Thursday, December 18, 2008

အမေ့ အသံ

အမေတစ်ယောက်တည်း ဟိုတွေးဒီတွေးနဲ့ 
စိတ်ထဲမှာ မီးမွှေး
မစီတတ်တဲ့ စကားလုံးတွေကို အပူပြင်းပြင်းပေးပြီး
သားအတွက် ကျိုချက်သန့် စင်ခဲ့ပေမယ့်
အအေးခံချိန်မရလိုက်တဲ့ အမေ့ရဲ့  အသံတွေ
နားထဲကို အတင်းလောင်းထည့် ခံခဲ့ရစဉ်က
ရင်ထဲကို အဝင်မခံ
နားဝမှာတင် မိုက်မိုက်မဲမဲ ထိုးအန်ပစ်ခဲ့ပေမယ့်...
အခုအချိန်မှာတော့
နှလုံးအိမ်ထဲမှာ ပေါင်းခံ
ဒေါသယောင်ဆောင်ထားတဲ့ အမေ့ရဲ့  စောင်းသံကို
ကိုယ့်ကိုယ်ကို သွားတိုက်ဆေးဗူးလိုညှစ်၊ အပ်နှစ်စင်း ထိသလိုဖြစ်မှ ရတတ်တဲ့ ချီးကျူးသံတွေ
တစ်ချက်တည်းနဲ့ ကျင်းဝင်သွားတဲ့အခါမျိုးမှ ရတတ်တဲ့ လက်ခုပ်သံတွေနဲ့ 
ဘာမဆို အလိုက်ပေးပြီး
ပြန်လဲချင်မိတယ် အမေ။

ကောင်းကင်ကို

25 comments:

sait phay yar said...

ကိုကင်းရေ ကောင်းလိုက်တဲ့အပ်သွားတွေ ဘ၀တူတွေလေ နားလည်ပေးနိုင်ပါတယ်

Moe Hlaing Nya said...

အစ်ကို
ကောင်းတယ်အစ်ကို ကဗျာကိုစူးနစ်မိတိုင်း
အမေနဲ့ ကျွန်တော်လည်းဝေးဝေးသွားတယ်
အမေက ကျွန်တော်ကို အားမရဘူး
ကျွန်တော်က ကျွန်တော့်ကဗျာကို အားမရဘူး
အမေက ကျွန်တော့်ကိုပဲချစ်တယ်
ကျွန်တော်က အမေကိုလည်းချစ်တယ်
ကဗျာကိုလည်းချစ်တယ်...
မိဘသဘောကျမတဲ့ မိန်းမနဲ့ယူရသလို
ကဗျာရေတဲ့အခါတိုင်း ကျွန်တော်အမြဲတမ်းမိသားစုနဲ့
ဝေးကွာသွားရတယ်..အစ်ကို
စာနာပါတယ်အစ်ကို ကျွန်တော်တို့က လိမ်မာတဲ့သားဆိုးတွေ
ဖြစ်ခဲ့ကြတာကိုး

Anonymous said...

ထပ်တူ ခံစားလို့ရတယ် အစ်ကိုရေ့ အမေ့အသံတွေထဲက မေတ္တာဓာတ်တွေနဲ့ သားတစ်ယောက်ရဲ့ အချိန်လွန်နောင်တတွေကို ကျနော်ခံစားလိုက်ရတယ် ။

ကလိုစေးထူး said...

အမေကဗျာတို့ အမေသီချင်းတို့ဆိုရင် နဂိုကမှ ထိချင်နေတာ ဒီလိုကဗျာဖတ်မိတော့ ပိုဆိုးတယ်ဗျာ။

tututha said...

အောက်က အဓိပ္ပာယ်ဖွင့်ဆိုချက်ထည့်မပေးရင် ပိုခံစားလို့ကောင်းမယ်ထင်တယ်။

ကိုရင်နော်ခင်လေးငယ် said...

ကိုကောင်းကင်...

““ဘာမဆို အလိုက်ပေးပြီး
ပြန်လဲချင်မိတယ်.. အမေ...””

ဆိုတဲ့ နေရာလေးအရောက်...

ဖတ်ရင်းနဲ့ ဝဲနေခဲ့တဲ့ မျက်ရည်က ခြွေမချပါဘဲ..
တင်းထားတဲ့ကြားက ဘယ်ဖက်ပါးပေါ်ကို တစ်စက် ကြွေကျခဲ့တယ်..။

လေးစားစွာဖြင့်...
.... .... ....

mirror said...

အရင်တုန်းက အမေသီချင်းတွေကို ဘယ်သူမှလဲရိုက်မခိုင်းပဲ ကိုယ့်ဘာသာနားထောင်ပြီးကိုယ့်ဘာသာ ကုတင်ပေါ်မှောက်ပြီး ငိုခဲ့တာ...။ခုဒီကဗျာဖတ်တော့ အစ်ကို့အလွမ်းတွေကိုတွေ့ထိလိုက်ရတယ်...။

ရင်ဘတ်နဲ့ ဒီကဗျာကိုဖတ်ပြီး ရင်ဘတ်ထဲကကိုပဲ...လေးနက်စွာ နားလည်ပေးနိုင်ပါတယ် အစ်ကိုရေ...



