Saturday, April 19, 2008

ပန်းသီးပေးတဲ့ ကောင်မလေး (by Herman Rosenblat)

"ကျွန်တော့်ကံကြမ္မာက ကျွန်တော့်ကို အသေစီရင်ဖို့ ပြဌာန်းခဲ့ပြီးသား။ မေလ ၁၀ရက်နေ့ (၁၉၄၅) နံနက် ၁၀ နာရီမှာ ဓာတ်ငွေ့ လွှတ်ထားတဲ့ အခန်းထဲမှာ အသတ်ခံရမယ့် စာရင်းထဲမှာ ကျွန်တော်ပါတယ်။ ခြောက်ခြားဖို့ ကောင်းအောင်တိတ်ဆိတ်နေတဲ့ မနက်စောစောအာရုဏ်ဦးမှာ ကျွန်တော်သေဖို့ ပြင်ဆင်ခဲ့ရတယ်။ ဟိုအရင်က သေမင်းက ကျွန်တော့်ကိုခေါ်ဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ပေမယ့် ကျွန်တော် တစ်နည်းနည်း
နဲ့ လွတ်မြောက်ခဲ့တာ ချည်းပဲ။ ဒါပေမယ့် ဒီတစ်ခါတော့ မရတော့ဘူး ...
"
***** ***** *****
၁၉၄၂ ခုနှစ်၊ August လ…
ပိုလန်နိုင်ငံ ပီယော့တိုကို မြို့ 
ကောင်းကင်တစ်ခုလုံး မဲမှောင်နေလို့ …
ပီယော့တိုကိုမြို့  က ဂျူးတွေအားလုံး ယောကျာ်းမိန်းမ မရွေး၊ ကလေးပါမကျန် ကွင်းပြင်ကြီး တစ်ခုထဲကို မောင်းအသွင်းခံနေရတယ်။ ကျွန်တော်တို့ အပြောင်းရွှေ့ ခံကြရတော့မယ်လို့ လည်း သတင်းတွေကြားနေရတယ်။ ကျွန်တော့် အဖေကတော့ ပြွတ်သိပ်ပြီး နေနေရတဲ့ ကျွန်တော်တို့ ဂျူးတွေကြားမှာ ကူးစက်ပျံနှ့ံလာတဲ့ အပြင်းစား အဖျားရောဂါ
နဲ့ ဆုံးသွားတာ မကြာသေးပါဘူး။

ကျွန်တော်တို့ မိသားစု တကွဲတပြားစီ ဖြစ်သွားမှာကို ကျွန်တော်အရမ်းစိုးရိမ်တယ်ဗျာ။ ကျွန်တော့် အစ်ကိုကြီး အစ်ဇစ်ဒို ကတော့ ကျွန်တော့်အသက်ကို မေးလာရင် ၁၆ နှစ်လို့ ပြောဖို့ တိုးတိုးတိတ်တိတ် မှာပါတယ်။ ကျွန်တော့် အရပ်က ကျွန်တော့်အသက် ၁၁ နှစ်နဲ့ စာရင် တော်တော်လေးရှည်တာမို့ ကျွန်တော့်ကိုယ် ကျွန်တော် ၁၆ နှစ်လို့ ပြောရင့် သူတို့ ယုံကြလိမ့်မယ်ထင်တာပဲ။ ဒါဆိုရင် ကျွန်တော့်ကို အလုပ်လုပ်နိုင်တဲ့ အရွယ်လို့ သူတို့ သတ်မှတ်ကြလိမ့်မယ်။

“ဒေါက်..ဒေါက်..ဒေါက်” ဟော..ခြေသံတွေ….
ဘွတ်ဖိနပ်နဲ့ လမ်းခင်းကျောက် ထိမိလို့ ထွက်လာတဲ့ခြေသံတွေ….
နာဇီလက်အောက်ခံ SS (Schutztaffel) က စစ်သားတစ်ယောက် ကျွန်တော့်အနားကို ချဉ်းကပ်လာပါတယ်။ သူကျွန်တော့်ကို ခြေဆုံးခေါင်းဆုံး စေ့စေ့စပ်စပ်ကြည့်ပြီး ကျွန်တော့် အသက်ကို မေးပါတယ်။
ကျွန်တော်သူ့ ကို ထိတ်ထိတ်လန့် လန့် နဲ့ ပဲ ပြန်ဖြေလိုက်ပါတယ်။ “၁၆ နှစ်”
သူက ကျွန်တော့်ကို ကျွန်တော့် အစ်ကိုသုံးယောက်အပါအဝင် တခြားကျန်းမာသန်စွမ်းတဲ့ လူငယ်ကောင်လေးတွေ ရပ်နေကြတဲ့ ဗယ်ဘက်ကို သွားဖို ညွှန်ပြလိုက်ပါတယ်။

