Tuesday, June 21, 2011

ကောင်းချင်ဦးဟဲ့ ကျန်းမာရေး (Philosophy, Ethics, Politics)

ဘာရွေးရွေး သွေးစွန်းမယ့် ကိစ္စ

“သင်ဟာ ဘုရားသခင်လည်း မဟုတ်၊ သေမင်းလည်း မဟုတ်။ ဒါပေမယ့် အသက်တွေကတော့ သင့်လက်ထဲမှာချည်းပဲ”

အောက်က စာပိုဒ်တွေကတော့ Andrew Pessin ရဲ့ ‘You Choose, You Lose’ ကို ဘာသာပြန်ထားတာပါ။

ကလေးငါးယောက်ဟာ ရထားလမ်းလွှဲနားက ရထားလမ်းကြောင်း တခုပေါ်မှာ သဲကြီးမဲကြီးဆော့နေကြမယ်၊ ဆော့တဲ့အထဲမှာ စိတ်ရောက်နေကြပြီးတော့ ရထားလာနေတာကိုလည်း သူတို့ သတိမထားမိကြဘူး ဆိုပါစို့။ ကံကောင်းချင်တော့ သင်က အဲဒီ့အဖြစ်အပျက်ကို လှမ်းမြင်လိုက်ပြီး ရထားလမ်းကြောင်းကို အချိန်မီ လွှဲပစ်နိုင်တဲ့ ခလုတ်ကလည်း သင်လက်လှမ်းမီတဲ့နားမှာ ရှိနေမယ်။ ကံဆိုးချင်တော့ အဲလို လမ်းလွှဲလိုက်ဖို့ ဆိုပြန်တော့လည်း တခြားလမ်းကြောင်းမှာ ဆော့နေတဲ့ ကလေးတယောက်ကလည်း ရှိနေပြန်တယ်။

ကဲ..ဘယ်လိုဆုံးဖြတ်သင့်တယ်လို့ စာဖတ်သူ ထင်ပါသလဲ။ ဘာမှမလုပ်ပဲ ဒီတိုင်းထားလိုက်ရင် ကလေးငါးယောက် သေမယ်။ လမ်းလွှဲခလုတ်ကို နှိပ်လိုက်ရင်တော့ ကလေးငါးယောက်ရဲ့ အသက်ကို ကယ်နိုင်မှာ ဖြစ်ပေမယ့် တခြားကလေးတယောက်က အသားလွတ်သေမယ်။ ငါးယောက်နဲ့ တယောက် ဘယ်ဟာကို ရွေးမလဲ။

ဒီနေရာမှာ မူရင်းစာရေးသူ ရေးထားတာက လူတော်တော်များများဟာ ငါးယောက်ရဲ့ အသက်ကို ကယ်ဖို့အတွက် (စိတ်ဆင်းရဲစွာနဲ့ပဲ တယောက်ကို စတေးပြီး) ရထား လမ်းလွှဲခလုတ်ကို နှိပ်ကြဖို့များတယ်လို့ ဆိုထားပါတယ်။

စာဖတ်သူဆိုရင်ကော ဘယ်လိုလုပ်မလဲ။ ဆက်ပြီးတွေးမိတာက… ‘ငါးယောက်ကို ကယ်ဖို့အတွက်နဲ့ တယောက်ကို အသားလွတ် မစတေးသင့်ဘူး၊ ခလုတ်ကို မနှိပ်သင့်ဘူး’ လို့ ယူဆတဲ့သူဆိုရင်တောင်
(၁) ကလေးငါးယောက်ထဲမှာ ကိုယ့်မောင်နှမ ဒါမှမဟုတ် သားသမီးတယောက်ယောက် ပါနေရင်ကော

ဟုတ်ပြီ။ ဒီ့ထက်ပိုကြမ်းတဲ့ ဥပမာတခုကို ကြည့်ရအောင်။

ဒီအောက်က စာကတော့ လန်ဒန်မြို့City University မှာ ဒဿနိကဗေဒ (philosophy) ကို သင်ကြားပို့ချ ပေးနေတဲ့ BBC အစီအစဉ်တွေမှာလည်း ဒဿနိကဗေဒဆိုင်ရာတွေ တင်ဆက်ခဲ့တဲ့ ပါမောက္ခ Peter Cave ရဲ့ ‘The Dangers of Health’ ကို ဘာသာပြန်ထားတဲ့ ပထမပိုင်း ဖြစ်ပါတယ်။


