Sunday, October 15, 2023

(ဂါဇာအရေး မြန်မာ့အမြင်တွေ)

 ဒါက ကမ္ဘာ့အရေးကို သုံးသပ်တာ မဟုတ်ဘူးနော်။ ကိုယ်တို့ နိုင်ငံက လူမျိုးဘာသာပေါင်းစုံရဲ့ စိတ်က ကမ္ဘာ့အရေးမှာ ဘယ်လိုထင်ဟပ်နေလဲဆိုတာကို သုံးသပ်ကြည့်တာ။

(ပါလက်စတိုင်း တော်လှန်ရေးကိုမဟုတ်ဘဲ) Hamas တွေကို ဆန့်ကျင်တဲ့နေရာမှာ အရပ်သားတွေကိုပါ ပစ်မှတ်ထား ဖမ်းဆီးသတ်ဖြတ်မှုကို ဆန့်ကျင်ရမှာ။ နောက်တခုက ကမ္ဘာကြီးပေါ်မှာ ရှိနေပြီးသား သာမန်ပြည်သူချင်းရဲ့ အတူတကွတည်ရှိမှု (ဘယ်လိုအကြောင်းကြောင့်ပဲ အဲဒီဒေသကို ရောက်လာရောက်လာ) အဲလို အတူတကွတည်ရှိမှုကို လက်မခံခြင်းကို ဆန့်ကျင်ကြရမှာ။ (ဒီနေရာမှာ ဖိနှိပ်သူတွေနဲ့ အတူတကွ တည်ရှိမှုကိုတော့ လက်ခံစရာမလို။ လူတွေကို လူလိုတန်ဖိုးမထားဘဲ human animals လို့ ပြောပြီး အကုန်သိမ်းကြုံး ဖိနှိပ်၊ ဗုံးကြဲတဲ့ အာဏာရှင်မျိုးတွေ (ပြည်သူမပါဘူးနော်) နဲ့တော့ အတူတကွ တည်ရှိစရာမလိုဘူးပေါ့)။ ဒီတော့ ဆန့်ကျင်သင့်တာက ကလေးပါမချန် သတ်ဖြတ်မှု၊ လူလူချင်း အတူတကွ ငြိမ်းငြိမ်းချမ်းချမ်း မနေချင်မှုတွေ။

မြန်မာက (လူမျိုးဘာသာပေါင်းစုံက လူတွေ) ဖြစ်နေကြတာက

(၁) အင်အားပိုကြီးတဲ့ အစ္စရေးကို သွားစတာကိုး၊ ခံပေါ့။ (အဲဒါဆိုရင် အစ္စရေးနေရာမှာ မင်းအောင်လှိုင်ကို အစားထိုးကြည့်) 

(၂) အစ္စရေးကို သွားထိရင်တော့ ဗုံးကြဲမှာပဲလေ။ (အဲဒါလည်း အစ္စရေးနေရာမှာ မင်းအောင်လှိုင်ကို အစားထိုးကြည့်။ ပြီးတော့ ဗုံးကြဲခံရလို့ သေသွားတဲ့ ကလေးတွေနေရာမှာ ကိုယ့်နိုင်ငံက ကလေးတွေနဲ့ အစားထိုးကြည့်)

(၃) ကိုယ့်ပြည်သူတွေ ဗုံးကြဲခံရမယ့်အရေး ထည့်မတွက်တာ။ (အဲဒါက မြန်မာမှာလည်း စစ်တို့၊ တော်လှန်ရေးတို့ ဖြစ်နေရင် ဗုံးကြဲတာတွေ၊ ရွာမီးရှို့တာတွေ ပိုလုပ်မှာပဲ။ အဲဒါဟာ စစ်ကောင်စီအပြစ်လား၊ တော်လှန်သူတွေရဲ့ အပြစ်လားဆိုတာ ပြန်သုံးသပ်)

