Wednesday, September 27, 2017

ရခိုင်အရေး သတင်းပြန်ကြားရေး

 ရခိုင်အရေးမှာ မီဒီယာကဏ္ဍ အလှည့်အပြောင်းတစ်ခုက ကိုယ့်အိမ်ကိုယ် မီးရှို့တယ်ဆိုတဲ့ ပုံတွေကို လုပ်ကြံဖန်တီးလိုက်တာ။ အဲဒါက သတင်းအတု တင်တာထက် ဆိုးတယ်။ ဘာလို့တုန်းဆိုတော့ မတော်တဆ အမှားတင်မိတာ မဟုတ်ဘဲ ... ရုပ်ရှင်ရိုက်သလို လုပ်ကြံ ဖန်တီးတာမို့။ ပြီးတော့ သာမန်လူတွေ၊ သာမန်လော်ဘီတွေက တင်တာမဟုတ်ဘဲ တာဝန်ရှိတဲ့ အရာရှိက တင်တာဆိုတော့ credibility က လုံးလုံးကျသွားရော။ နှစ်ဘက်လုံးက သာမန်လူတွေ၊ သာမန်လော်ဘီတွေမှာတော့ လူပေါင်းစုံမို့ အဲဒါမျိုးလုပ်တာတွေက အများကြီးရှိမှာ။ ဒါပေမဲ့ အစိုးရ ထိပ်တန်း အရာရှိက အဲဒါကိုတင်ပြီးမှ ရူးချင်ယောင်ဆောင်ပြီး ဖြုတ်ချသွားတယ်။ အရေးယူမယ် ပြောပေမဲ့ ခုထိ ဘာမှလည်း နောက်ဆက်တွဲမကြားရဘူး။ အဲဒီလုပ်ရပ်ကြောင့် တကယ်အမှန်အကန် သတင်းတွေပါ မြောင်းထဲရောက်သွားနိုင်တယ်။ ကျွန်တော်ဆိုလည်း မယုံတော့ဘူး။ အဲလောက်ထိ လုပ်ကြံဖန်တီးတဲ့သူတွေဟာ တခြားဟာတွေလည်း လစ်ရင် လစ်သလို လုပ်ကြံဖန်တီးပြီး  အမြတ်ထုတ်မှာပဲ။ ကိုယ့်အိမ်ကိုယ် မီးရှို့တယ်ဆိုပြီး လုပ်ကြံဖန်တီး ဓာတ်ပုံရိုက်တာကို အဲဒီလိုဒေသမှာ ဇာတ်ညွန်းရေး ခိုင်းစေနိုင်မယ့်အဖွဲ့၊ ပြီးရင်  အဲဒီပုံတွေကို ခပ်တည်တည်နဲ့ တင်မယ့်အဖွဲ့ဟာ ဘယ်အဖွဲ့ဖြစ်မလဲဆိုတာ ရှည်ရှည်ဝေးဝေး စဉ်းစား စရာတောင် မလိုဘူး။ အဲလောက်အထိ လုပ်တယ်ဆိုတော့ တခြားဟာတွေလည်း လုပ်မှာပဲ။ ပြီတော့ လံကြုပ်တွေကို သာမန်လော်ဘီတွေက ဇာတ်လမ်းဆင်တာနဲ့ နိုင်ငံတော်လိုဟာက ဇာတ်လမ်းဆင်တာလည်း အပြစ်ချင်း မတူဘူးနော်။ နိုင်ငံတကာဟာ၊ အစိုးရတွေ လုပ်တာကို ပိုအပြစ်တင်မှာပဲ။

တချို့က ကိုယ့်နိုင်ငံက အာဏာပိုင်တွေရဲ့ သတင်းပြန်ကြားရေးက အားနည်းတယ်လို့ ထင်နေကြတာ။ အတယ်၊ တုံးတယ်လို့ ရိုးရိုးသားသား ထင်နေကြတာ။ ကျွန်တော်တော့ အဲလို မထင်။ ဖြစ်ပျက်နေတဲ့  အချိန်မှာ ပေးဝင်လိုက်ရင် ပြီးရော ဆိုပြီး လူတွေက ထင်နေကြတာ။ အားမလို အားမရ ဖြစ်နေကြတာ။ ပေးဝင်လိုက်ရင် ခုနကလို အိမ်မီးရှို့တဲ့ လံကြုပ်လိုဟာတွေ၊ တခြားလူတွေ မသိနိုင်တဲ့ဟာတွေကို ဘယ်လုပ်လို့ ရတော့မလဲ။ ပေးမဝင်တဲ့အတွက် အဝေဖန်တော့ ခံရမယ်။ ဒါပေမဲ့ ကိုယ်လုပ်ချင်တာ လုပ်လို့ရတယ်လေ။ ဘယ်သူမှ မရှိတော့ လိုသလို ကစားလို့ ရတယ်။ စိတ်ကြိုက် ဇာတ်ညွှန်းရေးလို့ ရတယ်။ ကိုယ့်ကိုယ်ကိုယ် အာဏာပိုင် ရှှုထောင့်နေရာက ဝင်ပြီးတွေးကြည့်။ ပေးဝင်မယ်ဆိုတဲ့အချိန်ဟာ စိတ်တိုင်းကျစီမံပြီးတဲ့အချိန်ကျမှ ပေးဝင်လို့ ဖြစ်မှာ။ ပေးမဝင်လို့ ခံရတဲ့ဖိအားနဲ့၊ မဟုတ်တာလုပ်တာတွေ အကုန်ပေါ်ကုန်လို့ ခံရမယ့် ဖိအားက တူမှ မတူတာ။ ဒီတော့ ကိုယ်နိုင်ငံကာ အာဏာပိုင်တွေဟာ "အ" တာမဟုတ်ဘဲ လူလည်တွေပါ။ အာဏာပိုင်တွေကို "အ" တယ်လို့ ရိုးရိုးသားသား အားမလိုအားမရ ဖြစ်နေတဲ့သူတွေက  "အ" နေတာ။

(ကောင်းကင်ကို)

2017 တုန်းက ရေးသားခဲ့တဲ့ Facebook post ကို blog မှာ အဲဒီအရင် date အတိုင်း ပြန်တင်တာပါ။


Wednesday, September 20, 2017

စိတ်အကြောင်း စမ်းသပ်ချက် (experiment) နဲ့ ဒေါ်စု

Psychology Experiment လို့ပဲ ကြီးကြီးကျယ်ကျယ် ခေါင်းစဉ် တပ်လိုက်ပါရစေ။ ဟဲဟဲ။ ပုဂ္ဂိုလ်ရေး လေးစားမှှု၊ ပုဂ္ဂိုလ်ရေး ကိုးကွယ်မှှုဟာ ဘယ်အတိုင်းအတာ အထိ တာသွားသလဲ။ ခေါင်းဆောင်တစ်ယောက် ပြောခဲ့တဲ့ quotation ကို ပြောသူ နာမည်ဖျောက်လိုက်ရင် ဘယ်လို ဖြစ်သွားမလဲ။ စကားတစ်ခွန်းရဲ့ အမှန်တရားဟာ ပြောသူအပေါ် မူတည်နေလားဆိုတာ သိဖို့ စိတ်စမ်းသပ်ချက် တစ်ခု လုပ်ခဲ့တယ်ပဲ ဆိုပါစို့။ ဟီး။