ကျွန်တော့်အမေကတော့ တခြားမိန်းမတွေ၊ ကလေးတွေ၊ သက်ကြီးရွယ်အိုတွေနဲ့ မကျန်းမာတဲ့သူတွေ ရပ်နေရတဲ့ ညာဘက်ခြမ်းကို သွားရပါတယ်။ ဒါနဲ့ ဘာကြောင့်လဲဆိုတာ ကျွန်တော်သိချင်လို့ ကျွန်တော့်အစ်ကို အစ်ဇီဒိုကို တိုးတိုးလေးမေးလိုက်ပါတယ်။ အစ်ကိုက ပြန်မဖြေပါဘူး။ ကျွန်တော် အမေ့ ဆီကိုပြေးသွားပြီးတော့
အမေနဲ့ အတူနေချင်တဲ့အကြောင်းပြောလိုက်တယ်။ အမေက ခပ်ပြတ်ပြတ်ပဲ ငြင်းပါတယ်။ “ဟာ…ငါ့ကို ဘာမှအဓိပ္ပါယ် မရှိတာတွေ လာပြောမနေနဲ့ ။ နင့်အစ်ကိုတွေ ရှိတဲ့နေရာကိုသွားစမ်း”။ အမေ ကျွန်တော့်ကို တစ်ခါမှ အဲဒီလိုမျိုး ကြမ်းကြမ်းတမ်းတမ်းမဆူဘူးသေးပါဘူး။ ဒါပေမယ့် ကျွန်တော့်ကို စိုးရိမ်စိတ်နဲ့  အမေ အကာအကွယ်ပေးလိုက်တာပဲ ဆိုတာကို ကျွန်တော်နားလည်ခဲ့ပါတယ်။ အမေက ကျွန်တော့်ကိုအရမ်းချစ်တော့ ဒေါသထွက်ဟန်ဆောင်ပြီး ပြောခဲ့တာပါ။ အဲဒီ့ အချိန်ဟာ ကျွန်တော် အမေ့ကို နောက်ဆုံးတွေ့ လိုက်ရတဲ့ အချိန်ပေါ့။

ကျွန်တော်တို့ ကို ကျွဲတွေနွားတွေ တင်တဲ့ကားနဲ့ ခေါ်သွားပြီးတော့ ဂျာမနီကို ပို့ လိုက်ပါတယ်။ ကျွန်တော်တို့ လူတွေအရမ်း ပြွတ်သိပ်နေတဲ့ ဘူးခန့် ဝဲ(လ်)(ဒ်) (Buchenwald) ငရဲခန်း ကိုရောက်သွားပါတယ်။ ကျွန်တော်တို့ ကို Uniform ထုတ်ပေးပြီး ကိုယ်ပိုင်နံပါတ် တစ်ခုစီလည်းပေးပါတယ်။ ကျွန်တော့် အစ်ကိုတွေကို ကျွန်တော် ပြောလိုက်ပါတယ်။ “ငါ့ကို ဟာမန် လို့ မခေါ်နဲ့ တော့။ 94983 လို့ ပဲခေါ်ကြတော့”။ ကျွန်တော် အကျဉ်းစခန်းထဲက မီးသင်္ဂြိုလ်ရုံမှာ လူသေအလောင်းတွေကို လက်လှည့်လှေကား ပေါ်တင်ပေးရတဲ့ အလုပ်ကိုလုပ်ရပါတယ်။ ကျွန်တော်လည်း လူသေအလောင်းတွေနဲ့ ဘာထူးသေးလို့ လဲ။ ကျွန်တော့်ကိုယ် ကျွန်တော် သေဆုံးသွားသလို ခံစားရတယ်။ သြော်…ကျွန်တော့်ဘဝကလည်း အသက်မရှိတဲ့ နံပါတ်တစ်ခုသာ။

ကျွန်တော့်အစ်ကိုနဲ့ ကျွန်တော့်ကို ဘူခန့် ဝဲ(လ်)(ဒ်) အကျဉ်းစခန်း ရဲ့  ဘာလင်မြို့ နားက အကျဉ်းစခန်းခွဲတစ်ခု (Schlieben) ကို ပို့ လိုက်ပါတယ်။ တစ်မနက်မှာတော့ အမေ့  ရဲ့ အသံကို ကျွန်တော် ကြားယောင်မိတယ်ဗျာ။ “သား အတွက် မေမေ နတ်မိမယ် တစ်ပါး လွှတ်လိုက်တယ်” တဲ့။ ပျော့ပျောင်းညင်သာစွာ ကျွန်တော့်ကို ပြောလိုက်တဲ့အမေ့ ရဲ့ အသံကို ကျွန်တော်သေသေချာချာကို ကြားလိုက်ရတယ်ဗျာ။

