Tuesday, December 20, 2011

"သူ" ဘယ်သူလဲ သိချင်ရင်တော့ ကောင်းကင်ရဲ့ အရောင်ကိုသာ ကြည့်လိုက်

(၁)

ဒေါက်ဒေါက်ဒေါက်
မေးခွန်းတွေ ဦးနှောက်ကို တံခါးလာခေါက်နေတယ်။
ဒေါက်ဒေါက်ဒေါက်
ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူ စာရင်းထဲမှာ သူ့ကို ဘာကြောင့် ထည့်မထားကြတာလဲ?

(၂)

သူ့အတွေးအခေါ်တွေထဲမှာ ကြိုက်တာလေးတွေလည်း ရှိတယ်။ မကြိုက်တာလေးတွေလည်း ရှိတယ်။

လူတွေက သူ့ကို အစဉ်အလာကို ဖျက်ဆီးရက်သူလို့ မြင်ကြတယ်။ ဒါပေမဲ့ လူတွေရဲ့ အမြင် ဆိုတာကို ခေါက်ထားလိုက်ပါ။ လူအုပ်ကြီးဆိုတာက လူအုပ်ကြီး နောက်ကို လိုက်ရင်း လမ်းပျောက်နေတတ်ကြပေမဲ့ အရေအတွက်ကို ကြည့်ပြီး လမ်းမှန်ရောက်နေပြီလို့ ထင်နေကြတဲ အခါမျိုးတွေလည်း ရှိတတ်တယ်။

ကျနော်ကတော့ သူ့ကို အစဉ်အလာတွေထဲကနေ စစ်ထုတ်ပြီး အမှန်တရားကို ကြိုးစား ရှာဖွေနေသူလို့ မြင်တယ်။ ဒါပေမဲ့ ကျနော့်အမြင်ကိုလည်း ခေါက်ထားလိုက်ပါ။ ကျနော်ဆိုတာကလည်း စည်းပြင်ကလူ

“သူ” ကတော့ သူ့ကိုယ်သူ ပစ္စုပ္ပန် သမားတဲ့။ ထားတော့။

(၃)

လက်သည်းကြားမှာ အပ်စိုက်၊ တူနဲ့ရိုက်ပြီး လက်“မတွန့်” တဲ့သူကို သူရဲကောင်း ရွေးခဲ့တယ် ဆိုတာတွေ ဟုတ်ခဲ့သည် ဖြစ်စေ၊ မဟုတ်ခဲ့သည် ဖြစ်စေ ထားလိုက်တော့။ အခုခေတ်မှာ အဲဒါကို အတုယူနေဦးမယ် ဆိုရင် ဟာသတပုဒ်လို ဖြစ်သွားပြီ။ Originality တွေ ပျောက်ဆုံးနေတဲ့ ခေတ်မှာ တကယ်လိုနေတာက ဘယ်ကိစ္စမှာမဆို လိုအပ်တယ်ထင်ရင် ခွဲထွက်ရဲတဲ့ သတ္တိပဲ။

“အကြောင်းကြောင်းကြောင့် အုပ်စုကိုခွာ၊
ဘယ်သူမှ မရှိတဲ့ ကွင်းပြင်ကြီးထဲမှာ ရပ်မိရင်
မိုးကြိုးပစ်မှတ် ဖြစ်သွားနိုင်တယ်” လေ။

(၄)

အများဆန္ဒတဲ့။ ဆွဲဆောင်အား ကောင်းလွန်းတဲ့ စကားလုံးမှာ အပြုသဘော ဆောင်တဲ့ သဘောတရားတွေ ရှိနေတာတော့ ဟုတ်ပါတယ်။ ဒါပေမဲ့ အမှောင်ခြမ်းကိုလည်း စဉ်းစားခန်း ဝင်ကြည့်ဖူးတယ်။

ဂျော်ဒါးနိုး ဘရူနိုဟာ ကိုပါးနီးကပ်စ်ရဲ့ အယူအဆတွေကို ဖြန့်လို့ အရှင်လတ်လတ် မီးရှို့သတ်ခံခဲ့ရတယ်။ (အများဆန္ဒအရ)
ဆိုကရေးတီးဟာ အဆိပ်သောက်ခဲ့ရတယ်။ (မဲခွဲဆုံးဖြတ် အပြီး)
ဟစ်တလာရဲ့ ပါတီဟာ အနိုင်ရသွားခဲ့ပြီးတော့ ဟစ်တလာဟာ အာဏာရှင် ဖြစ်လာခဲ့တယ်။ (ရွေးကောက်ပွဲရဲ့ ရလဒ်)