လေးစားခင်မင်လျက်

Anonymous said...

ကောင်းလိုက်တာဗျာ.. ဖတ်ပြီး စိတ်မကောင်းတောင်ဖြစ်တယ်။း(

အိတာ said...

မိဘကိုတန်ဖိုးထားတတ်တာ
ဘယ်အချိန်ဖြစ်ဖြစ်
နောက်မကျပါဘူး...........:D

ခင်လျက်မင်လျက်
အာတိ

Anonymous said...

ဘ၀တူတွေပါပဲ ဗျာ။အခုအချိန်မှာ အလိုလားဆုံး အဖြစ်ချင်ဆုံးကို ပြောပါဆိုရင် အမေ့ရင်ခွင်ထဲမှာ ခေါင်းတိုးပြီး ခနလေးဖြစ်ဖြစ် အိပ်ခွင့်ရချင်တယ်ဗျာ။

tututha said...

မေ့ချင်ယောင်ဆောင်ပြီး အရမ်းလွမ်းရတာ အမေပေါ့ဟာ ..

mgngal said...

နောက်ဆုံးစာသားလေး ဖတ်ပြီး စိတ်မကောင်းဖြစ်သွားတယ် ကိုကောင်း။
ဘာတွေပဲ ပြည့်စုံ ပြည့်စုံ ၊ လိုအပ်လိုအပ် အမေကိုတော့
တမ်းတ မိတာပါပဲဗျာ ။ ခံစားနားလည်ပေးသွားပါတယ်။
အဆင်ပြေပါစေလို့ ပဲ ပြောတော့မယ်ဗျာ ။

Anonymous said...

ဘာမဆို အလိုက်ပေးပြီး
ပြန်လဲလိုက်ချင်မိတယ် အမေ....

တိုက်တိုက်ဆိုင်ဆိုင်ဗျာ ဒီနေ့မှာဒီကဗျာလေးဖတ်ခွင့်ရတဲ့အတွက် အကို့ကိုကျေးဇူးတင်ပါတယ်...
ဒီနေ့က ကျတော်အမေ ကျတော့်ဆီကထွက်ခွါသွားတာ ၃နှစ်ပြည့်တဲ့နေ့ပါ....

ကျတော် အမေ့ရဲ့ဆူတဲ့အသံလေးတွေ ကြားချင်တာတောင် ကြားခွင့်မရတာ သုံးနှစ်ပြည့်ပြီဗျာ

RePublic said...

အမေ့အသံ ကို အငြိမ်သက်ဆုံး နားထောင်သွားတယ်
ကောင်းကင်ကြီးရေ ၊၊

အိုင်လွယ်ပန် said...

ငြိမ်ငြိမ်လေးဖတ်သွားတယ်အစ်ကိုရေ....

Unknown said...

အမေ့ရဲ့ ဆူသံလေးတွေကို ခဏသတိ၇မိသွားတယ်။

pandora said...

အင်း.. အမေကို ချက်ချင်း ဖုန်းကောက်ဆက်ချင်စိတ် ဖြစ်သွားတယ်။

ခေါင်ခေါင် said...

အမေ့နားပြန်ပြီး အဆူ အဆဲပြန်ခံချင်လိုက်တာ..

ATN said...

အမေရှိနေတုန်း... အမေ့ကျေးဇူးကို တတ်နိုင်သမျှ... ဆပ်ဖို့ ကြိုးစားပေါ့... ညီလေးရေ့...

Unknown said...

ဘာပြောရမှန်းတောင်မသိတော့ဘူးဗျာ...။

Anonymous said...

ကဗျာလေးကို ခံစားသွားတယ်ဗျ
လွမ်းတယ်ဗျာ.. အမေ့ကို..။

မိုးသား said...

အစ်ကိုရေ.. အလုပ်များနေလို့ အွန်လိုင်းကို အချိန် သိပ်မပေးနိုင်ဘူးအစ်ကိုရာ..
အခုတော့ အေးဆေးဖြစ်သွားပါပြီ
ကျွန်တော် မဖတ်ရသေးတဲ့ ကဗျာတွေ လာဖတ်သွားတယ်..
အမေ့အသံကို သူငယ်ချင်းတွေကို ပို့ပေးထားတယ်..အစ်ကို ခွင့်ပြုပါ..

Anonymous said...

ကောင်းကင်ကို.....ရေ..

ကိုယ်တင်မဟုတ်ပဲ..
ခုတလော...အမေ.ကဗျာတွေ..တင်တာ တွေ့နေရပါလား...
နက်နက်ရှိုင်းရှိုင်းခံစားသွားပါတယ်....

ဘယ်သူ့အလွမ်းဆုံးလဲ..မေးရင်...
အမေပဲ...
(ဘယ်သူ ဘာပြောပြော..ဟားဟား..)

minn thuka said...

တစ်ချက်တည်း..ဒါပေမဲ့ သေလောက်တဲ့ဓါးချက်..ရင်ဝတည့်တည့်ပဲဗျာ..

Anonymous said...

အရမ်းကြိုက်တယ်ဗျာ.. အပ်နှစ်စင်းထိမိသလိုဖြစ်မှတဲ့လားဗျာ..