ကိုယ်အင်္ဂါ အစားထိုးကုသရေး နဲ့ပတ်သတ်ပြီး အတော်ဆုံး၊ အအောင်မြင်ဆုံး အဖွဲ့ တခုရဲ့ ခေါင်းဆောင် အထူးကု ဆရာဝန်တယောက်ရှိမယ်၊ ပြီးတော့ အဲဒီ့ဆရာဝန်ဟာ အတွေးအခေါ်သမား တယောက်လည်း ဖြစ်ခဲ့မယ် ဆိုပါစို့။

ကိုယ်အင်္ဂါ အစားထိုး ကုသမှု ခံယူဖို့ အလျင်အမြန် လိုအပ်နေတဲ့ လူနာလေးယောက် ရှိနေမယ်၊ ပြီးတော့ အဲဒီ့လူနာတွေ အတွက် လိုအပ်တဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေ အချိန်မီ ရှာလို့မရလို့ သူတို့လေးယောက်လုံး သေရမယ့်ကိန်းဆိုက်နေတယ်လို့ ယူဆကြည့်ကြပါစို့။

Andrea ကတော့ အသည်းအစားထိုးဖို့ လိုအပ်နေတာပါ။ Barry က နှလုံး၊ Clarissa က ပန်ကရိယ၊ Donald က အဆုတ် စတာတွေ အသီးသီး အစားထိုးကုသခံဖို့ လိုအပ်နေကြမယ်၊ အလှူရှင်ကလည်း တယောက်မှ မရှိတဲ့အတွက် ခေါင်းဆောင်ဆရာဝန်ဟာ အကြီးအကျယ် စိတ်ညစ်နေမယ်။ ဒါ့အပြင် အဲဒီ့ဆရာဝန်ဟာ ငွေကြေးအတွက် လုပ်နေတဲ့ အသပြာ ဆရာဝန်မဟုတ်ပဲ လူတွေရဲ့ အသက်ကို ကယ်တင်ချင်လို့ လုပ်နေတဲ့ စေတနာ ဆရာဝန် တယောက် ဖြစ်နေတယ် ဆိုပါစို့။ ခုတော့ လူလေးယောက် အသက်ဆုံးရှုံးတော့မယ့် အရေးကို သူလက်ပိုက်ပြီး ကြည့်နေရပြီ။

ဝေဒနာရှင် လေးယောက်ဟာ အပြစ်ကင်းစင်တဲ့ လူတွေဖြစ်တဲ့အပြင် ဝေဒနာတွေသာ ခံစားမနေရဘူးဆိုရင် ပြည့်စုံပျော်ရွှင် နေမယ့်သူတွေလည်း ဖြစ်တယ်ဆိုပါစို့။ တကယ်လို့ လိုအပ်တဲ့ ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေသာ ရမယ်ဆိုရင် သူတို့အားလုံးရဲ့ အသက်ကို ကယ်နိုင်မှာဖြစ်ပေမယ့် အဲဒါတွေ အချိန်မီရဖို့ မျှော်လင့်ချက်မရှိဘူးဖြစ်နေမယ်။

ဒီလိုနဲ့ ဆရာဝန်ဟာ စိတ်ပျက်လက်ပျက်နဲ့ လူနာလေးယောက်ကို မျှော်လင့်ချက် မရှိတော့ဘူးလို့ ပြောမလို့ရှိသေး၊ ဆရာဝန်ဟာ ဆေးခန်းမှာ receptionist အသစ်တယောက် ရောက်လာတာကို သတိထားမိတယ်။ သူက ကျန်းမာသန်စွမ်းတဲ့ လူငယ်၊ သူ့နာမည်က Eric၊

