Tuesday, January 26, 2010

ကွက်လပ်ထဲမှာ

ဒီကဗျာကို ဒီမှာ တင်ခဲ့ဖူးပါတယ်။ ဒီတကြိမ်မှာ ပိုပြီးခံစားနားလည်လွယ်အောင်လို့ ဒီဇိုင်းလေး လုပ်ပြီး တင်လိုက်ပါတယ်။ အောက်ခံ လက်ပုံကို google ကနေ ယူပါတယ်။
ကွက်လပ်ထဲမှာ

လူသန်းပေါင်းများစွာကို
လေးငါးစုတည်းခွဲပြီး
တန်ဖိုးဖြတ်မယ့်ကွက်လပ်
ကျွန်တော့် မျက်လုံးတွေရှေ့ မှာ မတ်တပ်ရပ်နေတယ်။

တကယ်တမ်းကျတော့
ကျွန်တော် ယူထားတဲ့နာမည်နဲ့ 
ခင်ဗျားယူထားတဲ့နာမည်
တူချင်လည်း တူလိမ့်မယ်။
ဒါပေမယ့်
လူတိုင်းလူတိုင်းဟာ
ဘယ်သူနဲ့ မှ မတူတဲ့ ညီမျှခြင်းတစ်ကြောင်း
အဖြစ်အပျက်တွေသာ တစ်စက်ပြီးတစ်စက် လောင်းထည့်ကြည့်လိုက်
ကွဲပြားတဲ့ အဇ္ဈတ္တတွေ ရာနဲ့ ချီပြီး ထွက်လာမယ်။

ဒီမယ်ဒီမယ်
သိုးအုပ်တိုင်းမှာတော့ သိုးမည်းတွေ ရှိကြမှာပဲ။
မျက်မှန်စိမ်းတပ်ပြီးရှာမယ်ဆိုရင်
စကြာင်္ဝဠာတစ်ခုလုံး သိမ်းကျုံးရိုက်နိုင်တဲ့ ဝါးလုံးရှည်ကိုတောင်
အလွယ်တကူရမှာပဲ။

ကျွန်တော့် ခေါင်းထဲမှာလည်း မီးလုံးတစ်လုံးရှိတယ်။
သူ့ ခေါင်းထဲမှာလည်း မီးလုံးတစ်လုံးရှိမယ်။
ကိုယ့်ခေါင်းထဲက မီးလုံးကို ကိုယ်အလင်းဆုံးထင်ကြတာပဲ။
ကိုယ့်မီးလုံးနဲ့ ကိုယ်လင်း၊
သူများမီးလုံးကိုတော့ လာမခွင်းကြေး။

ကိုယ်စီ ခြုံထားတဲ့ အရွက်တွေအောက်က
စိတ်ရင်းဆိုတဲ့ သစ်သီး
မမြင်ဖူးသေးပဲနဲ့ မဖြီးပါနဲ့ ။

ကျွန်တော်တို့ အားလုံး
ကိုယ့်ပေတံကို ကိုယ်စီကိုင်ရင်းက
ငြိမ်းချမ်းရေး သီချင်းကိုတိုင်
အပြစ်မဲ့သူချင်းဆိုရင်တော့ ရွေဘော်ထိုး နိုင်ရမယ်။

ကျွန်တော်ကတော့
ကာလာမသုတ်ကိုပဲ ခေါင်းထဲထည့်ထားတဲ့ကောင်၊
ဘယ်သူ့ ကိုမှတော့ မလှောင်ခဲ့ဘူး။

ကမ္ဘာဆိုတဲ့ ရွာထဲမှာ
ကိုယ့်တဲ ကိုယ်ထိုးရင်း
ကိုယ့်ဖဲကိုယ်ချိုး
ကိုယ့်အသည်း ကိုယ်ပျိုးမယ်။

အိုးတိုင်းက ဗီတာမင်တွေကို
ကျွန်တော်နှစ်သက်သလောက်စီ ကျင်မယ်။
ကြိုက်ရင်တော့ စမ်းသောက်ကြေး
မကြိုက်ရင်တော့ ယမ်းမဖောက်ကြေး။

ကျွန်တော်လား?
အကောင်းမြင်စိတ်ကို ပိုက်တစ်ချောင်းလုပ်
အဆီအနှစ်တွေကို နှလုံးသားနဲ့ လိုက်စုပ်မယ်။
တိမ်တစ်တိုက်လို့ သမုတ်ချင် သမုတ်တော့
ကိုယ့်ဘာသာကိုယ်တော့ ပျံနေတဲ့ငှက် လုပ်မယ်။