(၄) အစ္စရေးရဲ့ လုပ်ဆောင်မှုတွေကို အားကျကြတယ်။ တကယ်က သူတို့ ပြည်သူတွေ ဘယ်တော့မှ ငြိမ်းငြိမ်းချမ်းချမ်း မနေရ။ အန္တရာယ်တွေကြားမှာ။ စစ်သားဦးရေဆိုလည်း နိုင်ငံသားဦးရေ အချိုးအစားနဲ့ယှဉ်ရင် အရမ်းများတယ်။ စစ်နိုင်ငံကို သွားအားကျနေတာပဲ။ 

(၅) ပြီးတော့ မြန်မာက တချို့မွတ်စလင်တွေ၊ တချို့ခရစ်ယာန်တွေဟာ အကြောင်းအရာကို မကြည့်ဘဲ ဘက်တူတာနဲ့ ဟိုဘက်ကို စစ်သွားတိုက်မတတ် ပြောနေကြတာ။ ဒါတွေက တခြားအကြောင်းအရာတွေတုန်းက သူတို့ရပ်တည်ခဲ့ပုံတွေနဲ့ တိုက်ကြည့်ရင် ဘက်တူလို့ စစ်သွေးကြွမှန်းက သိသာတယ်။ ဗမာ မဘသတွေကတော့ ပိုဆိုး။ ဘက်တူတူ မတူတူ …. နှစ်ဘက်ချကြတဲ့ နေရာမှာ …. တဘက်ဘက်က မွတ်စလင်ဖြစ်နေရင် ဆန့်ကျင်ဘက်ကနေ သတ်ဖြတ်ဖို့ အားပေးပြီးသားပဲ။ 

(၆) ဟိုလို ဘက်တူလို့ သွားတိုက်မတတ် စစ်သွေးကြွနေတဲ့ ဒီက မွတ်စလင်တချို့တွေကို ဝေဖန်တာက တစ်ပိုင်းပေါ့နော်။ မြန်မာ့အရေးကလွဲရင် တခြားကမ္ဘာ့အရေးတွေကို စိတ်ဝင်စားရင် ရေးရင်…. အဲဒါတွေပဲ ဘယ်လိုအချိန်မှာဖြစ်ဖြစ် ရေးခွင့်မရှိသလို ပြောကြတယ်။ (မြန်မာမှာ ဝမ်းနည်းစရာ တအားဖြစ်တဲ့ ရက်တွေမျိုးမှာ) ကိုယ့်နိုင်ငံအရေးကို ပိုရေးစေချင်တာမျိုးကိုတော့ နားလည်ပါတယ်) ဒါပေမယ့် ကိုယ်နိုင်ငံရဲ့အရေးကို ကျော်ပြီး ကမ္ဘာ့အရေး ဘယ်တော့မှ မရေးသင့်သလို ပြောကြတာလည်းရှိတယ်။  (ဝင်စစ်သွေးကြွတာမျိုးမဟုတ်ဘဲ) ဝင်ရေးရင်ပဲ မဆိုင်တာ ဝင်ပါသလိုလို။ တော်လှန်ရေး လုပ်နေတဲ့ မြန်မာတွေရော တခြားနိုင်ငံတွေမှာ ပြေးနေရတာပဲ မဟုတ်လား။ တခြားနိုင်ငံတွေရဲ့ ခွင့်ပြုမှုနဲ့ ထောက်ပို့ လုပ်နေရတာ မဟုတ်ဘူးလား။ မြန်မာ့အရေးကို ကမ္ဘာကစိတ်ဝင်စားအောင် ဆိုပြီး နည်းမျိုးစုံနဲ့ ပွဲတွေ၊ campaign တွေ လုပ်နေကြ၊ အကူအညီတောင်း၊ နိုင်ငံတကာနဲ့ ချိတ်ဆက်လုပ်ဆောင်နေကြတာ မဟုတ်ဘူးလား)။ ၂၀၂၁ တုန်းက ဗုံးတွေကြားကနေ ဆီးရီးယားကလား၊ ပါလက်စတိုင်းကလား ကလေးလေးတေစ်ယောက် မြန်မာနိုင်ငံအတွက် ဆုတောင်းပေးတဲ့ ဓာတ်ပုံတွေ့တော့ရော ဝမ်းသာနေကြတာ မဟုတ်ဘူးလား။ ကိုယ့်ထက် စစ်ဒဏ်ပိုပြင်းတဲ့ သူတို့လောက်တောင် အမြင်မကျယ်တော့ဘူးလား) စစ်သွေးကြွတာ မဟုတ်ဘဲ အတွေးအမြင်ဖလှယ်မှု သဘော၊ အတွေးအမြင် တိုးတက်ရေး သဘောနဲ့ သုံးသပ်ကြခြင်းကရော အတွေးအခေါ် မပိန်းရေးအတွက် မဟုတ်ဘူးလား။ 

