Thursday, October 3, 2019
Algebra...Geometry...သရဲတစ္ဆေ....ယုတ္တိ....Godel...စိတ္တဇ
Tuesday, October 1, 2019
ကလေးတွေကို ရိုက်သင့် မသင့်နဲ့ ကန့် ဒဿန
ဒီပို့စ်က ကလေးတွေကို ရိုက်သင့် မရိုက်သင့်ကိစၥ သက်သက်ကိုချည်း ပြောချင်တာတော့ မဟုတ်ပါဘူး။ Kant ရဲ့ ethics အယူအဆကိုပါ လမ်းကြုံအနေနဲ့ နည်းနည်းပြောချင်တာပါ။
ဥပမာ Kant ဆိုရင် (ယေဘုယျအားဖြင့်) non-consequentialist လို့ ဆိုရမယ်။ ခြွင်းချက်တော့ ရှိတာပေါ့။ Consequentialism ဆိုတာက အပြုအမူ တစ်ခုရဲ့ရလဒ်ကို ကြည့်ပြီး အဲဒီအပြုအမူကောင်းမကောင်း သတ်မှတ်တာမျိုးပေါ့။ Kant က အဲဒါမျိုးမဟုတ်။ deontological ethic ပေါ့။ အကျိုးဆက်ကို မကြည့်ဘဲ အပြုအမူကိုယ်တိုင်က ကောင်း၊မကောင်း ကိုပဲ အခြေခံတာ။ Kant က ကျင့်ဝတ်တွေကို ပုံသေလို့ သဘောထားတယ်။ ဥပမာ လူသတ်သမားက သူသတ်ချင်သူရဲ့ နေရာကို မေးတယ်၊ ကိုယ်ကလည်း အဲဒီနေရာကို သိတယ်ပေါ့။ ဒါဆို (မဖြေ မနေရဆို) လိမ်မပြောရဘူး။ နေရာ အမှားမပြောဖို့ ကျင့်ဝတ်တာဝန် ရှိတယ်ပေါ့။ မလိမ်လို့ ဟိုလူ အသတ်ခံလိုက်ရလည်း မလိမ်သူမှာ အပြစ်မရှိ။ လိမ်ညာလိုက်ရင်တော့ အပြစ်ရှိသွားပြီ ဆိုတဲ့ အယူအဆမျိုး။ ဒီနေရာမှာ “မဖြေဘဲနေလိုက်လေ” ဆိုရင်တော့ ရတယ်။ ဒါပေမဲ့ ဒါဟာ လူသတ်သမားကိစ္စကို အဖြေရှာချင်တာမဟုတ်၊ ဒဿနအကြောင်း စဉ်းစားကြတာဆိုတော့ “မဖြေဘဲနေခြင်း” ကို ရွေးချယ်ခွင့် ပေးမထားဘူး။
နေရာတကာမှာ Deontology သာလျှင် အမှန်၊ အဲဒါကိုပဲ လူတိုင်းကျင့်သုံးသင့်တယ်လို့တော့ ကျွန်တော် မဆိုလိုပါဘူး။ ဒါပေမဲ့ ကလေးတွေကို ရိုက်သင့်၊ မရိုက်သင့် ကိစ္စမှာတော့ ...ကျွန်တော့်အမြင်ကတော့ မရိုက်သင့်၊ ရိုက်ဖို့နေနေသာသာ မဆဲသင့်၊ စကားကြမ်းကြမ်းနဲ့ မဆူသင့်ဆိုတဲ့ အယူအဆကို (ရလဒ်ကို မကြည့်ဘဲ) ပုံသေ ခံယူထားတယ်။
