့ ခင်ဗျားက ဆိတ်ပါ။ အဲ…စိတ်မဆိုးနဲ့။ ဆိတ်ဆိုတာ ဆိတ်လစေ့လို့ ဆိုလိုတာ မဟုတ်ပါဘူး။ scapegoat (ကြားက အပြစ်တင်ခံရသူ) လို့ ဆိုလိုတာပါ။ သတင်း source တွေ ကိုယ်တိုင်က စိတ်ထဲပါတာတွေကို ဝှက်ထားပြီး အပေါ်ယံတွေကိုပဲ ပြောကြမှတော့ ခင်ဗျားလည်း အပေါ်ယံတွေပဲ ရေးရ၊ လူတွေလည်းအပေါ်ယံတွေပဲ ကြားကြရတာပေါ့။ ခင်ဗျားရဲ့ အပြစ်ကတော့ အပေါ်ယံသမားတွေ၊ အပေါ်ယံပြောမှ အလုပ်ဖြစ်မယ့်၊ အပေါ်ယံပြောမှ ပြည်သူ လက်ခံ ကျေနပ်မယ့် နိုင်ငံရေးသမားတွေ၊ အနုပညာရှင်တွေကို အရိပ်တကြည့်ကြည့်နဲ့ လိုက်ပြီး အသည်းအသန် မေးမြန်း မှတ်တမ်းတင်ရမယ့် မီဒီယာသမား ဖြစ်နေခြင်းပါပဲ။ ကဲပါ…မြင်းဖြစ်မှတော့ ကျောပေါ်တက်ခွမယ့်သူတွေကို ကြောက်မနေပါနဲ့။ သူတို့သွားချင်တဲ့နေရာကို ပျော်ပျော်ကြီး ပို့လိုက်ကြတာပေါ့။ တခါတလေ မကျေနပ်ရင်တော့ ခွစီးနေတဲ့ ဒင်းတို့ ကားကနဲ ပြုတ်ကျသွားအောင် ခါသာချလိုက်ဗျာ။

(၃)

တကယ်တော့ သူတို့ကချည်း ခင်ဗျား (မီဒီယာသမား) ကို ဂုပ်ခွစီးနေတာတော့ မဟုတ်ပါဘူး။ အပြန်အလှန်ဆိုတာ ရှိတာပေါ့ဗျာ။ မီဒီယားသမားအတွက်က သူတို့က ကုန်ကြမ်းတွေဖြစ်သလို သူတို့အတွက်လည်း မီဒီယာဆိုတာက ပွဲထုတ်စင်တင် ပေးမယ့်သူ ဖြစ်နေတယ်။ ဒီမှာတင် မီဒီယာတွေနဲ့ နိုင်ငံရေးသမားတွေ၊ မီဒီယာတွေနဲ့ အနုပညာရှင်တွေ လက်ဝါးချင်း ရိုက်ပြီး အလုပ်လုပ်ကြတော့တာပါပဲ။ မီဒီယာ သမားက ကိုယ်နဲ့ ခင်တဲ့ နိုင်ငံရေးသမားတွေကို အင်တာဗျူးလုပ်မယ်။ တခုခုဖြစ်ပြီဆို အဲဒီ့လူတွေကိုပဲမေးမယ်။ ကုန်ကြမ်းမွေးထားတဲ့ သဘောပေါ့။ ဟိုလူတွေကလည်း သူတို့ရဲ့ လူကြားကောင်းအောင် ပြောမယ့် အပေါ်ယံစကားတွေကို တနိုင်ငံလုံးသိအောင်၊ ဒါမှမဟုတ် တကမ္ဘာလုံးသိအောင် မီဒီယာဆိုတာ လိုတယ်လေ။ စင်တခု ငှားထားတဲ့ သဘောပေါ့။

