သူ့ကိုကျွန်တော် စတွေ့တုန်းက
ကျွန်တော့်ခေါင်းထဲမှာ အရာရာအားလုံး ငြိမ်းချမ်းတိတ်ဆိတ်သွားခဲ့တယ်။
အာသာဆန္ဒ အကြောဆွဲမှှုအားလုံး၊
ခေါင်းထဲမှာ တရစပ် ထင်နေတဲ့ ပုံရိပ်တွေအားလုံး
ပျောက်သွားခဲ့တယ်။
ခင်ဗျားမှာ စိတ်စွဲလွန်ဝေဒနာ ရှိပြီဆိုရင်၊ ငြိမ်သက်တဲ့ အခိုက်အတံ့ဆိုတာမျိုး ခင်ဗျား ဘယ်တော့မှ ရမှာမဟုတ်ဘူး။
အိပ်ရာထဲမှာတောင် ကျွန်တော်တွေးနေတတ်တယ်။
ငါ တံခါးတွေ သော့ခတ်ခဲ့ရဲ့လား။ ခတ်ခဲ့တယ်။
ငါ လက်ဆေးခဲ့ရဲ့လား။ ဆေးခဲ့တယ်။
ငါ တံခါးတွေ သော့ခတ်ခဲ့ရဲ့လား။ ခတ်ခဲ့တယ်။
ငါလက်ဆေးခဲ့ရဲ့လား။ ဆေးခဲ့တယ်။
ဒါပေမဲ့ ကျွန်တော် သူ့ကို စတွေ့ခဲ့တုန်းက၊ ကျွန်တော် တွေးနိုင်ခဲ့တဲ့ တစ်ခုတည်းသော အရာက
သူ့နှှုတ်ခမ်း အကွေးအညွတ်လေးပဲ။
ဒါမှမဟုတ် သူ့ပါးပေါ်ကျနေတဲ့ မျက်တောင်လေး
သူ့ပါးပေါ် ကျနေတဲ့ မျက်တောင်လေး
သူ့ပါးပေါ် ကျနေတဲ့ မျက်တောင်လေး။
ရင်ခုန်သံဖွင့်ဟ သူ့ကိုစကားစရတော့မယ်ဆိုတာ ကျွန်တော်သိခဲ့တယ်။
သူနဲ့ကျွန်တော် တစ်နေရာမှာ ချိန်းတွေ့ကြဖို့ စက္ကန့်သုံးဆယ်အတွင်းမှာ ခြောက်ကြိမ်တောင် ကျွန်တော် ကမ်းလှမ်းမိတယ်။
သုံးကြိမ်မြောက်မှာ သဘောတူလက်ခံကြောင်း သူပြောလိုက်ပေမဲ့ ကျွန်တော်က စိတ်မချသေးတော့ ဆက်ပြီး ကမ်းလှမ်းနေမိတော့တာပေါ့။
ပထမအကြိမ် ချိန်းတွေ့ခဲ့ကြတုန်းက သူနဲ့ကျွန်တော် စကားပြောခဲ့ရတဲ့ အချိန်ထက်တောင်၊ အစားအသောက်ကို တကယ်စားခဲ့တဲ့ အချိန်ထက်တောင်၊ အစားအသောက်အရောင်အပေါ် ကျွန်တော်ဇီဇာကြောင်နေခဲ့တဲ့ အချိန်က ပိုများခဲ့တယ်။
ဒါပေမဲ့ အဲဒါကို သူသဘောကျသွားပါလေရော။
သူ့ကို ကျွန်တော် နှှုတ်ဆက်အနမ်း ၁၆ ကြိမ် ပေးရတာ၊ တကယ်လို့ အဲဒီနေ့ဟာ ဗုဒ္ဓဟူးနေ့ဖြစ်ခဲ့မယ်ဆိုရင် နှှုတ်ဆက်အနမ်း ၂၄ ကြိမ် ပေးရတာကိုလည်း သူ သိပ်သဘောကျခဲ့တယ်။
အိမ်ပြန်ဖို့ လမ်းလျှောက်ကြတဲ့အခါ ပလက်ဖောင်းအက်ကွဲရာတွေကြောင့် ကျွန်တော် တုံ့နှေးစိတ္တဇဖြစ်၊ အတူတူလမ်းလျှောက်ချိန်ကို တစ်သက်တာလောက်ယူပစ်ခဲ့ရတာကိုလည်း သူသိပ်သဘောကျခဲ့တယ်။
အိမ်တစ်လုံးမှာ ကျွန်တော်တို့ အတူတူပြောင်းနေကြတဲ့အခါ လုံခြုံလိုက်တာလို့ သူကပြောတယ်။ ကျွန်တေ်ာက တံခါးကို ၁၈ကြိမ်တိတိ သော့ခတ်လေ့ရှိတော့ ဘယ်သူမှ ဝင်မခိုးနိုင်တော့ဘူးပေါ့။
