Saturday, June 28, 2008

ငါ

အချိန်ပြည့် တံခါးပိတ်ထားချင်တဲ့နှုတ်ခမ်း၊
အရက်နဲ့ မကြာမကြာ ဆမ်းပေးရတဲ့ အသည်း၊
ဒဏ်ရာတွေနဲ့  မန်းမှုတ်ထားရတဲ့ ကဗျာ၊
ရမ္မက်နဲ့ အဆီပြန်နေတဲ့ မျက်နှာ
အဲဒါ …ငါ ။

ငါဟာ
အတောင်တစ်ဘက်တည်းနဲ့ ပျံနေရတဲ့ ငှက်၊
မဲ့ပြုံးတစ်ဝက်နဲ့ ခရီးဆက်နေရတဲ့သူ၊
သံပတ်ကုန်ခါနီး လူသားစက်ရုပ်။
အသက်ကလေး ငွေ့ ငွေ့ ဆက်နိုင်ဖို့ အရေး
ကဗျာတွေ တစ်ပုလင်းပြီး တစ်ပုလင်းချိတ်
ကိုယ့်နှလုံးသားကို ကိုယ်ပြန်ပြီး ဆီကြိတ်နေရတယ်။

သြော်..ငါဟာ
အံမဝင်နိုင်တဲ့ ဒုစရိုက်နဲ့ 
အသုံးမဝင်တော့တဲ့အမှိုက်၊
ဥယျာဉ်အလယ်မှာ ခေါင်းငိုက်စိုက်နဲ့ …

ကောင်းကင်ကို

Tuesday, June 24, 2008

ဘဝ

ဘဝဟာ
အထိမခံတဲ့ ရွှေပန်းကန်တစ်ချပ်
ပြန်ရစ်လို့ မရတဲ့ရုပ်ရှင်
ရေနှစ်ခါ ချိုးလို့ မရတဲ့ မြစ်
နှစ်ခါချစ်ရေးဆိုခွင့်မပေးတဲ့ အပျိုစင်
နှစ်ခါ လက်ထပ်ခွင့် မရှိတဲ့ က္ကုနြေ္ဒရှင်
ကြွေကျသွားရင် နဂိုအတိုင်းပြန်ထားလို့ မရတော့တဲ့ပန်းတစ်ပွင့်၊
ဘဝက ဖန်ခွက်တစ်လုံးလိုပဲ
အက်လွယ် ကွဲလွယ်တယ်။

ဘဝဟာ သူများတွေဆီက အတောင်ပံငှားပြီး ပျံနေရတဲ့ငှက်
ပတ်ဝန်းကျင်နဲ့  မပြေလည်ရင်
အတောင်ပံငှားလို့ မရဘူး။

ဘဝဟာ စိတ်ကူးထဲက အမြင့် အတိုင်း အမြဲတမ်းလိုက်ပျံလို့ မရတဲ့ စင်ရော်
အသိုင်းအဝိုင်းက ငှက်တွေထက် ပိုမြင့်မြင့်ပျံမိရင်
ယောနသံစင်ရော်လို ဝိုင်းပြီး အပယ်ခံရတတ်တယ်။

ဘဝဟာ အသိဥာဏ်လျှပ်စီးကို
အခြေအနေကြည့်ပြီးမှ လက်ခွင့်ရတဲ့ကောင်းကင်။
ဘဝဟာ ပတ်ဝန်းကျင်နဲ့ ညှို ပြီး အဖြတ်ခံလိုက်ရတဲ့
ရှည်ထွက်နေတဲ့ ပေတံတစ်ချောင်း။

ဘဝဟာ ဖြောင့်ချင်တိုင်းဖြောင့်လို့  မရတဲ့သစ်ပင်
အကြောင်းကြောင်းကြောင့် အုပ်စုကိုခွာ
ဘယ်သူမှ မရှိတဲ့ ကွင်းပြင်ကြီးထဲမှာ ရပ်မိရင်
မိုးကြိုးပစ်မှတ် ဖြစ်သွားနိုင်တယ်။

ဘဝဟာ ပတ်ဝန်းကျင်အတိုင်း အရောင်လိုက်ပြောင်းရတဲ့ လိပ်ပြာ
ဘဝဟာ ခေတ်ရေစီးကြောင်းအတိုင်း လိုက်မျှောရတဲ့ ဗေဒါ
ဘဝဟာ အားကြီးသူတွေပြောရင် လိုက်ခေါင်းငြိမ့်ရတဲ့ ပုတ်သင်။

ဘဝဟာ ရင်တွင်းဖြစ်တေးတွေကို မျို
သူများကြိုက်တဲ့ တေးတွေကို လိုက်ဆိုနေရတဲ့ငှက်
အဲဒီ့ ငှက်ရဲ့ ရင်ထဲမှာ အသံတွေက အကျဉ်းကျနေတယ်။

ဘဝဟာ သက်ရှိသက်မဲ့ ရန်သူသန်းပေါင်းများစွာကို
တစ်ယောက်ထဲနဲ့ ရင်ဆိုင်နေရတဲ့ စစ်ပွဲ။

ဘဝဟာ အငိုမျက်လုံးတွေကို ဖုံးဖို့ 
အားတင်းပြီး ပြုံးနေရတဲ့ သံတမန်။

ဘဝဟာ မာယာတွေနဲ့ ကစားရတဲ့ စစ်တုရင်ပွဲ
သူများဒိန်ခဲကို ရွှေ့ နိုင်မှ
အောင်မြင်မှုက ရတတ်တယ်။