ဆရာဝန်ရဲ့ မျက်လုံးတွေဟာ ရုတ်တရက် အရောင်တောက်လာကြတယ်။ Eric ကို ခွဲခန်းထဲမှာ လိုက်ပြရင်း ဆရာဝန်ရဲ့ စိတ်ထဲမှာ တွေးနေမိတာက
“ငါက လူတတ်နိုင်သမျှ များများကို ကယ်ချင်တဲ့လူ တယောက်ဖြစ်တယ်။ Eric ကိုသတ်ပြီး သူ့ရဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေကို လိုအပ်နေတဲ့ လူနာလေးယောက်ကိုသာ ဝေလိုက်ရရင် သူတို့လေးယောက်လုံး အသက်ရှင်မယ်။ Erci ကတော့ အသက်ဆုံးရှုံးသွားမယ်။ သူသေသွားတာ အရမ်းဝမ်းနည်းစရာ တခုဆိုတာ မှန်ပေမယ့် လူလေးယောက်ရဲ့ အသက်ကိုတော့ ကယ်နိုင်လိမ့်မယ်။ တယောက်ကို စတေးပြီး လေးယောက်ရဲ့ အသက်ကို ကယ်တင်နိုင်တာဟာ ထိုက်တန်တဲ့ စတေးမှုတခု မဟုတ်ဘူးလား”

Eric ကို သတ်တဲ့အမှုဟာ ဥပဒေနဲ့တော့ မညီဘူးပေါ့၊ ဒါပေမယ့် ဒီနေရာမှာ အဓိက ဆွေးနွေးချင်တာက (ဥပဒေက ခွင့်ပြုတယ်ပဲထားပြီး ဘာသာရေးတွေရဲ့ ကျင့်ဝတ်တွေကိုလည်း ခဏမေ့ထားကြပါစို့) ဘယ်ဟာက ပိုမို လုပ်သင့်/အကျိုးရှိ သလဲ၊ ဘယ်ဟာက ပိုမိုမှန်ကန်နိုင်သလဲ ဆိုတဲ့ အချက် ဖြစ်ပါတယ်။ ဘာမှမလုပ်ပဲ ထားလိုက်ရင် ဝေဒနာရှင် လေးယောက်ဖြစ်တဲ့ Andrea, Barry, Clarissa, Donald တို့ ကို ဆုံးရှုံးမယ်။ Eric ကို စတေး လိုက်ရင်တော့ လူလေးယောက်ရဲ့ အသက်ကို ကယ်နိုင်မယ်။ လူငါးယောက် (Eric+လေးယောက်) လုံးရဲ့ ဘဝတန်ဖိုးကလည်း အတူတူပဲ ဆိုကြပါစို့။


မူရင်းစာရေးသူ Peter Cave ကလည်း အပြစ်ကင်းရိုးသားတဲ့ လူတယောက်ကို သတ်ပြီးမှ အပြစ်ကင်းရိုးသားတဲ့ လူလေးယောက်ကို ကယ်တင်ဖို့ ဆိုတာ လူတော်တော်များများ အတွက် ထိတ်လန့်တုန်လှုပ်စရာ အတွေးဖြစ်လိမ့်မယ်လို့ ဆိုထားပါတယ်။ ဘာသာပြန်သူ ဖြစ်တဲ့ ကျနော်လည်း အဲဒီ့အတိုင်းပဲ ယူဆပါတယ်။

ဒီနေရာမှာ ကျနော့် အတွေးထဲမှာ ပေါ်လာတဲ့မေးခွန်းလေးတွေကို စာဖတ်သူကို မေးလိုပါတယ်။
(၁) ဝေဒနာခံစားနေရတဲ့ လေးယောက်ထဲမှာ ကိုယ့်မိဘ တဦးဦး ပါနေရင်ရော ဘယ်လိုဆုံးဖြတ်မလဲ။ (ခုနက ‘ရထားလမ်းလွှဲ’ ပြဿနာတုန်းက…ဆော့နေတဲ့ကလေးငါးယောက်ထဲမှာ ကိုယ့်ကလေးပါခဲ့ရင် ဆိုတုန်းကရော ဘယ်လိုဆုံးဖြတ်ခဲ့လဲ)

တကယ်လို့ စတေးခံရမယ့် ပုဂ္ဂိုလ်ဖြစ်တဲ့ Eric ဟာ
(၂) လူကောင်းမဟုတ်ပဲ ဆိုးဆိုးဝါးဝါး ရာဇဝတ်ကောင် ဖြစ်နေရင်ရော ဘယ်လိုဆုံးဖြတ်မလဲ။ (ဟိုလေးယောက်က လူကောင်းဆိုပါစို့)

