Thursday, October 3, 2019

Algebra...Geometry...သရဲတစ္ဆေ....ယုတ္တိ....Godel...စိတ္တဇ

 Algebra...Geometry...သရဲတစ္ဆေ....ယုတ္တိ....Godel...စိတ္တဇ 

(Facebook Memories မှာ တက်လာတဲ့ ပို့စ်ကို မူရင်းရေးခဲ့တဲ့ date အတိုင်း blog မှာ ပြန်စုတာပါ)

ဟိုးတစ်ရက်က တခြားသူတစ်ယောက်ရဲ့ စာတစ်ပုဒ်မှာ (မင်းခိုက်စိုးစံတို့ တာရာမင်းဝေတို့ရဲ့ အဆိုအမိန့်တွေ ထည့်ရေးထားတဲ့ စာတစ်ပုဒ်မှာ)  algebra က နိမ့်သလိုလို သဘော ရေးထားတာကို ဖတ်လိုက်ရတယ်။ အရှေ့တိုင်းသားတွေဟာ အလွတ်ကျက်ပြီး algebra ကို ကျွမ်းကျင်တဲ့ပုံစံမျိုး။ ပြောရရင် algebra က နိမ့်နေတဲ့ ပုံစံမျိုး ရေးထားတယ်။ ပြီးတော့ prove လုပ်ရတာဟာ Geometry မှာပဲရှိပြီး Algebra မှာ မရှိတဲ့သဘောမျိုး ဖတ်လိုက်ရတယ်။ တကယ်က algebraic proof တွေ ရှိပါတယ်နော်။ 

ဒါပေမဲ့ သူရေးထားတာမှာ အဲဒီအချက်ရယ်၊ မင်းခိုက်စိုးစံက တစ်ဘက်စွန်းဆန်ဆန် (Geometry မရသူတွေကပဲ သရဲတစ္ဆေတွေကို ယုံကြသလိုလို ပြောထားတာ) ကို သူက ကိုးကားထောက်ခံထားတဲ့အချက်ရယ်၊ အဲဒါတွေက လွဲရင်တော့ သူဟာ ပညာကိုချစ်တဲ့စိတ်နဲ့ရေးထားတာမို့ သူ့ Post က ကေင်းပါတယ်။ ဒါပေမဲ့ Geometry ရတာ မရတာက တစ်ကဏ္ဍ၊ သရဲတစ္ဆေ ယုံတာ မယုံတာက တစ်ကဏ္ဍပါ။ Geometry ရပြီး သရဲတစ္ဆေ ယုံသူ ရှိသလို၊ အဲဒါမရပေမဲ့ သရဲတစ္ဆေ မယုံသူလည်း ရှိတာပဲ။ ကိုယ်လည်း Geometry ချစ်ပေမဲ့၊ သရဲတစ္ဆေကို မယုံပေမဲ့၊ သင်္ချာမရသူတွေ အဲလိုဟာတွေကို ယုံမယ်လို့ စွပ်စွဲတာမျိုးကိုတော့ မကြိုက်။ စွပ်စွဲရင် ရလဒ်က ချစ်စရာကောင်းတဲ့ သင်္ချာကို ပိုမုန်းလာကြတာပဲရှိမယ်။ 

သရဲတွေဘာတွေ ယုံမယုံက တကယ်တော့ သင်္ချာဘာညာနဲ့ မဆိုင်၊ အိုင်ကျူနဲ့လည်း မဆိုင်။ Psychology နဲ့ပဲ ဆိုင်မယ်ထင်တယ်။ 