ကျွန်တော့်မှာ တက္ကသိုလ်ကတည်းက ပြောမနာ ဆိုမနာ သူငယ်ချင်းတစ်ယောက်ရှိတယ်။ သူ့နာမည်က Ko Aung တဲ့။ သဘောကောင်းလှတဲ့လူဆိုတော့ သူ့ကိုပဲ အစမ်းသပ်ခံ ကြွက်ဖြူုလေး အဖြစ် အသုံးချရတာပေါ့။ ခိခိ။ 


သူက ဒေါ်စုကို အင်မတန် လေးစားချစ်ခင်တဲ့သူ။ ဖြစ်သင့်ပါတယ်။ ထားပါတော့။ ဒေါ်စု ပြောခဲ့တဲ့ quotation တစ်ခု ရှိတယ်။ “Sometimes I think that a parody of democracy could be more dangerous than a blatant dictatorship, because that gives people an opportunity to avoid doing anything about it.” တဲ့။ အကြမ်းဖျဉ်း စာချောအောင် ဘာသာပြန်ရရင်တော့...  “ဒီမိုကရေစီကို သရော်တဲ့ ပုံစံ (ဒီမိုကရေစီ အတု) ဟာ ဗြောင်ကျကျ အာဏာရှင် စနစ်ထက်တောင် ပို အန္တရာယ် ကြီးသေးတယ်လို့ ကျွန်မထင်တယ်။ ဘာလို့လည်းဆိုတော့ (အဲဒီအဖြစ်ကနေကနေ လွန်မြောက်ဖို့အတွက်) လူတွေ တစ်ခုခုလုပ်မယ့် အရေးကို ဝေးကွာစေလို့ပဲ” ဆိုတဲ့ သဘောပေါ့။


အဲဒါ စိတ်စမ်းသပ်ချက် လုပ်ချင်တော့ ပြောသူနာမည်ကို ဖျောက်လိုက်ပြီး ဒီစကားရပ်ကို မင်းဘယ်လိုမြင်လဲ။ အဲဒါ အရင်က ပြည်ပမှာနေခဲ့တဲ့လူတစ်ယောက် ပြောခဲ့တာဆိုတဲ့ သဘောမျိုးနဲ့ သူ့ကို မေးလိုက်တဲ့။ သူ့ အဖြေက အဲဒီစကားကို nonsense တဲ့။ ကျွန်တော် ထိုင်းမှာ နေရတော့ မဲစာရင်း မပါတော့ မဲမပေးနိုင်ခဲ့တာကိုလည်း သိတော့ သူက ဆက်ပြောတာပေါ့။ မဲမပေးခဲ့တဲ့သူဟာ အစိုးရကို အခုမှ ဝင် မဝေဖန်သင့်ဘူး ဘာညာပေါ့။ တခြား quotaiion တစ်ခုကိုပဲ ချစ်ရတဲ့ သူငယ်ချင်းကြီးက ကိုးကားပြောသွားတာ။ သူက quotation တွေ ကြိုက်တဲ့သူမို့ သူ့ကို တမင် စမ်းသပ်လိုက်ကတာလည်း ပါတယ်။ ဟီး။ တကယ်တော့ မဲမပေးခဲ့တဲ့သူက မဝေဖန်ရဘူးဆိုတာကလည်း သဘာဝ မကျပါဘူး။ မဲပေးခဲ့ခဲ့ မပေးခဲ့ခဲ့ လူတိုင်းဟာ ဥပဒေတွေကို လိုက်နာနေရပြီး၊ impact တွေကလည်း မဲမပေးခဲ့သူအပါအဝင် လူတိုင်းအပေါ် သက်ရောက်တယ်လေ။ အဲဒိလောဂျစ်ကြီးက သဘာဝ မကျပါဘူး။


အဲဒါနဲ့ nonsense လို့ သူေြပြာပြီးတော့မှ အဲဒီစကားက ဒေါ်စု ပြောခဲ့တာဆိုတော့ ကျွန်တော့်ကို ဆဲပါလေရော။ မင်းက quotaion တွေကို ဖြတ်ညှပ်ကပ်တဲ့။ မဆိုင်ဘူးလေ။ သူလည်း quotation တွေဆို တင်နေကျ။ သူ့စိတ်ကို စမ်းသပ်ချင်လို့သာ ပြောသူနာမည်ကို တမင် အာရုံလွှဲလိုက်တာ။ အဲဒီမှာ ပြောသူရဲ့ အရှိန်အဝါ မပါတော့ အဲဒိစကားကို nonsense လို့ ပြောပါလေရော။ ကျွန်တော့်ကိုလည်း မီဒီယာသောက်ကျင့်ဆိုပြီး စွပ်စွဲတာပေါ့။ exile ညှော်နံ့မိနေပြီလို့လည်း စွပ်စွဲသေးတယ်။ ဘာဆိုင်လို့လဲ။ သိချင်လို့ စမ်းသပ်ကြည့်တာလေးကို။ ဟီး။ ကျွန်တော်ကလည်း အားကျမခံ ပြန်ပြောတာပေါ့။ မင်းက ငါ့ရဲ့ အစမ်းသပ်ခံ ကြွက်ဖြူလေးလို့။ ဟီး။ မင်းမို့ ဒေါ်စုစကားကို nonsense လို့ ပြောရက်တယ်ကွာ ဆိုပြီးလည်း ပြန်ရိလိုက်သေးတယ်။ ဟီး

စကားတစ်ခွန်းရဲ့ အမှန်အမှားဆိုတာ ပြောသူရဲ့ နာမည်အပေါ်မှာပါ မူတည်နေတာ သိလိုက်ရတယ်။ စကားအပေါ် တန်ဖိုးထားမှှု မထားမှှုဆိုတာ ပြောသူအပေါ်မှာ မူတည်နေရော။ ဒါကြောင့် တခါတလေ ဒေါ်နယ်ထရမ့်တို့၊ ကလင်တန်တို့ ပြောလိုက်တဲ့ စကားတွေဟာ ပုံမလာပေမဲ့၊ တခါတခါဆို ပြောတဲ့ အဓိပ္ပါယ်ချင်း အတူတူ သူတို့လိုလူတွေ ပြောမှ လူတွေက အရေးလုပ်ကြတာလေ။ 