ဒီလိုနဲ့ အရင်တုန်းကဆိုရင် နိုင်ငံရေးသမား အများစုနဲ့ သိတဲ့လူတွေက သတင်းထောက်တွေ ဖြစ်လာခဲ့ကြဖူးတယ်။ သတင်းထောက်တွေနဲ့ သိတဲ့သူတွေက နိုင်ငံရေးသမားတွေ၊ လူ့အခွင့်အရေး လှုပ်ရှားသူကြီးတွေ ဖြစ်လာခဲ့ကြဖူးတာပေါ့။ ဒါပေမဲ့ အဲဒီ့တုန်းကတော့ မီဒီယာသမားတွေအတွက် ကုန်ကြမ်း ရှားတဲ့ခေတ်ပါ။ စင်ပေါ် တင်ပေးပါမယ် ဆိုတာတောင်မှ စင်ပေါ်တက်ရဲတဲ့သူက ရှားတယ်လေ။ ပြည်တွင်းမှာတော့ ပြောမနေနဲ့။ လွတ်လပ်နယ်မြေလို့ ဆိုတဲ့ နေရာမှာတောင်… နိုင်ငံရေးနဲ့ သိပ်မဆိုင်တဲ့ အကြောင်းအရာတခုခု ရေဒီယိုမှာ ပြောဖူးသူနဲ့ ဘီယာဆိုင် အတူတူ ထိုင်လိုက်မိရင်ကိုပဲ မြန်မာပြည် ပြန်လို့ မရတော့ဘူးလိုလို၊ အိမ်ကမိသားစုဝင်တွေပဲ ပြဿနာ ရှာခံရတော့ မလိုလို၊ ပတ်စ်ပို့သက်တမ်းတိုးလို့ မရတော့ဘူးလိုလို လိုတာထက်ပိုပြီး ကြောက်ခဲ့ကြတာကိုး။

ဒီတော့ စင်ပေါ်တက်ရဲတဲ့သူ ရှားတော့ မီဒီယာသမားတွေအတွက် ကုန်ကြမ်းရှားတာပေါ့။ “လူအများအပြားဟာ မဖြစ်စလောက် သတ္တိလေး နည်းနည်းလေးလိုနေလို့ အောင်မြင် ကျော်ကြားရမယ့်အစား သင်္ချိုင်းကုန်းကို မထင်မရှား သွားနေရတယ်” ဆိုတဲ့ စကားပုံကို အသုံးချနိုင်သူ နည်းတယ်ဗျာ။ ဒီတော့ မီဒီယာသမားတွေလည်း အဲဒီ့ စကားပုံကို ကောင်းကောင်းကြီး သဘောပေါက်တဲ့ သူငယ်ချင်းတွေ၊ ဒီလူရင်းတွေကိုပဲ မေးနေရတော့ တခါလာလည်း ဒီလေသံတွေ နောက်တခါလည်း ဒီလေသံတွေချည်း ဖြစ်နေခဲ့တာပေါ့ဗျာ။

အခုတော့ ခေတ်ပြောင်းမပြောင်း မသေချာပေမဲ့ မီဒီယာသမားတွေ တပန်းသာတဲ့ ခေတ်ကိုရောက်လာပြီ။

တချို့နိုင်ငံရေးသမားတွေဟာ အမေတွေက မွေးခဲ့တာပေမဲ့ မီဒီယာတွေပေးတဲ့ နိုင်ငံရေး အသက်လေးပဲ ရှိတော့တာမို့ မီဒီယာတွေကို မျှော်နေရတယ်။ အဲလို အခြေအနေမျိုးမှာ မီဒီယာတွေ အတွက်ကတော့ စင်ပေါ်အလုအယက် တက်ချင်သူတွေ၊ ပွဲအထုတ်ခံချင်သူတွေ များလာပြီ ဆိုတော့ ကုန်ကြမ်းတွေ များလာပြီ။ ဝမ်းလည်းဝ၊ ဒေါက်တိုင် ခေတ်တခေတ်လည်း ထူထောင်လို့ ရပြီပေါ့ဗျာ။ ဒေါက်တိုင်ခေတ်လို့ ပြောရတာက တိုင်းပြည်ရဲ့ ဒေါက်တိုင်လို့ ဟစ်ကြွေးကြတယ် မဟုတ်လား။