နောက်တော့ကျွန်တော် နိုးလာပါတယ်။ သြော်…ငါ အိပ်မက် မက်နေတာပါလား။ နတ်မိမယ်လေး လွှတ်လိုက်မယ်တဲ့။ အရမ်းလှတဲ့ အိပ်မက်လေးပဲ။ ဒါပေမယ့် ဒီလိုနေရာမျိုးမှာ နတ်မိမယ် တော့ ဘယ်လိုမှမရှိနိုင်ဘူး။ ဝန်နဲ့ အားနဲ့ မမျှတဲ့အလုပ်၊ ဆာလောင်မွတ်သိပ်မှုနဲ့  အကြောက်တရားတွေပဲ ဒီနေရာမှာ ရှိတယ်။

ရက်အနည်းငယ် အကြာမှာတော့ ကျွန်တော် အကျဉ်းစခန်း ထဲမှာ တစ်ယောက်တည်း လျှောက်သွားရင်းနဲ့ အကျဉ်းသားတန်းလျားတွေရဲ့ နောက်၊ အစောင့်တွေအလွယ်တကူမမြင်နိုင်တဲ့ သံဆူးကြိုးတွေကာထားတဲ့ ခြံဝင်းအနီး ကို ရောက်သွားပါတယ်။ ခြံစည်းရိုးရဲ့ အခြားတစ်ဘက်မှာ ဆံပင်ကောက်ကောက်နဲ့ ကောင်မလေးတစ်ယောက်ရှိနေတာကို ကျွန်တော်သတိထားမိပါတယ်။ သူက သူ့ ရဲ့ ကိုယ်တစ်ဝက်ကို သစ်ပင်တပင်နဲ့ ကွယ်ထားပါတယ်။ ကျွန်တော် တစ်ချက် မျက်စေ့ ကစားပြီး ပတ်ဝန်းကျင်မှာ ကျွန်တော့်ကို မြင်နိုင်တဲ့သူရှိမရှိ အကဲခတ်လိုက်ပါတယ်။ ကျွန်တော့်ကို တခြားမြင်နိုင်တဲ့သူ မရှိနိုင်တာသေချာတာနဲ့  သူ့ ကို ကျွန်တော် ဂျာမန်လို တိုးတိုးလေး စားစရာတစ်ခု ရှိမရှိ မေးလိုက်ပါတယ်။ သူက ကျွန်တော်ပြောတာကို နားမလည်ပါဘူး။ ကျွန်တော် ခြံစည်းရိုးနားကို နည်းနည်း ထပ်တိုးသွားပြီးတော့ ပိုလန်လို ထပ်မေးလိုက်ပါတယ်။ သူ ရှေ့ ကို တစ်လှမ်းတိုးလာပါတယ်။ ကျွန်တော်ဟာ ပိန်ချုံးနေပြီး ခြေထောက်မှာလည်း အဝတ်စုတ်တွေနဲ့ ပတ်ထားပါတယ်။ ဒါပေမယ့် ကောင်မလေးကြည့်ရတာ ရွံ့ တွန့် တွန့် ဖြစ်နေပုံ မရပါဘူး။
သူ့ ရဲ့ မျက်လုံးတွေထဲမှာ ကျွန်တော် အသက်ဓာတ်တစ်မျိုးကို တွေ့ ရပါတယ်။ သူက သူ့ ရဲ့  သိုးမွေး အင်္ကျီထဲကနေ ပန်းသီးတစ်လုံးကို ဆွဲထုတ်လိုက်ပြီး ခြံစည်းရိုးပေါ်ကို ကျော်ပစ်ပေးပါတယ်။ ကျွန်တော် အဲဒီ့ပန်းသီးကို ဖမ်းလိုက်ပြီး အဝေးကို ချက်ခြင်း ပြေးထွက်ခဲ့ပါတယ်။ သူမရဲ့ အသံဖျော့ဖျော့ လေးကို လည်းကျွန်တော်ကြားလိုက်ရပါတယ်။ မနက်ဖန်လည်း လာခဲ့မယ်တဲ့။