ထားပါ။ အခုဟာ ရေးလိုက်လို့ ဒေါ်စုကိုပဲ အသားလွတ်လိုက်တိုက်ခိုက်တယ်လို့တော့ မထင်ပါနဲ့။ ဟိုးအရင် Gtalk ခေတ်၊ blog ခေတ်ကတည်းက ဒေါ်စုကို ချစ်လို့ ကဗျာတွေ သုံးလေးပုဒ် ရေးခဲ့ဖူးတယ်။ အလိုလို နေရင်းကို ချစ်စရာကောင်းတဲ့ အမေတစ်ယောက်လို၊ အန်တီကြီး တစ်ယောက်လို ခံစားခဲ့တာ။ အခုလည်း သိပ်မကြိုက်တော့ပေမဲ့ အတိုင်းအတာ တစ်ခုထိ ချစ်နေတုန်းပါပဲ။ မကြိုက်တော့တာကတော့ ၂၀၁၂ ကတည်းက။ ထားပါ။ မကြိုက်တဲ့အကြောင်း မပြောချင်တော့ဘူး။

အတိုင်းအတာ တစ်ခုအထိ အန်တီတစ်ယောက်လို ချစ်နေတုန်းပဲ။ ဒါကြောင့် အခု နိုင်ငံခြာမှာ ဆန္ဒပြကြရင် ဒေါ်စုပုံကို မီးရှို့တာ ဘာညာလုပ်ကြရင် စိတ်မကောင်းဖြစ်မိပြိး ဒေါသထွက်လာတာ အမှန်ပဲ။ ထားပါ။ ဒါက ကိုယ့်စိတ်ခံစားချက်။

အခုမှ အမေစု ဆိုပြီး အရမ်းချစ်ပြနေတဲ့ အထဲက တချို့ဆို အဲဒီတုန်းက ဒေါ်စုပုံတွေ၊ ဒေါ်စုအကြောင်းတွေ ရေးလို့ ဆိုပြီး block ခဲ့တဲ့သူတွေပါတယ်။ အဲဒီတုန်းက ကျွန်တော် နဘေတွေနဲ့ ရေးခဲ့တဲ့ ကဗျာတစ်ပိုဒ်က

အမေ့ခြံနံပါတ် ငါးဆယ့်လေးဟာ

မျှော်လင့်ခြင်းရဲ့ ပြယုဂ် အားတက်ဆေးပေါ့ 

အမေ့အမြင်ပုံစံကို အငှားဆောင်ပြီး သားတို့အများအတွက်တွေးမယ် 

အမေ့ရင်ခုန်သံကို ကြားယောင်ပြီး သားတို့အားဆက်မွေးမယ်။


ကိုယ်ရေးခဲ့တာနဲ့ အခု အဆဲမခံရအောင် ကာဗာလုပ်တာတော့ မဟုတ်ပါဘူး။ ခံစားချက် ပြောင်းသွားတာကို ပြောပြတာ။


၂၀၁၂ က စပြီး ခံစားချက် ပြောင်းသွားတယ်။ ဒါပေမဲ့ အကောင်းဆုံးလုပ်နိုင်ပါစေဆိုတဲ့ ဆန္ဒတော့ ရှိနေတုန်းပဲ။ ဆိုးဆိုးဝါးဝါး ခံစားလိုက်ရတာကတော့ လက်ပံတောင်းတောင် ကိစ္စကနေ စတယ်။ လူတွေရဲ့ အုပ်စုစိတ်ဓာတ်ကိုလည်း စိတ်ပျက်မိတယ်။ အဲဒီလူတွေကို မထောက်ခံရင်တောင် မဆဲသင့်ဘူး မဟုတ်လား။ အသိမ်းခံရတဲ့ မြေတွေဟာ ကိုယ့်မြေတွေဆိုရင်၊ ပြီးတော့ အဲဒီပရောဂျက်ရဲ့ အဓိက အကျိုးခံစားုရမယ့် နိုင်ငံဟာ တရုတ်နိုင်ငံ ဖြစ်နေကြောင်း သိရင်.. မြေအသိမ်းခံခဲ့ရသူ အဖွားကြီးတွေဘက်က မရပ်တည်ပေးနိုင်ရင်တောင်မှ ကိုယ်ချင်းစာတရားကိုငဲ့သင့်တယ်။ မဆဲသင့်ဘူးလို့ ထင်တယ်။ မြေ၊ယာပဲ တစ်သက်လုံး လုပ်ကိုင်စားခဲ့တဲ့သူတွေဟာ လျော်ကြေး ဘယ်လောက်ရရ အဲဒါပဲ ဆက်လုပ်ချင်မှာပဲ။ အခု ကျွန်တော် ပြောတဲ့ သူငယ်ချင်းမှာလည်း တစ်နေ့ အေးအေးချမ်းချမ်း ယာပြန်လုပ်မယ်ဆိုတဲ့ အိပ်မက်ရှိကြောင်း သူပြောတယ်။ အဲ… အသိမ်းခံရတဲ့ မြေဟာ ကိုယ့်မြေ ဖြစ်နေပြီဆိုရင် ? ပျက်စီးသွားတဲ့ ဘဝ စိတ်ကူးယဉ်မှှုလေးတွေကို ဘာနဲ့ ပြန်လျော်ပေးကြမှာလဲ။

အချုပ်ပြောရရင် မဲမပေးခဲ့ဘူးဆိုတာလည်း ဒေါ်စုပြောခဲ့တဲ့ quotation အတိုင်းပဲ။ ဒီမိုကရေစီ အတုမှာ ဘာမှ မလုပ်ကြတော့ဘဲ မျောသွားတာဟာ ပိုဆိုးတယ်လို့ ထင်လို့။

(Facebook က ပို့စ်ကို မူရင်းရေးခဲ့တဲ့ backdate နဲ့ blog ကို ပြန်ရွှေ့တာပါ။)

အန်တီစုရဲ့ ပျော့ကွက်တစ်ခု

 လွတ်လပ်မှှုတို့၊ လူသားဝါဒီတို့ ရှှုထောင့်က ကြည့်မယ်ဆိုရင် ဒေါ်စုကိုက ဟိုးအရင်ကတည်းက ထောက်ပြစရာ တစ်ခုရှိတယ်။ နိုင်ငံရေး ရှှုထောင့်ကနေ ဆိုရင်တော့ သူမှန်ပါတယ်။ အရင်ကလည်း ရေးဖူးတယ်။

