ဒါက ကမ္ဘာ့အရေးကို သုံးသပ်တာ မဟုတ်ဘူးနော်။ ကိုယ်တို့ နိုင်ငံက လူမျိုးဘာသာပေါင်းစုံရဲ့ စိတ်က ကမ္ဘာ့အရေးမှာ ဘယ်လိုထင်ဟပ်နေလဲဆိုတာကို သုံးသပ်ကြည့်တာ။
(ပါလက်စတိုင်း တော်လှန်ရေးကိုမဟုတ်ဘဲ) Hamas တွေကို ဆန့်ကျင်တဲ့နေရာမှာ အရပ်သားတွေကိုပါ ပစ်မှတ်ထား ဖမ်းဆီးသတ်ဖြတ်မှုကို ဆန့်ကျင်ရမှာ။ နောက်တခုက ကမ္ဘာကြီးပေါ်မှာ ရှိနေပြီးသား သာမန်ပြည်သူချင်းရဲ့ အတူတကွတည်ရှိမှု (ဘယ်လိုအကြောင်းကြောင့်ပဲ အဲဒီဒေသကို ရောက်လာရောက်လာ) အဲလို အတူတကွတည်ရှိမှုကို လက်မခံခြင်းကို ဆန့်ကျင်ကြရမှာ။ (ဒီနေရာမှာ ဖိနှိပ်သူတွေနဲ့ အတူတကွ တည်ရှိမှုကိုတော့ လက်ခံစရာမလို။ လူတွေကို လူလိုတန်ဖိုးမထားဘဲ human animals လို့ ပြောပြီး အကုန်သိမ်းကြုံး ဖိနှိပ်၊ ဗုံးကြဲတဲ့ အာဏာရှင်မျိုးတွေ (ပြည်သူမပါဘူးနော်) နဲ့တော့ အတူတကွ တည်ရှိစရာမလိုဘူးပေါ့)။ ဒီတော့ ဆန့်ကျင်သင့်တာက ကလေးပါမချန် သတ်ဖြတ်မှု၊ လူလူချင်း အတူတကွ ငြိမ်းငြိမ်းချမ်းချမ်း မနေချင်မှုတွေ။
မြန်မာက (လူမျိုးဘာသာပေါင်းစုံက လူတွေ) ဖြစ်နေကြတာက
(၁) အင်အားပိုကြီးတဲ့ အစ္စရေးကို သွားစတာကိုး၊ ခံပေါ့။ (အဲဒါဆိုရင် အစ္စရေးနေရာမှာ မင်းအောင်လှိုင်ကို အစားထိုးကြည့်)
(၂) အစ္စရေးကို သွားထိရင်တော့ ဗုံးကြဲမှာပဲလေ။ (အဲဒါလည်း အစ္စရေးနေရာမှာ မင်းအောင်လှိုင်ကို အစားထိုးကြည့်။ ပြီးတော့ ဗုံးကြဲခံရလို့ သေသွားတဲ့ ကလေးတွေနေရာမှာ ကိုယ့်နိုင်ငံက ကလေးတွေနဲ့ အစားထိုးကြည့်)
(၃) ကိုယ့်ပြည်သူတွေ ဗုံးကြဲခံရမယ့်အရေး ထည့်မတွက်တာ။ (အဲဒါက မြန်မာမှာလည်း စစ်တို့၊ တော်လှန်ရေးတို့ ဖြစ်နေရင် ဗုံးကြဲတာတွေ၊ ရွာမီးရှို့တာတွေ ပိုလုပ်မှာပဲ။ အဲဒါဟာ စစ်ကောင်စီအပြစ်လား၊ တော်လှန်သူတွေရဲ့ အပြစ်လားဆိုတာ ပြန်သုံးသပ်)
(၄) အစ္စရေးရဲ့ လုပ်ဆောင်မှုတွေကို အားကျကြတယ်။ တကယ်က သူတို့ ပြည်သူတွေ ဘယ်တော့မှ ငြိမ်းငြိမ်းချမ်းချမ်း မနေရ။ အန္တရာယ်တွေကြားမှာ။ စစ်သားဦးရေဆိုလည်း နိုင်ငံသားဦးရေ အချိုးအစားနဲ့ယှဉ်ရင် အရမ်းများတယ်။ စစ်နိုင်ငံကို သွားအားကျနေတာပဲ။
(၅) ပြီးတော့ မြန်မာက တချို့မွတ်စလင်တွေ၊ တချို့ခရစ်ယာန်တွေဟာ အကြောင်းအရာကို မကြည့်ဘဲ ဘက်တူတာနဲ့ ဟိုဘက်ကို စစ်သွားတိုက်မတတ် ပြောနေကြတာ။ ဒါတွေက တခြားအကြောင်းအရာတွေတုန်းက သူတို့ရပ်တည်ခဲ့ပုံတွေနဲ့ တိုက်ကြည့်ရင် ဘက်တူလို့ စစ်သွေးကြွမှန်းက သိသာတယ်။ ဗမာ မဘသတွေကတော့ ပိုဆိုး။ ဘက်တူတူ မတူတူ …. နှစ်ဘက်ချကြတဲ့ နေရာမှာ …. တဘက်ဘက်က မွတ်စလင်ဖြစ်နေရင် ဆန့်ကျင်ဘက်ကနေ သတ်ဖြတ်ဖို့ အားပေးပြီးသားပဲ။