ဘဝဟာ ထုတ်ဝေခွင့်မရတဲ့ ကဗျာတစ်ပုဒ်၊
ကိုယ်မနှစ်သက်တဲ့ ဘဝတစ်ခုကို
ဖြတ်ညှပ်ကပ် ခင်းကျင်းပြရင်း
ကိုယ်လိုချင်တဲ့ ဘဝအစစ်ကိုတော့
နေ့ ခင်းအိပ်မက်တွေ ညအိပ်မက်တွေ ထဲမှာပဲ သိမ်းထားလိုက်ရတော့တယ်။

ဘဝဟာ ဟိုးမြေကြီးအတွင်းထဲမှာ
နစ်မြုပ်နေတဲ့ ကျောက်ရိုင်း
ဘယ်လောက်ပဲ တောက်ပနေပါစေ
တူးဖော်ပေးမယ့်သူ မရှိသေးသရွေ့ တန်ဖိုးက သုည။

ဘဝဟာ အားကြီးသူတွေ ပြဌာန်းပေးထားတဲ့ သံလမ်းအတိုင်း
ကျဉ်းကျဉ်း ကြပ်ကြပ် ပြေးနေရတဲ့ ရထား။
ကိုယ့်လမ်းအတိုင်း ကိုယ်သွားရင် မရှူမလှ တိမ်းမှောက်သွားနိုင်တယ်။

ဘဝဟာ မတရားတဲ့ လောင်းကစားဝိုင်း
ဘဝတစ်ခုလုံးရင်းပြီး ကစားတာတောင်မှ
ဒုက္ခတွေချည်းရချင်ရတတ်တယ်။
လေပဲ အရင်းစိုက်တဲ့သူကလည်း
အမြတ်အစွန်းတွေ ပိုက်ချင်ပိုက်သွားတာပဲ။

ဘဝဟာ
ကိုယ့်ကိုငြိုးနေတဲ့ ကြမ္မာစောင့်နတ်ရဲ့ လက်ထဲက အံစာတစ်တုံး။
သူကြွေအံကစားလိုက်တာ
နံပါတ် ၁၃ ချည်း ကျချင်ကျနေတတ်တယ်။

ဘဝဟာ စတော်ဘယ်ရီ စိုက်ပေမယ့် ပဒိုင်းသီး သီးပေးချင်သီးပေးတဲ့သစ်ပင်
နှင်းဆီရနံ့ လိုချင်လို့ နှင်းဆီပန်းပင် စိုက်ခါမှ
ပန်းမပါပဲ ဆူးတွေချည်းသက်သက် ပွင့်ချင်ပွင့်သေးတာ။

ဘဝဟာ တွက်ရခက်တဲ့ ပုစ္ဆာ
အကြောင်းကြောင့် အကျိုး ဖြစ်တယ်ဆိုပေမယ့်
ကွင်းဆက်က ဝေးလို့ 
မှန်းချက်နဲ့ နှမ်းထွက် အလွဲမှာ
ကွဲအက်သွားတဲ့ အသည်းကို
ဘယ်သူပြန်ပြီးဆက်ပေးမှာလဲ။

ဘဝဟာ မအောင်မြင်သေးတဲ့ ပန်းချီဆရာ
ဝမ်းမဝ သေးတော့လည်း
အပေါစား ဆိုင်းဘုတ်ပဲ ရေးစားနေရတော့တယ်။

ဘဝဟာ မီးလောင်နေတဲ့ အိမ်တစ်လုံး
ကိုယ့် အတ္တကိုယ် မနည်းသယ်ပြီး
ကိုယ်လွတ်ရုန်း ထွက်ပြေးနေရတော့တယ်။

ဘဝဟာ တံလျှပ်တွေနောက် လိုက်ရင်းနဲ့ သားကောင်ဖြစ်သွားခဲ့ရတဲ့ မုဆိုး

ဘဝဟာ ရွေးစရာလမ်း မရှိလို့ မီးမှန်းသိလျက်နဲ့ ဝင်တိုးနေရတဲ့ ပိုးဖလံ။
ဘဝဟာ နှစ်ကိုယ်ခွဲပြီး ကိုယ့်စိတ်နဲ့ ကိုယ် ပြန်ထိုးနေရတဲ့ ပဋိပက္ခကြိုးဝိုင်း

ဘဝဟာ ရွေ့ လျားနေတဲ့ ပန်းတိုင်
ဘဝဟာ ဘယ်လောက်ပဲလျှောက်လျှောက် မရောက်တဲ့ခရီး

ဘဝဟာ စီစီဖတ်ရဲ့ ပုခုံးပေါ်က ကျောက်တုံး
ဘဝဟာ အချိန်ကျရင် အားကုန်သွားမယ့် ဘက်ထရီတစ်လုံး....

