Friday, November 25, 2011

လက်နက်မဲ့ စစ်ဆင်ရေး

လိမ်နေတာ မဟုတ်ရပါဘူး။
နင်စိတ်ချမ်းသာအောင် မေတ္တာနဲ့ ဝန်ဆောင်မှုပေးလိုက်တာပါ။

နင့်အလိုဆန္ဒတွေ ရှေ့နောက် မညီသရွေ့
ငါ့ကတိတွေလည်း ရှေ့နောက် ညီမှာ မဟုတ်ဘူး။
နင် စံပယ်လိုရင် စံပယ်၊ နင် နှင်းဆီလိုရင် နှင်းဆီ
ငါ့နှုတ်ခမ်းတွေက ချက်ချင်းပွင့်ပေးမှာ။

ငါ့ရဲ့မိရိုးဖလာ စကား...
သကြားအုပ်ထားတာ ဆိုပေမဲ့
ချစ်ခြင်းမေတ္တာမှာ
အနှစ်ရော အကာပါ ပါတယ်။

အထီးကျန်သီချင်းကို ဆိုနေကျ
ခေါက်ရိုးကျိုးနေတဲ့ နှုတ်ခမ်းတွေတောင်
ကြည့်စမ်း…
အတွေ့အကြုံ အသစ်အဆန်းနဲ့ လန်းလို့။

တကယ်တော့ ဒါက
မတရား တံဆိပ်ကပ်ခံနေရတဲ့ သဘာဝ၊
ပြီးတော့ ဒုက္ခတောထဲက အာဟာရပေါ့။

အဲဒီ့နေ့က
ချစ်သောမျက်လုံးတွေနဲ့
တယောက် အတွင်းသားကို တယောက် ကြည့်ခဲ့ကြတယ်။

အဲဒီ့နေ့က
မေတ္တာလက်နက်နဲ့
တယောက်ခါးကို တယောက် လက်ထိပ်ခတ်ခဲ့တယ်။
(ကောင်းကင်ကို)

2 comments:

yinminkhine said...

ငါ့ရဲ့မိရိုးဖလာ စကား...
သကြားအုပ်ထားတာ ဆိုပေမဲ့
ချစ်ခြင်းမေတ္တာမှာ
အနှစ်ရော အကာပါ ပါတယ်။

ချစ်ခြင်းမေတ္တာ"လက်နက်မဲ့ စစ်ဆင်ရေး" ခံစားချက်လေးကောင်းလိုက်တဲ့
"လက်နက်မဲ့ စစ်ဆင်ရေး"

Unknown said...

အားပေးခဲ့တယ်အကိုရေ..

..လိမ်နေတာ မဟုတ်ရပါဘူး။
နင်စိတ်ချမ်းသာအောင် မေတ္တာနဲ့ ဝန်ဆောင်မှုပေးလိုက်တာပါ။

အဲလို ၀န်ဆောင်မှု့. ပေးတာ ပိုသဘောကြတယ်အကိုရ
း) ဟဟ