Thursday, November 22, 2007

လှိုင်း

လှိုင်း


ငိုရှိုက်သံတွေကိုဗဟိုပြုပြီး
ရင်မှာဆင်တဲ့ ကရုဏာမုန်တိုင်းတွေကြောင့်
ဆူနာမီထက်ပြင်းတဲ့လှိုင်းတွေဟာ
မိစ္ဆာကမ်းခြေကို
တဝုန်းဝုန်းရိုက်ခဲ့တယ်။

မျှော်လင့်ချက်တွေ သယ်ဆောင်လာတဲ့ လှိုင်းအသစ်ကို
လူတိုင်းကလဲ ချစ်ခဲ့ကြတယ်။

လှိုင်းတွေရဲ့ တပ်ဦးမှာ ကရုဏာရှင်တို့ ဦးဆောင်တယ်။
မိစ္ဆာကမ်းခြေမှာတော့ သွေးဆာနေတဲ့ ဘီလူးကြမ်းတို့ စောင့်တယ်။

လှိုင်းတွေဟာ ပြည်သူ့ ရင်ထဲမှာ နေရာအပြည့်ယူတယ်။
မိစ္ဆာကမ်းခြေကတော့ မျက်ရည်မြစ်ရဲ့ နံဘေးမှာ အခိုင်အမာ ကျောက်ချတယ်။

လှိုင်းတွေဟာ ရွှေရောင်သင်္ဃန်းနဲ့ ပြည်သူ့ မေတ္တာကို လွှမ်းခြုံဆင်မြန်း ထားသလို
သွေးတွေနဲ ဆိုးထားတဲ့ ခွပ်ဒေါင်းခေါင်းစည်းနီနီကိုလည်း စည်းထားတယ်။
မိစ္ဆာကမ်းခြေကတော့ မာယာမျက်နှာဖုံးကို ပေါ်တင် ချွတ်လိုက်ပြီး လူသတ်ဝတ်စုံကို ဖရိုဖရဲ ဝတ်ဆင်တယ်။

မေတ္တာတွေလူးထားတဲ့
လှိုင်းတွေရဲ့ မြှားဦးဟာ တုပ်နှောင်ထားတဲ့ ကြိုးတွေကိုဖြတ်ဖို့ လမ်းမပေါ်ကိုထွက်လာတယ်။
မိစ္ဆာကမ်းခြေဆီက
မျက်ကန်းကျည်ဆန်တချို့ ကတော့ လေထုကို ထိုးခွဲပြီး ဝိညာဉ်ခြွေဖို့ ထွက်လာတယ်။

လှိုင်းတွေဟာ ပစ်ကွင်းထဲကို အတင်းတိုးဝင် ပြီး ဘဝကိုချကျွေးတယ်။
မိစ္ဆာကမ်းခြေကတော့ ရင်နှစ်သည်းခြာတွေရဲ့ သွေးနဲ့ ပလ္လင်ကိုဆေးတယ်။

ခောတ်ကြီးတခုလုံးကို မုန်းတယ်။
ကြယ်တွေကို ကာကွယ်မပေးနိုင်တဲ့ လောကစောင့်နတ်တွေကိုလည်းမုန်းတယ်။
ပန်းပွင့်တွေကို လိုက်ခြွေနေတဲ့ မုဆိုးတွေကိုလည်းမုန်းတယ်။
သင်တို့ ဟာ ရဟန်းပျိုတွေကို မြိုတဲ့မြွေတွေဖြစ်တယ်။
ခွပ်ဒေါင်းသားကို စားတဲ့ကျားတွေဖြစ်တယ်။
ကိုယ့်ရင်သွေးကို ကိုယ်တိုင်သတ်ပြီး ယစ်ပူဇော်ရက်တဲ့သူတွေဖြစ်တယ်။

ဒီလိုနဲ့ …ရန်သူ အကြမ်းဖက်လို့ လှိုင်းတို့ တလှမ်းဆုတ်ခဲ့ရတယ်။

ဒါပေမယ့် ဒီလှိုင်းဟာ မြုံနေတဲ့ အနာတခုဖြစ်တယ်၊
ရင့်မှည့်နေတဲ့ သစ်သီးတလုံးဖြစ်တယ်။

ဒီလှိုင်းက ထွက်တဲ့သွေးတွေဟာ
ပန်းရနံ့ မွှေးတယ်။

ဒီလှိုင်းက ထွက်တဲ့ အလင်းရောင်နဲ့ 
ရင်ထဲက အမှောင်တွေကို ထွန်းချင်တယ်။

ဒီလှိုင်းဟာ ငါတို့ အတွက် မျှော်လင့်ချက် ဆွဲလည်းသံဖြစ်သလို
ရန်သူ့ နားစည်ကိုဖောက်ခွဲမယ့် ဒက်ဆီဘယ်(လ်) ၁၀၀ကျော်ပြင်းအားနဲ့  ခြိမ်းခြောက်မိုးခြိမ်းသံလည်းဖြစ်တယ်။

ဒီလှိုင်းဟာ ရှင်ဥတ္တမ ဝင်စားသလို
မာတင်လူသာကင်းလည်း ဝင်စားတယ်။

ဒီလှိုင်းရိုက်ခတ်သံ မှာ အောင်ဆန်းရဲ့  အရိုးတွန်သံကြားနိုင်သလို
ဂန္ဒီရဲ့  ငိုရှိုက်သံကိုလည်းကြားနိုင်တယ်။