Kurt Gödel ဆိုတာ တော်လွန်းတဲ့ ထိပ်တန်း သင်္ချာပညာရှင်၊ ယုတ္တိပညာရှင်၊ ဒဿန ပညာရှင်ပေါ့။ အိုင်းစတိုင်းတဲ့ ခင်မင်တဲ့ မိတ်ဆွေ။ ဂိုဒဲ(လ်)စကြာဝဠာ ဆိုတာလည်း နာမည်ကြီးတယ်။ သူ့ စကြာဝဠာမှာဆို အချိန်ခရီးသွားလို့ရတယ်။ ထားပါတော့။ သူက logic ကိုလည်း အားပြုရတဲ့ logician ။ Proof တွေ ဆိုတာက သူ့အလုပ်။ ဒါပေမဲ့ သရဲတစ္ဆေကို ယုံကြည်တယ်လို့ ဖတ်ဖူးတယ်။ ဟုတ်မဟုတ်တော့ မသိ။  ကျွန်တော်ဖတ်ဖူးတာကို ပြောတာ။ ထားပါတော့။ သူဟာ စနိုးဝှှိုက် နဲ့ လူပုလေးခုနစ်ယောက် (မြန်မာမှှု ပြုကြတာကတော့ မနှင်းဖြူနဲ့ လူပုလေး ခုနစ်ယောက်ပေါ့) အဲဒီရုပ်ရှင်ကို အရမ်းစွဲလမ်းတယ်။ အဲဒီ ဇာတ်လမ်းထဲက အဆိပ်ခတ်ထားတဲ့ ပန်းသီးနဲ့ နည်းနည်းပါးပါး ဆက်စပ်နေမလားတော့ မသိ။ (တိုက်ရိုက် ဆက်စပ်ချင်မှလည်း ဆက်စပ်မယ်။) သူ့ကို အစားအသောက်ထဲမှာ အဆိပ်ခတ်ကြမှာလို့ စွဲလမ်းယုံကြည်ခဲ့တယ်။ ဒီတော့ သူ့မိန်းမ ကျွေးတဲ့ အစားအစာ ကလွဲရင် ဘာမှ မစားတော့။ ဖြစ်ချင်တော့ သူအသက်ကြီးနေပြီ ဖြစ်တဲ့အချိန်မှာ (သူ့အသက် ၇၁ နှစ်မှာ) သူ့မိန်းမက ဆေးရုံတက်ရပါလေရော။ ဒီတော့ သူ့အတွက် အစားအစာ လုပ်မပေးနိုင်တော့ဘူး။ ဒီတော့ မစားတော့ဘူးလေ။ သေသွားတာပေါ့။ သူဆုံးတော့ သူ့ကိုယ်ခန္ဓာ အလေးချိန်က ၂၉ ကီလိုပဲ ရှိတော့တယ်။ 

Godel လောက် လောဂျစ်ပိုင်တာ သိပ်မရှိနိုင်။ ဒါပေမဲ့ စိတ္တဇဝင်သွားတော့ logic မရှိတာကိုလည်း စွဲလမ်းသွားတာပါပဲ။ Godel လောက် အိုင်ကျူမြင့်တာလည်း ရှားမယ်။ ဒီတော့ သရဲတစ္ဆေလို ဟာတွေကို ယုံကြည်မှှုဟာ အမြဲတမ်းတော့ အိုင်ကျူတွေ ဘာညာတွေနဲ့လည်း မဆိုင်။ (ယေဘုယျအားဖြင့် ဆိုင်တဲ့ အခါတွေ ရှိမယ်) ဒါပေမဲ့ စိတ္တဇ ဝင်သွားရင်တော့ ဘယ်လောက် အိုင်ကျူမြင့်မြင့်၊ ဘယ်လောက် လောဂျစ်ကောင်းကောင်း ဖြစ်ချင်တာဖြစ်၊ စွဲလမ်းချင်တာ စွဲလမ်းတော့တာပဲ။ ဒါကြောင့် Geometry ရခြင်း မရခြင်းနဲ့ သရဲတစ္ဆေလို အရာတွေကို စွဲလမ်းခြင်း၊ မစွဲလမ်းခြင်းတိုနဲ့တော့ လူတွေရဲ့ အိုင်ကျူတွေ၊ ဗဟုသုတတွေ၊ အတွေးအခေါ် အဆင့်အတန်းတွေကို အမြဲတမ်း သွားဆုံးဖြတ်လို့ မရဘူးဆိုတာကို ပြောချင်တာပါ။ ဒီလို ပြောခြင်းဟာ အဲဒါတွေ မဆက်စပ်နေဘူးလို့ လုံးဝ ပယ်ချခြင်းတော့ မဟုတ်ဘူးနော်။ "အမြဲတမ်း" တော့ မဆက်စပ်ဘူး ဆိုတာမှာ "အမြဲတမ်း" ဆိုတာကို တမင်တကာကို ထည့်ထားတာပါ။ ယေဘုယျအားဖြင့် ဆက်စပ်နေတာတွေတော့ ရျိပါမယ်။ စကားအထအန နဲ့ အထောက်ခံရတတ်လို့ ပေရှည်ရပါတယ်။ ဆိုလိုချင်တာက ဉာဏ်ဘယ်လောက်ကောင်းကောင်း၊ ကျန်တဲ့ကိစ္စတွေမှာ လောဂျစ်ဘယ်လောက်ကျကျ စိတ္တဇ ဝင်လာရင်တော့ သရဲ၊တစ္ဆေ၊ ဥစ္စာစောင့် ဆိုတာတွေ၊ ဘာသာရေး ထူးခြားဆန်းကြယ် အဖြစ်တွေကို ယုံချင်ယုံကြမှာပါပဲ။ 