သူ့ကို နိုင်ငံခြားသားနဲ့ ယူတဲ့ ကိစ္စကို စစ်အာဏာရှင်တွေက အောက်လုံးနဲ့ တိုက်ခိုက်တဲ့အခါ၊ ဘိုကတော်စုကြည်တို့၊ ကုလားဖြူမယားစုကြည်တို့ဆိုတဲ့ စကားလုံးတွေကို ရင့်ရင့်သီးသီး သုံးပြီး အရင်တုန်းက စစ်အာဏာရှင်တွေက တိုက်ခိုက်၊ မေးခွန်းထုတ်တုန်းက သူပြန်ဖြေခဲ့တာက နိုင်ငံခြားမှာနေရင် နိုင်ငံခြားသားနဲ့ ရမှာပေါ့။ မြန်မာမှာနေရင် မြန်မာနဲ့ ရမှာပေါ့ ဆိုတဲ့အဖြေမျိုးပဲ ပေးသွားတယ်။  တကယ်က လူအချင်းအတူတူပဲ၊ အိမ်ထောင်ရေးက ကျွန်မကိုယ်ရေးကိုယ်တာကိစ္စ၊ နိုင်ငံခြားသားလည်း လူပဲ ဆိုပြီး ဖြေသင့်တာမျိုး။ နိုင်ငံခြားသားနဲ့ ယူခဲ့တာက မှားခဲ့သလို၊ အဲလိုမှားအောင် စစ်အစိုးရက ပြည်ပကို ပို့ထားလို့ နိုင်ငံခြားမှာနေရလို့ နိုင်ငံခြားသားနဲ့ပဲ ရခဲ့တယ်ဆိုတဲ့ သဘောမျိုး ဖြစ်သွားရော။

နိုင်ငံခြားသားနဲ့ ယူလိုက်တဲ့သူတွေဟာ ကံဆိုးမိုးမှောင်စွာနဲ့ နိုင်ငံခြားရောက်ပီး ရွှေမြန်မာတွေကို  မရဘဲ နိုင်ငံခြားသားကို ယူလိုက်ရသလိုလို။ 


အဲဒီတုန်းက အာဏာရှင်တွေက အောက်လုံးသုံးပြီး သူ့ကို တိုက်ခိုက်တာ ဆိုးဝါးလွန်းပေမဲ့ အဲဒီတုန်းက ဒေါ်စုတုံ့ပြန်ပုံကို ဟိုးအရင်ကတည်းက ဘဝင်မကျခဲ့ဘူး။ 


နိုင်ငံရေးအရကြည့်မယ်ဆိုရင်တော့ ဒေါ်စု အဲလို ဖြေခဲ့တာ မှန်ပါတယ်။ နို့မို့ဆိုရင်တော့ အဲဒီအချက်နဲ့ပဲ နိုင်ငံရေးမှာ  တစ်ပန်းရှုံးနေတာကိုး။

(Facebook က ပို့စ်ကို Facebook က ဒိတ်အတိုင်း backdate နဲ့ ပြန်တင်တာပါ။ 

ကိုမျိုးမဟာလက်နက်

 (ကိုမျိုး မဟာလက်နက်)

ကိုမျိုး မဟာလက်နက် ဆိုလု့ိ 18+ မထင်ကြနဲ့ဦး။ ငါးတန်းလား၊ ခြောက်တန်းမှာလား မသိ။ အ-ထ-က (၅) တာမွေမှာ..သမိုင်းဆရာက ဒုတိယ ကမ္ဘာစစ် ဖြစ်ရခြင်း အကြောင်းကို သင်တော့ .... ကို = (ကို)လိုနီ နယ်မြေများ အပြိုင်အဆိုင်ရှာဖွေခြင်း။ မျိုး = အ(မျိုး)သားရေး စိတ်ဓာတ်များ အလွန်ပြင်းထန်လာခြင်း။ မဟာ = (မဟာ)မိတ်စစ်အုပ်စုများ အပြိုင်အဆိုင်ဖွဲ့စည်းခြင်း။ လက်နက် = စစ်(လက်နက်)ပစ္စည်းများ အပြိုင်အဆိုင် တပ်ဆင်ခြင်းကို အလွယ်မှတ်ခိုင်းတာ။ mnemonic နည်းပေါ့။ 

ပြောချင်တာက အဲလို နည်းနဲ့ မှတ်ခဲ့ရုံမက ကိုယ်ဟာ.... ခပ်ငယ်ငယ်လေးရှိသေးပေမဲ့...အဲလို ကလေးအရွယ်ကတည်းက မျိုးချစ်စိတ်ဆိုတာ ကမ္ဘာစစ်ကိုတောင် ဖြစ်စေပါလား၊ ဒါနဲ့များ ကမ္ဘာ့သမိုင်းမှာကျ အဲလိုသင်ပြီး မြန်မာ့သမိုင်းလို ဟာမျိုးမှာကျ ဘာလို့ မျိုးချစ်စိတ်က (အမြဲတမ်း ခြွင်းချက်မရှိ) ကောင်းသလို သဘောတရားတွေ သင်ရတာလဲဆိုပြီး လေးလေးနက်နက်ကို အဲဒီတုန်းက တွေးဖူးတာ။ မျိုးချစ်စိတ်ရဲ့ ဘေးထွက်ဆိုးကျိုးကို တချို့လူကြီးတွေ အခုထိ အဲလို မတွေးနိုင်တာ အံ့သြစရာ။

ပြောရရင်တော့ ကိုယ်ဟာ ငယ်ငယ်ကတည်းက အတွေးအခေါ်ကောင်းခဲ့တဲ့သူလေးပါလား။ 😃 ဆရာအောင်သင်း သူ့ကိုယ်သူ အရွှန်းဖောက် ပြောဖူးသလို ပြောရရင်တော့ ... ငယ်ငယ်တုန်းက ကိုယ့်ကိုယ်ကိုယ် အခု ကိုယ့်ကိုယ်ကိုယ်က ပြန်ကြည်ညိုစရာ။ ခိခိ 😃

(ကောင်းကင်ကို)

Facebook က ပို့စ်တချို့ blog ကို ရွှေ့တဲ့အနေနဲ့ Facebook ပို့စ်ကို backdate နဲ့ ပြန်တင်တာပါ။


Tuesday, September 19, 2017

ဘာသာရေး နဲ့ ဘိန်း

 ဘာသာရေးနဲ့ ပတ်သတ်ပြီး “အဆိုးဘက်မှာ စွဲလမ်းမှှု”ဟာ ဘိန်းစွဲတာထက် ဆိုးပါတယ်။ ဘိန်းက စွဲတဲ့လူနဲ့ သူ့ပတ်ဝန်းကျင် ကွက်ကွက်လေးလောက်ပဲ ဆိုးကျိုးပေးနိုင်တာ။ ဘာသာရေး အစွဲအလမ်းကြောင့်ကျ တစ်ကမ္ဘာလုံးမှာ အပြစ်မဲ့သူတွေ အများကြီး သေနေရ၊ ဒုက္ခရောက်နေရ၊ အဖိနှိပ်ခံနေရတယ်။