အမြင်ကျယ် မလာကြဘူးဆိုရင်တော့ လူမျိုးပေါင်းစုံရှိတဲ့ ဒေသကြီးမှာ (နိုင်ငံလို့ မပြောဘူးနော်။ အင်အားကြီးတဲ့ ဗမာတွေဘက်က အကြောကြီးနဲ့ မြန်မာနိုင်ငံဆိုပြီးဘက်လိုက်ပြောသလို ဖြစ်မှာစိုးလို့။ အမြင်မကျယ်လာကြရင်တော့၊ တော်လှန်ရေးမှာ ဘယ်သူတွေဘယ်လောက်ပေးဆပ်ပေးဆပ်၊ ဘယ်လောက်သေခဲ့သေခဲ့၊ သေကြတာတွေ ဒုက္ခရောက်ကြတာတွေပဲ အဖတ်တင်ပြီး၊ လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ ရှိတဲ့ဒေသကြီးမှာ လူမျိုးရေး၊ ဘာသာရေးတွေနဲ့ပဲ ဒစ်လည်နေနိုင်တယ်။ အတွေးအမြင်တွေ ကျယ်ပြန့်မလာဘူးလို့တော့ တရားသေ ပြောလို့မရပါဘူး။ ကျယ်ပြန့်လာနိုင်ပါတယ်။ အဲလိုဖြစ်အောင် မြန်မာ့အရေး၊ ကမ္ဘာ့အရေးတွေကို တွေးခေါ် သုံးသပ်တာမျိုးတွေတော့ လုပ်နေကြရမှာပါ။ မြန်မာ့အရေးက သုံးသပ်ရင် ထိလွယ်ရှလွယ်နဲ့ ခံစားချက်တွေ ပိုပါလာတာမို့ ကမ္ဘာ့အရေးနဲ့ သွယ်ဝိုက် သုံးသပ်ပြန်ရင်လည်း အမေကျော် ဒွေးတော်လွမ်းတယ် ဖြစ်ဦးမယ်။

Thursday, October 12, 2023

ဂါဇာလို ပြဿနာတွေ ဖြေရှင်းဖို့ တစ်သားတည်း ကမ္ဘာ

 ( ဂါဇာလို ပြဿနာတွေ ဖြေရှင်းဖို့ တစ်သားတည်း ကမ္ဘာ )

ဂါဇာအရေး ဘယ်ဘက်က ရပ်တည်မလဲလို့ သူငယ်ချင်းတချို့ မေးကြတယ်။

ယေဘုယျပြောရင်တော့ နှစ်ဘက်လုံးက မှားတယ်လို့ ထင်တယ်။ Hamas တွေ မှားတယ်ဆိုတာက အရပ်သားတွေကို ဓားစာခံအဖြစ် ဖမ်းလို့။ အရပ်သားတွေသေမယ့် တိုက်ခိုက်မှု လုပ်လို့။ သူတို့ တော်လှန်ရေးကို မှားတယ်လို့ မဆိုလိုဘူး။ 

အစ္စရေးကတော့ မင်းအောင်လှိုင်တို့လိုပဲ အရင်ကတည်းက အရပ်သားတွေကို ဗုံးကြဲခဲ့၊ ရက်စက်ခဲ့တာမို့။