(ကောင်းကင်ကို)

Tuesday, October 1, 2019

ကလေးတွေကို ရိုက်သင့် မသင့်နဲ့ ကန့် ဒဿန

 ဒီပို့စ်က ကလေးတွေကို ရိုက်သင့် မရိုက်သင့်ကိစၥ သက်သက်ကိုချည်း ပြောချင်တာတော့ မဟုတ်ပါဘူး။ Kant ရဲ့ ethics အယူအဆကိုပါ လမ်းကြုံအနေနဲ့ နည်းနည်းပြောချင်တာပါ။

ဥပမာ Kant ဆိုရင် (ယေဘုယျအားဖြင့်) non-consequentialist လို့ ဆိုရမယ်။ ခြွင်းချက်တော့ ရှိတာပေါ့။ Consequentialism ဆိုတာက အပြုအမူ တစ်ခုရဲ့ရလဒ်ကို ကြည့်ပြီး အဲဒီအပြုအမူကောင်းမကောင်း သတ်မှတ်တာမျိုးပေါ့။ Kant က အဲဒါမျိုးမဟုတ်။  deontological ethic ပေါ့။ အကျိုးဆက်ကို မကြည့်ဘဲ အပြုအမူကိုယ်တိုင်က ကောင်း၊မကောင်း ကိုပဲ အခြေခံတာ။ Kant က ကျင့်ဝတ်တွေကို ပုံသေလို့ သဘောထားတယ်။ ဥပမာ လူသတ်သမားက သူသတ်ချင်သူရဲ့ နေရာကို မေးတယ်၊ ကိုယ်ကလည်း အဲဒီနေရာကို သိတယ်ပေါ့။ ဒါဆို (မဖြေ မနေရဆို) လိမ်မပြောရဘူး။ နေရာ အမှားမပြောဖို့ ကျင့်ဝတ်တာဝန် ရှိတယ်ပေါ့။ မလိမ်လို့ ဟိုလူ အသတ်ခံလိုက်ရလည်း မလိမ်သူမှာ အပြစ်မရှိ။ လိမ်ညာလိုက်ရင်တော့ အပြစ်ရှိသွားပြီ ဆိုတဲ့ အယူအဆမျိုး။ ဒီနေရာမှာ “မဖြေဘဲနေလိုက်လေ” ဆိုရင်တော့ ရတယ်။ ဒါပေမဲ့ ဒါဟာ လူသတ်သမားကိစ္စကို အဖြေရှာချင်တာမဟုတ်၊ ဒဿနအကြောင်း စဉ်းစားကြတာဆိုတော့ “မဖြေဘဲနေခြင်း” ကို ရွေးချယ်ခွင့် ပေးမထားဘူး။