ဒါပေမယ့် ကျွန်တော်ကတော့ သူပြန်လာလိမ့်မယ်လို့ မထင်ပါဘူး။ အရမ်းအန္တရာယ်များတယ်လေ။ ဒါပေမယ့် နောက်တစ်ရက် အဲလိုအချိန်မှာ အဲဒီ့နေရာကို ကျွန်တော်မသွားပဲ မနေနိုင်ဘူးဗျာ။ ကျွန်တော် မျှော်လင့်ချက်တဝက်၊ စိုးရိမ်စိတ် တဝက်
နဲ့ သွားခဲ့ပါတယ်။ သူရှိနေပါတယ်။ မနေ့ က ကောင်မလေး။ သူ သစ်ပင်နောက်ကွယ်ကနေ ထွက်လာပြီးတော့ မနေ့ ကလိုပဲ တစ်စုံတစ်ခုကို ခြံစည်းရိုးပေါ်ကျော်ပြီး ပစ်လိုက်ပါတယ်။ ဒီတစ်ခါတော့ ပေါင်မုန်.။ ပေါင်မုန့် တစ်တုံးကိုထုပ်ပြီး ကျောက်တုံးတစ်တုံးနဲ့ တွဲချည်ပြီး ပစ်လိုက်တာ။ ကျွန်တော် သူ့ ကို အရမ်းပဲကျေးဇူးတင်မိပါတယ်။ ကျွန်တော် ပေါင်မုန့် ကို ဆာလောင်မွတ်သိပ်စွာ စားရင်းကနေ ပေါင်မုန့် က ကျွန်တော့် အစ်ကိုတွေနဲ့ ဝေစားလို့ ရလောက်အောင် ကြီးရင် ကောင်းမယ်
လို့ တွေးမိပါတယ်။ ကျွန်တော် ကောင်မလေးကို ကြည့်လိုက်တော့ မရှိတော့ပါဘူး။

ကျွန်တော်နေ့ တိုင်းနေ့ တိုင်း အချိန်ကျတာနဲ့ ခြံစည်းရိုးနားက အဲဒီ့နေရာကို အမြဲသွားပါတယ်။ကောင်မလေးကလည်း ကျွန်တော့်အတွက် စားစရာတစ်ခုခုယူလာပြီး အဲဒီ့နေရာကို မပျက်မကွက် လာရှာပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ စကားမပြောရဲ ကြပါဘူး။ ကြာကြာလည်း မနေရဲ ကြပါဘူး။ အဖမ်းခံရရင် ကျွန်တော်တို့ နှစ်ယောက်လုံးအတွက် အသက်အန္တရာယ်ရှိပါတယ်။ ကျွန်တော် ကောင်မလေးရဲ့ အကြောင်းကို ဘာမှမသိပါဘူး။ သူဟာ ကြင်နာတတ်တဲ့ကောင်မလေးတစ်ယောက်။ ပြီးတော့ ပိုလန်စကားကို နားလည်ပုံရတယ်။ ကျွန်တော်ဒီလောက်ပဲ သိပါတယ်။ သူ့ နာမည်ဘယ်သူလဲ? ကျွန်တော့်အတွက် သူ ဘာကြောင့် ဒီလောက်စွန့် စားသလဲ? အခုလို မျှော်လင့်ချက်တွေ ကင်းမဲ့နေတဲ့ အချိန်မှာ သူက ခြံစည်းရိုး ဟိုဘက်ခြမ်းကနေပြီးတော့ မျှော်လင့်ချက်နဲ့ စားစရာပေါင်မုန့် တွေ ပန်းသီးတွေကို ပေးပါတယ်။

ခုနစ်လလောက်ကြာတော့ ကျွန်တော်တို့ ညီအစ်ကိုတွေနဲ့ တခြားလူတွေကို ကျောက်မီးသွေးတင်တဲ့ကားပေါ် စုပြုံတင်ပြီး ချက်ကိုစလိုဗက်ကီးယားနိုင်ငံမှာ ရှိတဲ့ တီရီဆန်စတပ် camp ကို ပို့ လိုက်ပါတယ်။ မသွားခင် တစ်ရက်မှာ ကောင်မလေးကို နောက်နေ့ တွေမလာတော့ဖို့ နဲ့ ကျွန်တော်တို့ သွားရတော့မယ့် အကြောင်းကို ပြောလိုက်ပါတယ်။ ပြီးတော့ ကျွန်တော့်ကို ပန်းသီးတွေပေးတဲ့ အမည်မသိ ကောင်မလေးကို ကျွန်တော် နှုတ်လည်းမဆက်၊ နောက်လည်း ပြန်လှည့်မကြည့်ပဲနဲ့ ကျွန်တော့်နေရာဆီကို ဦးတည်ပြီး လှည့်ထွက်လာခဲ့ပါတယ်။