တချို့က မေးကြတယ်။ တပည့်တစ်ယောက်က အရမ်းဆိုးသွမ်းနေတယ်။ စာလည်း မလုပ်ဘူးပေါ့။ မရိုက်ရင် စာမတတ်ဘဲ ဖြစ်သွားမယ်၊ ဆိုးသွမ်းပျက်စီးသွားမယ်ပေါ့။ ရိုက်လိုက်ရင်တော့ လိမ္မာသွားမယ်ပေါ့။ ကျွန်တော့်သဘောအရ ဆိုရင်တော့ အဲလို ကလေးကိုလည်း မရိုက်ဘူး၊ မဆဲဘူး၊ မကြိမ်းဝါးဘူး။
ဘာလို့လဲ။ ရိုက်လိုက်ရင် လိမ္မာသွားမယ်လို့လည်း ဘယ်သူမှ အာမ မခံနိုင်။ တကယ်တော့ consequentialism အရ စဉ်းစားရင်တောင်မှ ရိုက်ခံရတဲ့ ကလေး၊ အဆူခံရလွန်းတဲ့ ကလေးက ပတ်ဝန်းကျင်အပေါ် မေတ္တာမထားနိုင်တာ၊ ပိုဆိုးသွမ်းသွားတာ၊ ဒါမှမဟုတ် မပြောရဲ မဆိုရဲ လူတောမတိုးတော့တာတွေ ဖြစ်လာနိုင်ခြေကပဲ ကောင်းလာနိုင်ခြေထက် ပိုများတာမို့ consequentialism အရ စဉ်းစားရင်တောင်မှ မရိုက်သင့်ပါ။ ကလေး ကောင်းလာနိုင်မနိုင် မသေချာပေမဲ့၊ ကိုယ်က အကြမ်းဖက်အပြုအမူဖြစ်တဲ့ ရိုက်ခြင်းကို လုပ်လိုက်တော့ ကိုယ်ဆိုးသွားတာ ကတော့ သေချာသွားပြီလေ။ ကလေးကောင်းလာသည်ဖြစ်စေ၊ မကောင်းလာသည် ဖြစ်စေ ကိုယ်ကတော့ဆိုးသွားပြီ။
ကဲ...ဒါဆိုရင် ပြန်တုံ့ပြန်လာနိုင်တာက... ရိုက်လိုက်ရင်၊ ဆူပူကြိမ်းမောင်း ဆုံးမလိုက်ရင် လိမ္မာလာနိုင်ခြေ၊ ကောင်းလာနိုင်မှာက အခြေအနေတွေအရ လုံးဝ သေချာနေတယ်၊ ဆက်လွှတ်ထားရင်တော့ ဆိုးသွားမှာ လုံးဝ သေချာနေတယ် ဆိုရင်ရော။ (ဒီနေရာမှာ ကြားဖြတ်ပြောရရင် ပညာကိုစိတ်ဝင်စားအောင် ဆရာ သို့မဟုတ် မိဘက ကြိုးစားသင့်တယ်၊ ကလေးက စိတ်မဝင်စားတာ ဆရာက သင်ပြမှှု ညံ့လို့၊ ဆွဲဆောင်မှှု ညံ့လို့ လို့ ပြောကြတာလည်း ရှိတယ်။ အဲဒါကတော့ အပြည့်အဝ မမှန်နိုင်ပါ။ ဆရာတွေကိုချည်း တစ်ဘက်သတ် အပြစ်တင်တာမျိုးလည်း ဖြစ်သင့်တယ်လို့ ကျွန်တော်မထင်။ တခါတခါ ဘယ်လိုမှ ချော့လို့ မရ၊ ဆရာက နည်းအမျိုးမျိုးနဲ့ စိတ်ဝင်စားအောင် စည်းရုံးလို့ မရတဲ့ ကလေးမျိုးလည်း ရှိနိုင်တယ်။ ဥပမာ အိမ်မှာ အရမ်းအလိုလိုက်ခံရတဲ့ ကလေးတွေ၊ ပညာကို တန်ဖိုးမထားတဲ့ အသိုင်းအဝိုင်းက တချို့ကလေးတွေကို ဘယ်လိုမှ ချော့လို့မရ၊ စည်းရုံးဆွဲဆောင် သင်ပြပေးလို့ မရတာတွေ ရှိကောင်းရှိနိုင်တယ်။ ဒီတော့ တပည့် မလိမ္မာရုံနဲ့ ဆရာကိုချည်းလည်း အပြစ်တင်လို့တော့ မရပါ။ ဆရာတွေ၊ ဆရာမတွေ ထိုင်ငိုရလောက်တဲ့ တပည့်မျိုးတွေ ရှိတတ်တယ်။) အဲလို တပည့်မျိုးက ရိုက်ဆုံးမရင်တော့ ငြိမ်သွားလေ့ရှိတယ် ဆိုပါစို့။ အဲဒါဆိုရင်ရော ရိုက်ပြိး ဆုံးမ မလား၊ လူဆိုးအဖြစ် လွှတ်ထားလိုက်မလား သေချာနေတာကြီးကို ရွေးရမယ်ဆိုရင်တောင် ကျွန်တော်တို မရိုက်ဘူး၊ မငေါက်ဘူး။ နားလည်အောင် ရှင်းပြမယ်၊ သူ့အိမ်ကို အသိပေးမယ် ဆိုတာမျိုးလောက်ပဲ ရွေးမယ်။ လုံးဝ မရိုက်ဘူး၊ မငေါက်ဘူး။ ပညာကို ချစ်မြတ်နိုးဖို့ ကိစ္စမှာ ဆရာကချည်း တာဝန်ရှိတာမဟုတ်၊ တပည့်မှာလည်း တာဝန်ရှိတယ်။ ကိုယ်စွမ်းသလောက်လုပ်တာကို ချော့မော့ပြောတာကို အလေးမထားရင် ဒါ သူ့အပြစ်ပဲလေ။ ဇိကုပ်ပြီး နတ်ပြည်တင်ပေးတာမျိုး မလုပ်သင့်ဘူးလို့ ကျွန်တော်တော့ မြင်တယ်။
Kant ရဲ့ အယူအဆမှာလည်း စိတ်ဝင်စားစရာ တစ်ခုရှိတယ်။ သူ့အယူအဆက အကျိုးဆက်ကို မကြည့်ဘူးဆိုပေမဲ့ …. အကျိုးဆက်ကို ထည့်စဉ်းစားသယောင် ဖြစ်သွားတဲ့ နည်းနာတစ်ခုပေါ့။ Universalization လုပ်ကြည့်တဲ့နည်းပါ။ လုပ်သင့် မလုပ်သင့် မသေချာတဲ့အခါမှာ … ဒီလုပ်ရပ်ကို ကျင့်ဝတ်နီတိအဖြစ် ယူဆလိုက်ပြီး လောကရဲ့ ဥပဒေသ တစ်ခု ဖြစ်လာမယ်ဆိုရင် ဘယ်လိုနေမလဲ ဆိုတဲ့ စမ်းသပ်ချက်မျိုး။ ဒီမှာ ပြောစရာ ရှိတာက အဲဒီနည်းဟာ အကျိုးဆက်ကို ထည့်စဉ်းစားသလို ဖြစ်သွားပြီ။ ဥပမာ… ကလေးတွေဆိုးရင် ရိုက်သင့်တယ် ဆိုတာမျိုး ငါယူဆလိုက်ပြီး၊ အဲဒါဟာ လောကရဲ့ ဥပဒေသ တစ်ခု ဖြစ်လာရင် ဘယ်လိုနေမလဲ ဆိုပြီး test လုပ်တာမျိုးမို့ အကျိုးဆက်ကို ထည့်စဉ်းစားသလို ဖြစ်သွားပါတယ်။ ဒါပေမဲ့ တစ်ခုကွာတာက Kant ရဲ့ နည်းက ကြိုပြီးမျှော်မှန်းစဉ်းစား တာပါ။ အဲဒီနောက်မှာတော့ rule ချမှတ်လိုက်ပြီး အဲဒီ rule ကိုပဲ အခြေခံတော့တာပါ။ rule အဖြစ်ခံယူအပြီးမှာတော့ လုပ်ဆောင်မှှုရဲ့ ရလဒ် အကောင်းအဆိုးအပေါ် မူတည်ပြီး မှန်တဲ့ကျင့်ဝတ်၊ မှားတဲ့ကျင့်ဝတ်လို့ နောက်ကြောင်းပြန် အဆုံးအဖြတ်ပေးလို့ မရတော့ပါဘူး။ စည်းမျဉ်းကို လိုက်နာရင် မှန်တဲ့ကျင့်ဝတ်၊ မလိုက်နာရင် မှားတဲ့ကျင့်ဝတ်ပါပဲ။ ကလေးတွေကို ရိုက်သင့် မရိုက်သင့် ကိစ္စမှာ Kant ရဲ့ Universalization ကို သုံးကြည့်ရင်တော့မရိုက်သင့်ဘူးလို့ပဲ အဖြေထွက်မှာပါ။ ကလေးတွေကို ရိုက်နေကြရင် အကြင်နာတရားမဲ့တဲ့ စိတ်အချဉ်ပေါက်နေတဲ့ မျိုးဆက်ပဲ ထွက်လာမှာပါ။
နောက်တစ်ခုက ခေတ်တွေက ပြောင်းလာပါပြီ။ မင်းတုန်းမင်းခေတ် မဟုတ်တော့ပါဘူး။ ငါးခြောက်ပြား ခိုးတဲ့ ကိစ္စနဲ့ ဥပမာပေးလို့ မရတော့ဘူး။ အမှား အမှန် စံနှှုန်းသတ်မှတ်မှှုတွေ မတူတော့ဘူး။ အခုခေတ်မှာ ရိုက်နှက်ဆုံးမသင့်တယ်လို့ မယူဆတော့ပါဘူး။ ခေတ်ရဲ့ သတ်မှတ်စံနှှုန်းကို မလိုက်နာဘဲ နေရင်တော့ ရတော့ ရပါတယ်။ ဒါပေမဲ့ အဲလိုနေရင် အခက်အခဲ ကြုံရမှာပါ။ ကလေးတွေကို မရိုက်သင့်ဘူး ဆိုတာမှာ ဆရာတွေဘက်ကို တွေးပြီး ပြောခြင်းလည်း နည်းနည်း ပါပါတယ်။ ရိုက်နှက်ဆုံးမခြင်းတို့၊ ဆဲဆိုကြိမ်းမောင်းခြင်းတို့ဟာ မှားယွင်းတယ်လို့ ယူဆကြတဲ့ခေတ်မှာ၊ ကရုဏာ ဒေါသ အကဲပိုသွားလို့ပဲ ဖြစ်ဖြစ်၊ တစ်ကြိမ်လောက် သတိလက်လွတ် ရိုက်မိရင်ပဲ ဖြစ်ဖြစ်၊ ရိုက်တာတွေ၊ ဆဲဆိုကြိမ်းမောင်းတာတွေ Facebook ပေါ်ရောက်သွားပြီး ရက်စက်တဲ့ဆရာအဖြစ် ဝိုင်းဆွမ်းကြီးလောင်းခံရမှာမျိုးလည်း ဆရာ၊ဆရာမ တွေကို မဖြစ်စေချင်မို့ စေတနာတွေကို ဘရိတ်အုပ်ပါလို့၊ နတ်ပြည်ကို ဇွတ်အတင်း တင်ပေးစရာ မလိုဘူးလို့ပဲ အကြံပြုချင်ပါတယ်။
(ကောင်းကင်ကို) - ၂၀၁၉ အောက်တိုဘာ ၁ က ပို့စ်ကို မူရင်း date အတိုင်း blog မှာ ပြန်တင်တာပါ။
Thursday, September 19, 2019
သင်္ချာမရှိရင် + ပညာသမားတွေရဲ့ သဘောထား
(မှတ်ချက်။ ။လင်းသိုက်ညွန့်ကို ချေပတာတော့ မဟုတ်။ သင်္ချာကိစ္စမှာ သူ့ပြောဆိုချက်က ချေပလောက်ရအောင်တောင် ဘောင်မဝင်ပါဘူး။ ဒါပေမဲ့ အရင်ကတည်းက ရေးဖို့စိတ်ကူးထားတဲ့ အကြောင်းအရာကို ပိုထင်ရှားစေမယ့် အခြေအနေဖြစ်လာနိုင်လို့ ရေးဖြစ်အောင် ရေးလိုက်တာပါ။)
