မှတ်ချက်။ တချို့တွေကိုပဲ ဆိုလိုတာပါ။
ကွဲကွဲတစ်ယောက် မိတ်ဆွေတွေ ဆီက အကြံဥာဏ်ရချင်နေတယ်။ သဲသဲကို ဘယ်သူ့အဆိုအမိန့်နဲ့ တုံ့ပြန်ရမလဲလို့။
ကွဲကွဲ။ ။ နာဂစ် အခြေခံဥပဒေကို မကြိုက်လို့ ငါ မဲမပေးချင်ဘူးကွာ။
သဲသဲ။ ။ ဘာကွ၊ “မတရားမှု တစ်ခုမှာ မင်းကြားနေ နေတယ်ဆိုရင်...မင်း... ဖိနှိပ်သူဘက်က လိုက်ဖို့ ရွေးလိုက်တာနဲ့ အတူတူပဲ” ။ “မင်းလက်သန်းလေးမှာ မင် မစိုရင်.... မြန်မာတစ်နိုင်ငံလုံး သွေးရွှဲရွဲစိုလိမ့်မယ်”ကွဲကွဲတွေးလိုက်တယ်။ “တကယ်တော့ ငါ မဲမပေးချင်တာ ကြားနေသမား လုပ်ချင်လို့တော့ မဟုတ်ဘူး။ အခြေခံဥပဒေကြီးများ အခုထက်ပိုပြီး တရားဝင် ခိုင်မာသွားနိုင်သလားလို့။ အဲဒီအပေါ်မှာ အခြေခံ တည်ဆောက်ကြမှာကိုး။”
ကွဲကွဲ က အခြေခံ ဥပဒေကြီးကို ပိုပြီး တရားမဝင်စေချင်ဘူးလေ။ အတုတွေနဲ့ ကျေနပ်နှစ်သိမ့်သွားကြရင် အစစ်ကို ဘယ်တော့မှ ရလာတော့မှာ မဟုတ်ဘူးလို့ အတွေးခေါင်နေပြန်ရော။ ဒါပေမဲ့ အတွေးသာ ခေါင်နေတာ၊ တခြား ဘာလုပ်ရမှာလည်း မသိပြန်ဘူး။ အဆိုးဆုံးကတော့ ဖိနှိပ်သူတွေဘက်က ရပ်နေသူလို့ သဲသဲက စွပ်စွဲလာတာပဲ။ ဒါနဲ့ မခံချင်စိတ်တွေ ပါးပြင်ထောင်လာတယ်။
လက်သန်း ကျည်ဆံ နဲ့ ထွက်လှမ်းဖီဆန် ဖို့ ဆုံးဖြတ်လိုက်တယ်။ လက်သန်း ကျည်ဆံ နဲ့ ပုခုံးပေါ်က ကြယ်တွေကို ပစ်ချလိုက်မယ်။
ဒီိလိုနဲ့ သဲသဲ၊ ကွဲကွဲတို့ ဇာတ်လမ်းအရတော့ အောင်ပွဲရလာတယ်။ လက်တွေ့မှာတော့ တချို့နေရာတွေမှာ ဖြစ်သင့်ဖြစ်ထိုက်တာတွေ နည်းနည်း ဖြစ်လာပေမဲ့ တချို့နေရာတွေမှာတော့ ကိုငှက်ရဲ့ သီချင်းခေါင်းစဉ်လိုပဲ။ “အရင်အတိုင်း”။
ဆရာ စိုင်းခမ်းလိတ်ရဲ့ သီချင်းလိုများ ဖြစ်နေတာလား။ “ရှင်ရင် ရွှေထီးဆိုကာ စွန့်စားခဲ့ပေမဲ့၊ ရခါမှကွယ် မိဖုရားက မရှိတယ်” ဆိုသလိုပေါ့။ တောင်ပြိုကမ်းပြို နဲ့ ရွှေထီးဆောင်းပြီးမှ “လွတ်လပ်မှု” ဆိုတဲ့ မိဖုရားနဲ့ ရွှေလက်မတွဲရသေးဘူးလေ။