ဒါပေမယ့် NUG က ခေါင်းဆောင်တွေကတော့ သူများတွေ တော်လှန်ရေးကို စစ်သွေးကြွလို့ မပြောသင့်၊ မသုံးသင့်ဘူး။ မြန်မာ့တော်လှန်ရေးမှာလည်း အရပ်သားတွေကို target ထားနေကြတာကိုး။ ဒါပေမယ့် မြန်မာကတော့ အဖြူအမည်း နည်းနည်းပိုသည်းကွဲတယ် (လို့ထင်တယ်)။ သတင်းပေးအဖြစ် သေချာမှ လုပ်ကြတာလို့ ယူဆရတာကိုး။ Ethics တွေနဲ့ နည်းနည်းဖြစ်ဖြစ် ပိုညီတယ်ပေါ့ဗျာ။ အဲဒီမှာ ဟားမတ်စ်တွေကလည်း သူတို့က တိုက်ခိုက်သူတွေဟာ ကျူးကျော်တဲ့အစိုးရကို ထောက်ခံသူတွေပါလို့တော့ ဆင်ခြေပေးလို့ ရချင်ရမှာပေါ့။ 

ပါလက်စတိုင်း ကိစ္စကို အယ်လ်ခိုင်းဒါးတို့၊ IS တို့နဲ့ ရောကြိတ်လို့ မရဘူး (ထင်တယ်)။ IS တွေလည်း မွတ်စလင် Hamas တွေလည်း မွတ်စလင်ပါဆိုပြီး ရောကြိတ်ချင်လို့ မရဘူး (လို့ထင်တယ်)။ ဒါပေမယ့် အရပ်သားတွေကို အကြီးအကျယ် target ထားတာတော့ Hamas အမှားပေါ့။ 

စစ်သွေးကြွ ခေါ်ခံရခြင်း မခေါ်ခံရခြင်း၊ အကြမ်းဖက်တံဆိပ် ကပ်ခံရခြင်း မခံရခြင်း ကတော့ ပါဝါတွေ၊ အနေအထားတွေ၊ မဟာမိတ်ဖွဲ့နိုင်မှုတွေ အပါအဝင် ရှုပ်ရှုပ်ထွေးထွေး အနေအထားတွေပေါ်မှာ မူတည်တယ်။ IS ဆိုရင်တော့ စစ်သွေးကြွမှန်း ထင်ရှားတယ်။ တချို့ကိစ္စတွေကျ မထင်ရှားဘူး။ ဘာလို့လည်းဆိုတော့ ကမ္ဘာကြီးက demarcation line ကို အထူကြီးဆွဲထားတယ်။ အဲဒါမှ လိုသလို လုပ်လို့ ပိုကောင်းမှာကိုး။ အစ္စရေးဆို အရပ်သားတွေကို အမြဲလို ဗုံးကြဲပေမယ့် အကြမ်းဖက်စာရင်းထဲ မပါဘူး။ အကြမ်းဖက်ပေမယ့် အကြမ်းဖက်စာရင်းထဲ မပါတဲ့ တခြားနိုင်ငံတွေလည်း အများကြီးပဲ။ တကယ်ကတော့ အဲဒီလို ကိစ္စတွေမှာ  demarcation line ဆိုတာတောင် မရှိပါဘူး။ ဒါတွေက လူတွေ လိုသလို သတ်မှတ်နေကြတဲ့ အရာတွေလို ဖြစ်နေပြီ။ ဒါပေမယ့် လူတိုင်းက သတ်မှတ်ချင်တိုင်း သတ်မှတ်ခွင့်တော့ မရကြဘူး။ ပါဝါရှိမှ ဘောင်ဝင်တာ။ Hamas တွေကျတော့ တံဆိပ်ကပ်ခံရတယ်။ စစ်သွေးကြွလို့ သုံးနှုန်းခံရတယ်။ မြန်မာက ကျောင်းသားတပ်မတော် (ABSDF) ကိုတောင် အမေရိကန်က အရင်တုန်းက အကြမ်းဖက်စာရင်း သွင်းလိုက်သေးတယ်။ ၂၀၁၀ ဒီဇင်ဘာလောက် ကျမှ ပြန်ပယ်ဖျက်တာ။ 