ဒါဆိုရင် အများဆန္ဒအတိုင်း ဆုံးဖြတ်ခြင်း ဆိုတာကလည်း သူ့အားနည်းချက်နဲ့သူ။ ဒီမိုကရေစီ ဆိုတာမှာတောင် သူ့အားနည်းချက်နဲ့သူ။

(၅)

စွန့်လွှတ်ရခြင်း အတူတူမှာ ကွာခြားမှုတွေ အများကြီးတော့ ရှိလိမ့်မယ်။ စွန့်လွှတ်သူတွေ ကိုယ်တိုင်မှာလည်း ကွားခြားမှုတွေ ရှိနေလိမ့်မယ်။ အကျိုးဆက်မှာလည်း ကွာခြားမှုတွေ ရှိနေလိမ့်မယ်။

ခရစ်တော်ဟာ လက်ဝါးကပ်တိုင်မှာ အသေခံခဲ့တယ်။
“သူ”ကတော့ မြန်မာပြည်ရဲ့ အကောင်းဆုံး တက္ကသိုလ်လို့ ခေါ်ရမလား၊ အဲဒီ့ “ဘဝတက္ကသိုလ်” မှာ ဘယ်နှစ်ကြိမ်မြောက် ရောက်ရှိသွားခြင်းပါလဲ?


“သူ” က ချေပဖူးတယ်။ ကိုယ်အသေ သတ်မှတ်ထားတဲ့ ရှုထောင့်တခုကနေပဲ ကြည့်ရင်တော့ တခြား ယုံကြည်ချက်တွေလည်း တွေဟာလည်း စံနှုန်းနဲ့ လွဲနေကြမှာပဲ။ အဲဒီ့ထဲမှာမှ သူ့ကို ဘာလို့ ကွက်ပြီး အရေးယူရသလဲလို့။

ဟိုဘက်မှာကလည်း အဖြေက အဆင်သင့်။ Enlightened man တပါးရဲ့ နာမည်ကို အလွဲသုံးစားလုပ်ခြင်း။