ဘိန်းစွဲခဲ့သူတွေထဲမှာ ကျွန်တော်တို့ လေးစားနေရတဲ့ ကမ္ဘာကျော် အဆိုတော်တွေ ရှိတယ်။ မြန်မာ့ဂီတလောကမှာ သမိုင်းမှတ်တိုင်တွေ စိုက်ထူသွားခဲ့တဲ့ အဆိုတော်တွေ ရှိတယ်။ (အဲဒီ အဆိုတော်တွေရဲ့ နာမည်တွေကိုတော့ ကျွန်တော် မပြောချင်ဘူး) ဘာသာရေး အလွန်အကျွံ စွဲသူတွေကြောင့်တော့ လူတွေ သေရတာပဲ ရှိတယ်။
ဘာသာရေးကို အရမ်းယုံကြည်စွဲလမ်းပြီး ကောင်းတာလုပ်တဲ့သူတွေလည်း ရှိပါတယ်လို့ ပြောလာရင် အဲဒါက တကယ်တော့ အဲဒီလူဟာ ဘာသာရေးကွက်ကွက်လေးတစ်ခုတည်းကို စွဲလမ်းမနေဘဲ မေတ္တာဝါဒကို ကျင့်သုံးလို့ ဖြစ်လိမ့်မယ်။ အဲလိုလူမျိုးဟာ ဘာသာရေးကို စွဲလမ်းတာ မဟုတ်ဘဲ ဓမ္မကို နှစ်ခြိုက်တာလို့ ပြောရမလား။
ဘာသာတစ်ခုတည်းကို အလွန်အကျွံ ကွက်ပြီး စွဲလမ်းနေရင်တော့ အဲဒီဘာသာရေးသမားဟာ သူ့ဘာသာနဲ့ ကိုယ့်ဘာသာ အပြိုင်အဆိုင် ခွပ်နေမယ့် အဆင့်ကနေ ဘယ်လိုလုပ် တက်လာမှာလဲ။
ဘာသာရေးကြောင့် တိုက်ရိုက်မဟုတ်ပေမဲ့… ဘာသာရေးခေါင်ဆောင်တွေကြောင့် World Trade Center လည်း ပြိုခဲ့ပြီ။ အစ္စလာမ်မစ် ဘာသာရေးခေါင်းဆောင်တချို့ဟာ ကမ္ဘာမှာ ရွံစရာအကောင်းဆုံး လူတွေကို ဖြစ်လို့။
ဘာသာရေးခေါင်းဆောင်တွေကြောင့် “ခွေးကို အားရပါးရ ပေါင်းစမ်း” ဆိုတဲ့ စကားတွေလည်း ပေါ်လာပြီ။ အဲလို ဘုန်းကြီးကို ရဟန်းတစ်ပါးမို့၊ သင်္ကန်းကြီး ဝတ်ထားလို့ မဝေဖန်သင့်ဘူးဆိုတဲ့ အယူအဆက ခေတ်ပညာတတ်ဆိုတဲ့… စက်မှှုတက္ကသိုလ်က ကျောင်းနေဘက် တချို့မှာတောင် ရှိသေးတယ်။ ကြည့်စမ်း။ ဘာသာရေး အစွဲအလမ်း၊ ဘာသာရေးမှှိုင်းက လူတွေကို ဘယ်လောက်တောင် ကန်းစေသလဲဆိုတာ။
ကောင်းကင်ကို
friend list မှာ လူလျော့သွားလို လျော့သွားငြား ပြန်တင်ကြည့်တာ။ ဟိုးအရင်တုန်းက ရေးခဲ့တဲ့ဟာ။ 😃 Facebook က ပို့စ်ကို အဲဒီရက်အတိုင်း backdate နဲ့ ပြန်တင်တာပါ။

Monday, September 4, 2017

OCD (သို့မဟုတ်) စိတ်စွဲလွန်ဝေဒနာ

သူ့ကိုကျွန်တော် စတွေ့တုန်းက
ကျွန်တော့်ခေါင်းထဲမှာ အရာရာအားလုံး ငြိမ်းချမ်းတိတ်ဆိတ်သွားခဲ့တယ်။
အာသာဆန္ဒ အကြောဆွဲမှှုအားလုံး၊
ခေါင်းထဲမှာ တရစပ် ထင်နေတဲ့ ပုံရိပ်တွေအားလုံး
ပျောက်သွားခဲ့တယ်။

ခင်ဗျားမှာ စိတ်စွဲလွန်ဝေဒနာ ရှိပြီဆိုရင်၊ ငြိမ်သက်တဲ့ အခိုက်အတံ့ဆိုတာမျိုး ခင်ဗျား ဘယ်တော့မှ ရမှာမဟုတ်ဘူး။
အိပ်ရာထဲမှာတောင် ကျွန်တော်တွေးနေတတ်တယ်။
ငါ တံခါးတွေ သော့ခတ်ခဲ့ရဲ့လား။ ခတ်ခဲ့တယ်။
ငါ လက်ဆေးခဲ့ရဲ့လား။ ဆေးခဲ့တယ်။
ငါ တံခါးတွေ သော့ခတ်ခဲ့ရဲ့လား။ ခတ်ခဲ့တယ်။
ငါလက်ဆေးခဲ့ရဲ့လား။ ဆေးခဲ့တယ်။

ဒါပေမဲ့ ကျွန်တော် သူ့ကို စတွေ့ခဲ့တုန်းက၊ ကျွန်တော် တွေးနိုင်ခဲ့တဲ့ တစ်ခုတည်းသော အရာက
သူ့နှှုတ်ခမ်း အကွေးအညွတ်လေးပဲ။
ဒါမှမဟုတ် သူ့ပါးပေါ်ကျနေတဲ့ မျက်တောင်လေး
သူ့ပါးပေါ် ကျနေတဲ့ မျက်တောင်လေး
သူ့ပါးပေါ် ကျနေတဲ့ မျက်တောင်လေး။

ရင်ခုန်သံဖွင့်ဟ သူ့ကိုစကားစရတော့မယ်ဆိုတာ ကျွန်တော်သိခဲ့တယ်။
သူနဲ့ကျွန်တော် တစ်နေရာမှာ ချိန်းတွေ့ကြဖို့ စက္ကန့်သုံးဆယ်အတွင်းမှာ ခြောက်ကြိမ်တောင် ကျွန်တော် ကမ်းလှမ်းမိတယ်။
သုံးကြိမ်မြောက်မှာ သဘောတူလက်ခံကြောင်း သူပြောလိုက်ပေမဲ့ ကျွန်တော်က စိတ်မချသေးတော့ ဆက်ပြီး ကမ်းလှမ်းနေမိတော့တာပေါ့။

ပထမအကြိမ် ချိန်းတွေ့ခဲ့ကြတုန်းက သူနဲ့ကျွန်တော် စကားပြောခဲ့ရတဲ့ အချိန်ထက်တောင်၊ အစားအသောက်ကို တကယ်စားခဲ့တဲ့ အချိန်ထက်တောင်၊ အစားအသောက်အရောင်အပေါ် ကျွန်တော်ဇီဇာကြောင်နေခဲ့တဲ့ အချိန်က ပိုများခဲ့တယ်။
ဒါပေမဲ့ အဲဒါကို သူသဘောကျသွားပါလေရော။