ကျွန်တော်တို တီရီဆန်စတပ် camp မှာ ၃လ နေခဲ့ရပါတယ်။ စစ်ကြီးရဲ့ အရှိန်ဟာ လျော့ကျလာပြီး မဟာမိတ်တပ်တွေလည်း ရောက်လာခါလည်းနီးပါပြီ။ ဒါပေမယ့် ကျွန်တော့်ကံကြမ္မာက ကျွန်တော့်ကို အသေစီရင်ဖို့ ပြဌာန်းခဲ့ပြီးသား။ မေလ ၁၀ရက်နေ့ (၁၉၄၅) နံနက် ၁၀ နာရီမှာ ဓာတ်ငွေ့ လွှတ်ထားတဲ့ အခန်းထဲမှာ အသတ်ခံရမယ့် စာရင်းထဲမှာ ကျွန်တော်ပါတယ်။ ခြောက်ခြားဖို့ ကောင်းအောင်တိတ်ဆိတ်နေတဲ့ မနက်စောစောအာရုဏ်ဦးမှာ ကျွန်တော်သေဖို့ ပြင်ဆင်ခဲ့ရတယ်။ ဟိုအရင်က သေမင်းက ကျွန်တော့်ကိုခေါ်ဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ပေမယ့် ကျွန်တော် တစ်နည်းနည်းနဲ့ လွတ်မြောက်ခဲ့တာ ချည်းပဲ။ ဒါပေမယ့် ဒီတစ်ခါတော့ မရတော့ဘူး။ ကျွန်တော် အဖေနဲ့ အမေ့အကြောင်းတွေးလိုက်တယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော် သူတို့ နဲ့ ပြန်ဆုံစည်းရတော့မယ်။ မနက် ၈နာရီမှာ ကျွန်တော် ဆူဆူညံညံ အသံတွေကြားလိုက်ရပြီး လူတွေဟိုပြေးဒီပြေးနဲ့ အကျဉ်းစခန်းတစ်ခုလုံး ရုတ်ရုတ်သဲသဲဖြစ်နေတာ တွေ့ လိုက်ရတယ်။ ကျွန်တော့် အစ်ကိုတွေနောက်ကို ကျွန်တော်ပြေးလိုက်သွားတယ်။ ရုရှားတပ်တွေက ကျွန်တော်တို့ ကိုလွှတ်ပေးလိုက်ပြီတဲ့။

ဂိတ်တံခါးက ပွင့်နေပြီ။ လူတွေလည်း ပြေးလွှားနေကြတယ်။ ကျွန်တော်လည်း သူတို့ နဲ့ အတူတူ လိုက်ပြေးတာပေါ့။

အံ့သြစရာ တော့ကောင်းတယ်ဗျာ။ ကျွန်တော်တို့ ညီအစ်ကိုတတွေ အားလုံး ငရဲခန်းကြီးထဲမှာ တစ်ယောက်မှ မသေပဲ အသက်ရှင်ကျန်ရစ်ခဲ့ကြတယ်။ ဘာကြောင့်လဲတော့ မသိဘူး။ ကျွန်တော်သိတာကတော့ ကျွန်တော်သေကံမရောက် သက်မပျောက်ပဲ ကျန်ရစ်ခဲ့ရတဲ့ အဓိက အကြောင်းရင်းဟာ ပန်းသီးပေးတဲ့ ကောင်မလေးကြောင့်။ အနိဌာရုံတွေ ကြီးစိုးနေတဲ့နေရာမှာ ကျွန်တော့်နတ်သမီးလေးက ကျွန်တော့်ကိုကယ်ခဲ့တယ်။ မျှော်လင့်ချက်လုံးဝမရှိတဲ့ နေရာမှာ မျှော်လင့်ချက်တွေ ပေးခဲ့တယ်။ အိပ်မက်ထဲမှာ ကျွန်တော့်အမေ ကျွန်တော့်ကို ကတိပေးခဲ့သလိုပဲ ကျွန်တော့်ဆီကို နတ်မိမယ်လေးတစ်ပါး လာရောက်ပြီး ကျွန်တော့်အတွက် နေ့ စဉ် မျှော်လင့်ချက် လေးတွေ ပေးခဲ့တယ်။

နောက်ဆုံးမှာတော့ ကျွန်တော် ဂျူးအဖွဲ့ အစည်းတွေရဲ့ အထောက်အပံ့နဲ့  အင်္ဂလန်ကို သွားခဲ့တယ်။ ကျွန်တော့်လိုပဲ အစုလိုက်အပြုံလိုက် အသတ်ခံ ရမှုကနေ အသက်မသေပဲ လွတ်မြောက်လာခဲ့တဲ့ သူငယ်ချင်းတွေနဲ့ အဆောင်တစ်ခုမှာ အတူတူနေပြီး အီလက်ထရောနစ် ပညာကို သင်ယူခဲ့ပါတယ်။ နောက်တော့ ကျွန်တော့်အစ်ကို Sam ရောက်နှင့်နေပြီ ဖြစ်တဲ့ အမေရိကန်ကို ကျွန်တော်လိုက်သွားတယ်။ ကိုရီးယား စစ်ပွဲကာလမှာ အမေရိကန် စစ်တပ်မှာ ကျွန်တော် ဝင်အမှုထမ်းခဲ့ပြီး New York ကို ပြန်လာခဲ့ပါတယ်။ 1975 သြဂုတ် လမှာတော့ ကျွန်တော် အီလက်ထရွန်းနစ် စက်ပစ္စည်းပြင်ဆိုင်ကို ဖွင့်ခဲ့ပါတယ်။ ကျွန်တော် အခြေကျစ ပြုလာပါပြီ။