(၆)
ဒါဆိုရင် Enlightened man ဖြစ်တဲ့ အရှင်မြတ်ဟာ ဘာတွေ ဟောကြားခဲ့ပါသလဲ။

ကိုယ့်မှတ်စုလေး ကိုယ်ပြန်ပြီး ထုတ်ဖတ်ကြည့်တယ်။
[[[ ကျနော့်မှာ အပြောအဆို ကြမ်းတဲ့ ဘာသာမဲ့ သူငယ်ချင်းတယောက် ရှိတယ်။ သူက ရိုးသားပြီး ကူညီတတ်ပေမယ့် ပိဿလေးနဲ့ ပစ်သလို ပြောတတ်တယ်။
တရက် စကားဝိုင်းမှာ တခြားသူငယ်ချင်းတယောက်က သူ့ကို
“ဘာမှ လာငြင်းမနေနဲ့။ အဲဒါ ဘုရားသခင်ရဲ့ နှုတ်ကမြွက်တော်”
“ဘုရားသခင်ရဲ့ နှုတ်ကမြွက်တော်လို့ ပြောရအောင် မင်းက ဘုရားသခင်နဲ့ လက်ဘက်ရည်ဆိုင် အတူတူ ထိုင်ဖူးလို့လား”
အခြေအနေတွေ ရုတ်ရုတ်သဲသဲ ဖြစ်သွားတယ်။ သူငယ်ချင်းတယောက်က သူ့ကို ခွေးခြေခုံနဲ့ ရိုက်မယ်လုပ်တယ်။ နောက်တော့ သူ လက်ဘက်ရည်ဆိုင်က ထွက်သွားတယ်။
သူ့ဥပမာက ကြမ်းလွန်းတယ်။ ဒါပေမယ့် သူ ပေးချင်တဲ့ မက်ဆေ့ကတော့ ဒီနေ့အထိ ကျနော့်ရင်ဘတ်ထဲမှာ မိုးခြိမ်းနေတုန်း။ ]]]
[[[ အဲလို မက်ဆေ့မျိုး ကို ရှေးခေတ်က မှတ်တမ်းတင်ခဲ့တဲ့ စာအုပ်တွေကို နှိုင်းယှဉ်ဖတ်ကြည့်တဲ့ အခါမျိုးမှာလည်း ရနိုင်တယ်။
ဥပမာ…
ရာဇဓိရာဇ် အကြောင်း…
မွန်ဘာသာမူမှာ မွန်ဘုရင် ရာဇဓိရာဇ်သေလို့ မြန်မာဘုရင်မင်းခေါင်က သံဝေဂ ရပြီးငိုတယ်တဲ့။ မြန်မာဘာသာမူမှာကျတော့ မြန်မာ ဘုရင်မင်းခေါင်သေလို့ ရာဇဓိရာဇ်က သံဝေဂရပြီးငိုတယ်ဆိုပဲ။ သေတဲ့လူတွေက ပြောင်းပြန်ဖြစ်နေကြတယ်။ တခြားအချက်အလက်တွေမှာလည်း ကွဲလွဲမှုတွေ အများကြီး။
ကမ္ဘာအရပ်ရပ်က ရှေးရာဇဝင်ဇာတ်လမ်းတွေ အတိုင်းပါပဲ…. သမိန်ပရမ်း သရဲကိုက်လို့ သေတယ်ဆိုတဲ့ ကိစ္စတွေလို ဒဏ္ဍာရီဆန်တာတွေ အများကြီးပါနေရတော့တယ်။
ဒါတောင် လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀၀ နီးပါးလောက်ကပဲ ရှိသေးတယ်။ ဘာသာရေးသမိုင်းတွေလို နှစ်ပေါင်းထောင်နဲ့ချီလာရင် ?
တလွဲသုံးနေရင်တော့ ဘာသာရေးတွေဟာ အမုန်းကမ်ပိန်း တခု ပဲဖြစ်လာလိမ့်မယ်။
တကယ်တမ်းကျတော့ ဘယ်သူမဆို ကိုယ့်မျက်လုံးကို စည်းထားတဲ့ အဝတ်ကိုတောင် မြင်ရတာမှ မဟုတ်တာ။]]]
[[[နှစ်တွေ ခြားခြားလာတယ်။
ဘုရားတွေရဲ့ပုံရိပ် ဝါးဝါး လာတယ်။
ဒဏ္ဍာရီတွေ များများလာတယ်။
“တမန်တော်ကတော့ ဒီလိုအဓိပ္ပါယ်နဲ့ ပြောခဲ့တာ မဟုတ်လောက်ဘူး”
“ဒါတွေက ဘုရားဟောတာ မဖြစ်နိုင်ဘူး။ ရှေးလူတွေက သွတ်သွင်းခဲ့တာ”
“ဒါကမှ ဘုရားဟော အစစ်”
နောက်ဆုံးတော့ လူတွေဟာ ဘုရားတွေကို ကိုယ့်ထင်ကြေးအတိုင်း ပြန်ပြီး ဖန်ဆင်းနေရတာပါပဲ။ ယန်းပေါဆတ် (Jean Paul Sartre) ပြောသလိုပေါ့။ ကျနော်တို့ အားလုံး လွတ်လပ်မှုဒဏ်ကို အဲလောက်ထိ ကျခံနေရပါတယ်။]]]
(၇)

စဉ်းစားကြည့်လိုက်ရင် ဒီလိုမျိုးလည်း ဖြစ်နေပြန်သေးတယ်။ နိုင်ငံရေးပညာရှင် တယောက် ရှိခဲ့တယ် ဆိုပါစို့။ အဲဒီ့ ပညာရှင် ပြောခဲ့တယ် ဆိုတာတွေကို တဆင့် ပြန်ပြောပြတဲ့ သူတွေဆီက သိရတဲ့ စကားတွေဟာ တမျိုးစီ ဖြစ်နေတယ် ဆိုပါစို့။