နေရာတကာမှာ Deontology သာလျှင် အမှန်၊ အဲဒါကိုပဲ လူတိုင်းကျင့်သုံးသင့်တယ်လို့တော့ ကျွန်တော် မဆိုလိုပါဘူး။ ဒါပေမဲ့ ကလေးတွေကို ရိုက်သင့်၊ မရိုက်သင့် ကိစ္စမှာတော့ ...ကျွန်တော့်အမြင်ကတော့ မရိုက်သင့်၊ ရိုက်ဖို့နေနေသာသာ မဆဲသင့်၊ စကားကြမ်းကြမ်းနဲ့ မဆူသင့်ဆိုတဲ့ အယူအဆကို (ရလဒ်ကို မကြည့်ဘဲ) ပုံသေ ခံယူထားတယ်။

တချို့က မေးကြတယ်။ တပည့်တစ်ယောက်က အရမ်းဆိုးသွမ်းနေတယ်။ စာလည်း မလုပ်ဘူးပေါ့။ မရိုက်ရင် စာမတတ်ဘဲ ဖြစ်သွားမယ်၊ ဆိုးသွမ်းပျက်စီးသွားမယ်ပေါ့။ ရိုက်လိုက်ရင်တော့ လိမ္မာသွားမယ်ပေါ့။ ကျွန်တော့်သဘောအရ ဆိုရင်တော့ အဲလို ကလေးကိုလည်း မရိုက်ဘူး၊ မဆဲဘူး၊ မကြိမ်းဝါးဘူး။

ဘာလို့လဲ။ ရိုက်လိုက်ရင် လိမ္မာသွားမယ်လို့လည်း ဘယ်သူမှ အာမ မခံနိုင်။ တကယ်တော့ consequentialism အရ စဉ်းစားရင်တောင်မှ ရိုက်ခံရတဲ့ ကလေး၊ အဆူခံရလွန်းတဲ့ ကလေးက ပတ်ဝန်းကျင်အပေါ် မေတ္တာမထားနိုင်တာ၊ ပိုဆိုးသွမ်းသွားတာ၊ ဒါမှမဟုတ် မပြောရဲ မဆိုရဲ လူတောမတိုးတော့တာတွေ ဖြစ်လာနိုင်ခြေကပဲ ကောင်းလာနိုင်ခြေထက် ပိုများတာမို့ consequentialism အရ စဉ်းစားရင်တောင်မှ မရိုက်သင့်ပါ။ ကလေး ကောင်းလာနိုင်မနိုင် မသေချာပေမဲ့၊ ကိုယ်က အကြမ်းဖက်အပြုအမူဖြစ်တဲ့ ရိုက်ခြင်းကို လုပ်လိုက်တော့ ကိုယ်ဆိုးသွားတာ ကတော့ သေချာသွားပြီလေ။ ကလေးကောင်းလာသည်ဖြစ်စေ၊ မကောင်းလာသည် ဖြစ်စေ ကိုယ်ကတော့ဆိုးသွားပြီ။