(၃) တကယ်လို့ Eric က လူမဟုတ်ပဲ တိရိစ္ဆာန် တကောင်ကောင် (တိရိစ္ဆာန်ရဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းကိုလည်း လူမှာ အစားထိုးလို့ အိုကေတယ်ပဲ ထားလိုက်ကြပါစို့) အဲဒါဆိုရင်ကော တိရစ္ဆာန်ကို စတေးမလား။

ဒီကိုယ်အင်္ဂါ အစားထိုးကုသရေး ပုစ္ဆာက ကြမ်းတဲ့အတွက် (Eric သေအောင် ကိုယ်တိုင် အားထုတ်ဖို့လိုတဲ့အတွက်၊ ကာယကံမြောက် သတ်ဖို့လိုတဲ့အတွက်) ကျနော်အပါအဝင် လူတော်တော်များများက တယောက်ကို မစတေးသင့်တဲ့ဘက်မှာ နေကြလိမ့်မယ်လို့ ကျနော့်အနေနဲ့ ထင်မိပါတယ်။ ရှေ့က ရထားလမ်းလွှဲ ပြဿနာမှာတော့ ကိုယ်တိုင်ကိုယ်ကျ သတ်ဖို့မလိုဘူးလေ။ ခလုတ်ကို နှိပ်လိုက်ရုံ၊ ဆုံးဖြတ်ချက် ချရုံပဲဆိုတော့ ကလေး တယောက်ကို စတေးပြီး ကလေး ငါးယောက်ကို ကယ်ချင်တဲ့စိတ် ပေါ်ချင်ပေါ်နိုင်တယ်လို့ ထင်မိပါတယ်။

ဆရာမ ဂျူးကလည်း ‘ရထားလမ်းလွှဲ’ ပြဿနာနဲ့ တော်တော်လေးတူတဲ့ အင်္ဂလိပ်အက်ဆေး တပုဒ်ကိုမှီငြမ်းပြီးတော့ ‘အဝါရောင်ရထား’ ဆိုတဲ့ ဝတ္ထုတို တပုဒ်ကို ရေးခဲ့ဖူးပါတယ်(စင်ကာပူ စာပေဟောပြောပွဲအရ)။ ကလေးငါးယောက်ကို ကယ်ဖို့ ကလေးတယောက်ကို စတေးရမယ့် နေရာမှာ ကလေးတယောက်ကို ကယ်ဖို့ ‘ဇာတ်လိုက်မ’က သူ့ကားကို စတေးရမယ့် အခြေအနေမျိုး ဖြစ်သွားတာပဲ ကွာပါတယ်။ အဲဒီ့တော့ အားပျော့သွားပါတယ်။ အဲဒီ့ဝတ္ထုကတော့ ရှင်းပါတယ်။ moral value အရပဲ ကြည့်မယ်ဆိုရင်တော့ ကားအစား ကလေးကိုပဲ ရွေးသင့်တာ ထင်ရှားလွန်းပါတယ်။ (ဇာတ်လိုက်မ ကတော့ ကားကို ရွေးသွားပါတယ်။) အဲဒီ့ဝတ္ထုဟာ လူ့အတွင်းစိတ်ပဋိပက္ခတွေ၊ လူတွေရဲ့ အတ္တကြီးမှုတွေကိုပဲ ဖွဲ့ချင်တာ ဖြစ်ပါလိမ့်မယ်။

ကိုယ်အင်္ဂါ အစားထိုးကုသရေး ဆရာဝန် ရင်ဆိုင်ရတဲ့ ပြဿနာလို၊ ‘ရထားလမ်းလွှဲ’ ပြဿနာလို ပြဿနာမျိုး အပြင်မှာ မရှိနိုင်ဘူးလို့တော့ မထင်လိုက်ပါနဲ့။ အဲဒီ့လောက် မထင်ရှားပေမယ့် အဲဒီ့လို ပြဿနာမျိုးက လက်တွေ့လောကမှာလည်း ရှိနေပါတယ်။

အများစုအတွက် အနည်းစုကို စတေးသင့်ပါသလား?