ကောင်းကင်ကို

Friday, June 20, 2008

သူငယ်ချင်းများသို့ 

ဒီကဗျာလေးက ကျွန်တော် လွန်ခဲ့တဲ့ တစ်နှစ်ခွဲလောက်က သူငယ်ချင်းတွေကို စထား၊နောက်ထားတဲ့ ကဗျာလေးပါ။

့ဝိုင်အိုင်တီ၊ အမ်အိုင်တီ ကျောင်သားတွေ ကျောင်းပြီးတဲ့အခါ Grade ကောင်းတဲ့သူတွေက တော့ NUS တို့ ၊ NTU တို့ မှာ မာစတာ ဆက်တက်ကြပါတယ်။ စင်ကာပူအစိုးရက ချေးတဲ့ ငွေနဲ့ ဆိုတော့ လူလတ်တန်းစားတွေအတွက် အဆင်ပြေပါတယ်။ Grade မကောင်းတဲ့ သူတွေ၊ အဲလောက်မှ မတတ်နိုင်တဲ့ သူတွေ အတွက်က တော့ မျှော်လင့်ချက်မဲ့ ပြီပေါ့။

တံငါရွာဆိုတာကလည်း စင်ကာပူကိုဆိုလိုတာပါ။ တချိန်တုန်းက စင်ကာပူဟာ တံငါရွာလေး တစ်ရွာလေ။ ခုတော့ ကျွန်တော်တို့ ခမျာ ကိုယ့်နိုင်ငံမှာ အလုပ်မရှိတော့ ကျောင်းပြီးရင် စင်ကာပူကို Visit visa နဲ့ အလုပ်သွားရှာနေရတယ်။ ရရင်တော့ ကောင်းတာပေါ့။ မရရင်တော့ ၁၅ သိန်းလောက်… ပလုံ

တချို့ ကလည်း ကျောင်းပြီးမှ ကိုယ့်ဝါသနာကိုယ်သိတော့ ကိုယ်သင်ခဲ့တဲ့ပညာနဲ့ မဆိုင်တဲ့ အယ်ဒီတာလိုင်း၊ ရီပို့ တာလိုင်းကိုရောက်သွားတယ်။ ဒါတောင်မှ သူတို့ ကကြီးကြီး ကျယ်ကျယ် ကမ္ဘာကို ကိုင်လှုပ်မယ့် အပေါက်မျိုးပြောသေးတယ်။ ကျွန်တော့်လို ခန္တီပါရမီကောင်းတဲ့သူမို့ ပေါ့။ တစ်ခြားလူသာဆို ထရိုက်မှာ။

သဘောင်္သားတွေကလည်း ပိုက်ဆံတော့ ရပါရဲ့ ။ ရေထဲမှာ အကြာကြီး နေရတော့ သူတို့ ပြောတဲ့ စကားတွေက အရည်မရ အဖတ်မရ။ အဲ…မှားလို့ ။ အရည်တော့ရတယ်။ အရက်အလကား သောက်ရတယ်။ ဟီးဟီး။ သူငယ်ချင်းတစ်ယောက်ကတော့ သဘောင်္သားတွေရဲ့ မျက်လုံးတွေကို ဆားရည်စိမ် မျက်လုံးတွေတဲ့။ အီးအို လုပ်ဖူးခဲ့တဲ့ လူတစ်ယောက် ကတော့ သဘောင်္သားတွေ ဘဝက ရုပ်ရှင်ထဲက ပင်လယ်ဓားပြ တွေလိုပါပဲတဲ့။ တခြားနိုင်ငံမှာ ဆိုးတဲ့ပေတဲ့ကောင်တွေ လောက်ပဲ သဘောင်္လိုက်တာတဲ့။ တကယ်ဟုတ်မဟုတ်တော့ ကျွန်တော်လည်း မသိဘူး။

၉ တန်း ၁၀ တန်း ဂိုက်လုပ်တဲ့သူတွေ ကျတော့ကော။ ဆရာအလုပ်ဆိုပေမယ့် အဲဒီ့ကလေးတွေရဲ့ ဘဝကို သိပ်ပြီး တိုးတက်အောင်လုပ်ပေးနိုင်လိမ့်မယ်လို့ ကျွန်တော်တော့ မမြင်မိဘူး။ ကျွန်တော်လည်း တစ်နှစ်လောက် လုပ်ဖူးပါတယ်။ မိဘတွေ ၊ကလေးတွေရဲ့ အဓိက ပစ်မှတ်က စာမေးပွဲအောင်ဖို့ ပါ။ ပညာရဖို့ မဟုတ်ပါဘူး။ ဘယ်မိဘမှ အဲဒီ့လောက်စိတ်မရှည်ကြဘူး။ အဲဒီ့တော့ တစ်ပွဲတိုးနည်းတွေ၊ အသေမှတ်နည်းတွေ၊ ကြက်ကန်းနည်းတွေ သင်ပေးရတော့တာပေါ့။

အစိုးရဝန်ထမ်းလုပ်နေရရှာတဲ့သူတွေရဲ့ ဘဝကျတော့ ........မပြောချင်တော့ပါဘူးဗျာ။

အဲဒါ ကျွန်တော်တို့ ရွေးချယ်စရာ မဟာလမ်းတွေပေါ့ဗျာ။

သူငယ်ချင်းများသို့ 

မာစတာ
အာပလာ
ငါမှ မရတာ။

တံငါရွာ
မဟန်ပါဗျာ
ပြန်လာရရင် မချောင်ပါ။

အယ်ဒီတာ
တကယ်ရယ်စရာ
သူတို့ ဥာဏ်တစ်ထွာလောက်နဲ့ 
ကမ္ဘာခြောက်ခြားအောင်လုပ်မတဲ့။

သင်္ဘောသား သူငယ်ချင်းရာ
မင်းပြောသမျှ တကယ်ပျင်းစရာ
အရက်ပုလင်း မျက်နှာ
သူငယ်ချင်းဆိုတဲ့မျက်နှာနဲ့ 
မင်းရဲ့ တရားကိုနာနေတာ။