ပြောလိုရင်းကို ပြန်ကောက်ရရင်…. အရပ်သားတွေအပေါ် အကြမ်းဖက်မှုအရဆိုရင် အစ္စရေးရော Hamas ရော နှစ်ဘက်လုံး မှားတယ်လို့ ပြောတာ။ ပုါဝါနဲ့ ဖိနှိပ်မှုအရ ကြည့်ရင် လူတန်းစားအရကြည့်ရင်တော့ ပါလက်စတိုင်းတွေဘက်က ရပ်ရမှာပေါ့။

ခုကတော့ ရုရှားရဲ့ ကျူးကျော်မှုကို တွန်းလှန်နေတဲ့ Zelenskyy တောင် ကျူးကျော်ခဲ့တဲ့ အစ္စရေးကိုကျ အားတက်သရော ထောက်ခံနေတော့ သူ့ကို hypocrite လို့ တွစ်တာမှာ (X မှာ) အကြီးအကျယ် ဝေဖန်နေကြတာပေါ့။ ဒါကလည်း သူ့ကို ဝေဖန်သူတွေမှာ ခိုင်လုံတဲ့ လောဂျစ်တွေ ရှိတယ်လေ။ 

ပြီးတော့ ဇီယွန်ဝါဒီတွေက လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀၀ ကျော်က ကျမ်းထဲက ပါတဲ့စာတွေကို သုံးပြီး သူတို့နယ်မြေလို့ အတင်းလုပ်ထားတာလည်းရှိတယ်။ အဲဒီလို ဘာသာရေးကျမ်းတို့ ဘာတို့က ဘယ်လောက်မှန်မှာလဲ။ ကျမ်းထဲကဟာ မှန်တယ်ထားဦး၊ နှစ်ပေါင်း ၂၀၀၀ ကျော် ကြာပြီးမှ မလိုလားတဲ့ ဒေသမှာ အဆင်မပြေနိုင်မှန်း သိသိနဲ့ နိုင်ငံကို ထူထောင်တာက ဟုတ်မှ မဟုတ်တာ။ (ဒါက ကမ္ဘာကြီးရဲ့ လက်ရှိ စံနှုန်းတွေအရ သုံးသပ်တာနော်)။ ဒီကမ္ဘာကြိးရဲ့ ခွဲခြားခွဲခြား လက်ရှိစနစ်အရဆိုရင် ဥပမာ— (ဥပမာနော်၊ အချက်အလက်မဟုတ်) မြန်မာတွေရဲ့ ဇစ်မြစ်က လွန်ခဲ့တဲ့နှစ် ၂၀၀၀ က တရုတ်မှာ ရှိခဲ့လို့ ဆိုပြီး အဲဒီမှာ နိုင်ငံသွားထူထောင်လို့တော့ ရမှာမဟုတ်ဘူး။ 

လူအများကြီး သွားနေလို့တော့ ရသင့်တာပေါ့။ နိုင်ငံအဖြစ် ထူထောင်လို့ မရမှာကို ပြောတာ။ အဲဒီတော့ ပါလက်စတိုင်းတွေက သူတို့မြေပေါ်မှာတင် သူတို့ နိုင်ငံမဲ့တွေ ဖြစ်နေကြတော့ တော်လှန်တိုက်ပွဲဝင်ခွင့် ရှိတယ်ပေါ့။ ဒါပေမယ့် ပါလက်စတိုင်းတော်လှန်ရေးဟာ ဂျူးဆန့်ကျင်ရေးတို့ ဂျူးမုန်းတီးရေးတို့တော့ မဖြစ်သင့်ဘူး။ ဂျူးတိုင်းကလည်း ဇီယွန်ဝါဒီတွေ မဟုတ်ဘူး။ 