သင်္ချာသာမရှိရင် သိပ္ပံဟာ ဘာဖြစ်သွားမလဲ။ trial and error နည်းနဲ့ပဲ ကြိုးပမ်းရတော့မယ်။ trial and error ဆိုတာက ဒီလို။ ဘလိုင်းကြီးနီးပါး ကြိုးစားကြည့်လိုက်၊ လိုချင်တဲ့ အဖြေ ရမရကြည့်။ မရသေးရင် နောက်တစ်ခါ ထပ်ကြိုးစားကြည့်။ မရမချင်း အကြိမ်ကြိမ်ကြိုးစားလိုက်၊ ပြန်လုပ်လိုက် လုပ်နေရတာ။ Tiral and error နည်းကို အသုံးမဝင်ဘူးလို့ ပြောချင်တာတော့ လုံးဝလုံးဝ မဟုတ်ဘူးနော်။ ကျန်တဲ့နည်းတွေနဲ့ အဆင်မပြေတဲ့ အခြေအနေမှာ အသုံးဝင်ပါတယ်။ ဒါပေမဲ့ “အဲဒါတစ်ခုတည်းနဲ့သာဆိုရင်” သိပ္ပံဟာ တအားနှေးကွေးသွားမယ်။
ဥပမာ မော်တော်ယာဉ်တွေ၊ လေယာဉ်တွေ၊ ဒုံးပျံတွေကိုသာ သင်္ချာမပါဘဲ trial and error နည်းနဲ့သာ အကြိမ်ကြိမ်စမ်းသပ်ရမယ်၊ လွှတ်တင်ရမယ်ဆိုရင် လူ့အသက်တွေတောင် အကြိမ်ကြိမ်စတေးရတော့မယ်။ (တကယ်ကတော့ သင်္ချာတွေ သီအိုရီတွေ လုံးဝ မပါဘဲလည်း အဲဒီ စက်ကိရိယာတွေ၊ နည်းပညာတွေ အဆင့်ဆင့် ဖြစ်ကို ဖြစ်လာနိုင်စရာမရှိ။)
Pythagoras သီအိုရမ်က အသေးအမွှားကိစ္စရပ်လေတွေက အစ (အသေးအမွှားလို့ ပြောလိုက်ရပေမဲ့ တကယ်ကတော့ အသေးအမွှားမဟုတ်။ သင်္ချာတွေထွင်ခဲ့လို့ လွယ်သွားလို့သာ အသေးအမွှားတွေ ဖြစ်ကုန်တာ)။ အသေးအမွှား ကိစ္စလေးတွေက အစ Relativity သီအိုရီအထိ Pythagoras သီအိုရမ်က အသုံးဝင်ပါတယ်။
နောက်တစ်ခု ဆိုးဝါးတာက ပညာရဲ့ သဘောကို နားမလည်ကြတာ။ ပညာရေးနဲ့ဆိုင်တဲ့ တက္ကသိုလ်မှာ၊ အထူးသဖြင့် နည်းပညာ တက္ကသိုလ်မှာ အပေါင်း၊အနုတ်၊ အမြောက်၊အစား လောက်ပဲ အသုံးဝင်တာလို့ သွားပြောတော့ ရုပ်ပျက်တာပေါ့။
တကယ်ကတော့ သင်္ချာဟာ နယ်ပယ်စုံမှာ အရေးပါမှှု ပိုများလာပါတယ်။ သင်္ချာမပါဘူးလို့ လူတွေ ယူဆကြတဲ့ ဇီဝဗေလို နယ်ပယ်မှာတောင် Mathematical Biology လို ပညာရပ်တွေ ပိုဖွံ့ဖြိုးလာပါပြီ။ သင်္ချာကို စသုံးတာက ၁၂ ရာစုလောက်ကတည်းက ဆိုပေမဲ့ အခုနောက်ပိုင်းမှာ အရှိန်အဟုန်နဲ့ ဖွံ့ဖြိုးလာတာပါ။