ကျနော်က အဲဒီ့ နိုင်ငံရေး ပညာရှင် အကြောင်း ပြောမယ်။ “အဲဒီ့ ပညာရှင်ဟာ အရမ်းတော်တယ်လို့ လူတွေက ပြောကြတယ်။ ဒါပေမဲ့ သူဘာတွေ ပြောခဲ့မှန်းတော့ ငါလည်း သိပ်သိတာ မဟုတ်ဘူး။ ဒါပေမဲ့ ဟို A ဆိုတဲ့ တယောက်ကတော့ အဲဒီ့ နိုင်ငံရေး ပညာရှင် ဟာ ဒီလို ပြောသွားခဲ့တယ်လို့ ကျိန်းသေကြီးကို ပြောတယ်။ အဲဒါကိုပဲ ငါယုံတယ်။ A ပြန်ပြောပြတာကမှ ဟိုနိုင်ငံရေးပညာရှင် ရဲ့ တကယ့် စကားအစစ်။ အဲဒါက လွဲရင် အမှားတွေ။ ဘာလို့တုန်းဆိုတော့ A ပြောတာကိုပဲ ကျနော်က ငယ်ငယ်ကတည်းက သိလာလို့။
(ဒါပေမဲ့ တကမ်တမ်းကျ တဆင့် ပြန်ပြောတဲ့ A ကလည်း သေချာသိတာ မဟုတ်ဘူး။ ကျနော်ကလည်း သေချာသိတာ မဟုတ်ဘူး။ A ပြောတာကမှ အမှန်ဆိုရင်လည်း တကမ္ဘာလုံးက ဟာတွေက အမှားလို ဖြစ်သွားမယ်။)

နောက်တယောက်ကလည်း ကျနော့်လိုပဲ ပြောမယ်။ ဒါပေမဲ့ အယူအဆချင်းကတော့ မတူဘူး ဖြစ်နေပြီ။ ဒါဆိုရင် ဘယ်ဟာက အမှန်လဲ? ထားပါတော့။ ခေါင်းရှုပ်တယ်။ ဆုံးဖြတ်ရ ခက်တာချင်း အတူတူ ဒီနေရာ ဒီဒေသမှာ ရေများရင် ရေကို အနိုင်ပေးလိုက်တာက ငြိမ်းချမ်းပါတယ်။ ဒါ အထူးအဆန်းမှ မဟုတ်တာ။ ဟိုဒေသမှာလည်း မီးများရင် မီးကို အနိုင်ပေးနေတာပဲလေ။

ဒါဆိုရင် ကျနော့်ရဲ့ ဇာတ်လိုက် “သူ” ဟာ မှားသွားပြီပေါ့။ ရှိစေတော့။

(၈)

“သူ” ပြောခဲ့တာတွေ မှားတယ် ဆိုရုံနဲ့ သူ့ကို အကျဉ်းချသင့် ပြီလား။ "သူ" က အသက်လည်း တော်တော်ကြီးလှပြီ။ "သူ" နဲ့ စကားပြောဖူးတဲ့ ညီမလေး တယောက်ကတော့ "သူ"ဟာ စိတ်ရှည်လက်ရှည် ရှင်းပြတတ်တဲ့ စည်းရုံးတတ်တဲ့ အဘိုးတယောက်နဲ့ တူတယ်လို့ တင်စားဖူးတယ်။

သူအကျဉ်းကျနေရခြင်း အကြောင်း၊ ဟိုတစ ဒီတစ အသိလေးတွေနဲ့ ကျနော် စာလုံးပေါင်းကြည့်တယ်။