ကဲ...ဒါဆိုရင် ပြန်တုံ့ပြန်လာနိုင်တာက... ရိုက်လိုက်ရင်၊ ဆူပူကြိမ်းမောင်း ဆုံးမလိုက်ရင် လိမ္မာလာနိုင်ခြေ၊ ကောင်းလာနိုင်မှာက အခြေအနေတွေအရ လုံးဝ သေချာနေတယ်၊ ဆက်လွှတ်ထားရင်တော့ ဆိုးသွားမှာ လုံးဝ သေချာနေတယ် ဆိုရင်ရော။ (ဒီနေရာမှာ ကြားဖြတ်ပြောရရင် ပညာကိုစိတ်ဝင်စားအောင် ဆရာ သို့မဟုတ် မိဘက ကြိုးစားသင့်တယ်၊ ကလေးက စိတ်မဝင်စားတာ ဆရာက သင်ပြမှှု ညံ့လို့၊ ဆွဲဆောင်မှှု ညံ့လို့ လို့ ပြောကြတာလည်း ရှိတယ်။ အဲဒါကတော့ အပြည့်အဝ မမှန်နိုင်ပါ။ ဆရာတွေကိုချည်း တစ်ဘက်သတ် အပြစ်တင်တာမျိုးလည်း ဖြစ်သင့်တယ်လို့ ကျွန်တော်မထင်။ တခါတခါ ဘယ်လိုမှ ချော့လို့ မရ၊ ဆရာက နည်းအမျိုးမျိုးနဲ့ စိတ်ဝင်စားအောင် စည်းရုံးလို့ မရတဲ့ ကလေးမျိုးလည်း ရှိနိုင်တယ်။ ဥပမာ အိမ်မှာ အရမ်းအလိုလိုက်ခံရတဲ့ ကလေးတွေ၊ ပညာကို တန်ဖိုးမထားတဲ့ အသိုင်းအဝိုင်းက တချို့ကလေးတွေကို ဘယ်လိုမှ ချော့လို့မရ၊ စည်းရုံးဆွဲဆောင် သင်ပြပေးလို့ မရတာတွေ ရှိကောင်းရှိနိုင်တယ်။ ဒီတော့ တပည့် မလိမ္မာရုံနဲ့ ဆရာကိုချည်းလည်း အပြစ်တင်လို့တော့ မရပါ။ ဆရာတွေ၊ ဆရာမတွေ ထိုင်ငိုရလောက်တဲ့ တပည့်မျိုးတွေ ရှိတတ်တယ်။) အဲလို တပည့်မျိုးက ရိုက်ဆုံးမရင်တော့ ငြိမ်သွားလေ့ရှိတယ် ဆိုပါစို့။ အဲဒါဆိုရင်ရော ရိုက်ပြိး ဆုံးမ မလား၊ လူဆိုးအဖြစ် လွှတ်ထားလိုက်မလား သေချာနေတာကြီးကို ရွေးရမယ်ဆိုရင်တောင် ကျွန်တော်တို မရိုက်ဘူး၊ မငေါက်ဘူး။ နားလည်အောင် ရှင်းပြမယ်၊ သူ့အိမ်ကို အသိပေးမယ် ဆိုတာမျိုးလောက်ပဲ ရွေးမယ်။ လုံးဝ မရိုက်ဘူး၊ မငေါက်ဘူး။ ပညာကို ချစ်မြတ်နိုးဖို့ ကိစ္စမှာ ဆရာကချည်း တာဝန်ရှိတာမဟုတ်၊ တပည့်မှာလည်း တာဝန်ရှိတယ်။ ကိုယ်စွမ်းသလောက်လုပ်တာကို ချော့မော့ပြောတာကို အလေးမထားရင် ဒါ သူ့အပြစ်ပဲလေ။ ဇိကုပ်ပြီး နတ်ပြည်တင်ပေးတာမျိုး မလုပ်သင့်ဘူးလို့ ကျွန်တော်တော့ မြင်တယ်။

Kant ရဲ့ အယူအဆမှာလည်း စိတ်ဝင်စားစရာ တစ်ခုရှိတယ်။ သူ့အယူအဆက အကျိုးဆက်ကို မကြည့်ဘူးဆိုပေမဲ့ …. အကျိုးဆက်ကို ထည့်စဉ်းစားသယောင် ဖြစ်သွားတဲ့ နည်းနာတစ်ခုပေါ့။ Universalization လုပ်ကြည့်တဲ့နည်းပါ။ လုပ်သင့် မလုပ်သင့် မသေချာတဲ့အခါမှာ … ဒီလုပ်ရပ်ကို ကျင့်ဝတ်နီတိအဖြစ် ယူဆလိုက်ပြီး လောကရဲ့ ဥပဒေသ တစ်ခု ဖြစ်လာမယ်ဆိုရင် ဘယ်လိုနေမလဲ ဆိုတဲ့ စမ်းသပ်ချက်မျိုး။ ဒီမှာ ပြောစရာ ရှိတာက အဲဒီနည်းဟာ အကျိုးဆက်ကို ထည့်စဉ်းစားသလို ဖြစ်သွားပြီ။ ဥပမာ… ကလေးတွေဆိုးရင် ရိုက်သင့်တယ် ဆိုတာမျိုး ငါယူဆလိုက်ပြီး၊ အဲဒါဟာ လောကရဲ့ ဥပဒေသ တစ်ခု ဖြစ်လာရင် ဘယ်လိုနေမလဲ ဆိုပြီး test လုပ်တာမျိုးမို့ အကျိုးဆက်ကို ထည့်စဉ်းစားသလို ဖြစ်သွားပါတယ်။ ဒါပေမဲ့ တစ်ခုကွာတာက Kant ရဲ့ နည်းက ကြိုပြီးမျှော်မှန်းစဉ်းစား တာပါ။ အဲဒီနောက်မှာတော့ rule ချမှတ်လိုက်ပြီး အဲဒီ rule ကိုပဲ အခြေခံတော့တာပါ။ rule အဖြစ်ခံယူအပြီးမှာတော့ လုပ်ဆောင်မှှုရဲ့ ရလဒ် အကောင်းအဆိုးအပေါ် မူတည်ပြီး မှန်တဲ့ကျင့်ဝတ်၊ မှားတဲ့ကျင့်ဝတ်လို့ နောက်ကြောင်းပြန် အဆုံးအဖြတ်ပေးလို့ မရတော့ပါဘူး။ စည်းမျဉ်းကို လိုက်နာရင် မှန်တဲ့ကျင့်ဝတ်၊ မလိုက်နာရင် မှားတဲ့ကျင့်ဝတ်ပါပဲ။ ကလေးတွေကို ရိုက်သင့် မရိုက်သင့် ကိစ္စမှာ Kant ရဲ့ Universalization ကို သုံးကြည့်ရင်တော့မရိုက်သင့်ဘူးလို့ပဲ အဖြေထွက်မှာပါ။ ကလေးတွေကို ရိုက်နေကြရင် အကြင်နာတရားမဲ့တဲ့ စိတ်အချဉ်ပေါက်နေတဲ့ မျိုးဆက်ပဲ ထွက်လာမှာပါ။