သူစကားပြောတဲ့အခါ သူ့နှှုတ်ခမ်းတွေကို ကျွန်တော် အမြဲတမ်းကြည့်တယ်။
သူစကားပြောတဲ့အခါတိုင်း ကြည့်တယ်။
သူစကားပြောတဲ့အခါတိုင်း ကြည့်တယ်။
သူစကားပြောတဲ့အခါတိုင်း ကြည့်တယ်။
သူစကားပြောတဲ့အခါတိုင်း ကြည့်တယ်။
ကျွန်တော့်ကိုချစ်တဲ့အကြောင်း သူဖွင့်ဟ စာလုံးပေါင်းတဲ့အခါ၊ သူ့နှှုတ်ခမ်းလွှာအစွန်နှစ်ဘက်ဟာ အပေါ်ကို ကွေးကွေးလေးတက်သွားတယ်။
ညဆိုရင် မီးတွေအားလုံးကို ကျွန်တော် ပိတ်လိုက်တာ၊ ပြန်ဖွင့်လိုက်တာ၊ ပြန်ပိတ်လိုက်တာ၊ ပြန်ဖွင့်လိုက်တာ၊ ပြန်ပိတ်လိုက်တာ၊ ဖွင့်လိုက်၊ ပိတ်လိုက်၊ ဖွင့်လိုက်၊ ပိတ်လိုက်၊ ဖွင့်လိုက်၊ ပိတ်လိုက်၊ ဖွင့်လိုက်၊ ပိတ်လိုက်၊ ဖွင့်လိုက်၊ ပိတ်လိုက်၊ ဖွင့်လိုက်၊ ပိတ်လိုက်၊ ဖွင့်လိုက်၊ ပိတ်လိုက်၊ ဖွင့်လိုက်၊ ပိတ်လိုက်၊ ဖွင့်လိုက်၊ ပိတ်လိုက် လုပ်နေတာတွေကို သူက အိပ်ရာထက်မှာလှဲပြီး ကြည့်နေခဲ့တာပေါ့။
သူဟာ မျက်လုံးလေးမှိတ်ထားပြီး၊ နေ့အလင်းရောင် နဲ့ ညအမှောင်တွေ သူ့ရှေ့မှာ တစ်ဖျပ်ဖျပ် ဖြတ်သန်းပြေးလွှားနေသလိုမျိုး စိတ်ကူးယဉ်လို့ ရခဲ့တာပေါ့။
ဒီလိုနေလာရင်းနဲ့ တချို့နံနက်ခင်းတွေမှာ၊ သူအလုပ်မသွားခင် နှှုတ်ဆက်အနမ်းတွေ ကျွန်တော်စခြွေတဲ့အခါ သူအလုပ်နောက်ကျလိမ့်မယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ သူခပ်သွက်သွက် ထွက်သွားတတ်လာပြီ။
ပလက်ဖောင်းအက်ကွဲရာတွေနား ကျွန်တော်စိတ္တဇပွားပြီး ရပ်နေမိတဲ့အခါ သူတစ်ယောက်တည်း ဆက်လျှောက်သွားတတ်လာပြီ။
ကျွန်တော့်ကိုချစ်တဲ့အကြောင်း သူ လေးတိလေးကန်စာလုံးပေါင်းတဲ့အခါ သူ့ပါးစပ်ဟာ တင်းတင်းတောင့်တောင့်၊ မျဉ်းဖြောင့်တစ်ကြောင်းလို ဖြစ်လာပြီ။
ကျွန်တော့်ကို အချိန်တွေ အလွန်အကျွံပေးနေရကြောင်း သူပြောလာပြီ။
ပြီးခဲ့တဲ့အပတ်ကစပြီး သူ့အမေအိမ်မှာ သူ ပြောင်းအိပ်ပြီ။