1. တဘက်မှာ သူ့ကို ချေပခွင့် ရှိသလား။ သူမှားကြောင်း ထောက်ပြခွင့် ရှိသလား။ [မီဒီယာ ပေါင်းစုံသုံးပြီး ချေပခွင့် ရှိတယ်။ သူ့မှာသာ ပုံနှိပ်မီဒီယာတွေကနေ အပြန်အလှန် ချေပခွင့် မရှိတာ။ သူ့အယူအဆ တွေကိုလည်း ပုံနှိပ် ဖြန့်ဝေခွင့် ပိတ်ပင်ထားတယ်] အဲဒီ့လောက် လုပ်တာဟာ မလုံလောက် သေးဘူးလား။
2. စာဖတ်တဲ့ သူတွေကို အထင်သေးတာလား။ စာဖတ်တဲ့ သူတွေမှာ စဉ်းစားနိုင်တဲ့ ဦးနှောက် မရှိတော့ဘူးလား။ [ဦးနှောက်တွေ ရှိပါတယ်။ “သူ” ပြောသမျှကို အားလုံးကတော့ လက်ခံကြမှာ မဟုတ်ပါဘူး။ အားလုံး လက်ခံလိုက်မှတော့ ခုလို ပြဿနာတောင် ဖြစ်နေမှာ မဟုတ်ပါဘူး။ ပြီးတော့ သေနတ်နဲ့ ထောက်ပြီး သူ့ဝါဒတွေကို အတင်း ယုံခိုင်းနေတာမှ မဟုတ်တာ။]
3. ကိုယ့်ဟာက ရာနှုန်းပြည့် မှန်နေပြီလို့ ထားလိုက်ပါတော့။ ဒါဆိုရင် မသိနားမလည်သေးတဲ့ သူတွေ သူ့အမှားတွေကို နားဝေတိမ်တောင် ဖြစ်သွားရင်ကော ဘယ်လိုလုပ်မလဲ။ [သူ့လိုဆန်ဆန် အတွေးမျိုးက… ဥပမာ တောင်တတောင်ဟာ ကမ္ဘာ့ပထဝီမှာ မရှိဘူးလို့ ပြောတာမျိုးက “သူ” မှ တွေးမိတာ မဟုတ်ပါဘူး။ အဲလိုအတွေးတွေကို တခြားလူတွေလည်း တွေးမိနိုင်ပါတယ်။ ဒီလိုဆိုတော့ သူ့ဟာကို ကိုယ့်ဘက်က ယုတ္တိခိုင်ခိုင်နဲ့သာ ဖြေရှင်းနိုင်မယ်ဆိုရင် အများ အတွေးမှားနေကြတဲ့ ကိစ္စတွေကို တခါတည်း ဖြေရှင်းပြီးသားတောင် ဖြစ်သွားပါဦးမယ်]
4. ဟိုး နှစ်ပေါင်းထောင်ချီခဲ့တဲ့ ပဒေသရာဇ် ခေတ်တုန်းကတောင် အယူအဆတွေ ရောင်စုံ ဖူးပွင့်ခဲ့သေးတယ်လို့ ဆိုတယ်။ ဥာဏ်တော်ရှင် ဖူးပွင့်ခဲ့တယ်ဆိုတဲ့ခေတ်က ပဒေသရာဇ် ဘုရင်တွေ အခုလို ဆန်ဆန် ဖမ်းဆီးတာမျိုး ရှိခဲ့ဖူးပါသလား?
5. သူ့အနေနဲ့ နာမည်က အစ ခွဲထွက်ပြီး လုပ်ရင်ရော [ဒါဆိုရင်လည်း Holy man တပါး ရဲ့ အယူအဆတွေကို နှစ်သက်လို့ “သူ” ယူပြီး ကိုးကားတဲ့ အခါမှာ credit မပေးဘဲ ယူသုံးတယ်လို့များ စွပ်စွဲကြလေမလား။ လောကအတွက် ဖူးပွင့်လာတဲ့ ဥာဏ်ကြီးရှင် တယောက်ရဲ့ ဝါဒတွေကို လူတိုင်းက ကိုးကားခွင့် မရှိတော့ဘူးလား။]

ရနိုင်သမျှ အချက်အလက်လေးတွေကို အခြေခံပြီး တွေးကြည့်ခြင်းဟာ ခေါင်းမူးစေတတ်တယ်ဆိုရင် အဲဒါကို မူးယစ်စေတတ်သော အရာလို့များ ပြောကြမလား။ ရှိစေတော့။ ကျနော်တွေးကြည့်ချင်သေးတယ်။

(၉)
ဒေါက်ဒေါက်ဒေါက်
မေးခွန်းတွေ ဦးနှောက်ကို တံခါးလာခေါက်နေတယ်။
ဒေါက်ဒေါက်ဒေါက်
ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူ စာရင်းထဲမှာ သူ့ကို ဘာကြောင့် ထည့်မထားကြတာလဲ?

(၁၀)
"သူ" ဘယ်သူလဲ သိချင်ရင်တော့ ကောင်းကင်ရဲ့ အရောင်ကိုသာ ကြည့်လိုက်။
ကောင်းကင်ကို
(ပို့စ်တင်ထားတဲ့ တကယ့်ရက်က ဒီဇင်ဘာ ၃၁ ရက်နေ့ပါ။ ကော်ပီ + ကြော်ညာပို့စ်ကို ဒါရဲ့ အပေါ်ကို ရောက်စေချင်လို့ ဒီဟာတင်တဲ့ ရက်ကို ဒီဇင်ဘာ ၂၀ လို့ ပြောင်းထားလိုက်ပါတယ်။)

15 comments:

johnyorksu said...

ကောင်းလိုက်တဲ့ Post လေးပါလား ... Congratulation Brother...

မြတ်ပန်းနွယ် (Myat Pan Nwe) said...

