Saturday, August 2, 2008

အချစ်ကဗျာ စုစည်းမှု

အချစ်ကဗျာလေးတွေကို သီးသန့် စုစည်းပြီး pdf Ebook လုပ်လိုက်ပါတယ်။ to download (click here)

အဲဒီ့အထဲက ကဗျာနှစ်ပုဒ်ကိုလည်း ပြန်တင်လိုက်ပါတယ်။

ချစ်သူ့ ပါးလေး နှစ်ဘက်ပေါ်မှာ

မပွင့်တပွင့် နှုတ်ခမ်းလေးက
မောင်လို့ တစ်ခွန်း ခေါ်လိုက်တိုင်း မှာ
သံယောဇဉ် ဝက်အူက
ရင်ကို တစ်ရစ်တင်းတယ်။

ချစ်သူ့ နှုတ်ခမ်းဖျားမှာ
မုန်တိုင်းတစ်ခု ဖွဖွကလေး တိုက်ရင်တောင်
ငါကနှလုံးသားတစ်ခုလုံး ဒေါင်ချာစိုင်းတဲ့ကောင်ပါ။

ပတ္တမြားသွေးနဲ့ 
ချစ်စရာနှုတ်ခမ်းလေးမှာ
စကားလုံးလေးတွေက တတွတ်တွတ်နဲ့ ပွင့်တယ်။
မာယာ သကြားတွေ ထည့်မထားတဲ့
စကားလုံး ရိုးရိုးလေးတွေက
ဘာကြောင့် ဒီလောက်ချိုနေရတာလဲ။
အဲဒီ့ စကားလုံးလေးတွေကိုပေါ့
ငါဝိုင်အရက် ချက်ပြီး တညလုံးမူးခဲ့တာ။

မျက်လုံးခြင်း ဆုံလိုက်တဲ့ အခိုက်အတန့် မှာ
အကြင်နာမြစ်တစ်စင်းက ငါ့သွေးကြောထဲကို ဖြတ်စီး
ခဏလေး လက်သွားတဲ့ လျှပ်စီးရောင်အောက်မှာ
အသည်း သဏ္ဍန်တိမ်စိုင်လေးတစ်ခုကို
ဝိုးတဝါးနဲ့ တွေလိုက်ရတယ်။
ဒါ ချစ်ခြင်းရဲ့ နိမိတ်လား။

လမင်းရဲ့ ဆွဲငင်အားနဲ့ 
သံယောဇဉ် ဒီရေတွေတရိပ်ရိပ်တိုး
နှလုံးသား ဆည် ကျိုးတဲ့နေ့ ကပေါ့။

ဟန်တစ်ခွဲသားနဲ့ အဖြူရောင် တံတိုင်းကြီးလည်း
တိုးတိုးလာတဲ့ ချစ်ခြင်း တွေကို ထမ်းပိုးရင်းက
မနိုင်မနင်းနဲ့  သူ့ အလိုလို ပြိုကျ၊
ချစ်စကားတွေ ငါ့နှုတ်ခမ်းက အလုအယက် ခုန်ထွက်လာတုန်းကပေါ့။
စကားလုံးတွေ တစ်လုံးနဲ့ တစ်လုံး ခလုတ်တိုက်မိပြီး
ငါ့စကားတွေက ထစ်သွားလိုက်တာ။

နှစ်ယောက်စလုံးရဲ့ ရင်ခုန်သံတွေက
တိတ်ဆိတ်မှုကိုဖြို
ချစ်သူ့ မျက်နှာမှာ
ရှက်သွေးတွေစိုသွားတဲ့ခဏပေါ့။
ငါလမင်းနီနီကို ပထမဆုံးအကြိမ် မြင်လိုက်ရတယ်။

ကျေးဇူးပြုပြီး တိတ်ပေးကြပါ
ဝင်သက်ထွက်သက်တို့ ၊
ချစ်သူ့ ပါးလေး နှစ်ဘက်ပေါ်မှာ
နှင်းဆီ တစ်ပွင့်စီ အိပ်နေလို့ ။

ကောင်းကင်ကို

**************

အနမ်းလှေမဲ့ ကမ်းခြေနှစ်ဘက်

ခြောက်ကပ်ပြီး ပတ်ကြားအက်နေတဲ့
ငါ့နှလုံးသာ ဥယျာဉ်ထဲမှာ
ကန္တာရတို့ အဆုပ်လိုက် ပွင့်နေတယ်။