ဒီနေရာမှာ ကျနော် ကြားဖြတ်ပြောချင်တာက လူ့စိတ်ဟာ (လူတယောက်တည်းမှာကို) ရှေ့နောက်မညီတဲ့ အတွေးအခေါ်တွေကို အတူတူ လက်ခံထားတတ်ပါတယ်။ ဥပမာ သိပ္ပံက ပြောတဲ့ ဒိုင်နိုဆောရှိခဲ့တယ် ဆိုတဲ့ အယူအဆမျိုးကို လက်ခံထားသူတယောက်ဟာ တခြားတဘက်မှာလည်း လူတွေကို ဘုရားသခင်က တိုက်ရိုက်ဖန်ဆင်းတယ် ဆိုတဲ့ အယူအဆတွေ၊ ဗြဟ္မာကြီးလေးပါးကနေ ဆင်းသက်လာတယ် ဆိုတဲ့ အယူအဆတွေကို လက်ခံထားတတ်ပါတယ်။ ကိုယ်လက်ခံထားတဲ့ အယူအဆတွေ ရှေ့နောက် ညီမညီကိုလည်း လူအများစုက မဆန်းစစ်တတ်ကြပါဘူး။ ကိုယ့်ကိုယ်ကို ကြံဖန်လှည့်စားပြီး နေတတ်ကြပါတယ်။ မတော်တဆ ကိုယ်တယောက်တည်းရဲ့ အယူအဆချင်း ထိပ်တိုက်တွေ့လာရင်တောင် အတွေးကို ချက်ခြင်းဖြတ်လိုက်ပြီး စဉ်းစားမှု ရပ်လိုက်ကြတာများပါတယ်။ စိတ်အပင်ပန်း မခံချင်တဲ့ သဘောပါ။

ခုနက ပြဿနာနှစ်ပုဒ်နဲ့ ပတ်သတ်တဲ့ ကိစ္စမှာလည်း အတူတူပါပဲ။ လူတွေက လေးယောက်ကို ကယ်ဖို့အတွက် Eric ကိုမသတ်လိုပေမယ့် လက်တွေ့လောကမှာတော့ အများစုအတွက် အနည်းစုကို စတေးရတာကို လက်ခံတာမျိုးတွေ ရှိပါတယ်။ ဒီမိုကရေစီ ဆိုတာတောင်မှ အခါများစွာမှာ အများစုအတွက် အနည်းစုက စတေးခံလိုက်ရတာတွေ ရှိပါတယ်။

ဘာသာပြန်သူအနေနဲ့ ကြားဖြတ်ပြီး ဥပမာ တခု ပေးရရင် အမေရိကန် နိုင်ငံရဲ့ ‘အကြမ်းဖက်မှု တိုက်ဖျက်ရေး’ မှာလည်း လူအများစု လုံခြုံရေးအတွက် သံသယရှိသူ အနည်းစုကို ဟုတ်ဟုတ် မဟုတ်ဟုတ် အပြစ်ရှိရှိ မရှိရှိ ဖမ်းဆီးနှိပ်စက်ပြီး မေးခဲ့ရတာတွေ ရှိခဲ့ပါတယ်။ မတရားပေမယ့် ခံရတဲ့သူအတွက်လည်း တော်တော်ဆိုးဆိုးဝါးဝါး ခါးစည်းခံရပေမယ့် လက်တွေ့လောကမှာတော့ အများစု အကျိုးအတွက် ဆိုပြီး လုပ်နေရတဲ့ ပြဿနာတွေပါ။

Peter Cave ရဲ့ အာဘော် ဒုတိယပိုင်းကို ဆက်ပါမယ်။
စစ်ပွဲကာလတွေမှာ ဆိုရင် တခါတရံ လူအများစုရဲ့ အကျိုးအတွက် အပြစ်ကင်းတဲ့လူနည်းစုအကျိုးတွေကို စတေးလိုက်ရတာမျိုးဆိုရင် လူတွေက အလွယ်တကူ လက်ခံတတ်ကြပါတယ်။