ကိုကောင်းကင်ကိုရဲ့ အက်ဆေးတွေကိုရော၊ ကဗျာတွေကိုရော နှစ်သက်တယ်။

မင်္ဂလာရှိသော နှစ်သစ်လေးမှာ ပျော်ရွှင်ပါစေရှင်။

လေးစားစွာဖြင့်
မြတ်ပန်းနွယ်

koye said...

အ၇မ်းကိုကောင်းပါတယ် အကို့ ၇ဲ့အတွေးတွေကိုသဘောကျတယ်....

ကိုပေါ said...

အယူအဆမတူကွဲလွဲရုံမျှနဲ့ အတင်းဖမ်းဆီးထောင်ချတယ်ဆိုတာ အင်မတန် ရိုင်းစိုင်းယုတ်မာတဲ့ လုပ်ရပ်ပါ။ အဲဒီကိစ်စမှာ ပါဝင်ပတ်သက်တဲ့ ပုဂ်ဂိုလ်တွေကို ကြည်ညိုရန်ဝေးစွ။ ကမ်ဘာ့အကျင့်ပျက် အရိုင်းစိုင်းအယုတ်မာဆုံးသူတွေ၊ တရားလက်လွတ်ပြုမူတတ်သူတွေလို့သာ မှတ်ယူပါတယ်။

Anonymous said...

ယုံကြည်ချက်ကြောင့်အကျဉ်းကျနေးတာမဟုတ်ပါ သူတပါးဘာသာကိုဆင်တူယိုးမှားလုပ်ပီး လိမ်လဲစည်းရုံးလို့ထောင်ချထားတာသာဖြစ်ပါတယ် သူကိုသူဘုရားလိုဆိုရင်လည်း သီးခြားဘာသာထူထောင်သင့်ပါတယ်

Kaung Kin Ko said...

သူ့ဝါဒ ဆိုတာ သူ့ယုံကြည်ချက်တွေ မဟုတ်ဘူးလား။ ဒီတော့ prisoner of conscience ပေါ့။ Buddha ရဲ့ အဆုံးအမတွေကို သူက ယူသုံးတော့ သူ့ဘာသာရေးရဲ့ နာမည်မှာ Buddha ကို Credit ပေးဖို့တော့ လိုမှာပေါ့။ မဟာယာန ဆိုလည်း ထေရဝါဒ အမြင်နဲ့ ကြည့်မယ်ဆိုရင် တူတာမှ မဟုတ်တာ။ လွဲတယ်လို့ ပြောကြမှာပဲ။ ဒါပေမယ့် မဟာယာန Buddhism လို့ သုံးရတာ မဟုတ်ဘူးလား။ ဒီတော့ သူ့နာမည်မှာလည်း ပါမှာပေါ့။

Anonymous said...

သူတပါးဝါဒကိုသုံးရင်ကိုယ့်ကိုကိုယ် ဘုရားလို့မပြောရပါ ပြောရင်လိမ်တာသာဖြစ်ပါတယ် လွတ်လပ်စွာယုံကြည်ခွင့်ရှိသင့်ပါတယ် လိမ်လည် ခွင့်မရှိသင့်ပါ

Anonymous said...

ulgေ၇းတဲ့ ဒီပို့စ်လေးက ၂၀၁၂ လက်ဆောင်အဖြစ် [ ကိုယ့်ဘာသာကိုယ်သတ်မှတ်လိုက်တာ ^__^ ] ပေးတယ်လို့ သဘောထားလိုက်တယ်။ သိုင်းကျူးပါ။ အင်း...............အာဏာရှင်တွေကြီးစိုးတဲ့ လူ့အဖွဲ့အစည်းထဲမှာ ၇ှိနေတာကိုက သူကပဲ ကံမကောင်းတာလား မသိဘူးနော်။ အင့်အားမရှိတော့ ခနနေညှိုးသွားတော့မယ့် သူတစ်ယောက်အတွက် လူတွေ သတိထားမိအောင် ရေးပေးတဲ့ အတွက် ကျေးဇူး။ တခုရှိတာက လူတွေ သေချာ စေ့စပ်တွေးခေါ်ပြီးမှ ဒီအရာက တို့အတွက်ပြောတာလား လူ့အဖွဲ့အစည်းတွက် အကျိုး၇ှိမယ့် အရာလားဆိုတာကို ချင့်ချိန်စဉ်းစားဖို့ လိုနေသေးတယ်လို့ထင်ပါတယ်။ ဘယ်ဟာက ကိုယ့်အတွက် teaching လား အဆိပ်လား ဝေဖန် စဉ်းစားမယ်ဆိုရင် အတိုင်းထက်အလွန်လို့........ပြောချင်ပါတယ်။ ဆက်လက်ေ၇းပေးမယ်လို့မျှော်လင့်၇င်း.................