နောက်တစ်ခုက ခေတ်တွေက ပြောင်းလာပါပြီ။ မင်းတုန်းမင်းခေတ် မဟုတ်တော့ပါဘူး။ ငါးခြောက်ပြား ခိုးတဲ့ ကိစ္စနဲ့ ဥပမာပေးလို့ မရတော့ဘူး။ အမှား အမှန် စံနှှုန်းသတ်မှတ်မှှုတွေ မတူတော့ဘူး။ အခုခေတ်မှာ ရိုက်နှက်ဆုံးမသင့်တယ်လို့ မယူဆတော့ပါဘူး။ ခေတ်ရဲ့ သတ်မှတ်စံနှှုန်းကို မလိုက်နာဘဲ နေရင်တော့ ရတော့ ရပါတယ်။ ဒါပေမဲ့ အဲလိုနေရင် အခက်အခဲ ကြုံရမှာပါ။ ကလေးတွေကို မရိုက်သင့်ဘူး ဆိုတာမှာ ဆရာတွေဘက်ကို တွေးပြီး ပြောခြင်းလည်း နည်းနည်း ပါပါတယ်။ ရိုက်နှက်ဆုံးမခြင်းတို့၊ ဆဲဆိုကြိမ်းမောင်းခြင်းတို့ဟာ မှားယွင်းတယ်လို့ ယူဆကြတဲ့ခေတ်မှာ၊ ကရုဏာ ဒေါသ အကဲပိုသွားလို့ပဲ ဖြစ်ဖြစ်၊ တစ်ကြိမ်လောက် သတိလက်လွတ် ရိုက်မိရင်ပဲ ဖြစ်ဖြစ်၊ ရိုက်တာတွေ၊ ဆဲဆိုကြိမ်းမောင်းတာတွေ Facebook ပေါ်ရောက်သွားပြီး ရက်စက်တဲ့ဆရာအဖြစ် ဝိုင်းဆွမ်းကြီးလောင်းခံရမှာမျိုးလည်း ဆရာ၊ဆရာမ တွေကို မဖြစ်စေချင်မို့ စေတနာတွေကို ဘရိတ်အုပ်ပါလို့၊ နတ်ပြည်ကို ဇွတ်အတင်း တင်ပေးစရာ မလိုဘူးလို့ပဲ အကြံပြုချင်ပါတယ်။

(ကောင်းကင်ကို) - ၂၀၁၉ အောက်တိုဘာ ၁ က ပို့စ်ကို မူရင်း date အတိုင်း blog မှာ ပြန်တင်တာပါ။