တစ်ရက်မှာတော့ ကျွန်တော် အင်္ဂလန်တုန်းက သိခဲ့တဲ့ သူငယ်ချင်း Sid ကဖုန်းဆက်ပါတယ်။

“ငါကောင်မလေးတစ်ယောက်နဲ့ date လုပ်ထားတယ်။ သူ့ မှာလည်းသူငယ်ချင်းတစ်ယောက်ရှိတယ်။ ငါတို့  double date လုပ်ရအောင်”

Blind date…အပြင်မှာ လူချင်းမတွေ့ ဖူးသေးပဲ ချိန်းတွေ့ ကြမှာ။ ကျွန်တော်ဒါမျိုးကို စိတ်မဝင်စားဘူး။ ဒါပေမယ့် ကျွန်တော့် သူငယ်ချင်းက အတင်းနားပူတာ နဲ့  ကျွန်တော်လက်ခံလိုက်တယ်။ ရက်အနည်းငယ် ကြာတော့ ကျွန်တော်တို့ ကောင်မလေးတွေနဲ့ တွေ့ ဖို့  Bronx ကိုသွားကြတယ်။ Blind date ဆိုပေမယ့် မဆိုးဘူးဗျာ။ ကျွန်တော်နဲ့ တွဲရတဲ့ ကောင်မလေး ရိုမာ က Bronx ဆေးရုံက Nurse. သူက ကြင်နာတတ်ပြီး စမတ်လည်း ကျတယ်။ လှလည်း လှတယ်ဗျာ။ သူ့ ဆံနွယ် အညိုရောင်လေးကိုကောက်ထားတယ်။ သူ့ မျက်လုံးတွေကလည်း အသက်ဝင်တောက်ပလို့ ။

ကျွန်တော်တို့ လေးယောက် Coney ကျွန်း ကို မောင်းသွားကြတယ်။ ရိုမာက ဖော်ရွေပျူငှာပြီး ပြောလို့ ဆိုလို့ ကောင်းတယ်ဗျာ။ ခင်မင်ရင်းနှီး သွားပြီးတော့ လူစိမ်းဆိုပြီး သတိထားနေရတာတွေ ပျောက်သွားတယ်နဲ့ တူပါတယ်။ ကျွန်တော်တို့ နှစ်ယောက် သူငယ်ချင်း စုံတွဲကို ဦးစားပေးတဲ့ အနေနဲ့  အတ္တလန္တိတ် ပင်လယ်လေကို ရှူရင်း ကမ်းခြေ ပျဉ်ခင်းလမ်းတစ်လျှောက် လမ်းလျှောက်ထွက်ကြပါတယ်။ ပြီးတော့ ကမ်းစပ်မှာ ညစာစားကြပါတယ်။ ဒီလောက် ပျော်စရာ ကောင်းတဲ့ည ကျွန်တော့် ဘဝမှာ မရှိသေးဘူးဗျာ။

ကျွန်တော်တို့ Sid ရဲ့ ကားဆီကို ပြန်ကြပါတယ်။ ကျွန်တော်နဲ ရိုမာ က နောက်ခုံမှာ အတူတူ ထိုင်ကြပါတယ်။ စစ်အတွင်းမှာ အသက်ရှင်ကျန်ရစ်ခဲ့တဲ့ သူတွေ မို့  ကျွန်တော်တို့ မှာ ပြောစရာတွေ အများကြီး ရှိနေပါတယ်။ သူက အဲဒီ့ အကြောင်းကို စလိုက်ပါတယ်။