Kaung Kin Ko said...

ဓမ္မဝိဟာရီရဲ့ ဒီအချက်ကို ကြည့်ပြီး ပြောတာလားဗျ။ "လူသားလျှောက်ရမည့်လမ်းဟူသည် ဘုရားသခင်၏ အစေအပါးအဖြစ် ကိုယ့်ကိုယ်ကို ယဇ်ပူဇော်ခြင်းမဟုတ်။ မိမိကိုယ်ကို မိမိကပင် ဘုရားသခင်အဖြစ် ခန့်အပ်လိုက်ခြင်းပင်ဖြစ်သည်။" အဲဒါဆိုရင်တော့ ကောင်းတယ်လို့ ထင်တယ်။

Anonymous said...

သူတပါးဝါဒပဲဖြစ်ဖြစ် ဘာသာပဲဖြစ်ဖြစ် မဝေဖန်လိုပါ ကိုယ်ယုံကြည်သလို ရိုးရိုးသားသား ဟောပြောနိုင်တယ်လို့ထင်ပါတယ် buddhist အများစုရှိတဲ့နိုင်ငံမှာ ဆင်တူယိုးမှား မလုပ်ပါနဲ့ credit ပေးစရာလဲလုံးဝမလိုပါ သီးခြား နာမဉ် တခု နဲ့ ပေါ့ အခု ဟာက ဆင်တူယိုးမှား လုပ်ပီးလိမ်ပါ ကိုယ်ယုံကြည်ရင်ယုံ ကြည် သလို ရိုးရိုးသာသား လိပ်ပြာသန့်သန့် လုပ်ကြလေ

Anonymous said...

အဲဒါဆို သူယုံကြည်ရာကို အသုံးပြုပြီး လိမ်တယ်ပဲထားပါတော့
ဒါပေမဲ့ ပြန်လည်ချေပခွင့် မပေးတဲ့ မဟနက ဂတုံးတွေ၊ အရင် စစ်အစိုးရ စသည်ဖြင့် ဒင်းတို့က ဘာကောင်တွေမို့ လူသားတစ်ဦး ရဲ့ လွတ်လပ်ခွင့်ကို ပိတ်ပင်ရတာလဲ

Anonymous said...

ကောင်းကင်ကိုက လက်စသတ်တော့ မိုးပြာဂိုဏ်းဝင် တစ်ယောက်ကိုး..ဒါကြောင့် ကိုယ်လေးစားမိတဲ့ ကဗျာဆရာတစ်ယောက် နောက်ပိုင်းမှာ ဘာလို့ အူကြောင်ကြောင် အီလည်လည် ဖြစ်လာပါလိမ့်လို့ ခံစားမိပြီး နားမလည်နိုင် ဖြစ်နေတာ ခုမှပဲ ရှင်းတော့တယ်... တကယ်ရင်ထဲက ရှိတဲ့အတိုင်း ပြောရရင်..မင်းကို ကို နှမြောမိတယ်..ညီ..

Kaung Kin Ko said...

ဘာသာမဲ့ (ဝါ) free thinker (ဝါ) non-believer တယောက်နဲ့ မိုးပြာဂိုဏ်းဝင် တယောက်က အများကြီးခြားနားပါတယ် အကို။

Unknown said...

အကို့စာတွေ လိုက်ဖတ်ရင်း ဖတ်ရင်း
အနော် လည်း ရွာပြင် ထွက်ကိန်း မြင်နေပြီ အကို..
.ကဲ.အကိုရေ နည်းနည်းတော့..ရှော့..
.ဗျာ........
ခင်မင်လေးစားလျှက်..
...(ဒုတိယ)

ဲJimmy said...

ကိုကောင်းကင်ကို အကြံပေးချင်တာက
ဒဿန အမြင်တခုတည်းနဲ့ အရာရာကို
မဆုံးဖြတ်ဖို့ ပါ...
ဒဿန အမြင်က မဖြေရှင်းနိင်တဲ့ အမှန်တရားတွေ
ရှိပါတယ်။