ကမ္ဘာကျယ်သလောက် မျက်လုံးတွေလိုက်ကျယ်ချင်တဲ့ကောင်မှာ
ငြိမ်းချမ်းရေး ငှက်တစ်ကောင်လည်း ရှိတယ်။
အဲဒီ့ ငှက်အလိုကျ
အချွန်အတက်တွေကိုလည်း မြိုချထားတယ်။

ကဲ ကဲ…
အတွေးတွေကို စီးကရက်လိုခဲ
မျက်လုံးတွေကို စာရွက်ပေါ်ဆီ ဝဲပြီးတော့
စောင့်နေတဲ့ ကွက်လပ်ထဲမှာ
နာမည်တွေ တွဲပြီး ထည့်ပစ်လိုက်တယ်။
ကောင်းကင်ကို

7 comments:

နွေဆူးလင်္ကာ said...

ကဗျာကောင်းလေးပါပဲဗျာ

win latt said...

“ ကျွန်တော်ကတော့
ကာလာမသုတ်ကိုပဲ ခေါင်းထဲထည့်ထားတဲ့ကောင်၊
ဘယ်သူ့ ကိုမှတော့ မလှောင်ခဲ့ဘူး။..”
သဘောကျတယ်ဗျာ...

ညရဲ့ကောင်းကင် said...

အစ်ကို့ ကဗျာလေးက ကောင်းတယ်..
နှစ်သက်မိတယ်ဗျာ...

မေအိခင်(လယ်ဝေး) said...

မောင်လေးရေ
ရောက်တယ်--- ကဗျာလေးတွေ ရေးတိုင်း
အနှစ်တွေ ပါတာမို့  တန်ဖိုးရှိတဲ့ကဗျာ ဆရာလေးပါပဲ

အမ မေအိခင်

laminkhin said...

ကဗျာကောင်းလေးတွေ ရေးတက်တဲ့မောင်လေး ကို ဂုဏ်ယူပါတယ် နော

ကောင်းမွန်ဝင်း said...

အမည်။လူမျိုး၊ ဘာသာကိုးကွယ်
သူ့ထက်ငါ ကဲ၊ အုပ်စုတွေခွဲလို့
မချစ်ရင်နေကွဲ့ ။ အပြစ်တွေမမြင်နဲ့
ကောင်းကင်ကို လမ်းစဉ်။ မီးတစ်လုံးအသွင်၊
ခံစားသစ်ယှဉ်၊ ကဗျာထဲစာတင်ခဲ့။

“ကျွန်တော့် ခေါင်းထဲမှာလည်း မီးလုံးတစ်လုံးရှိတယ်။
သူ့ ခေါင်းထဲမှာလည်း မီးလုံးတစ်လုံးရှိမယ်။
ကိုယ့်ခေါင်းထဲက မီးလုံးကို ကိုယ်အလင်းဆုံးထင်ကြတာပဲ။
ကိုယ့်မီးလုံးနဲ့ ကိုယ်လင်း၊
သူများမီးလုံးကိုတော့ လာမခွင်းကြေး။”

ဘာသာကိုတန်ဘိုးထား လို့ ကိုယ့်အမျိုးကိုချစ်တာ
သူသူကိုယ်ကိုယ် ပိုမိုကြတာချည်းပဲ လား။
စုစကားတစ်ခွန်း ပြညွှန်းသတိရစေခဲ့။
“မျိုးချစ်စိတ် ဆိုတာ။
ကိုယ့်လူမျိုးကိုပဲ ကိုယ်ချစ်တာမဟုတ်။
အခြားဘာသာနဲ့ လူမျိုးများကိုလည်း တန်ဘိုးထားလေးစားဘို့လိုတယ်။ ”

ငြိမ်းချမ်းမှု အစစ်ကို
ကျွန်မတို့ လိုချင်ပါတယ်။

အမည်-----
လူမျိုး------
ကိုးကွယ်သည့်ဘာသာ------

ဘယ်လိုပင်ကွဲပြား။ အားလုံးမှာ
လူသားဆန်တဲ့ ဘ၀တစ်ခု
လွတ်လပ်စွာ အမည်တစ်ခုကိုပိုင်ဆိုင်၊
ကိုယ့်အမျိုးကို စောင့်ရှောက်လို့
ယုံကြည်ရာကို ကိုးကွယ်ခွင့် ရှိတယ်။

wai phyo said...

i likke u r poem