သူ့ကို ကျွန်တော် အရူးအမူးစွဲလမ်းနေတာကို သူ ခွင့်မပြုခဲ့သင့်တဲ့အကြောင်း ကျွန်တော့်နားထဲကို သူ သံရည်ပူလောင်းပြီ။ ဇာတ်လမ်းကြီး တစ်ခုလုံးဟာ အမှားအယွင်းတစ်ခုတဲ့။ ဒါပေမဲ့ သူနဲ့ ပွေ့ဖက်ပြီးတိုင်း ကျွန်တော် လက်ဆေးစရာမှမလိုတာ၊ ဘယ်လိုလုပ်ပြီး အမှားအယွင်းတစ်ခု ဖြစ်နိုင်မှာလဲ။ အချစ်ဆိုတာ အမှားအယွင်းတစ်ခု မဟုတ်ဘူး။ သူကျတော့ အဝေးကို ထွက်ပြေးနိုင်ပြီး ကျွန်တော်ကျတော့ ထွက်မပြေးနိုင်ဘူးဆိုတဲ့ စုတ်သပ်ရင်ကွဲအမြင်က ကျွန်တော့်ကို သေလုမတတ် နာကျင်စေတယ်။
သူ့အကြောင်းပဲ အမြဲတွေးနေမိလို့ နောက်တစ်ယောက်ရှာဖို့ ကျွန်တော် အပြင်မထွက်နိုင်ဘူး။ ကျွန်တော် အပြင်မထွက်နိုင်ဘူး။
အရာရာကို ကျွန်တော် အလွန်အကျွံ စွဲလမ်းမိပါတယ်။ ကျွန်တော့် အရေပြားတလျှောက် ရောဂါပိုးတွေ အလစ်ဝင်ရောက်လာတာကို ကျွန်တော်မြင်ရတယ်။
ကားတွေ တစ်စီးပြီးတစ်စီး၊ ဆက်တိုက်…ဆက်တိုက်…ဆက်တိုက်…ကျွန်တေ်ာ့ကို ဝင်တိုက်တာကို ကျွန်တော်မြင်ရတယ်။
ကျွန်တော်တွယ်ငြိခဲ့သမျှအရာရာမှာ သူသာ ပထမဆုံး အလှအပပါ။
စတီယာရင်ကို သူစတိုင်ကျကျ ကိုင်လိုက်ပုံကို မြင်ယောင်တွေးတောရင်း နံနက်တိုင်းမှာ နိုးချင်တယ်။
မီးခံသေတ္တာဖွင့်သလို စတိုင်နဲ့ ရေပန်းခလုတ်ကို သူလှည့်ပုံ
ဖယောင်းတိုင်တွေကို သူမှှုတ်ငြှိမ်းပုံ
ဖယောင်းတိုင်တွေကို မှှုတ်ငြှိမ်း
ဖယောင်းတိုင်တွေကို မှှုတ်ငြှိမ်း
ဖယောင်းတိုင်တွေကို မှှုတ်ငြှိမ်း
ဖယောင်းတိုင်တွေကို မှှုတ်ငြှိမ်း
မှှုတ်ငြှိမ်း
အခု သူ့ကို တခြားဘယ်သူက နမ်းနေမလဲဆိုတာကို ကျွန်တော်တွေးနေမိတယ်။
ကျွန်တော် အသက်တောင် ရှူလို့မရတော့ဘူးဗျာ။ ဘာကြောင့်လည်းဆိုတော့ အဲဒီလူက သူ့ကို တစ်ချက်ပဲနမ်းတယ်။ အဲဒီအနမ်းဟာ ပြီးပြည့်စုံမှှု ရှိမရှိလည်း အဲဒီလူ ဂရုမစိုက်ဘူး။
ကျွန်တော်သူ့ကို အရမ်း ပြန်လိုချင်တယ်။
တံခါးကို ကျွန်တော် မပိတ်ဘဲ ထားလိုက်ပြီ။
မီးကို ကျွန်တော် မပိတ်ဘဲ ထားလိုက်ပြီ။
By နီးလ်ဟီးလ်ဘွန်းန် (Neil Hilborn)
ဘာသာပြန်သူ - ကောင်းကင်ကို
ကဗျာဆရာ နီးလ်ဟီးလ်ဘွန်းန် ရဲ့ “OCD” ဆိုတဲ့ slam poem (စကားပြော ကဗျာ) ပါ။ Slam poem တွေဟာ ပရိသတ်ဆီကို စကားပြောပုံစံနဲ့ တိုက်ရိုက်မက်ဆေ့ ပေးလေ့ရှိပါတယ်။ Slam poem တွေကို ကော်ဖီဆိုင်တွေ၊ စာအုပ်ဆိုင်တွေမှာလည်း ရွတ်ဆိုတင်ဆက်လေ့ ရှိပါတယ်။ ပထမဆုံး poetry slam ကဗျာရွတ်ဆို တင်ဆက်မှှု ပြိုင်ပွဲကို အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာ ၁၉၈၈ ခုနှစ် သြဂုတ်လက ကျင်းပပြုလုပ်ခဲ့ပါတယ်။ ၁၉၉၀ မှာတော့ အမေရိကန်နိုင်ငံမှာ ပထမဆုံး National Poetry Slam ပြိုင်ပွဲကို စတင်ကျင်းပခဲ့ပါတယ်။ နောက်ပိုင်းမှာ poetry slam ဟာ အလွန်ရေပန်းစားလာတာမို့ ကဗျာဆရာတွေဟာ အချိန်ပြည့် အလုပ်အကိုင်အဖြစ် နိုင်ငံတစ်ဝှမ်းမှာ လှည့်လည်ပြီး ကဗျာရွတ်ဆိုတင်ဆက်နိုင်လာကြပါတယ်။ အမေရိကန်နိုင်ငံမှာတင်မကဘဲ ကမ္ဘာ့နိုင်ငံတွေကို လှည့်လည်ပြီး ကဗျာရွတ်ဆိုတင်ဆက်မှှုတွေ ပြုလုပ်လာကြပါတယ်။
နီးလ်ဟီးလ်ဘွန်းန်ရဲ့ ကဗျာဟာ “OCD” စိတ်ရောဂါဝေဒနာ အကြောင်းကို အချစ်အလွမ်း ကြေကွဲမှှုခံစားချက်ကြမ်းကြမ်းနဲ့ ရောစပ်ဖွဲ့ဆိုထားတဲ့ ကဗျာဖြစ်ပါတယ်။ အသက် ၁၈ နှစ်ကနေ ၅၄ နှစ်အတွင်း စုစုပေါင်းလူဦးရေရဲ့ ၂ ရာခိုင်နှှုန်းကျော်ဟာ OCD ဝေဒနာရှင်တွေလို့ OCD ဝေဒနာအကြောင်း ဝက်ဘ်ဆိုဒ်တစ်ခုက ဆိုပါတယ်။ စိတ်စွဲလွန်ဝေဒနာရှင်တွေရဲ့လက္ခဏာ တချို့ကတော့ လက်ခဏခဏ ဆေးရမှ နေသာထိုင်သာရှိတာ၊ တချို့အရောင်တွေကို ကြောက်ရွံ့တာ၊ တစ်ခုခုလုပ်ရင် ဘယ်နှစ်ကြိမ်ဆိုပြီး အကြိမ်အရေအတွက် အတိအကျ လုပ်ရမှ စိတ်အေးသွားတာ စတဲ့ အလွန်အကျွံ စွဲလမ်းမှှု မျိုးစုံပါပဲ။
စိတ်စွဲလွန်ဝေဒနာ ပေါ်လွင်အောင် တချို့စာကြောင်းတွေကို ကဗျာဆရာက ထပ်ကာထပ်ကာ ထပ်ကာထပ်ကာ ထပ်ကာထပ်ကာ ထပ်ကာထပ်ကာ ထပ်ကာထပ်ကာ ကျော့ထားပါတယ်။ ကဗျာတတိယပိုဒ်မှာပါတဲ့ “သူ့ပါးပေါ်ကျနေတဲ့ မျက်တောင်လေး” ဆိုတာကလည်း အဓိပ္ပါယ်အများကြီး ရှိပါတယ်။ ကြယ်ကြွေတဲ့အခါ ဆုတောင်းရင် ဆုတောင်းပြည့်တယ်လို့ အယူရှိကြသလိုမျိုးပဲ ပါးပေါ်မှာ မျက်တောင်လေးတွေ့ခိုက် ဆုတောင်းရင် ဆုတောင်းပြည့်တယ်လို့ တချို့က ယူဆကြသတဲ့။ ကောင်မလေးကို စတွေ့တဲ့အခိုက်အတန့်မှာ “သူ့ပါးပေါ်ကျနေတဲ့ မျက်တောင်လေး” ဆိုတာကို ကဗျာထဲမှာ အကြိမ်ကြိမ်ကျော့ထားတော့ ကဗျာဆရာဟာ နိမိတ်ပုံလှလှနဲ့ အကြိမ်ကြိမ် ဆုတောင်းချင်တာ ဖြစ်လိမ့်မယ်ထင်တယ်။
နီးလ်ဟီးလ်ဘွန်းန်ရဲ့ “OCD” ကဗျာဟာ YouTube မှာ ၂၀၁၇ ခုနှစ် ဇန်နဝါရီလအထိ စာရင်းအရ ကြည့်ရှှုသူပေါင်း ၁၂သန်းကျော် ရှိပြီး စံချိန်သစ်တစ်ခု တင်ထားပါတယ်။