(၆) ဟိုလို ဘက်တူလို့ သွားတိုက်မတတ် စစ်သွေးကြွနေတဲ့ ဒီက မွတ်စလင်တချို့တွေကို ဝေဖန်တာက တစ်ပိုင်းပေါ့နော်။ မြန်မာ့အရေးကလွဲရင် တခြားကမ္ဘာ့အရေးတွေကို စိတ်ဝင်စားရင် ရေးရင်…. အဲဒါတွေပဲ ဘယ်လိုအချိန်မှာဖြစ်ဖြစ် ရေးခွင့်မရှိသလို ပြောကြတယ်။ (မြန်မာမှာ ဝမ်းနည်းစရာ တအားဖြစ်တဲ့ ရက်တွေမျိုးမှာ) ကိုယ့်နိုင်ငံအရေးကို ပိုရေးစေချင်တာမျိုးကိုတော့ နားလည်ပါတယ်) ဒါပေမယ့် ကိုယ်နိုင်ငံရဲ့အရေးကို ကျော်ပြီး ကမ္ဘာ့အရေး ဘယ်တော့မှ မရေးသင့်သလို ပြောကြတာလည်းရှိတယ်။ (ဝင်စစ်သွေးကြွတာမျိုးမဟုတ်ဘဲ) ဝင်ရေးရင်ပဲ မဆိုင်တာ ဝင်ပါသလိုလို။ တော်လှန်ရေး လုပ်နေတဲ့ မြန်မာတွေရော တခြားနိုင်ငံတွေမှာ ပြေးနေရတာပဲ မဟုတ်လား။ တခြားနိုင်ငံတွေရဲ့ ခွင့်ပြုမှုနဲ့ ထောက်ပို့ လုပ်နေရတာ မဟုတ်ဘူးလား။ မြန်မာ့အရေးကို ကမ္ဘာကစိတ်ဝင်စားအောင် ဆိုပြီး နည်းမျိုးစုံနဲ့ ပွဲတွေ၊ campaign တွေ လုပ်နေကြ၊ အကူအညီတောင်း၊ နိုင်ငံတကာနဲ့ ချိတ်ဆက်လုပ်ဆောင်နေကြတာ မဟုတ်ဘူးလား)။ ၂၀၂၁ တုန်းက ဗုံးတွေကြားကနေ ဆီးရီးယားကလား၊ ပါလက်စတိုင်းကလား ကလေးလေးတေစ်ယောက် မြန်မာနိုင်ငံအတွက် ဆုတောင်းပေးတဲ့ ဓာတ်ပုံတွေ့တော့ရော ဝမ်းသာနေကြတာ မဟုတ်ဘူးလား။ ကိုယ့်ထက် စစ်ဒဏ်ပိုပြင်းတဲ့ သူတို့လောက်တောင် အမြင်မကျယ်တော့ဘူးလား) စစ်သွေးကြွတာ မဟုတ်ဘဲ အတွေးအမြင်ဖလှယ်မှု သဘော၊ အတွေးအမြင် တိုးတက်ရေး သဘောနဲ့ သုံးသပ်ကြခြင်းကရော အတွေးအခေါ် မပိန်းရေးအတွက် မဟုတ်ဘူးလား။
အမြင်ကျယ် မလာကြဘူးဆိုရင်တော့ လူမျိုးပေါင်းစုံရှိတဲ့ ဒေသကြီးမှာ (နိုင်ငံလို့ မပြောဘူးနော်။ အင်အားကြီးတဲ့ ဗမာတွေဘက်က အကြောကြီးနဲ့ မြန်မာနိုင်ငံဆိုပြီးဘက်လိုက်ပြောသလို ဖြစ်မှာစိုးလို့။ အမြင်မကျယ်လာကြရင်တော့၊ တော်လှန်ရေးမှာ ဘယ်သူတွေဘယ်လောက်ပေးဆပ်ပေးဆပ်၊ ဘယ်လောက်သေခဲ့သေခဲ့၊ သေကြတာတွေ ဒုက္ခရောက်ကြတာတွေပဲ အဖတ်တင်ပြီး၊ လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ ရှိတဲ့ဒေသကြီးမှာ လူမျိုးရေး၊ ဘာသာရေးတွေနဲ့ပဲ ဒစ်လည်နေနိုင်တယ်။ အတွေးအမြင်တွေ ကျယ်ပြန့်မလာဘူးလို့တော့ တရားသေ ပြောလို့မရပါဘူး။ ကျယ်ပြန့်လာနိုင်ပါတယ်။ အဲလိုဖြစ်အောင် မြန်မာ့အရေး၊ ကမ္ဘာ့အရေးတွေကို တွေးခေါ် သုံးသပ်တာမျိုးတွေတော့ လုပ်နေကြရမှာပါ။ မြန်မာ့အရေးက သုံးသပ်ရင် ထိလွယ်ရှလွယ်နဲ့ ခံစားချက်တွေ ပိုပါလာတာမို့ ကမ္ဘာ့အရေးနဲ့ သွယ်ဝိုက် သုံးသပ်ပြန်ရင်လည်း အမေကျော် ဒွေးတော်လွမ်းတယ် ဖြစ်ဦးမယ်။
No comments:
Post a Comment