“စစ်ဖြစ်နေတုန်းက ရှင်ဘယ်မှာလဲ” သူက တိုးတိုးလေးမေးပါတယ်။
“အကျဉ်းစခန်းမှာ” ကျွန်တော် နာကြည်းစွာ ဖြေလိုက်ပါတယ်။ အတိတ်က ဒဏ်ရာဒဏ်ချက် တွေက အခုထိ စိတ်ထဲမှာ ရှိနေတုန်းပဲ။ ကျွန်တော် ဘယ်လောက်ပဲ မေ့ဖို့ ကြိုးစားကြိုးစား မေ့လို့ ကို မရဘူးဗျာ။
သူက ခေါင်းလေး အသာညိမ့်လိုက်ပါတယ်။
“ကျွန်မတို့ မိသားစုကတော့ ဂျာမနီက ခြံတစ်ခုထဲ မှာ ပုန်းနေရတယ်။ ဘာလင်နဲ့ သိပ်မဝေးဘူး။”
သူက ဆက်ပြောပါတယ်။ “ကျွန်မတို့ ခြံနားမှာ အကျဉ်းစခန်း တစ်ခုရှိတယ်။ အဲဒီ့ အကျဉ်းစခန်းမှာကောင်လေး တစ်ယောက်ရှိတယ်။ ကျွန်မ သူ့ ကို နေ့ တိုင်း ပန်းသီးတို့ ပေါင်မုန့် တို့ သွားသွားပေးတယ်။”

ဟာ…ကြည့်စမ်း။တိုက်ဆိုင်လိုက်တာ။ ကျွန်တော့်အဖြစ်နဲ့ တူလိုက်တာ။ သူ ကျွန်တော့်လို တခြားကောင်လေး တစ်ယောက်ကို ကူညီခဲ့တာပဲ။ “အဲဒီ့ ကောင်လေးရဲ့ ပုံစံက ဘယ်လိုလဲ”ကျွန်တော်မေးလိုက်ပါတယ်။
အရပ်ရှည်ရှည် ပိန်ပိန်နဲ့ ။ လူက အရိုးပေါ်အရေတင်။ သူ့ ကြည့်ရတာ အမြဲ ဆာလောင်နေပုံရတယ်။ ကျွန်မ ခြောက်လလုံးလုံး သူ့ ဆီနေ့ တိုင်းသွားပြီး ပန်းသီးတို့ ပေါင်မုန့် တို့ ပေးခဲ့တယ်။”

ကျွန်တော် အရမ်းကို စိတ်လှုပ်ရှားသွားပါတယ်။ ကြားရတာတွေ ကို ယုံတောင်မယုံချင်ဘူးဗျာ။ “တစ်ရက်မှာ အဲဒီ့ ကောင်လေးက သူ Schlieben ကနေ သွားရတော့မှာမို့ နောက်နေ့ တွေ မလာတော့ဖို့ မပြောဘူးလား” “အင်း၊ ပြောတယ်” ရိုမာက ကျွန်တော့်ကို အံ့သြစွာ ကြည့်ရင်း ဖြေလိုက်ပါတယ်။

“အဲဒါ ကိုယ်ပဲပေါ့” ကျွန်တော် အရမ်း စိတ်လှုပ်ရှားသွားပြီး ပျော်လည်း ပျော်နေပါတယ်။ အဖြစ်အပျက်က တိုက်ဆိုင်လွန်းတာမို့ ကျွန်တော် ယုံတောင် မယုံနိုင်ဘူးဗျာ။ ကျွန်တော့် နတ်မိမယ်လေး ရိုမာ ကို ကျွန်တော် လက်လွှတ်မခံနိုင်တော့ပါဘူး။ ကျွန်တော် ကားထဲမှာပဲ ရိုမာကို ချစ်ရေးဆိုလိုက်ပါတယ်။ နောက်ထပ် အချိန်တွေ မစောင့်နိုင်တော့ဘူးဗျာ။

“ရှင် ရူးနေပြီ” ရိုမာက ပြောပါတယ်။ ဒါပေမယ့် နောက်အပတ်မှာ သူ့ ရဲ့ မိဘတွေနဲ့ အတူတူ ညစာ လာစားဖို့ ကျွန်တော့်ကို ဖိတ်ပါတယ်။ ကျွန်တော် ရိုမာ အကြောင်းကို သိစရာတွေ အများကြီး ကျန်ပါသေးတယ်။ ဒါပေမယ့် အရေးအကြီးဆုံး အချက်တွေကို တော့ သိထားပါတယ်။ အကြပ်အတည်းထဲမှာ သစ္စာရှိမှုတွေ၊ အနွံအတာခံတတ်မှုတွေ၊ကြင်နာတတ်မှုတွေ။ အရမ်းကို ဆိုးဝါးတဲ့ အခြေအနေမှာတောင် သူဟာ လပေါင်းများစွာ မပျက်မကွက် ခြံစည်းရိုးနားကို နေ့ တိုင်းလာပြီး မျှော်လင့်ချက်တွေ ပေးခဲ့ပါတယ်။ အခု ကျွန်တော် သူ့ ကို ပြန်တွေ့ နေရပါပြီ။ ကျွန်တော် သူ့ ကို လက်လွှတ်ဆုံးရှုံး မခံနိုင်ပါဘူး။ ညစာ အတူတူစားကြတဲ့ နေ့ မှာ သူ ကျွန်တော့် အချစ်ကို လက်ခံခဲ့ပါတယ်။ ကျွန်တော် ကလည်း စကားတည်ပါတယ်။ လက်ထပ်သက်တမ်း နှစ် ၅၀ ပြည့်ပြီး သားသမီးနှစ်ယောက်နဲ့ မြေးသုံးယောက် ရတဲ့ အထိ ကျွန်တော် သူ့ ကို ကျွန်တော့် ရင်ခွင်နဲ့ ဝေးရာ ကို တစ်ရက်တောင်မှ ထွက်ခွာသွားခွင့်မပြုခဲ့ဘူးလေ။ ။