ကျူရှင်ဆရာတွေလည်း
ပူပင်စရာပေပဲ။
ဆယ်တန်းကလေးတွေ ခေါင်းထဲကို
ကြက်ကန်း wayတွေ လောင်းပေး သတဲ့။
မဖြူတဖြူနှလုံးသားလေးတွေကို
အရောင်တွေဆိုး
အချောင်ဓလေ့ပျိုး ပေးသတဲ့။

အရာရှိဆိုတဲ့မာန်နဲ့ 
မာန်တက်မယ်တော့မကြံနဲ့ ။
သူတကာတွေ ရေကြည်ရာမြက်နုရာမှာ လွတ်လွတ်လပ်လပ် ပျံသန်းနေချိန်မှာ
မင်းတို့ က အတွေးအခေါ်ကို နောက်ပြန်ဆွဲ
သောက်ဥာဏ်နည်းတဲ့ အကောင်တွေ။
မစို့ မပို့ စက္ကူချပ်တွေကြားမှာ
အသက်ရှူကြပ်သေမယ့် ကောင်တွေ။

ကောင်းကင်ကို
အဟီး လွန်တာရှိ
ဝန္ဒာမိပါ ဗျာ။ :D

Tuesday, June 17, 2008

ဧရာဝတီ ရဲ့ ရင်သွေးများအတွက်

"ကရုဏာတရားတွေ ထောင်အချ ခံရတဲ့ခေတ်...ဗုဒ္ဓရဲ့ တရားတော်တွေတောင် ဆင်ဆာမလွတ်တော့တဲ့ခေတ်မှာ...ဧရာဝတီကို ဧရာဝတီ ပြန်ဖြစ်စေဖို အရေးဟာ...ငါတို့ အားလုံး ဖောင်ဖျက်ပြီး ဆင်နွှဲရမယ့် စစ်ပွဲ တစ်ပွဲ ဖြစ်တယ်
***** ***** *****

ဧရာဝတီရဲ့ ရင်သွေးများအတွက်

ဧရာဝတီရဲ့  ရင်သွေးတစ်ယောက်
အဖေလည်းပျောက်
အမေလည်းပျောက်
သူခြေချခဲ့တဲ့ နေရာတွေလည်းပျောက်
သူ့ ရဲ့ အသိုင်းအဝိုင်းတစ်ခုလုံး နေ့ ချင်းညချင်း ပျောက်သွားတဲ့အခါ…

သူချစ်တဲ့ အစ်ကို ဘယ်မှာလဲ၊
သူချစ်တဲ့ ညီမလေး ဘယ်မှာလဲ၊
ဘာပဲဖြစ်ဖြစ် သူတို့ ရဲ့ ရုပ်ပျက်ဆင်းပျက် နောက်ဆုံးခရီးကိုတော့
သူ မမြင်လိုက်ရတာပဲ ကောင်းပါတယ်။

ဘဝရဲ့  ရေတို မျှော်လင့်ချက်တွေလည်း မုန်တိုင်းနဲ့ လွင့်ပါ
ဘဝရဲ့  ရေရှည် ရည်မှန်းချက်တွေလည်း ရေထဲမျောပါ
ဘဝမှာ ရှိသမျှအရာအားလုံးကို နာဂစ်ကယူသွားပြီ။

ကိုယ့်ပစ္စည်းလေး တစ်ခု ပျောက်ဆုံးပျက်စီးရင်တောင်
လူဆိုတာ ဝမ်းနည်းကြေကွဲတတ်ကြသေးတာ၊
တွယ်တာစရာ အကုန်လုံး ဆုံးရှုံး၊ ကမ္ဘာတစ်ခုလုံးပျောက်သွားတဲ့အခါ
ဘယ်လို အသက်ဆက်ရှင်ကြရ ရှာလေမလဲ။

နာဂစ်ရေ…
မင်းခဏလေး မွှေလိုက်တာ
ဘဝတွေ သန်းနဲ့ ချီပြီး သေတော့မယ်။
ဆွေမရှိ၊ မျိုးမရှိ
စားစရာ သောက်စရာ မရှိ၊
ကုစရာ ဆေးမရှိနဲ့ 
စေတနာတွေ မြင့်မိုရ်တောင်လောက်ရှိကြလည်း
ဒုက္ခတွေက မဟာစင်္ကြာဝဠာမို့ 
ဆင့်ပါးစပ် နှမ်းပက်သလောက်သာ။


လူအုပ်က တစ်ရာနှစ်ရာ
စားစရာလေးတွေက တစ်ခုနှစ်ခုတည်း၊
ကြက်ကလေး၊ငှက်ကလေးတွေလို သူတို့ အစာလုနေကြရရှာတယ်။

ရခဲ့လှတဲ့ လူဘဝမှာ
ကံကောင်းစွာ အသက်ရှင်ကျန်ရစ်ခဲ့တာပဲလား
အကြင်နာတရား ထွန်းကားခွင့်မပေးတဲ့ရပ်ဝန်းမှာ
ကံဆိုးစွာ အသက်ရှင်ကျန်ရစ်ခဲ့တာပဲလား။
ကြားရမြင်ရတဲ့ သတင်းတွေက
ရင်ထဲမှာ မချိလိုက်တာ။