သူ့ကို ကျွန်တော် နှှုတ်ဆက်အနမ်း ၁၆ ကြိမ် ပေးရတာ၊ တကယ်လို့ အဲဒီနေ့ဟာ ဗုဒ္ဓဟူးနေ့ဖြစ်ခဲ့မယ်ဆိုရင် နှှုတ်ဆက်အနမ်း ၂၄ ကြိမ် ပေးရတာကိုလည်း သူ သိပ်သဘောကျခဲ့တယ်။
အိမ်ပြန်ဖို့ လမ်းလျှောက်ကြတဲ့အခါ ပလက်ဖောင်းအက်ကွဲရာတွေကြောင့် ကျွန်တော် တုံ့နှေးစိတ္တဇဖြစ်၊ အတူတူလမ်းလျှောက်ချိန်ကို တစ်သက်တာလောက်ယူပစ်ခဲ့ရတာကိုလည်း သူသိပ်သဘောကျခဲ့တယ်။

အိမ်တစ်လုံးမှာ ကျွန်တော်တို့ အတူတူပြောင်းနေကြတဲ့အခါ လုံခြုံလိုက်တာလို့ သူကပြောတယ်။ ကျွန်တေ်ာက တံခါးကို ၁၈ကြိမ်တိတိ သော့ခတ်လေ့ရှိတော့ ဘယ်သူမှ ဝင်မခိုးနိုင်တော့ဘူးပေါ့။
သူစကားပြောတဲ့အခါ သူ့နှှုတ်ခမ်းတွေကို ကျွန်တော် အမြဲတမ်းကြည့်တယ်။
သူစကားပြောတဲ့အခါတိုင်း ကြည့်တယ်။
သူစကားပြောတဲ့အခါတိုင်း ကြည့်တယ်။
သူစကားပြောတဲ့အခါတိုင်း ကြည့်တယ်။
သူစကားပြောတဲ့အခါတိုင်း ကြည့်တယ်။
ကျွန်တော့်ကိုချစ်တဲ့အကြောင်း သူဖွင့်ဟ စာလုံးပေါင်းတဲ့အခါ၊ သူ့နှှုတ်ခမ်းလွှာအစွန်နှစ်ဘက်ဟာ အပေါ်ကို ကွေးကွေးလေးတက်သွားတယ်။
ညဆိုရင် မီးတွေအားလုံးကို ကျွန်တော် ပိတ်လိုက်တာ၊ ပြန်ဖွင့်လိုက်တာ၊ ပြန်ပိတ်လိုက်တာ၊ ပြန်ဖွင့်လိုက်တာ၊ ပြန်ပိတ်လိုက်တာ၊ ဖွင့်လိုက်၊ ပိတ်လိုက်၊ ဖွင့်လိုက်၊ ပိတ်လိုက်၊ ဖွင့်လိုက်၊ ပိတ်လိုက်၊ ဖွင့်လိုက်၊ ပိတ်လိုက်၊ ဖွင့်လိုက်၊ ပိတ်လိုက်၊ ဖွင့်လိုက်၊ ပိတ်လိုက်၊ ဖွင့်လိုက်၊ ပိတ်လိုက်၊ ဖွင့်လိုက်၊ ပိတ်လိုက်၊ ဖွင့်လိုက်၊ ပိတ်လိုက် လုပ်နေတာတွေကို သူက အိပ်ရာထက်မှာလှဲပြီး ကြည့်နေခဲ့တာပေါ့။
သူဟာ မျက်လုံးလေးမှိတ်ထားပြီး၊ နေ့အလင်းရောင် နဲ့ ညအမှောင်တွေ သူ့ရှေ့မှာ တစ်ဖျပ်ဖျပ် ဖြတ်သန်းပြေးလွှားနေသလိုမျိုး စိတ်ကူးယဉ်လို့ ရခဲ့တာပေါ့။

ဒီလိုနေလာရင်းနဲ့ တချို့နံနက်ခင်းတွေမှာ၊ သူအလုပ်မသွားခင် နှှုတ်ဆက်အနမ်းတွေ ကျွန်တော်စခြွေတဲ့အခါ သူအလုပ်နောက်ကျလိမ့်မယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ သူခပ်သွက်သွက် ထွက်သွားတတ်လာပြီ။
ပလက်ဖောင်းအက်ကွဲရာတွေနား ကျွန်တော်စိတ္တဇပွားပြီး ရပ်နေမိတဲ့အခါ သူတစ်ယောက်တည်း ဆက်လျှောက်သွားတတ်လာပြီ။
ကျွန်တော့်ကိုချစ်တဲ့အကြောင်း သူ လေးတိလေးကန်စာလုံးပေါင်းတဲ့အခါ သူ့ပါးစပ်ဟာ တင်းတင်းတောင့်တောင့်၊ မျဉ်းဖြောင့်တစ်ကြောင်းလို ဖြစ်လာပြီ။
ကျွန်တော့်ကို အချိန်တွေ အလွန်အကျွံပေးနေရကြောင်း သူပြောလာပြီ။
ပြီးခဲ့တဲ့အပတ်ကစပြီး သူ့အမေအိမ်မှာ သူ ပြောင်းအိပ်ပြီ။
သူ့ကို ကျွန်တော် အရူးအမူးစွဲလမ်းနေတာကို သူ ခွင့်မပြုခဲ့သင့်တဲ့အကြောင်း ကျွန်တော့်နားထဲကို သူ သံရည်ပူလောင်းပြီ။ ဇာတ်လမ်းကြီး တစ်ခုလုံးဟာ အမှားအယွင်းတစ်ခုတဲ့။ ဒါပေမဲ့ သူနဲ့ ပွေ့ဖက်ပြီးတိုင်း ကျွန်တော် လက်ဆေးစရာမှမလိုတာ၊ ဘယ်လိုလုပ်ပြီး အမှားအယွင်းတစ်ခု ဖြစ်နိုင်မှာလဲ။ အချစ်ဆိုတာ အမှားအယွင်းတစ်ခု မဟုတ်ဘူး။ သူကျတော့ အဝေးကို ထွက်ပြေးနိုင်ပြီး ကျွန်တော်ကျတော့ ထွက်မပြေးနိုင်ဘူးဆိုတဲ့ စုတ်သပ်ရင်ကွဲအမြင်က ကျွန်တော့်ကို သေလုမတတ် နာကျင်စေတယ်။
သူ့အကြောင်းပဲ အမြဲတွေးနေမိလို့ နောက်တစ်ယောက်ရှာဖို့ ကျွန်တော် အပြင်မထွက်နိုင်ဘူး။ ကျွန်တော် အပြင်မထွက်နိုင်ဘူး။