တစ်ခုရှိပါတယ်။ လက်တွေ့ဘဝမှာ အဆင့်မြင့် သင်္ချာကို လူတိုင်းက သုံးတတ်စရာ မလိုတဲ့ အခြေအနေမျိုးတော့ ရှိနေတာပေါ့။ ဒါဟာ သင်္ချာက အသုံးမဝင်ခြင်းကြောင့် မဟုတ်ဘဲ နောက်ကွယ်မှာ လူနည်းစု ပညာရှင်တွေက သင်္ချာကိုသုံးပြီး အစစအရာရာ လွယ်အောင် ဖန်တီးပေးထားကြလို့ပါ။ ဘယ်ဟာမှ သင်္ချာနဲ့ မလွတ်ပါဘူး။ သင်္ချာတို့၊ ပညာရပ်တို့ကို လက်တွေ့ဘဝမှာ သုံးစရာ မလိုတော့ဘူးဆိုပြီး ပညာဆိုတာကို အားမပေးရင်တော့ အဲလိုအစစ ဖန်တီးပေးမယ့် လူနည်းစု ပညာရှင်တွေလည်း ပေါ်ထွက်လာတော့မှာ မဟုတ်ဘူး။ လက်တွေ့လောကမှာလည်း အဲလိုတော့ ဖြစ်နေတယ်။ ဥပမာ သင်္ချာညံ့တာကို သင်္ချာမရတာကို တကူးတက ဂုဏ်ယူတာတွေ တွေ့ဖူးတယ်။ သင်္ချာညံ့ခြင်းသည်ပင် တခြားဘက်မှာ တော်သလို ပါ အဓိပ္ပါယ် ကောက်လိုက်ကြတာမျိုး တွေ့ဖူးတယ်။
သင်္ချာဟာ ကမ္ဘာသုံး ဘာသာစကား။ ဒီထက်ပိုပြီး ပြောရရင် စကြာဝဠာသုံး ဘာသာစကားလို့တောင် ပြောလို့ရတယ်။ ဂြိုဟ်သားဆိုတာသာရှိရင် သူတို့သင်္ချာနဲ့ ဒီကမ္ဘာရဲ့ သင်္ချာ သင်္ကေတတွေ၊ အခြေစနစ်တွေ ကွဲကောင်းကွဲနိုင်ပေမဲ့ သဘောတရားကတော့ အတူတူပဲ ဖြစ်နေမှာလို့ ဆိုကြတယ်။ ဒီတော့ အသိပညာတိုးတက်ရေးမှာ ဘာသာစကား (language) တွေ နည်းတူ သင်္ချာကလည်း အရေးပါပါတယ်။ ဒါပေမဲ့ လက်တွေ့မှာ လူတော်တော်များများရဲ့ လျစ်လျူရှှုခြင်းကို ခံထားရတယ်။
ပညာရပ် စာတမ်းတွေ၊ အထူးသဖြင့် အဆင့်မြင့် သင်္ချာတွေပါ ပါလာတဲ့ စာတမ်းတွေဆိုတာက ကမ္ဘာပေါ်မှာ လူဖတ်တာ အနည်းဆုံး စာတွေပါ။ လူတွေ အပြစ်လည်း မဟုတ်။ ပညာရှင် အချင်းချင်းတောင် လိုင်းမတူရင်၊ သေချာလေ့လာထားသူ မဟုတ်ရင် ဖတ်ဖို့လည်း အဆင်မပြေကြဘူးကိုး။ ဘယ်သူမှ သိပ်မဖတ်တာတွေ၊ ဘယ်သူမှ ဂုဏ်သိပ်မပြုတာတွေ လုပ်ဖို့ ငွေအားဖြင့်လည်း ကုန်ကျသလို၊ တခြားလူမှှုရေး၊ စီးပွားရေးတွေကိုပါ လက်လွှတ်ပြီး နှစ်ပေါင်းများစွာ အားထုတ်ရတဲ့ ရလဒ်ကို မတန်ဘူးလို့ လူအများစုကတော့ ယူဆကြမှာပါ။ နောက်ပြီး အဲလိုအရာတွေအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေက (တခြားဟာတွေနဲ့ နှှိုင်းယှဉ်ရင် နည်းတယ်။ အခုနောက်ပိုင်းမှာတော့ ပြန်များလာပြီထင်တယ်။ ဘာပဲပြောပြော တိုက်ရိုက် အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေလောက်တော့ အလုပ်မပေါဘူးပေါ့။ Physics နဲ့ PhD ရပြီး call center မှာ လုပ်ရင်း စိတ်ဓာတ်ကျပြီး suicide လုပ်သွားသူ တစ်ယောက်အကြောင်း ဖတ်ဖူးတယ်။ လန်ဒန်မှာ။ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာတော့ ပညာရှင်တွေအတွက် အလုပ်အကိုင် အခွင့်အလမ်းက ပိုနည်းပြီပေါ့။
နောက်ပြီးတော့ ဒီသုံးမျိုးကို ကွဲပြားနေဖို့ လိုအပ်ပါတယ်။ (၁) စီးပွားရေးလုပ်ငန်းရှင်တွေ CEO တွေပါ။...ဇူကာဘတ်တို့ လိုပါ။ ဘီလျံနာ သူဌေးတွေပေါ့။ (၂) တီထွင်သူတွေပါ။ လုပ်ငန်းရှင်မဟုတ်ဘဲ တီထွင်သူ သက်သက်ဆိုရင် ဘီလျံနာ သူဌေးတွေလိုတော့ မချမ်းသာ ကြပါဘူး။ ငွေအတွက်မဟုတ်ဘဲ ဝါသနာကို အရင်းခံ လုပ်ကြသူတွေလည်းများမယ်။ ဒါပေမဲ့ သူတို့ဟာ ဘာပဲပြောပြော သူတို့ရဲ့ တီထွင်မှှုကို မှတ်ပုံတင်လို့ မူပိုင်ခွင့်ယူလို့ ရသေးတယ်။ (၃) အီကွေးရှင်းတွေ တွေ့ရှိသူတွေ၊ သီအိုရီတွေ တွေ့ရှိသူတွေကတော့ သူတို့ရဲ့ အီကွေးရှင်းတွေ၊ သီအိုရီတွေကို မှတ်ပုံတင်လို့ မရပါ။ Law of nature ကို သင်္ချာအီကွေးရှင်းကို မူပိုင်ခွင့်ယူလို့ မရပါ။ ဘယ်သူတွေ့ရှိတာဆိုပြီး နာမည်ခံလို့တော့ ရပေမဲ့ ငွေရေးကြေးရေး မူပိုင်ခွင့် ယူလို့ မရပါ။ နာမည်ကျန်ခဲ့တယ်ဆိုတာမှာလည်း တချို့ ပညာရှင်တွေကလွဲလို့ အများစုကိုက ရုပ်ရှင်မင်းသားတွေ လောက်တောင် လူသိကြတာ၊ ကျော်ကြားကြတာ မဟုတ်ပါ။ ကုလသမဂ္ဂတို့၊ အမေရိကန် အစိုးရတို့ကို ဒေါ်လာ သန်း တစ်ထောင်လောက်နဲ့ ရောင်းစားမယ်ဆိုတာမျိုးကတော့ ဟာသပါ။