ညပေါင်း တစ်သောင်းကျော်စောင့်တာတောင်
ငါမျှော်နေတဲ့ လမင်းက
အခုထိ မသာသေးဘူး။

ငါဟာ
အချစ်ရဲ့ ပွင့်ချပ်တွေကို
ငါ့ဘဝလှေငယ်မှာ ရွက်တပ်ဖို
မဝံ့မရဲ
စောင့်နေတဲ့ သူပါ။

ခြေလှမ်းတလှမ်းလှမ်းလိုက်တိုင်း
အထီးကျန်မှုတွေက
ငါ့နောက်က တကောက်ကောက် လိုက်လာတယ်။

ကြွေရှာတဲ့ သစ်ရွက်တွေမှာတောင်
ခိုစရာမြေပြင်ရှိသေးတယ်၊
ဝေဒနာနဲ့ နှစ်ရက်တွေမှာငါ
ငိုစရာရင်ခွင် မရှိဘူး။

ကံကြမ္မာက အတင်းပစ်ချလိုက်တဲ့တိုက်ပွဲမှာ
လောကဓံရဲ့  လက်သီးချက်တွေနဲ့ 
ဘဝက ခဏခဏ ကွဲတယ်။
ဒဏ်ရာဒဏ်ချက်တွေထဲက
စိမ့်ထွက်လာတဲ့သွေးတွေကို
အကြင်နာလက်တွေနဲ့ 
ဘယ်သူလာ ဆေးထည့်ပေးပါ့မလဲ။

သြာ်...
ငါ့ပါးနှစ်ဘက်ကမ်းခြေမှာ

အားတက်စေမဲ့ အနမ်းလှေဟာ
ဘယ်အချိန်လာရောက် ဆိုက်ကပ်လေမလဲ။

ကောင်းကင်ကို

12 comments:

ညိမ်းညို said...

အကိုကြီးရေ ဦးဦးဖျားဖျား ဒေါင်းလော့ဆွဲသွားပါကြောင်း :)

တန်ခူး said...

အချစ်ကဗျာလေးတွေ download လုပ်သွားတယ်… ကဗျာ မျက်နှာဖုံးလေးက လှတယ်… ပါးချိုင့်လေးက ကြိုက်ရဲ့လား… အဆင်ပြေပါစေ…

thinzar said...

ကိုကောင်း...အရမ်းခံစားလို့ကောင်းပါတယ်..
စကားလုံးလေးရဲ့ နူးညံ့ညက်ညောမှုနောက် ..ကို
..ကောက်ကောက်ပါသွားတယ်..

Anonymous said...

သိပ်ကောင်းတဲ့ အမြင်လေးနှင့်ရေးထားတဲ့ ကဗျာလေးနော် .. အရမ်းကောင်းပါတယ် .. သိပ်ကြိုက်တယ် ..

pig gyi said...

အကိုရေ......ကျွန်တော်အတွက်ကဗျာတစ်ပုဒ်လောက်....

Anonymous said...

ဟေး
ကဗျာလေးကအရမ်းကောင်းတာဘဲ။
ခံစားချက်နဲ့တိုက်ဆိုင်လို့လားမသိပါဘူး။
ရင်ထဲမှာဟတ်ထိသွားတာဘဲ။

Unknown said...

" အနမ်းလှေမဲ့ ကမ်းခြေနှစ်ဘက် " ကဗျာလေးကို ကဗျာချစ်သူတွေ ခံစားနိုင်အောင်အသက်သွင်းပေး ထားတဲ့အတွက် ကျေးဇူးပါ။
အရမ်းကောင်းတဲ့ကဗျာလေးပါ။
အောင်မြင်ပါစေ။

Anonymous said...

အရမ်းဖတ်လို့ကောင်းပါတယ်.အွန်လိုင်းတက်တိုင်းဖတ်ဖြစ်ပါတယ်။နောက်ထပ်များများရေးပေးပါ။တကယ်heartကိုထိလို့ပါ။

Anonymous said...

ကောင်းကင်ကိုမင်းတော့ကွာ တော်တော်ကောင်းတာပဲြ ဂိုလ်ကော်လေး

Anonymous said...

အရမ်းကောင်းပါတယ်။ကြိုးစားပါဦးနော်..

Unknown said...

coppy ကူး ယူလိုက်တယ်နော်
စိတ်မရှိပါနဲ့ လား

Anonymous said...

ကူးချင်တယ်စာသားမရှင်းဘူး