အရာရာကို ကျွန်တော် အလွန်အကျွံ စွဲလမ်းမိပါတယ်။ ကျွန်တော့် အရေပြားတလျှောက် ရောဂါပိုးတွေ အလစ်ဝင်ရောက်လာတာကို ကျွန်တော်မြင်ရတယ်။
ကားတွေ တစ်စီးပြီးတစ်စီး၊ ဆက်တိုက်…ဆက်တိုက်…ဆက်တိုက်…ကျွန်တေ်ာ့ကို ဝင်တိုက်တာကို ကျွန်တော်မြင်ရတယ်။
ကျွန်တော်တွယ်ငြိခဲ့သမျှအရာရာမှာ သူသာ ပထမဆုံး အလှအပပါ။
စတီယာရင်ကို သူစတိုင်ကျကျ ကိုင်လိုက်ပုံကို မြင်ယောင်တွေးတောရင်း နံနက်တိုင်းမှာ နိုးချင်တယ်။
မီးခံသေတ္တာဖွင့်သလို စတိုင်နဲ့ ရေပန်းခလုတ်ကို သူလှည့်ပုံ
ဖယောင်းတိုင်တွေကို သူမှှုတ်ငြှိမ်းပုံ
ဖယောင်းတိုင်တွေကို မှှုတ်ငြှိမ်း
ဖယောင်းတိုင်တွေကို မှှုတ်ငြှိမ်း
ဖယောင်းတိုင်တွေကို မှှုတ်ငြှိမ်း
ဖယောင်းတိုင်တွေကို မှှုတ်ငြှိမ်း
မှှုတ်ငြှိမ်း

အခု သူ့ကို တခြားဘယ်သူက နမ်းနေမလဲဆိုတာကို ကျွန်တော်တွေးနေမိတယ်။
ကျွန်တော် အသက်တောင် ရှူလို့မရတော့ဘူးဗျာ။ ဘာကြောင့်လည်းဆိုတော့ အဲဒီလူက သူ့ကို တစ်ချက်ပဲနမ်းတယ်။ အဲဒီအနမ်းဟာ ပြီးပြည့်စုံမှှု ရှိမရှိလည်း အဲဒီလူ ဂရုမစိုက်ဘူး။

ကျွန်တော်သူ့ကို အရမ်း ပြန်လိုချင်တယ်။
တံခါးကို ကျွန်တော် မပိတ်ဘဲ ထားလိုက်ပြီ။
မီးကို ကျွန်တော် မပိတ်ဘဲ ထားလိုက်ပြီ။

By နီးလ်ဟီးလ်ဘွန်းန် (Neil Hilborn)
ဘာသာပြန်သူ - ကောင်းကင်ကို

ကဗျာဆရာ နီးလ်ဟီးလ်ဘွန်းန် ရဲ့ “OCD” ဆိုတဲ့ slam poem (စကားပြော ကဗျာ) ပါ။ Slam poem တွေဟာ ပရိသတ်ဆီကို စကားပြောပုံစံနဲ့ တိုက်ရိုက်မက်ဆေ့ ပေးလေ့ရှိပါတယ်။ Slam poem တွေကို ကော်ဖီဆိုင်တွေ၊ စာအုပ်ဆိုင်တွေမှာလည်း ရွတ်ဆိုတင်ဆက်လေ့ ရှိပါတယ်။ ပထမဆုံး poetry slam ကဗျာရွတ်ဆို တင်ဆက်မှှု ပြိုင်ပွဲကို အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာ ၁၉၈၈ ခုနှစ် သြဂုတ်လက ကျင်းပပြုလုပ်ခဲ့ပါတယ်။ ၁၉၉၀ မှာတော့ အမေရိကန်နိုင်ငံမှာ ပထမဆုံး National Poetry Slam ပြိုင်ပွဲကို စတင်ကျင်းပခဲ့ပါတယ်။ နောက်ပိုင်းမှာ poetry slam ဟာ အလွန်ရေပန်းစားလာတာမို့ ကဗျာဆရာတွေဟာ အချိန်ပြည့် အလုပ်အကိုင်အဖြစ် နိုင်ငံတစ်ဝှမ်းမှာ လှည့်လည်ပြီး ကဗျာရွတ်ဆိုတင်ဆက်နိုင်လာကြပါတယ်။ အမေရိကန်နိုင်ငံမှာတင်မကဘဲ ကမ္ဘာ့နိုင်ငံတွေကို လှည့်လည်ပြီး ကဗျာရွတ်ဆိုတင်ဆက်မှှုတွေ ပြုလုပ်လာကြပါတယ်။

နီးလ်ဟီးလ်ဘွန်းန်ရဲ့ ကဗျာဟာ “OCD” စိတ်ရောဂါဝေဒနာ အကြောင်းကို အချစ်အလွမ်း ကြေကွဲမှှုခံစားချက်ကြမ်းကြမ်းနဲ့ ရောစပ်ဖွဲ့ဆိုထားတဲ့ ကဗျာဖြစ်ပါတယ်။ အသက် ၁၈ နှစ်ကနေ ၅၄ နှစ်အတွင်း စုစုပေါင်းလူဦးရေရဲ့ ၂ ရာခိုင်နှှုန်းကျော်ဟာ OCD ဝေဒနာရှင်တွေလို့ OCD ဝေဒနာအကြောင်း ဝက်ဘ်ဆိုဒ်တစ်ခုက ဆိုပါတယ်။ စိတ်စွဲလွန်ဝေဒနာရှင်တွေရဲ့လက္ခဏာ တချို့ကတော့ လက်ခဏခဏ ဆေးရမှ နေသာထိုင်သာရှိတာ၊ တချို့အရောင်တွေကို ကြောက်ရွံ့တာ၊ တစ်ခုခုလုပ်ရင် ဘယ်နှစ်ကြိမ်ဆိုပြီး အကြိမ်အရေအတွက် အတိအကျ လုပ်ရမှ စိတ်အေးသွားတာ စတဲ့ အလွန်အကျွံ စွဲလမ်းမှှု မျိုးစုံပါပဲ။

စိတ်စွဲလွန်ဝေဒနာ ပေါ်လွင်အောင် တချို့စာကြောင်းတွေကို ကဗျာဆရာက ထပ်ကာထပ်ကာ ထပ်ကာထပ်ကာ ထပ်ကာထပ်ကာ ထပ်ကာထပ်ကာ ထပ်ကာထပ်ကာ ကျော့ထားပါတယ်။ ကဗျာတတိယပိုဒ်မှာပါတဲ့ “သူ့ပါးပေါ်ကျနေတဲ့ မျက်တောင်လေး” ဆိုတာကလည်း အဓိပ္ပါယ်အများကြီး ရှိပါတယ်။ ကြယ်ကြွေတဲ့အခါ ဆုတောင်းရင် ဆုတောင်းပြည့်တယ်လို့ အယူရှိကြသလိုမျိုးပဲ ပါးပေါ်မှာ မျက်တောင်လေးတွေ့ခိုက် ဆုတောင်းရင် ဆုတောင်းပြည့်တယ်လို့ တချို့က ယူဆကြသတဲ့။ ကောင်မလေးကို စတွေ့တဲ့အခိုက်အတန့်မှာ “သူ့ပါးပေါ်ကျနေတဲ့ မျက်တောင်လေး” ဆိုတာကို ကဗျာထဲမှာ အကြိမ်ကြိမ်ကျော့ထားတော့ ကဗျာဆရာဟာ နိမိတ်ပုံလှလှနဲ့ အကြိမ်ကြိမ် ဆုတောင်းချင်တာ ဖြစ်လိမ့်မယ်ထင်တယ်။