(၄)
မီဒီယာပေါ်က ယာဉ်တိုက်မှု ကြီးလို့ ပြောရင် ကောင်းမလား။

တကယ်ဆိုလိုချင်တဲ့ အဓိပ္ပါယ်က “ရင်တိုက်” “ရိုက်တင်မှု”ပါ။ အဲဒီ့နည်းကိုတော့ နိုင်ငံရေး သမားတွေတင် မကပါဘူး၊ စာပေသမားတွေ၊ ကဗျာဆရာတွေလည်း သုံးတတ်ကြတယ်။

ဥပမာဗျာ ကြောင်ကြောင် ရယ်၊ ချောင်ချောင်ရယ်၊ ငေါင်ငေါင်ရယ် သူငယ်ချင်း သုံးယောက် ရှိမယ် ဆိုပါစို့။

ကြောင်ကြောင်က ချောင်ချောင့် အကြောင်း မီဒီယာတွေ စာမျက်နှာတွေမှာ ပြောမယ်။ မွှမ်းမယ်။ ချောင့်ချောင့်နာမည်ကို တမ်းတမယ်။
ချောင်ချောင်ကကျ ငေါင်ငေါင့်အကြောင်းပြောမယ်။ မွှမ်းမယ်။ ငေါင်ငေါင့်နာမည်တွေ ဘာတွေ ကဗျာတွေထဲမှာ ထည့်ရေးမယ်။ တမ်းတမယ်။
ငေါင်ငေါင်ကကျ ပထမဆုံးတယောက်ဖြစ်တဲ့ ကြောင်ကြောင့် အကြောင်းကို မီဒီယာတွေမှာ ပြောမယ်။

အစပိုင်းတော့ ပြည်သူတို့ ပရိသတ်တို့က ကြောင်ကြောင့်ကိုရော၊ ချောင်ချောင့်ကိုရော၊ ငေါင်ငေါင့်ကိုပါ သိလည်းမသိ၊ စိတ်ဝင်စားမှာလည်း မဟုတ်ပါ။

ဒါပေမဲ့ မီဒီယာတွေက ကြောင်ကြောင်တလှည့် ချောင်ချောင်တလှည့် ငေါင်ငေါင်တလှည့် ပတ်မေးနေကြတော့ မီဒီယာတွေ စာမျက်နှာတွေပေါ်မှာ  ချောင်ချောင်တလှည့် ငေါင်ငေါင်တလှည့် ကြောင်ကြောင်တလှည့် ပါလာမယ်။ လူတွေကတော့ အစပိုင်းမှာ သူတို့ပြောတာ သိပ်စိတ်ဝင်စားမှာ မဟုတ်သလို ဂရုလည်း သိပ်စိုက်မှာ မဟုတ်ပါ။ ကြောင်ကြောင်တို့ အဖွဲ့တောင် သူတို့အချင်းချင်းပြောတာတွေ တယောက်နဲ့ တယောက် ဂရုတစိုက် နားထောင်တာတွေ၊ ဖတ်တာတွေ ရှိချင်မှ ရှိမှာပါ။ ဒါပေမဲ့ ကြောင်ကြောင်တို့ တသိုက် စိတ်ထဲမှာ ဟန်ဆောင်ရင်း၊ အချင်းချင်းမြှောက်ရင်းနဲ့ ကိုယ့်ကိုယ့်ကို အထင်ကြီးလာမယ်။ သူတို့ သုံးယောက်ရဲ့ အသံတွေချည်း မီဒီယာတွေမှာ စာမျက်နှာတွေပေါ်မှာ ဟိုနားတပွက် ပွက်လိုက်၊ ဒီနားတပွက် ပွက်လိုက်နဲ့ သူတို့ကိုယ် သူတို့တောင် အဟုတ်လိုလို ထင်လာမယ်။ တကယ်က လူတွေက စိတ်မဝင်စားသေးဘူး။ သူတို့သုံးယောက်ရဲ့ အသံတွေက မီဒီယာပေါ်မှာပဲ လှည့်ပတ်ညံနေတာ။ ကြာတော့ လူတွေလည်း ရွေးစရာမရှိတော့ ဒီလူတွေ ပြောတာကိုပဲ နားထောင်ရတော့၊ ဖတ်ရတော့မယ်။ ဒီလိုနဲ့ နားထောင်ရင်း ဖတ်ရင်းနဲ့ …လူချင်းမျက်မှန်း တန်းမိတဲ့အခါ ခင်မင်ရင်းနှီးလာသလိုမျိုး….ကြောင်ကြောင်တို့ တသိုက်ကို စိတ်ထဲမှာ ခင်မင်ရင်းနှီးလာပြီး ကြောင်ကြောင်တို့ တသိုက်ကပဲ ဟုတ်သလိုလို၊ သူတို့ကပဲ ပြည်သူတရပ်လုံးအတွက် ပြောရေးဆိုခွင့် ရှိသလိုလို ဖြစ်လာတော့တာပါပဲ။ အချင်းချင်း ရိုက်တင်တဲ့ နည်းပေါ့ဗျာ။ လေးယောက်သာဆို ပိုအဆင်ပြေတာပေါ့။ သုံးယောက်က အချင်းချင်းမြှောက်၊ တယောက်ကို မီဒီယာ လုပ်ခိုင်းလိုက်ရုံပဲ။

