Tuesday, May 3, 2011

စကားလုံးတီထွင်မှု

ရဲဘော်၊ တော်လှန်ရေး၊ လူထု၊ အုံကြွမှု၊ ဘုံရိပ်သာ၊ စာပေမွေ့သူ (သိန်းဖေမြင့်)

အခြားဘာသာ များတွင် တော်လှန်ရေးသမား အချင်းချင်း Comrade ဟု ခေါ်ကြ၏။ ဤစကားကို တိုက်ရိုက် ဘာသာပြန်၍ မြန်မာလို အချင်းချင်း ခေါ်လို့ မကောင်းလှ။ ထို့ကြောင့် စကားရှာရ၏။ ၁၉၃၆ ခုနှစ်က ကျွန်ုပ်သည် “ရဲဘော်” ဆိုသော စကားကို စသုံးသည်။ (ပြန်လည် ဆန်းသစ်သည်)။ ကျွန်ုပ်ကိုယ်တိုင် စသုံးရုံမက သခင်ဗဟိန်းအား ကျောင်းသားစင်မြင့် ပေါ်ကနေ၍ သုံးစွဲရန် စာရေး၍ တိုက်တွန်းလေသည်။ အခြေအနေ၏ တောင်းဆိုချက်နှင့်လည်း ကိုက်ညီသဖြင့်လည်း ဤမျှ ပျံ့နှံ့သွားခြင်း ဖြစ်ပေ၏။ ဝေသန္တရာ ဇာတ်တော်၌ သားတော် သမီးတော်တို့အား စူစကာပုဏ္ဏားကို လှူတော်မူပြီးနောက် ငါ့သား ငါ့သမီးတို့သည် ကျွန်အဖြစ်မှာ တော်လှန်လိုသော် ရွှေပိဿာ မည်၍မည်မျှပေးစေ ဟု ပါရှိ၏။ ထို့ကြောင့် အဖြစ်ဟောင်းမှ အဖြစ်သစ်သို့ ကူးပြောင်းရေး Revolution ကို ကျွန်ုပ်သည် တော်လှန်ပြောင်းလဲရေး (ဝါ) တော်လှန်ရေးဟု စကားဟောင်းကို ပြန်လည်ဆန်းသစ်၍ ဘာသာပြန်ခဲ့၏။

ကျွန်ုပ်သည် ဤစကားလုံးကို အစောဆုံး ပြန်လည်ဆန်းသစ်လိုက်သူ ဟုတ်ချင်မှ ဟုတ်မည်။ သို့သော် ကျွန်ုပ်၏ အတွေ့အကြုံ၌ကား ကျွန်ုပ်သည် ဤစကားကို ဝေသန္တရာဇာတ်တော်၌ တွေ့၏။ အခြေအနေက တောင်းဆိုသဖြင့် ဤစကားကို ပြန်လည်ဆန်းသစ်ပြီး နေရာအနှံ့ အပြား သုံးလိုက်၏။ ထို့အတူ People သို့မဟုတ် Masses ဟူသော စကားကို အားရပါးရ ဖော်ပြနိုင်ရန် လူထုပရိသာတ်မှ ယူ၍ လူထုဟူသော စကားကို ပြန်လည် သစ်ဆန်းခဲ့ပေသည်။ (ဤတွင်လည်း ကျွန်ုပ်အစောဆုံး ပြန်လည်ဆန်းသစ်သူ ဟုတ်ချင်မှ ဟုတ်မည်။ ကျွန်ုပ်အတွေ့အကြုံအရ ပြောခဲ့ခြင်းသာ ဖြစ်သည်။) ခေတ်အလိုကျ လုပ်ခြင်းဖြစ်၍ ဤစကားသည် မည်မျှ ခေတ်စားသွားနေပါသနည်း ဆိုသော် လူထုကို အင်္ဂလိပ်လို ဘာသာပြန်သော အခါ People သို့မဟုတ် Masses ဟု မပြန်ကြတော့ဘဲ Ludu ဟုပင် ရေးသားလာကြလေသည်။ ထို လူထုအုံကြွမှု၊ ဘုံရိပ်သာ၊ စာပေမွေ့သူ စသော စကားများနှင့် အတူ ကျွန်ုပ်ကိုယ်တိုင် မမှတ်မိတော့သော စကားလုံးများကို ထွင်ခဲ့၏။ ကျွန်ုပ်ထွင်ခြင်း ပြန်လည်ဆန်းသစ်ခြင်းများမှာ တမင်သက်သက် လုပ်ခြင်းမဟုတ်။ အခြေအနေ အခါအခွင့် တောင်းဆိုသဖြင့် သာ လုပ်ခြင်းဖြစ်၏။ ထို့ကြောင့်လည်း ပြန့်နှံ့ခြင်း ဖြစ်ပေ၏။