နာဂစ်ရေ
ဒဏ်ရာတွေအထပ်ထပ်နဲ့ အသားမာတက်နေတဲ့ မြန်မာပြည့်ရင်ဘတ်ကိုမှ တည့်တည့်ကြီး တက်ကြိတ်သွားရသလား
လူတွေကို အစာငတ်ရေငတ်ထားထားတဲ့ စစ်ဖိနပ်ထဲမှာမှ လာရောက်မွှေနှောက် သွားရသလား။
နဂိုကတည်းက ငတ်နေရတဲ့ မြန်မာပြည်ဟာ မျက်နှာငယ်လေးနဲ့  လက်ဝါးဖြန့် နေရပြီ။
နဂိုကတည်းက အရှက်မလုံတဲ့ မြန်မာပြည်ဟာ ကမ္ဘာ့အလယ်မှာ အဝတ်တောင် မကပ်တော့ဘူး။

လူခိုးရင် အစုတ်တော့ ကျန်သေးတယ်တဲ့
မီးလောင်ရင်တောင်ပြာပုံတော့ကျန်သေးတယ်
နာဂစ်ရေ…
မင်းလုပ်လိုက်မှ
ပုပ်ပွပြီး ပေါလောပေါ်နေတဲ့ အလောင်းတွေ
သင်္ချိုင်းပျက်လို ဖြစ်သွားတဲ့ မြို့ ရွာတွေ
ခိုကိုးရာမဲ့ဒုက္ခသည်တွေနဲ့ 
ကပ်မျိုးစုံ၊ ရောဂါမျိုးစုံပဲ ကျန်ခဲ့တယ်။

နာဂစ်ရေ
ပွဲချင်းပြီး လူသတ်တာ အားမရသေးလို့ 
ဒုက္ခပေါင်းစုံချန်ထားရစ်ခဲ့တာလား။
ဒီလိုနဲ့  …
အပြစ်မဲ့သူတွေ သေမင်းရှေ့ မှောက်
ကြက်ပျောက်ငှက်ပျောက် ထပ်ရောက်သွားကြဦးမှာလား။
သြော်..
ဧရာဝတီဟာ
အလောင်းပုံထဲကနေ တဖြည်းဖြည်းချင်း ပြန်နိုးထရပေဦးတော့မယ်။

ဧရာဝတီက ညီအစ်ကိုတို့ ။
သင်တို့ ရဲ့ ဒုက္ခတွေဟာ ငါတို့ ရဲ့ ဒုက္ခတွေပဲဖြစ်တယ်။
သင်တို့ ရဲ့ မျက်ရည်တွေဟာ ငါတို့ ရဲ့ မျက်ရည်တွေပဲဖြစ်တယ်။
သင်တို့ ရဲ့ ငိုသံဟာ ငါတို့ ရဲ့ ရင်ထဲမှာ အထပ်ထပ်ပဲ့တင်တယ်။

အို…စပါးကျီရဲ့ ရင်သွေးတို့ 
သင်တို့ ဟာ ငါတို့ ကို ထမင်းကျွေးခဲ့တဲ့ သူတွေဖြစ်တယ်။
သင်တို့ ကို ထမင်းပြန်ကျွေးဖို့ ငါတို့ မှာတာဝန်ရှိတယ်။

ဘာမှအားမငယ်နဲ့ ဧရာဝတီ
ကမ္ဘာကြီးရဲ့ နေရာ အနှံ့ မှာ
ကရုဏာတရားကို ဌာပနာထားတဲ့ ရင်ဘတ်တွေရှိတယ်။
ပိုက်ကွန် မကြောက်တဲ့ငှက်တွေ ရှိတယ်။
စိတ်သွားတိုင်း ကိုယ်ပါနိုင်အောင် ငါတို့ အားထုတ်ပြီး
သင်တို့ ရှိရာဆီကို မရောက်ရောက်အောင် ငါတို့ လာခဲ့မယ်။

ညီအစ်ကိုတို့ …
ဒုက္ခပုဝါ ခြုံထားတဲ့ မြန်မာပြည်မြေပုံကြီးထဲက
အာခေါင်ခြစ် ငိုရှိုက်သံကို ကြားလိုက်ရဲ့ လား။
နာဂစ်ရဲ့ လက်သီးချက်နဲ့ 
ဧရာဝတီမှာ ငရဲပွက်နေတာကို မြင်ရဲ့ လား။

ညီအစ်ကိုတို့ …
ကရုဏာတရားတွေ ထောင်အချ ခံရတဲ့ခေတ်
ဗုဒ္ဓရဲ့ တရားတော်တွေတောင် ဆင်ဆာမလွတ်တော့တဲ့ခေတ်မှာ
ဧရာဝတီကို ဧရာဝတီ ပြန်ဖြစ်စေဖို အရေးဟာ
ငါတို့ အားလုံး ဖောင်ဖျက်ပြီး ဆင်နွှဲရမယ့် စစ်ပွဲ တစ်ပွဲ ဖြစ်တယ်။
လိုအပ်ရင် ကိုယ့်သွေးကိုယ်ဖောက်ပြီးတိုက်ကြ
မေတ္တာငတ်နေတဲ့ ဧရာဝတီ သောက်ဖို့ အတွက်။

ကောင်းကင်ကို

to download this poem click here
(ဟိုတလောက ရေးခဲ့တဲ့ ကဗျာလေးကို နည်းနည်းပြင်ပြီး တင်ထားတာပါ။)