နီးလ်ဟီးလ်ဘွန်းန်ရဲ့ “OCD” ကဗျာဟာ YouTube မှာ ၂၀၁၇ ခုနှစ် ဇန်နဝါရီလအထိ စာရင်းအရ ကြည့်ရှှုသူပေါင်း ၁၂သန်းကျော် ရှိပြီး စံချိန်သစ်တစ်ခု တင်ထားပါတယ်။

Friday, September 1, 2017

နင်မလုပ်ခဲ့တာတွေ

မှတ်မိသေးလား?
နင်အမြတ်တနိုးထားတဲ့ကား၊ ငါ မရမကငှားခဲ့တဲ့ရက်က
ငါ့လက်ချက်နဲ့ နင့်ကားလေး ပိန်ချိုင့်ရုပ်ပျက်
နင် ငါ့ကိုသတ်ချင်စိတ်ပေါက် ဒေါသထွက်လိမ့်မယ်လို့ ငါထင်ခဲ့ပေမဲ့
နင်ဟာ ဒေါသမထွက်ခဲ့။

မှတ်မိသေးလား?
ကပွဲကို အဝတ်အစားသတ်သတ်မှတ်မှတ်နဲ့ လာရမယ့်အကြောင်း
နင့်ကိုမှာဖို့အရေး ခေါင်းထဲမေ့ပျောက်
နင် ကို့ရိုးကားရား ဂျင်းဘောင်းဘီနဲ့ ရောက်ချလာခဲ့
နင် ငါ့ကို နာကျင်စိတ်ကွက်သွားလိမ့်မယ်လို့ ငါထင်ခဲ့ပေမဲ့
နင်ဟာ စိတ်မကွက်ခဲ့။

မှတ်မိသေးလား?
တခြားကောင်လေးတွေကို ငါညုတုတုပြုစား
နင်သဝန်တိုအောင် မျက်နှာများပြတုန်းက
နင်ငါ့ကို ထားသွားတော့မယ်လို့ ငါထင်ခဲ့ပေမဲ့
နင်ဟာ ထားမသွားခဲ့။

နင်ဟာငါ့ကို သည်းခံမြတ်နိုး၊ ငါ့ပျော်ရွှင်မှုတွေကို အုပ်မိုးစောင့်ရှောက်၊ နင်ဖြည့်ဆည်းပေးခဲ့တာတွေ မရေနိုင်လောက်အောင် အများကြီးပဲနော်။
နင် ဗီယက်နမ်က ပြန်လာရင် စီကာပတ်ကုံးပြောပြဖို့
စကားလုံးလေးတွေပြင်ဆင် ငါအများကြီးစိတ်ကူးယဉ်ခဲ့ပေမဲ့
နင်ဟာ ပြန်မလာနိုင်ခဲ့။

By မဲရီးလ်ဂလပ်စ် (Merrill Glass)

ကဗျာ စပြီး တင်တဲ့ရက် (၂၀၁၇ စက်တင်ဘာ ၁)၊ ဘာသာပြန်ခဲ့တဲ့အချိန် (၂၀၁၇ ဇန်နဝါရီ)
ဒန်နိစကော့ထ်ရဲ့ “Discovering Poetry” စာအုပ်ထဲမှာ မဲရီးလ်ဂလပ်စ် ကလောင်နာမည်နဲ့ ဖော်ပြထားတဲ့ “But You Didn’t” ဆိုတဲ့ ကဗျာလေးပါ။ “Basic Skills in NEAB GCSE English” စာအုပ်မှာလည်း မဲရီးလ်ဂလပ်စ် ကလောင်အမည်နဲ့ ဒီကဗျာလေး ပါခဲ့ပါတယ်။ ဗီယက်နမ်စစ်ပွဲကနေ ပြန်ရောက်မလာတော့တဲ့ ချစ်သူအကြောင်းကို ရေးဖွဲ့ထားတဲ့ ကဗျာပါ။ အွန်လိုင်းမှာ လူကြိုက်များတဲ့ ကဗျာလေးတစ်ပုဒ်လည်း ဖြစ်ပါတယ်။ တရုတ်ဘာသာပြန်ထားတာကိုလည်း တွေ့ရပါတယ်။ အွန်လိုင်းမှာတော့ လေးပိုဒ်ပါတဲ့ ဗားရှင်းနဲ့ ခြောက်ပိုဒ်ပါတဲ့ ဗားရှင်း နှစ်မျိုးကွဲနေပါတယ်။ အဲဒီဗားရှင်းနှစ်မျိုးဟာ နောက်ဆုံးအပိုဒ်မှာလည်း နည်းနည်း ကွဲပြားနေပါတယ်။ မဲရီးလ်ဂလပ်စ်ဟာ သြစတြေးလျနိုင်ငံ ကွင်းစလန်းဇာတိ ကဗျာဆရာမ တစ်ယောက်လို့ တချို့က ဆိုကြပါတယ်။ တချို့ကလည်း “But You Didn’t” ကဗျာကို အမေရိကန် စစ်သားတစ်ယောက်ရဲ့ ဇနီးသည်က ရေးဖွဲ့ခဲ့တာလို့ ဆိုပါတယ်။ တချို့ကလည်း အမည်မသိကျောင်းသူတစ်ဦးက ရေးဖွဲ့ခဲ့တာလို့ ဆိုကြပြန်ပါတယ်။ ကဗျာရှင်နဲ့ပတ်သတ်ပြီး ပဟေဠိဖြစ်နေတာကလည်း အတွေးပွားစေပါတယ်။ ဒါပေမဲ့ မဲရီးလ်ဂလပ်စ် လို့ပဲ သုံးလိုက်ပါတယ်။ ကျွန်တော် ဘာသာပြန်ထားတာကတော့ “Discovering Poetry” စာအုပ်ထဲက လေးပိုဒ်ဗားရှင်းကို ဘာသာပြန်ထားတာပါ။ အင်္ဂလိပ်လိုမှာ အိုကေနေပေမဲ့ ဗမာလို တိုက်ရိုက်ဘာသာပြန်လိုက်ရင် ကဗျာပုံစံရသ လျောသွားတယ်ထင်လို့ နည်းနည်းလေး ကွန့်ညွန့်ထားပါတယ်။