ဒီ့ထက်ပိုပြီး နိုင်ငံတိုင်း ကြုံတွေ့ရလေ့ရှိတဲ့ ဥပမာကတော့ အစိုးရတွေက အခွန်ပေးရတဲ့သူတွေပျော်အောင် အခွန်တွေလျှော့ကောက်မယ်။ အကျိုးဆက်အဖြစ် တဘက်မှာ ကျန်းမာရေး ကဏ္ဍတွေမှာ ဘတ်ဂျတ်တွေလျှော့ချကြရတဲ့အတွက် ကျန်းမာရေးစောင့်ရှောက်မှု ပိုမို လစ်ဟင်းသွားတာကြောင့် လူတချို့ မသေသင့်ပဲ သေကြမယ်။ အဲဒါဟာလည်း အများစုအတွက် အနည်းစုကို စတေးလိုက်ရ ခြင်းပါပဲ။ နောက်ပြီး ကောက်ခံရတဲ့ အခွန်တွေကို အနုပညာ ကဏ္ဍတွေ၊ အားကစား ကဏ္ဍတွေ၊ ဖျော်ဖြေရေး ကဏ္ဍတချို့တွေမှာ မသုံးပဲ အသက်ကြီးရင့်သူတွေ၊ ဆင်းရဲသူတွေရဲ့ ကျန်းမာရေး ကဏ္ဍတွေ အတွက်သာ အသုံးပြုလိုက်မယ် ဆိုရင် သေဆုံးမှုတွေ နှစ်စဉ် လျော့ကျသွားမှာပါ။ ဒါပေမယ့် လက်တွေ့လောကမှာတော့ အဲဒါတွေ သုံးရတဲ့အတွက်၊ လူအများစုရဲ့ ဘဝအရည်အသွေးတွေ ဘဝနေပျော်မှုတွေ တိုးတက်လာရေးအတွက် လူနည်းစုရဲ့ အသက်တွေကို စတေးလိုက်ရသလို ဖြစ်သွားပါတယ်။

တကယ်လို့ အများစု အကျိုးအတွက် အနည်းစုကို စတေးသင့်တယ်လို့ ယူဆတယ်ဆိုရင် သင်ဟာ ‘အများစုအကျိုးအများဆုံးရှိရေး ဝါဒီ’ Utilitarianism တဦးဖြစ်ပါတယ်။ Utilitarianism ဆိုတာက အားလုံးကို ထည့်သွင်း တွက်ချက်ပြီး အသားတင်အကျိုးအမြတ် အများဆုံး ထွက်စေမယ့် ဆုံးဖြတ်ချက်ကို ချတဲ့ ဝါဒမျိုးပါ။

ကိုယ်အင်္ဂါအစားထိုးကုသရေး ပုစ္ဆာနဲ့ ပတ်သတ်ပြီး ‘individual is king’ ဆိုတဲ့ အမြင်နဲ့ ကြည့်မယ်ဆိုရင်တော့ လူတယောက်ချင်းစီရဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းကို ဘယ်သူမှ ယူပိုင်ခွင့် မရှိဘူးလို့ စောဒက တက်လို့ ရပါတယ်။ Eric ကို သတ်ပြီးမှ လူလေးယောက်ကို ကယ်မယ်ဆိုတဲ့ အယူအဆဟာ တဦးချင်းစီရဲ့ အခွင့်အရေးရှုထောင့်အရကြည့်ရင် လုံးဝမှားယွင်းတဲ့ ကိစ္စလို့ ပြောရမှာပါ။