Sunday, June 15, 2008

ရင်ထဲက အမေ

အမေစု မွေးနေ (ဇွန် ၁၉) အမှတ်တရ အဖြစ် ကဗျာဟောင်းလေးပဲ ပြန်တင်လိုက်ပါတယ်။
to download this poem click here



အမေဟာ…
ဝါးလုံးခေါင်းထက်တောင် ကျဉ်းတဲ့
စစ်ဖိနပ် အတွင်းမှာ
မရမက သာပေးရှာတဲ့ လမင်း။

အမေဟာ…
ဒဏ်ရာတွေကို ကြိုးအဖြစ်တပ်ပြီး
ကမ္ဘာတုန်အောင် မြည်တဲ့သီချင်း။

အမေနေပြခဲ့တဲ့ အတ္ထုပ္ပတ္တိနဲ့  သားတို့ သတ္တိတွေကို ဆူပွက်နေအောင် နှိုးထားတာ။
အမေပြောခဲ့တဲ့ စကားတွေနဲ့ သားတို့ သွေးတွေကို နီရဲနေအောင် ဆိုးထားတာ။

အမေ့ရင်ထဲက ကဗျာ တစ်ပုဒ်ဆွဲထုတ်
ဓားတစ်လက်လုပ်ပြီး
အဲဒီ့ မိစ္ဆာတောအုပ်ကို သားတို့ ခုတ်ကြမယ် အမေ။

သွေးဆာနေတဲ့ဘီလူးတွေက
စံမမီတဲ့ သူတို့ ဘဝလှေနံမှာ
အာဏာကို အောင်မြင်မှု အဖြစ် တရားသေ ဓားထစ်နေချိန်မှာ
အမေကတော့ ကရုဏာ နှလုံးသားနဲ့ 
ပြည်သူ့ ငိုသံကို နားစွင့်တယ်။

အမေဟာ တက္ကသိုလ်ရိပ်သာလမ်းထဲမှာ လှောင်ထားခံရတဲ့ ငှက်ကလေး တစ်ကောင်၊
ပျံခွင့်မရတဲ့ ငှက်အားလုံးတို့ ရဲ့ ခေါင်းဆောင်ပေါ့။
အမေက ပျံခွင့်မရပေမယ့် အမေ့နာမည်ကတော့ ဟိုး…ကောင်းကင်ဖျားမှာပျံနေတယ်။
အမေ့ နာမည်တစ်လုံးကို ပြည်သူတွေအတွက် အမေသုံးချင်နေမှာပဲနော်။

ပြည်သူ့ မေတ္တာတွေသာ ပန်းပွင့်လေးတွေဖြစ်မယ်ဆိုရင်
ပြည်သူတိုင်းက ပန်းပွင့်တစ်ပွင့်စီပေးလို့ 
အမေ့ ဘဝဥယျာဉ်မှာ ပန်းပွင့်လေးတွေနဲ့ ပြည့်နေလောက်ပြီ။
အဲဒီ့ ပန်းရနံ့ တွေပေါ့။
သူတို့ မလိုတမာစိတ်နဲ့ ဘယ်လိုဖုံးဖုံး
ကမ္ဘာတစ်ခုလုံး မွှေးနေတာ။

မိစ္ဆာတွေကတော့
သေနတ်ကို မလွှတ်တမ်းကိုင်ပြီး
မီးလောင်နေတဲ့ ကုလားထိုင်တွေပေါ် အတင်းတက်ထိုင်နေကြတယ် အမေ။
အဲဒီ့ မိစ္ဆာတွေပေါ့၊
သူရဲဘော ကြောင်လိုက်ကြတာ။
အမေ့ကို ရင်မဆိုင်ရဲလို့ ၊
အမေ့ကို မယှဉ်ပြိုင်ရဲလို့ 
အမေ့ကိုသီးခြား ခွဲထုတ်
အမေ့စာမျက်နှာတွေကို သမိုင်းထဲက အတင်းဆွဲစုတ်လည်း
အမေ့ ပုံရိပ်တွေက သားတို့ အသည်းထဲမှာ
စုတ်နဲ့ ထိုးထားသလို စွဲပြီးသား။

ဘယ်သူတွေ ဘယ်လို ပြောပါစေ
အမေဟာ အမေဖြစ်နေသေးသရွေ့ 
သားတို့ ချစ်နေမယ်။
ရင်ထဲမှာ အမေ အမြဲရှိနေမယ်။

ခုချိန်မှာတော့ အမေဟာ ….
ကျဆုံးခဲ့တဲ့ ရင်သွေးတွေအတွက်
အမေ့အိမ်လေးထဲမှာ တိတ်တိတ်ကလေး ငိုနေမလား။
ဒါမှမဟုတ် ဒုက္ခပင်လယ်ဝေနေတဲ့ ရင်သွေးတွေအတွက်
ဆုတောင်းမေတ္တာတေးသီချင်းတွေကို တိတ်တိတ်ကလေးဆိုနေမလား။

အမေ့ရဲ့  အကြင်နာလက်နဲ့ 
သားတို့ နေတဲ့ ပုခက်လေးကို
ညင်သာစွာ လွှဲပေးမယ့် နေ့ ရက်တွေကို မျှော်နေမယ်။