ငွေကြေးမရပေမဲ့လည်း ဝမ်းမနည်းကြပါဘူး။ ပိုက်သာဂိုးရပ်စ်က အိုလံပစ်ပွဲနဲ့ တင်စားဖူးတယ်လို့ ဆိုတယ်။ တချို့တွေက အိုလံပစ်ပွဲတော်မှာ ရောင်းဝယ်ဖောက်ကားကြဖို့ လာကြတာ။ တချို့ကကျ ယှဉ်ပြိုင် အနိုင်လုဖို့ လာကြတာ။ သူတို့က ငွေကြေး သို့မဟုတ် ဂုဏ်သိက္ခာအတွက် လာကြတာပေါ့။ ဒါပေမဲ့ နောက်တစ်မျိုး ရှိသေးတယ်။ ငွေကြေးတွေ ယှဉ်ပြိုင်မှှုတွေ မပါဘဲ သဘောသဘာဝကို လေ့လာမယ့် ပွဲကြည့်ပရိသတ် သက်သက်တွေ။ Spectator တွေပေါ့။ ပညာချစ်မြတ်နိုးသူတွေဟာ အဲဒီလို နောက်ဆုံးအမျိုးအစား ဖြစ်သင့်တယ်လို့ သူကဆိုတယ်။ (မှတ်ချက်။ အဲလိုချည်း ရာနှှုန်းပြည့် ဖြစ်နေမှာတော့ မဟုတ်။ ပညာမာန တို့ အားထုတ်မှှုကို အသိအမှတ်ပြု ခံလိုစိတ်တို့တော့ ရှိကြမှာပဲ။ ဒါပေမဲ့ အဲဒီလို စိတ်တွေမကင်းကြပေမဲ့ အဲဒီဆန္ဒတွေထက် ပညာကိုတော့ ပိုပြီး ရှေ့တန်းတင်ကြတာမျိုးပေါ့။)
ပရိသတ်ဆိုတာတောင်မှ ဇိမ်ခံမယ့် ပွဲကြည့်ပရိသတ်မျိုးကို ဆိုလိုတာ မဟုတ်ဘူးနော်။ သဘာဝတရားကို ချစ်မြတ်နိုးတဲ့ လေ့လာသူ သက်သက်တွေပေါ့။ ဖြည့်ပြောရရင်တော့ ပညာရပ် သို့မဟုတ် လေ့လာမှှု၊ ဖန်တီးမှှု တစ်ခုခုကို ဈာန်ဝင်စားရုံ သက်သက် လုပ်နေတာမျိုး။ (နှှိုှု်င်းရသဘောအရဆိုရင်) အကျိုးစီးပွားမျှော်မှန်းမှှု မပါတာ/နည်းတာ မျိုးပေါ့။ သင်္ချာမှာ ဈာန်ဝင်စားတာလည်း ဖြစ်နိုင်တယ်။ ရူပဗေဒလည်း ဖြစ်နိုင်တယ်။ ဂီတလည်း ဖြစ်နိုင်တယ်။ တျခား အနုပညာလည်း ဖြစ်နိုင်တယ်။
အဲ… သင်္ချာနဲ့ ပတ်သတ်ပြီး တစ်ခုခုကို မျှော်ကိုးပြီး လုပ်တာဆိုရင်တော့ ယူကလစ်ရဲ့ စကားလို့ ဆိုကြတာကိုပဲ ပြန်ပြောရမယ်။ Geometry ကို လေ့လာတာ ဘာအကျိုးအမြတ်ရနိုင်မလဲ ဆိုတဲ့သဘောမျိုး တစ်ယောက်က သူ့ကို မေးလာတာ။ သူပြန်ဖြေတာက “လေ့လာမှှုကနေ ဒီကောင် အကျိုးအမြတ် လိုချင်နေတယ်။ သူ့ကို ပိုက်ဆံတစ်ပြား ပေးလိုက်စမ်းပါ” ဆိုတဲ့ သဘောမျိုး။
ဒီတော့ နောက်တခါ ပညာရေးကို တက်ကျမ်းလို သဘောမျိုး မဆီမဆိုင် ပြောလာရင် စင်ပေါ်တက်ပြီး အကြွေစေ့တွေ အမ်းလိုက်ကြရင် ကောင်းမလား။
ကောင်းကင်ကို
Facebook က ပို့စ်ကို အဲဒီမှာ ရေးခဲ့တဲ့ ရက်အတိုင်း backdate နဲ့ ပြန်တင်တာပါ။