မီဒီယာ ဆိုတဲ့ အဓိပ္ပါယ်က a method or way of expressing something တဲ့။ ဒီတော့ မီဒီယာဆိုတာထဲမှာ ကဗျာတွေ စာပေတွေကိုလည်း ထည့်ချင်တယ်ဗျာ။ ခုနက ကျနော်ပြောခဲ့တဲ့ “ရင်တိုက်မှု” ဆိုတာကို ကဗျာဆရာတွေ၊ blogger တွေ သုံးလို့လည်း ရတယ်။ ကျနော် နည်းပေးမယ်။ ကဗျာဖတ်တဲ့လူဆိုတာကိုက တအားရှားနေပြီ မဟုတ်လား။ ဒီတော့ လူဖတ်တယ် မဖတ်ဘူး၊ ဖတ်သူရှိတယ် မရှိဘူး ဆိုတာကို ဘေးဖယ်ထားလိုက်တော့။ သိပ်မှ မပြောပလောက်တာ။ ကဗျာဆရာ ဆယ်ယောက်လောက် ရှိရင်ပဲ အချင်းချင်း တယောက်ကဗျာ တယောက် သေချာမဖတ်ဖြစ်ရင်တောင် တယောက်နာမည်လေးတွေ တယောက်တော့ ထည့်ရေးလိုက်။ လူညီပြီဆိုရင် ကဗျာတွေထဲမှာ နာမည်လေးတွေ ကိုယ်စီ ပါနေတော့မယ်။ လူညီတဲ့ အတွက် အသင်းအပင်းလည်း ဖွဲ့လို့ရပြီ။ ပြီးတော့ ဂိုဏ်းမတူရင်တောင် ကဗျာရေးသူတွေ အချင်းချင်း တခြားဂိုဏ်း တခြားအုပ်စုက လူကို ကဗျာဆရာအဖြစ် သတ်မှတ်ဖို့ ခဲယဉ်းတယ် မဟုတ်လား။ ဒီတော့ တခြားလူတွေရဲ့ အထင်အမြင်ဆိုတာရယ်၊ လူတွေ တကယ်ဖတ်မဖတ် ဆိုတာရယ်ကို ဘေးသာခေါက်ထားလိုက်တော့။ အုပ်စုတခုခုထဲမှာ ပါနေဖို့ပဲ အရေးကြီးတယ်။ ဒါမှ ကိုယ့်နာမည်လေး ပါနေမှာ မဟုတ်လား။

ရိုက်တင်နည်း အပြင် တွန်းတင်နည်း ဆိုတာလည်း ရှိသေးတယ်။ လူအုပ်ကြီးတအုပ် ဒါမှမဟုတ် လူတစုက သူတို့ထဲက ဖြစ်နိုင်ချေ ရှိတဲ့ တယောက်ကို မီဒီယာပေါ် အရမ်းတွန်းတင်မယ်။ မီဒီယာ တန်ခိုးကြောင့် အဲဒီ့တယောက် အရှိန်အဝါ တော်တော်ကြီးလာတဲ့ အခါ အဲဒီ့လူစုက အဲဒီ့တယောက်ကို မှီခိုပြီး ကပ်စားမယ်။ အဲဒီ့နည်းက မြန်မာနိုင်ငံမှာဆိုရင် အတွေ့ရဆုံး နည်းလို့တောင် ပြောနိုင်တယ်။