Herman Rosenblat ရဲ့  "The Girl with the Apple" ကို ခံစားပြန်ဆိုပါသည်။

ကောင်းကင်ကို

9 comments:

အက္ခရ said...

မစားကောင်းသော ပန်းသီး မဟုတ်တာ သေချာတယ်ဗျာ...။

Ko Paw said...

ကောင်းလိုက်တာဗျာ။ ကျနော်က အဲဒီလို မျှော်လင့်ချက်နဲ့ အသက်ဆက်ရတဲ့ အကြောင်းတွေကို သိပ်သဘောကျတာ။ ကျနော်ဘာသာပြန်လက်စ “ရှောရှမ့်ရီဒင့်ရှင်း” ကို ဆက်ပြီး ဘာသာပြန်ဦးမယ်။

Nyein Chan Aung said...

ဆွတ်ပျံ့လွမ်းမောဖွယ်ရာ အချစ်ဇာတ်လမ်းတစ်ပုဒ်ပဲ။ ဘာသာပြန်ထားတာလည်း ထိမိလှတယ်။

Anonymous said...

Thank you for this post. It's really good. I like it so much. This story can give the reader sth. Thanks a lot.

Anonymous said...

Great short story. Your translation is great.Thanks you so much.

တန်ခူး said...

ရင်ထဲနက်နက်နဲနဲ ထိုးဝင်ထိရှသွားတယ်။ ခါးသက်တဲ့ဘဝတွေကနေ တဖြေးဖြေးချိုမြသွားတာကိုက ဒီဘာသာပြန်ရဲ့အနှစ်ပဲထင်တယ်။ တိုတိုလေးပေမယ့် နာနာကျင်ကျင်မျက်ရည်ရစ်ဝဲရာက ကြည်ကြည်နူးနူးပြုံးမိသွားတဲ့အထိ ညင်ညင်သာသာဆွဲခေါ်သွားတဲ့ ဘာသာပြန်အရေးအသားက ထိထိမိမိ။ မျှော်လင့်ခြင်းတွေ တကယ်ရှင်သန်လာတဲ့အခါ...ဘဝဆိုတာနေပျော်စရာပေါ့။ ပန်းသီးပေးတဲ့ကောင်မလေးမှာ လွတ်လပ်တဲ့ခြေလှမ်းတွေရှိနေဖို့တော့လိုတာပေါ့လေ။

Anonymous said...

Good translation. Great job. Good story. Keep it up. :-) Thanks

မြန်မာပြည်ကိုလွမ်းတယ် said...

ကောင်းလိုက်တာ ကိုကောင်းကင်ရယ်..ဖတ်
ရတာကြက်သီးတဖြန်းဖြန်းတောင်ထမိပါရဲ့။ဇာတ်
လမ်းထဲမျောပါသွားလိုက်တာ အသက်တောင်
ရှုမိရဲ့လားသိတော့ဘူး..ဇာတ်သိမ်းရောက်မှ
ဟင်းကနဲသက်ပြင်းချလိုက်ရတယ်။သိပ်ကောင်း
တယ်ဗျိုး။နောက်လဲဒီလိုဇာတ်လမ်းလေးတွေ
ဘာသာပြန်ပေးဦးနော်..အထူး..အထူးကျေး
ဇူးတင်ပါတယ်။

အိမ်ကိုလွမ်းတဲ့ ရွှေဂျမ်း said...

အင်မတန်ကောင်းတဲ့ မေတ္တာဇာတ်လမ်းလေးကို ဘာသာပြန်ကောင်းတော့ ရင်ထဲကို အမြဲ မှတ်မိနေအောင် ကြိုက်မိပါတယ်။ ဒါမျိုးလေးတွေ နောက်ကိုလည်း ရေးပေးပါဦးနော် ကိုကောင်းကင်ရေ။