ပြီးတော့ လွန်ခဲ့တဲ့ သုံးရက်လောက်အတွင်းမှာ ညီနှစ်ယောက်နဲ့ ပြောဖြစ်တာက …. အင်္ဂလိပ်တွေရဲ့ ပယောဂလည်း ပါတယ်. (လို့ထင်တယ်)။ ဥရောပမှာ လုပ်မပေးဘဲ အရှေ့အလယ်ပိုင်းမှာမှ ရွေးပြီး တမင်မီးမွှေးလိုက်သလိုပဲ။ အဲဒီကာလက ဂျူးတွေရောက်နေပြီးသား နေရာတွေ ဥရောပ နိုင်ငံတွေမှာပဲ လူ့အခွင့်အရေး အပြည့်အဝနဲ့ ပေးပြီး ပြဿနာတက်မယ့်လမ်းကို ရှောင်ခဲ့ရင်ရော။ အခုတော့ အစ္စရေးက တခြားနယ်မြေတွေကို တဖြည်းဖြည်းသိမ်းပိုက်တယ်။ သူ့ကို ဝိုင်းတိုက်ကြတော့လည်း အကြောင်းပြလို့တော့ ပိုကောင်းသွားတာပေါ့။ အရပ်သားတွေကိုလည်း အများကြီးသတ်တယ်။ Hamas တွေက အရပ်သားတွေကို human shield အဖြစ် အသုံးချတာလည်း ပါမှာပေါ့။ ပိုပျော့ပြောင်းတဲ့ ပါလက်စတိုင်းအဖွဲ့ဖြစ်တဲ့ Fatah အဖွဲ့က Hamas တွေ human shield သုံးတဲ့ ကိစ္စကို ဝေဖန်ဖူးတယ်။ ပါလက်စတိုင်းတွေပဲ human shield သုံးတာလားဆိုတော့ မဟုတ်။ အစ္စရေးဘက်ကလည်း သုံးတဲ့အကြောင်း report တွေ နည်းနည်းပါးပါး ဖတ်ဖူးတယ်။

ထားပါတော့။ Ethics တွေဟာ လူက တကူးတကလုပ်ထားရတဲ့ အမှန်တရားတွေ။ လူလုပ်အမှန်တရားတွေ။ ပကတိ အမှန်တရားမဟုတ်ဘူး။ စည်းမျဥ◌်းစည်းကမ်းတွေရှိပေမယ့် တကယ့်တိုက်ပွဲတွေမှာကျ ကိုယ်အနိုင်ရရေးအတွက် ကြုံသလို ညစ်ကြတာပါပဲ။ စစ်ပွဲမပြောနဲ့ ဘောလုံးပွဲလို အရာမှာတောင် ဘယ်နိုင်ငံသားဖြစ်ဖြစ် အနိုင်ရရေးအတွက် ကြုံသလို ညစ်ကြ၊ ဟန်ဆောင်ကြသေးတာ။ ဒါကြောင့် အချစ်နဲ့ စစ်မှာ မတရားဘူးဆိုတာ မရှိဘူးဆိုတဲ့ စကား ပေါ်လာတယ်။ ဒါပေမယ့် ပကတိအမှန်တရားမဟုတ်တောင် လူလုပ်အမှန်တရား ethics တွေအကြောင်းက ဆွေးနွေးဖို့ သင့်တယ်။  တိတိကျကျကြီး မသတ်မှတ်နိုင်တောင် စံနှုန်းလေးတွေတော့ ရှိဖို့ လိုတာပေါ့။ နို့မို့ဆိုရင် ဟစ်တလာလိုလူတွေ၊ မင်းအောင်လှိုင်လို လူတွေ အများကြီး ပေါ်လာမှာပေါ့။ စံနှုန်းတွေကို လိုက်နာကြခြင်း မလိုက်နာကြခြင်းကတော့ တကဏ္ဍပေါ့လေ။ 