တခြားတဘက်မှာ ခေတ်သစ် စစ်ပွဲတွေအကြောင်း စဉ်းစားကြည့်ကြပါစို့။ စစ်ပွဲဖြစ်လာပြီ ဆိုရင် တမင်ရည်ရွယ်ပြီး လုပ်တာမဟုတ်ဘူးဆိုရင်တောင် စစ်ပွဲကြောင့် အရပ်သားတချို့ သေကြ၊ ဒုက္ခရောက်ကြရမှာက ထင်ရှားနေတဲ့ ကိစ္စပါ။ ဒါပေမယ့် အဲဒီလိုကိစ္စကျတော့ ‘ကာကွယ်ရေး’၊ ‘နိုင်ငံ့အရေး’၊ ‘တော်လှန်ရေး’ စတဲ့ စကားလုံးတွေအောက်မှာ ရောက်သွားပြီး လုပ်သင့်တယ် စတေးသင့်တယ်လို့ ယူဆတတ်ကြပါတယ်။ စစ်ပွဲနဲ့ အကြမ်းဖက် တိုက်ခိုက်မှု ကွာတာက အကြမ်းဖက်မှု တချို့က အရပ်သားတွေကိုပါ တိုက်ရိုက် ပစ်မှတ်ထားတာ ဖြစ်ပါတယ်။ ဒါပေမယ့် ရလဒ် ဖြစ်တဲ့ ‘အရပ်သား သေဆုံးမှု’ ဆိုတာချင်းက သွားတူနေတဲ့ အတွက် လူများစုရဲ့ ‘အသားတင်စိတ်ကျေနပ်မှု အများဆုံး အခြေအနေ’ ဆိုတဲ့ နောက်ဆုံးရလဒ်ကို အဓိက တန်ဖိုး ထားတဲ့ Utilitarianism ဝါဒရဲ့ ရှုထောင့်အရဆိုရင်တော့ စစ်ပွဲရော၊ အကြမ်းဖက်မှုရော နှစ်မျိုးစလုံးဟာ အရှုံးချည်းပဲမို့ အတူတူပါပဲ။

နောက်ဆုံးအနေနဲ့ ကိုယ်အင်္ဂါအစားထိုးကုသရေး ပုစ္ဆာမှာ စတေးသင့်တယ်လို့ ပြောတဲ့ဘက်ကို Utilitarianism နဲ့ပဲ ပြန်ထောက်စရာ အချက် ရှိနေပါသေးတယ်။ တကယ်လို့ အဲလိုသာ စတေးကြေးဆိုရင် လူတိုင်းရဲ့ဘဝမှာ လုံခြုံမှု မရှိတော့တဲ့အတွက် လူအများစုရဲ့ စိတ်ကျေနပ်မှုက ထိုးကျသွားမှာ ဖြစ်တဲ့ အတွက် မစတေးသင့်ဘူးလို့ ပြောရင်လည်း ရပါတယ်။

ဒါဆိုရင် အနည်းစုကို စတေးရေး အစီအစဉ်ဟာ အစိုးရရဲ့ လျှို့ဝှက် ပေါ်လစီ တရပ်….ဥပမာ နိုင်ငံ့ လူဦးရေနဲ့ ယှဉ်ရင် အနည်းစုဖြစ်သူတွေရဲ့ ကျန်းမာရေး စောင့်ရှောက်မှု ဘတ်ဂျတ်ကို မသိမသာ လျှော့ချ စတေးပြီးတော့ အများစု စိတ်ကျေနပ်ရေးအတွက် အခွန်လျှော့ကောက်ခံတာမျိုး၊ စစ်ပွဲလိုဖြစ်နေတဲ့ အချိန်မှာ အများစုလုံခြုံရေးအတွက် ဘယ်သူ့ကိုမဆို တိတ်တိတ်လေး ဖမ်းဆီး အကျဉ်းချ စစ်ဆေးနိုင်တဲ့ ပေါ်လစီမျိုး… ဆိုရင် ရော သင့်အနေနဲ့ ထောက်ခံချင်ပါသလား။

ထောက်ခံသည် ဖြစ်စေ၊ မထောက်ခံသည် ဖြစ်စေ… အဲလိုမျိုးအခြေအနေတွေ ဖြစ်လာပြီ ဆိုရင်တော့…

မိတ်ဆွေ…သင်ဟာ ဒေါင်ဒေါင်မြည်အောင် ကျန်းမာနေပါသလား။ ကိုယ်အင်္ဂါအစားထိုးကုသရေး ဆေးခန်းနားကို မသွားတာက အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။
ကောင်းကင်ကို
Peter Cave ရဲ့ 'Can a Robot be Human?' စာအုပ်ထဲက ‘The Dangers of Health’ နဲ့ Andrew Pessin ရွဲှ့'The 60 Seconds Philosopher' စာအုပ်ထဲက ‘You Choose, You Lose’ ကို ‘free translation’ စတိုင်နဲ့ ဘာသာပြန်ထားတာပါ။ ကျနော် (ဘာသာပြန်သူ) ပြောချင်တာ တချို့ကိုလည်း ဆွေးနွေးသလိုလို ဘာလိုလို ပုံစံနဲ့ ထည့်ထားပါတယ်။ :D

4 comments:

...အလင်းစက်များ said...