အမေဟာ ကျွန်တော်တို့ အားလုံးရဲ့ ကောင်းကင်
အမေ မိုးမယ့် နေ့ တွေဆီကို သားတို့ အားလုံး ရောက်ချင်လှပြီ။
အမေဟာ ကျွန်တော်တို့ အားလုံး ရဲ့ မိခင်
အမေပျိုးမယ့် ဥယျာဉ်ကို သားတို့ အားလုံး ကြည့်ချင်လှပြီ။

ကောင်းကင်ကို
(၁၅ ဖေဖော်ဝါရီ ၂၀၀၈)

Wednesday, June 11, 2008

မိဘမကောင်း သားသမီးခေါင်း

အစဉ်အလာကို ဆန့် ကျင်ချင်လို့ မဟုတ်ဘူး။
တမင်တကာ စတန့် ထွင်ချင်လို့ မဟုတ်ဘူး။
ဝမ်းဗိုက်ဟောင်းလောင်းနဲ့ 
အစာတောင်းနေရတဲ့ ခေတ်က
စကားပုံ အသစ်ကို သက်သေပြလိုက်ပြီ။

သားသမီးတွေ မကောင်းတဲ့အခါ မိဘတွေ နာမည်ပျက်တယ်၊
မိဘတွေမကောင်းတဲ့အခါမှာတော့ သားသမီးတွေ အားလုံး ဘဝပါပျက်တယ်

အတ္တနဲ့ တစ်ဘက်ချို့ နေတဲ့ မျက်လုံး
မကြားချင်ယောင်ဆောင်ထားတဲ့နား
ဥာဏ်နီဥာဏ်နက်တွေ စုပြုံထည့်ထားတဲ့ မဟာဦးနှောက်
ဒုက္ခရောက်သူတွေအချင်းချင်း ချနင်းချင်တဲ့ခြေထောက်
လောဘနဲ့ ထွင်းထားတဲ့ပေတံ
တဆတ်ဆတ်တုန်နေတဲ့ဒူး
လည်စင်းခံဖို့ ဆို အမြဲ အဆင်သင့်ဖြစ်နေတတ်တဲ့ သတ္တိ
အဲဒါတွေဟာ ငါတို့ ရရှိခဲ့တဲ့ အမွေအနှစ်တွေပေါ့။

ခင်ဗျားတို့ က ကိုယ့်ထမင်းအိုးလေးကို သေနတ်ရှပ်မှန်မှာ အရမ်းကြောက်တယ်။
ခင်ဗျားတို့ က ပုဆိန်နဲ့ ပေါက်ရမယ့် အချိန်မှာတောင် အပ်နဲ့ မထွင်းရဲခဲ့ကြဘူး။
ခင်ဗျားတို့ က ရင်သွေးတွေ ကျခဲ့တဲ့ သွေးတွေနဲ့ ခေတ်အဆက်ဆက် ဆက်ကြေးပေးတယ်။
ခင်ဗျားတို့ က အသက်တစ်ရက်ပိုကြီးတယ်ဆိုတဲ့ သံလျက်နဲ့  ကျွန်တော်တို့ လက်ညှိုးတွေကို ဖြတ်တယ်။

ရန်သူက ရက်ရက်စက်စက် ပစ်နေချိန်မှာ
ခင်ဗျားတို့ က တစ်…နေရာယူ၊ နှစ်…နေရာယူ၊ သုံး ….နေရာယူ၊ လေး…နေရာယ၊ူ ငါး….နေရာလု

ဒီလိုနဲ့ 
ရှေ့ ကတွေ့ ရတဲ့ ခြေရာတွေအတိုင်း မကျေမနပ်လိုက်အလျှောက်မှာ
ကိုယ့်လိပ်ပြာက ကိုယ့်ကိုပြန်ခြောက်လာတယ်။

နောက်မျိုးဆက်တွေ အပင်ပေါက်လာတဲ့အခါ
သူတို့ လက်ညှိုးတွေ ရင်ကို ဖောက်လာ ဦးမှာလား။
ခုတော့
လျှာပေါ်မှာ မြက်ကလေးတစ်ပင်ပေါက်ဖို့ အရေးတောင်
မိုးခါးရေတွေ အလုအယက်သောက်နေရပြီ။

အတွင်းအဇ္ဈတ္တထဲ အထိ လှိုက်စားသွားခဲ့တဲ့ အမွေတွေကို
ခုချိန်မှာ ပြန်အန်ထုတ် ပါရစေတော့။
ခင်ဗျားတို့ ပေးခဲ့တဲ့ ဆင်ခြေအဆိပ်တွေနဲ့ 
ငရဲဘုံပေါ်မှာ ဆက်မအိပ်ချင်တော့ဘူး။

သြော်…
ဝမ်းဗိုက်ဟောင်းလောင်းနဲ့ 
အစာတောင်းနေရတဲ့ ခေတ်ကတော့
စကားပုံ အသစ်ကို သက်သေပြလိုက်ပြီ။

ကောင်းကင်ကို

Sunday, June 8, 2008

ပစ္စည်းပျောက်ကြော်ငြာ

ကံကြမ္မာတစ်ချက်အနှောက်
‘ရိုမန့် တစ်’ လှေ အမှောက်မှာ
ငါ့ပါးပေါ်က နှုတ်ခမ်းရာလေး တစ်ပွင့်ကျပျောက်သွားတယ်
ဘယ်သူ ကောက်ရထားပါသလဲ။