ဒီလှိုင်း မှာ ကောင်းခြင်းမှန်သမျှ စုဆုံတယ်။

လှိုင်းတွေရဲ့ ရင်ခွင်ကို
လက်သည်းချွန်တွေနဲ့ 
သွေးချင်းချင်းနီအောင် ခြစ်ခဲ့သူတို့ …
ဖိအားအထပ်ထပ်အောက်မှာမာကျောလာတဲ့
လှိုင်းတွေရဲ့ ရင်ခွင်သစ်မှာ
သင်တို့ လက်သည်းချွန်တွေ ကျိုးကျန်စေရမယ်။


ပိုပြင်းထန်တဲ့ မီးမုန်တိုင်း
ပိုအားကောင်းတဲ့ ချော်ရည်လှိုင်းတွေနဲ့ 
နောက်တခါ တော်လှန်ရေးဒီရေတက်ချိန်မှာ
မိစ္ဆာကမ်းခြေကို ငါတို့ အပြီးဖြိုမယ်။

ကောင်းကင်ကို

12 comments:

Mintasay said...

နောက်တခါ တော်လှန်ရေးဒီရေတက်ချိန်မှာ
မိစ္ဆာကမ်းခြေကို ငါတို့ အပြီးဖြိုမယ်။

ကွှန်တော်လည်းပါမယ်

နို့ထွက်အတော်လှိုင်တယ်ဗျာ

ရေးလိုက်ရင် ပထမတန်းစားတွေပဲပါလားဗျို့

Anonymous said...

အရမ်း မာန်ပါတာပဲ။
အရမ်းကြိုက်တယ်အကို။
အကို က ရေးတတ်လိုက်တာ။

အဲ မိစ္ဆာတွေ မြန်မြန်သေမှ ပဲ။
တအားမုန်းတယ် ။ အဲမိစ္ဆာတွေကို။

အကိုနောက်လဲ များကြီးရေးနော်။

အားပေးနေလျက်
ညီမလေး မိုးချစ်သူ

metta campaign said...

“လှိုင်းတွေရဲ့ ရင်ခွင်ကို
လက်သည်းချွန်တွေနဲ့ 
သွေးချင်းချင်းနီအောင် ခြစ်ခဲ့သူတို့ …
ဖိအားအထပ်ထပ်အောက်မှာမာကျောလာတဲ့
လှိုင်းတွေရဲ့ ရင်ခွင်သစ်မှာ
သင်တို့ လက်သည်းချွန်တွေ ကျိုးကျန်စေရမယ်”


ဘာပြောရမှန်း မသိတော့ဘူးဗျာ။

pandora said...

အလွန်အားမာန်ပါတဲ့ လှိုင်းပဲ
“လှိုင်းတွေရဲ့ ရင်ခွင်ကို
လက်သည်းချွန်တွေနဲ့ 
သွေးချင်းချင်းနီအောင် ခြစ်ခဲ့သူတို့ …

အဲဒီ အဖွဲ့ကို အရမ်းသဘောကျတယ်။
ဟော.ကိုမေတ္တာကြီးကလည်း ရှေ့ကပြောသွားပြန်ပြီ

Anonymous said...

အကိုရေ စာသားတွေက သိပ်အဓိပ္ပါယ်ပြည့်ဝပြီး မာန်ပါတယ် .. ။ အရမ်းကြိုက်တယ် .. ။ အားပေးနေလျက်နော် :)

Unknown said...

ကြိုက်တယ်ဗျာ..လေးစားသွားပြီ..ကျွန်တော်တို့လဲ ကျရာနေရာက ပါနေမှာပါ.. :)

ဆောင်းယွန်းလ said...

ဒီလှိုင်းက ထွက်တဲ့သွေးတွေဟာ
ပန်းရနံ့ မွှေးတယ်။ I like this paragraph very much.



ဒီလှိုင်းက ထွက်တဲ့ အလင်းရောင်နဲ့ 
ရင်ထဲက အမှောင်တွေကို ထွန်းချင်တယ်။
Yes, we must light up our darkness heart by brightness waves. This is very good and strong poem Nyi Lay KKK.

မျှားပြာ said...

မိစ္ဆာကမ်းခြေကတော့ ရင်နှစ်သည်းခြာတွေရဲ့ သွေးနဲ့ ပလ္လင်ကိုဆေးတယ်။

သိပ်ဟုတ်တာပေါ့ အစ်ကိုရေ ..

မာန်လှိုင်းငယ် said...

မိတ်စာကမ်းခြေကတော့ လှိုင်းနဲ့ တွေ့ရင် ပြဲပြဲစင်အောင် ကွဲကုန်လိမ့်မယ်ဗျာ။ လှိုင်းရဲ့ အားမာန် အမြင့်ပျံတော့ လဒအတောင်ကျိုး သလိုပါပဲဗျာ။ အရမ်းကို ကျနော် နှစ်သက်တယ်ဗျာ။ ကဗျာဟာ လှိုင်းလိုပါပဲ အားမာန်အပြည့်နဲ့ ရှိနေတော့ ဖတ်ရသူများအဖို့ အားမာန်နိုးထစေတယ်ဗျာ။

နှင်းပွင့်ဖြူ said...

ကောင်းလိုက်တာ ကဗျာလေးက
ဒီလိုကဗျာလေးတွေ များများရေးနော်...
အားပေးနေပါတယ်

ခင်တဲ့
နှင်းပွင့်ဖြူလေး

Winkabar said...

အားမာန်အပြည့်နဲ့ပါပဲ။ ရေးထားတာအရမ်းကောင်းတယ်အစ်ကိုရယ်။

Mintasay said...

ကြိုက်တယ်ဗျာ....ရသတော်တော်ပေးနိုင်တယ်