မြန်မာမှာလည်း အရပ်သား ဒလန်တွေကို သတ်ကြတယ်။ Ethics နဲ့ မညီဘူးပေါ့။ ဒါပေမယ့် ဘေးကလွတ်ရာကျွတ်ရာက လူတွေက တိုက်ပွဲတွင်းက လူတွေကို စာအုပ်ကြီးနဲ့ချည်း ကိုင်ပေါက်လို့လည်း မရပြန်ဘူး။ နှစ်ဘက်ရန်ဖြစ်နေချိန်မှာ ကိုယ့်လူတွေကိုချည်း သွားပြီးချုပ်ရင် ကိုယ့်လူတွေရှုံးမှာလေ။ တစ်ဘက်မှာ ethics ဆိုတဲ့အရာကလည်း တကယ့် သဘာဝအမှန်တရား မဟုတ်ဘဲ လူလုပ်အမှန်တရားဆိုပြီး လုံးဝ ထည့်မစဉ်းစားလို့လည်း မရပြန်ဘူး။ ဒီလိုအရာတွေမှာ အရာရာတိုင်းအတွက်မှန်မယ့် Theory of Everything မရှိဘူး။ ပုံသေနည်း မရှိဘူးပေါ့ဗျာ။ ပုံသေနည်းမရှိပေမယ့် အထိန်းအကွပ်မရှိ ထင်ရာတော့ စွတ်လုပ်ဖို့လည်း မသင့်တဲ့အရာတွေ။ 

ဂါဇာကိစ္စ ပြန်ကောက်ရရင် ပါလက်စတိုင်းက သူတို့မြေမှာ stateless ဖြစ်နေတာတော့ မဟုတ်သေးဘူးပေါ့။ တခုခု လွဲနေပြီ။ ဒါကလည်း လက်ရှိရောက်နေတဲ့ ကမ္ဘာ့စံနှုန်းအရပဲ ပြောတာ။

ဖြစ်သင့်တဲ့အရာ၊ ကိုယ့်အမြင်ဆိုရင်တော့ လူသားတွေဟာ သူ့ နိုင်ငံမြေ၊ ကိုယ့်နိုင်ငံမြေ ဆိုတဲ့ အစွဲတွေကို ကျော်လွန်ပြီး တကမ္ဘာလုံး အတိုင်းအတာနဲ့ တသားတည်းဖြစ်သင့်ပါပြီ။ Oneness ဖြစ်သင့်ပါပြီ။ ပါလက်စတိုင်းမြေလို့ အစဉ်အလာအရ ယူဆရမယ်ဆိုရင်တောင် အဲဒီမြေမှာ ဂျူးတွေလည်း အခြေချခွင့်ရှိရမယ်။ မူရင်းရှိပြီးသားသူတွေကို စနစ်တကျ ဖိနှိပ်မှုမပါတဲ့ အခြေချမှုမျိုးတော့ ဖြစ်ရမယ်။ (လူတဦးချင်းစီ ဖိနှိပ်မှုတွေကတော့ မရှိသင့်ပေမယ့် ဖြေရှင်းရ ခက်မှာမို့ ရှိနေဦးမှာပဲ။ လူတစ်စုနဲ့ တစ်စု ဖိနှိပ်မှုတွေ မရှိအောင် အရင်လုပ်ဖို့ကို ပြောတာ)။ အဲဒီဒေသတွေမျာ နဂိုရှိပြီးသားသူတွေကလည်း အသစ်ရောက်လာသူတွေအပေါ် ဖိနှိပ်မှု မရှိစေရ။ ဒါပေမယ့် ကမ္ဘာကြီးရဲ့ collective consciousness ကတော့ အဲဒီအအဆင့်အထိ မရောက်သေးဘူး။ 