အတော်လေးကို စိတ်ဝင်စားစရာ ကောင်းတဲ့ ပုစ္ဆာတွေပါပဲ အဖြေကတော့ လက်ရှိကြုံကြိုက်ကြရတဲ့ အခြေအနေပေါ်မှာ မူတည်ပြီးတော့ပဲ ပေးနိုင်ကြမယ်ထင်ပါတယ်။

ကလေးတွေ ပြသနာမှာ... ဘေးလူ အမြင်နဲ့ ဆို တစ်ယောက်ကို စတေးမယ်လို့  ဖြေကောင်းဖြေနိုင်သလို လျစ်လှူရှုလိုက်တာ မျိုးလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ သာမန်အားဖြင့်တော့ အများအတွက် တစ်ယောက်ကို ရွေးမယ်လို့ ပဲ ဖြေကြမယ်ထင်ပါတယ်။

Eric ကိတ်စမှာတော့ သူ့ ကို သတ်လိုက်ခြင်းဖြင့် ကျန်လေး ယောက် စလုံးကို တကယ် ကယ်နိုင်ပြီလား ဆိုတာလည်း ဆရာဝန်က စမ်းစစ်မယ် ထင်ပါတယ် (အကယ်၍ သူက Eric ကိုသတ်မယ် ဆုံးဖြတ်ခဲ့ရင်)။ Eric ကိုသတ်ပြီးမှ ကျန်သူတွေ အတွက် အစားထိုးနိုင်လောက်အောင် မတတ်နိုင်တာမျိုး (သွေးအုပ်စု ကိတ်စ၊ Graft Rejection ပရိလှုံ့ပစ္စည်းတွေရဲ့ ဆိုးဆိုးရွားရွား တုန့် ပြန်ခြင်းတွေ ဖြစ်လာမှာ) တွေပါ...။ ဒါတွေသာ ဖြစ်လာခဲ့ရင် Eric သေသွားတာ အကျိုးမဲ့ ဖြစ်သွားမှာကိုတော့ ဆရာဝန်က လိုလားမယ် မထင်မိပါဘူး။

နောက်တစ်ခုက ဆရာဝန်ဟာ သူ့ အတွက် ဥပဒေရေးရာပိုင်းလည်း ကြည့်မယ်လို့ ထင်ပါတယ်။

အင်မတန်မှ ဆုံးဖြတ်ရ ခက်တဲ့ ပုစ္ဆာပါပဲ။ လက်တွေ့ မှာ မဖြစ်နိုင်ဘူးလို့  မပြောနိုင်ပါဘူး.။ အဲ့တော့ အစ်ကိုပြောသလိုပဲ မသွားကြတာပဲ ကောင်းပါတယ်လို့  ဗျာ။ :)))))))))))

Anonymous said...

အ၇မ်းစိတ်ဝင်စားဖို.ကောင်းတယ်...တွေးတောစ၇ာတွေအများကြီး၇လိုက်တာ ကျေးဇူးတင်ပါတယ် နောက်လဲစောင်.မျော်အားပေးနေပါ၇စေ ...ပန်း

ညိမ်းနိုင် said...

လူ့ကျင့်ဝတ်နဲ့ လုပ်သင့်လုပ်ထိုက်တာ(ဒါမှမဟုတ်)အမှန်တ
ရား...၊အဲ့ဒါတွေပဋိပက္ခဖြစ်လာရင် ရွေးချယ်ဖို့ရာအတော်
လေးခက်လာနိုင်တယ်...။တစ်ခုခုကိုရွေးနိုင်ပါတယ်...
ရွေးပြီးရင်နောင်တတဖန်မပူဆွေးဖို့ပဲလိုတယ်...လို့ထင်သ
ဗျ...။

Anonymous said...

Interesting blog! Is your theme custom made or did you download it from somewhere?
A design like yours with a few simple tweeks would really
make my blog jump out. Please let me know where you got your theme.
Thanks

Also visit my homepage :: nutcracker