(သိန်းဖေမြင့်ရဲ့ ‘တိုက်ပွဲဝင်စာများ’ စာအုပ်ထဲကပါ)

ဒါပေမယ့် ဆရာသိန်းဖေမြင့်က ဆရာ ဒဂုန်တာရာရဲ့ စကားလုံးတီထွင်မှုကိုတော့ အဲဒီ့စာအုပ်ထဲမှာ ပြင်းပြင်းထန်ထန် ရှုတ်ချထားပါတယ်။

အပြုံး၊ အနမ်း၊ ကဗျာဆန်သည်၊ လေနုအေး (ဒဂုန်တာရာ)

“အပြုံး”၊ “အနမ်း”၊ “ကဗျာဆန်သည်”၊ “လေနုအေး” အဲဒီ့စကားလုံးတွေကတော့ ဆရာ ဒဂုန်တာရာ တီထွင်ထားတာပါ။
“ပြုံးသည် ဟူသော ကြိယာကို ယခုထက် ကျယ်ဝန်းစွာ သုံးနိုင်ရန်၊ ထိတွေ့ရှုမြင်၍ ရအောင် “အပြုံး” ဟူ၍ နာမ်အဖြစ် လုပ်လိုက်ရ၏” အဲဒါကတော့ ဆရာမ ကြည်အေးရဲ့ “မီ” ဝတ္ထု အမှာစာမှာ ဆရာ ဒဂုန်တာရာ ရေးခဲ့တာပါ။

အခုအချိန် ဆရာ ဒဂုန်တာရာရဲ့ ဝတ္ထုကို ဖတ်ရင်တော့ ဆန်းကြယ်မှုကို တွေ့ရတော့မှာ မဟုတ်ပါဘူး။ အဲဒါကိုက သူ့ရဲ့ စကားလုံးတီထွင်မှုတွေ အောင်မြင်လွန်းပုံကို ပြသနေပါတယ်။ ဆရာ့ရဲ့ တီထွင်မှုတွေဟာ လူထုထဲအထိ ပေါက်သွားပြီးတော့ စာရေးဆရာတွေ အပါအဝင် လူတိုင်းလိုက်သုံးရလောက်အောင်ကို အောင်မြင်လွန်းလို့ ဆရာ့ရဲ့ အသုံးအနှုန်းတွေက အခုအချိန်မှာ အဆန်းတကြယ် ဖြစ်မနေတာပါ။

အောက်မှာတော့ ကြည်အေးရဲ့ “မီ” ဝတ္ထုစာအုပ် အမှာစာထဲက စကားလုံးတီထွင်မှုနဲ့ ပတ်သတ်တဲ့ ဆရာ ဒဂုန်တာရာရဲ့ ခံစားချက်ကို ဖော်ပြလိုက်ပါတယ်။

DagonTaryar

3 comments:

မိုးယံ said...

PDF တွေက ဖတ်နေရင်း တန်းလန်းကုန်သွားတယ်..အစ်ကိုတင်ပေးတာ အကုန်ဖတ်မရသေးတာများလား

သွယ်လင်းဆက် said...

လွန်ခဲ့တဲ့တစ်နှစ်လောက်က ကိုကောင်း ကျွန်တော့်ကိုအဲဒီအကြောင်းပြောပြီး နောက်နေ့သူငယ်ချင်းတွေနဲ့ အပြုံးအကြောင်းအငြင်းပွားကြသဗျ။ အဲဒီတုန်းကလည်း ဘာစာအုပ်ကိုယူပြရမှန်းမသိနဲ့။ ခု ဒီကောင်တွေကို အဖတ်ခိုင်းရမယ်။။။ အထောက်အထားနဲ့ပိုသေချာသွားပြီ။။ ကျေးဇူး ကိုကောင်း :)

ကောင်းကင်ကို said...

ဟုတ်ကဲ့ကိုမိုးယံ
PDFက စကားလုံးတီထွင်တာနဲ့ ပတ်သတ်တဲ့ဟာလေးပဲ ဖြတ်ထားလို့ဗျ။