ဂျွန်လင်နွန်ရဲ့ သီချင်းထဲကလိုဆိုရင်တော့

“Imagine there's no countries

It isn't hard to do

Nothing to kill or die for

And no religion, too” ပေါ့။ အကြမ်းဖျင်း အဓိပ္ပါယ်ကတော့ “တိုင်းပြည်တွေ နိုင်ငံတွေ ဆိုတာ မရှိဘူး (ကမ္ဘာကြီးဟာ နိုင်ငံတွေအများကြီးအဖြစ် အုပ်စုကွဲမနေဘူး) လို့ စိတ်ကူးကြည့်ပါ။ အဲဒါကို လုပ်ဖို့ မခက်ပါဘူး။ (အဲဒါဆိုရင် နိုင်ငံအတွက်ဆိုပြီး) သတ်ရတာတွေ သေရတာတွေလည်း မရှိတော့ဘူးပေါ့။ အဲလိုပဲ ဘာသာတရားဆိုတာတွေလည်း မရှိဘူးလို့ စိတ်ကူးကြည့်စမ်းပါ” ဆိုတဲ့သဘော။ 

သူ့မြေ ကိုယ့်မြေ အငြင်းပွားနေပြီး အဲဒီသဘောတရားကို အခြေခံပြီး အဆုံးအဖြတ်ပေးခြင်းမျိုးကတော့ ပြဿနာကို အပေါ်ယံ ဖြေရှင်းမှုပဲ။ ငြိမ်းချမ်းရေးကို လိုလားရင်တော့ ကမ္ဘာ့လူသားတွေဟာ တဆင့်တက်ဖို့ လိုပါပြီ။ ကမ္ဘာပေါ်မှာ မွေးလာတဲ့လူသားဟာ ဘယ်အရပ် ဘယ်ဒေသက မြေပေါ်မှာမဆို ခြေချခွင့်ရှိသင့်တယ်လေ။ ဒါဟာ တစ်ဦးတစ်ယောက်တည်း၊ တစ်နိုင်ငံတည်း ချွန်ထွက်လုပ်လို့ရမယ့် အရာမျိုးတော့ မဟုတ်ဘူးပေါ့။ ဒါပေမယ့် ဝေးသေးတဲ့ အနာဂတ် တချိန်ချိန်မှာ လုပ်နိုင်လာကြမယ်ဆိုရင် ကမ္ဘာကြီးမှာ စစ်စရိတ်တွေ အကြိးအကျယ် သက်သာသွားမယ်။ တခြား အကျိုးရှိမယ့် နေရာတွေမှာ သုံးလာနိုင်မယ်။ သဘာဝပတ်ဝန်းကျင် အခြေအနေ ပိုကောင်းလာမယ်။ တခြား ကောင်းကျိုးတွေလည်း အများကြီး နေမှာပါ။ ဘေးထွက်ဆိုးကျိုးတွေလည်း ရှိတော့ ရှိနိုင်တယ်။ ဥပမာ စစ်စရိတ်တွေ သုံးစရာမလိုတော့လို့ လူတွေ စားဝတ်နေရေး အကုန်အဆင်ပြေလာကြတာ ကောင်းပေမယ့် အဆင်ပြေပြီး လူဦးရေတွေ အဆမတန်ပွားလာတာမျိုး မဖြစ်ဖို့တော့ လိုမှာပေါ့။ 

ဘာပဲဖြစ်ဖြစ် ကမ္ဘာကြီး oneness အဆင့်ကို မရောက်သေးသရွေ့ကတော့ ကမ္ဘာ့ငြိမ်းချမ်းရေး တည်ဆောက်မှုဟာ သိပ်အရာထင်မှာ မဟုတ်ပါဘူး။ 

ကျွန်တော်က အရှေ့အလယ်ပိုင်း ရေးရာ ကျွမ်းကျင်သူ မဟုတ်လို့ အချက်အလက် မှားတာပါရင်လည်း ပြောပါ။ တကယ်ရေးချင်တာကတော့ အချက်အလက်ဆိုတာတွေထက် အတွေးအမြင်ကို ဦးစားပေးပြီး ရေးချင်တာပါ။ 

(အောက်တိုဘာ ၂၀၂၃)

ကောင်းကင်ကို