(၅)
ကဲ…ရေးရတာများသွားလို့ ကျနော့် လက်ချောင်းလေးတွေလည်း ဟောဟဲဟောဟဲ ဖြစ်နေပြီ။ အတွေးတွေ များသွားလို့ ရန်လုပ်ချင်သူတွေများ များလာမလား။ မီဒီယာတွေက ကောင်းကျိုးကိုလည်း ယူဆောင်ပေးနိုင်တယ်၊ မီဒီယာတွေ အရေးကြီးတယ် ဆိုတာလည်း လက်ခံပါတယ်။ ဒီတော့ ကျနော် ဒီ post မှာ ဆိုးတာတွေချည်း ရေးလို့ “ခင်ဗျားက မျှမျှတတ မရှိဘူး။ မီဒီယာတွေအကြောင်း မကောင်းတာတွေပဲ ကြံဖန်ပြောတယ်။ ကောင်းတာတွေ အကျိုးရှိတာတွေကျတော့ မရေးဘူး။ မတရားဘူး” လို့ ထင်ရင်တော့ ခေါင်းစဉ်ကို သေချာ ပြန်ဖတ်ကြည့်လိုက်ပါ။ Edward de Bono ရဲ့ ဦးထုပ်နက် ဆောင်းထားဆဲ လူတယောက်ကို တွေ့လိမ့်မယ်။
ကောင်းကင်ကို (19, May, 2012)

6 comments:

ဝိမွန် said...

နံပါတ်(၁) အပိုဒ်ကို အကြိုက်ဆုံးပဲ။
ကျန်တဲ့အပိုဒ်တွေကိုလည်း သဘောကျပါတယ်။

စံပယ်ချို said...

“သမ္မတကြီးကို ယုံပါတယ်” (တကယ် ယုံလို့ ပြောနေရတာမှ မဟုတ်တာ)

“ဒေါ်အောင်ဆန်းစုကြည်ကို ညီမလေးလို သဘောထားပါတယ်” (တော်သေးတာပေါ့၊ ညီမလေးလို သဘောထားပေလို့။)

“နှစ်နိုင်ငံ ချစ်ကြည်ရေးအတွက်” ဆိုတဲ့ စကားလုံးတွေ၊ “အိမ်နီးချင်းကောင်း ပီသစွာဖြင့်” ဆိုတဲ့ စကားလုံးတွေ၊

အဲဒီစကားလုံးတွေကိုအရမ်းသဘောကျတယ်

blueskyforest said...

မီဒီယာသမားတွေကို သိပ်ပြီးအပြစ်မတင်ပါနဲ့ ။ သူတို့က အပြစ်ကျူးလွန်လို့ ကျူးလွန်မှန်း မသိကြသေးဘူး။ ဘောလုံးက စည်းအပြင်ထွက်သွားလည်း ကန်နေကြတုန်း။ စည်းအတွင်းထဲမှာရှိနေလည်း ကန်ချင်မှ ကန်တာ။ သူတို့ကို အပြစ်တင်လည်း တင်လို့ တင်မှန်း မသိကြဘူး။ နောက်ထပ်ရွေးကောက်ပွဲ လေးခုလောက်ပြီးရင်တော့ မြန်မာ့မီဒီယာလောကမှာ ပေမီဒေါက်မီ သတင်းဌာန တခုစ နှစ်ခုစ ရှိလာတန်ကောင်းရဲ့။ (ကောင်းကင်ကို ကျန်းမာပါစေ)

Anonymous said...

ဟုတ်ပါပေ့.. မှန်ပါပေ့..

nandalayan said...

အင်မတန်ကောင်းတဲ့ဆောင်းပါးပါ၊ ဒီလိုမျိုးနောင်လည်းရေးနိုင်ပါစေ။

Maribel Artaste said...

Hi!Great and interesting blog you have:) Come and visit my site too. http://ads.com.mm/?cid=4fd60e65e4b0fa6db841e338&utm_campaign=ads_mm_lb_blog_martaste&utm_source=ads_lb_blog&utm_medium=lb_blog