ကောင်းကင်ကို

Thursday, June 5, 2008

အချစ်ဆိုတဲ့ အကုသိုလ်

မသန့် တသန် ခြေထောက်နှစ်ချောင်းနဲ့ 
တစ်ကွင်းလုံးအနှံ့ ဆွဲပြေးလိမ်ခေါက် ၊
တစ်ဘက် ဂိုးရှေ့ ကို ရောက်မှ
ဂိုးပေါက်က ရုတ်တရက်ပျောက်သွားတယ်။

သူနိုင်ကိုယ်နိုင် အလှချင်းပြိုင်နေကြတဲ့
သက်ရှိရနံ့ ခိုင်တွေကြားမှာ
မျက်နှာငယ်စွာ ပွင့်နေရရှာတဲ့
အညတရ ပန်းလေးတစ်ပွင့်ကို မြတ်နိုးလွန်းလို့ 
ဥယျာဉ်တော်ဆီအရောက့်
မိုင်ပေါင်းများစွာလျှောက်ခဲ့လည်း …..
ဥယျာဉ်ရှေ့ ရောက်ကာမှ
ဥယျာဉ်ဂိတ်တံခါးက
အခုတင်ပိတ်သွားသတဲ့။

သြော်…
အချစ်ရဲ့ တန်ခိုးတော်နဲ့ 
သူတကာတွေ မိုးပေါ်ပျံနေချိန်မှာ
ငါ့ကျမှ အချစ်ဆိုတဲ့တွင်းနက်ကြီးထဲ ပြုတ်ကျသွားခဲ့ရတာ
ဘာအကုသိုလ်များလုပ်ခဲ့မိလို့ လဲ။

တောက်!
စင်္ကြဝဠာကြီးကို ဆွဲမှောက်
ချစ်ခြင်းမုန်းခြင်း ဆိုတဲ့ အရာတွေ
လောကကြီးထဲကလုံးဝပျောက်သွားအောင်
လက်စဖျောက်ပစ်လိုက်ချင်တယ်။

ကောင်းကင်ကို

Monday, June 2, 2008

ရက်စက်တဲ့ နှုတ်ခမ်းနဲ့ နမ်းမှ

သူက
ဆူးတွေနဲ့ ရံထားတဲ့ နှင်းဆီ
မီးတောက်ထဲမှာ ပွင်နေတဲ့ပန်း
မာနတောင်ထွတ်မှာ စံမြန်းနေတဲ့ နတ်သမီး
သူ့ ရဲ ဆူးတွေက ဖြူတစ်ကောင်ရဲ့ ဆူးတွေထက် ပိုပြီးတော့ ချွန်မြတယ်။
စကားတစ်ခါ ကျွံလိုက်တိုင်း သူက မြွေဟောက် တစ်ကောင်လို ပါးပြင်းထတယ်။

ငါကလည်း
ခက်ခက်ကိုမှ လိုချင်တဲ့ကောင်၊
ရက်စက်တဲ့ နှုတ်ခမ်းနဲ့  နမ်းမှ ငါ့ပါးက အရသာရှိမှာ။
စစ်သူကြီး ဟန်နီဘော်လို အကြမ်းတမ်းဆုံး လမ်းကိုပဲ ရွေးချင်တယ်။
ဇာတ်တော်ထဲက စူဠသုဘဒ္ဒါလို မိန်းမမျိုးနဲ့ တွေ့ ချင်တယ်။
နှလုံးသား ကွဲအက်လို့  ရွှဲနစ်လာတဲ့သွေးတွေနဲ့ 
မာနကြီးတဲ့မိန်းမတစ်ယောက်ရဲ့ 
လက်နက်ချလိုက်မယ့် အလံဖြူပေါ်မှာ
အချစ်ဆိုတဲ့ စကားလုံးကို ထင်းထင်းကြီးရေးချင်တယ်။

ကောင်းကင်ကို

Sunday, June 1, 2008

Sleeping Child (Lyrics and Chords)

သီချင်းရယူရန် ဒီမှာနှီပ်ပါ။



SLEEPING CHILD (MICHAEL LEARNS TO ROCK)

Intro:/D,G/Em,A7/(3 TIMES)

D G A D G Em A7 sus4 A7
This milkey way upon the heaven is twinkling just for you
D G F#7 Bm Em A7 sus4 A7
And Mr. Moon he came by to say goodnight to you
D G A D G Em A7 sus4 A7
I'll sing for you I"ll sing for mother we praying for the world
D G F#7 Bm Em A7 sus 4 A7
And for the people every where gonna show them all we care
D G Em A7
Oh my sleeping child the world"s so wild
D G Em A7 D
But you've build your own paradise , That"s one reason
G Em A7 D
Why I"LL cover you sleeping child


Instro:/D,G/Em,A7/

D G A D
If all the people around the world
G Em A7 sus4 A7 D G F#7 Bm
They have a mind like yours, we have no fighting and no war
G Em A7 SUS4 A7
There would be lasting peace on earth
D G A D
If all the kings and all the leaders
G Em A7 sus A7
Could see you here this way
D G F#7 Bm
They would hold the earth in their arms
G Em A7 sus4 A7
They would learn to watch you play

( Repeat+)F# F#7Bm A7

G D A7 /G/D/A7/
I'm gonna cover my sleeping child
G D A7
Keep you away from the world so wild
G
Keep you away from the world
A7 sus4 A7 A7
Away from the world so wild

သီချင်းရယူရန် ဒီမှာနှီပ်ပါ။