Digital နတ်ရေကန်ထဲမှာ
အက္ခရာတွေနဲ့ မျက်နှာသစ်
လူကြီးတွေဟာ ကလေး ဖြစ်လာတယ်။
ဒေါသစိုလက်နေတဲ့ ဖရုဿဝါစာများ
ဖန်သားပြင်ပေါ် ခုန်တက်လာတဲ့အခါ
မျိုးချစ်စိတ် အဖြစ် ခန့်ညား
နိုင်ငံချစ်စိတ် အဖြစ် ခန့်ညား
သြော်…Wall တခုလုံး
မှိုင်းဝေ မီးခိုးလုံးတွေနဲ့။
အသိမ်အဖျင်းစကား ပျစ်ပျစ်နှစ်နှစ်တွေကြားမှာ
စိတ်အတွင်းသားတွေက ဝတ်လစ်စလစ်နဲ့မို့
တကယ်ဆိုရင် လိပ်ပြာရှက်ဖွယ်။
ဘီလူးမင်းသားတွေရဲ့
ဆူးခင်းစကားတွေမှာ
အဆင့်အတန်းတမျိုးကိုလည်း
ဝမ်းနည်းပက်လက် စာတမ်းထိုးထားသေးတယ်။
ဒဏ္ဍာရီထဲမှာတော့
မြွေဆိုးတွေစုလာအောင် ညှို့စားနိုင်တာက “ပုလွေ”သံတွေတဲ့
အပြင်လောက… ဒုတိယ ဘဝ မှာတော့
လူဆိုးတွေ စုလာအောင် ညှို့စားနိုင်တာက “မအေ”သံတွေဖြစ်တယ်။
Wall တခုက ပြောတယ်။
“ရော့…ငါ့ ဆီမှာ
အမွေဆိုးတွေ ခြေထောက်ဆေးတဲ့ နွားခြေရာခွက်ငယ်
မင်းတို့ နှစ်သက်ရင်တော့ ပင်လယ်
ကြိုက်သလောက် ရှယ်” တဲ့။
ညီ၊ညီမလေးတို့ရေ
Facebook စိုက်ခင်းထဲမှာ
“အာဃာတ” အသီးတွေ တော်တော်မှည့်ပြီလား။
(ကောင်းကင်ကို)