ဒီလိုနဲ့ အပြောင်းအလဲတချို့ ရှိလာပေမဲ့၊ မမျှတမှုတချို့လည်း ပုံပျက်ပန်းပျက် ဖြစ်လာတယ်။ ရွှေတိဂုံဘုရားမှာ ဖြစ်တဲ့ မတရားမှု၊ Church ထဲမှာ ကျူးကျော်ပြီး စေတီတည်မှု၊ ရခိုင်မှာ တိုက်ပွဲတွေဖြစ်တာ။ ကွဲကွဲ စိတ်ပျက်လာပြီ။
တက်ကြွတဲ့ လူငယ်တွေ မျက်နှာဖုံးစွပ် ဆန္ဒပြဖို့ စီစဉ်ကြတာ ကွဲကွဲ ကြားတယ်။ ကွဲကွဲလည်း ပါဖို့ ဆုံးဖြတ်လိုက်ပြီး သဲသဲ ကိုပါ သွားစည်းရုံးတယ်။ သူလည်းပါမှာပဲ။ မတရားမှုမှာ ကြားနေနေရင် ဖိနှိပ်သူဘက်က လိုက်သလို ဖြစ်သွားမှာလေ။ ဒီတော့ ကိုယ်လည်းပါမယ်။ သူလည်း ပါလိမ့်မယ်။
သဲသဲက ခပ်ပြတ်ပြတ် လေသံမာမာနဲ့ ငြင်းတယ်။ ကွဲကွဲ နည်းနည်းတော့ ဖုသွားတာပေါ့။ ဒါပေမဲ့ သူ့တုန်းကလို ဒက်စ်မွန်တူးတူး စကားနဲ့တော့ စကားနာ ပြန်မထိုးတော့ပါဘူး။ စိတ်ဆန္ဒထက်သန်မှုနဲ့ လုပ်ရမယ့် ကိစ္စတွေမှာ အတင်းအကျပ်ကိုင်နေလို့ အပိုပဲလေ။ သူ မလိုက်ချင်လည်း နေပေါ့။ ဖိနှိပ်သူဘက်က ရပ်နေတာလို့ စကားနာ မထိုးတော့ပါဘူး။
“မဲသာပေးကြ။ နိုင်ပြီးလို့မှ တစ်ခုခု မတရားတာဖြစ်ရင် ထိပ်ဆုံးကနေ ဝေဖန်မယ်” ဆိုတဲ့သူတွေထဲက တချို့လည်း ကြက်ပျောက် ငှက်ပျောက် ပျောက်ကုန်ပြီ။ “ရက် ၁၀၀” အယူအဆ ခေတ်စားလာတယ်။ ဘာလို့ အဲလို ယူဆကြပါလိမ့်။ တကယ်လို့ ရေတိုနဲ့ ရှင်းလို့ ရမှာမဟုတ်ဘူးလို့ ခံယူထားတဲ့ ကိစ္စတွေဟာ “ရက် ၁၀၀” နဲ့လည်း ရှင်းလို့ ရစရာ အကြောင်းမရှိဘူး။ တစ်ဘက်မှာ ချက်ခြင်း ရှင်းလို့ ရမယ့် ကိစ္စတွေအတွက်ကျတော့လည်း "ရက် ၁၀၀" ပြည့်သည်အထိ အချိန်ဆွဲနေစရာ မလိုပါဘူး။ အဲဒိ ရက် ၁၀၀ အတွင်းမှာ တချို့တွေခမျာ ဘဝပျက်သွားနိုင်တယ်လေ။
ကွဲကွဲ တွေးနေတုန်းမှာ သဲသဲက စကား ဆက်လာပြန်တယ်။ “မင်းတို့ ယားတာက အရေးမကြီးဘူး။ မင်းတို့လို လူနည်းစုတွေ၊ ရွာပြင်ကကောင်တွေ ယားလို့ အာဏာပြန်သိမ်းရင် ငါတို့ အများစုတွေပါ ဒုက္ခရောက်မှာ။ မင်း သင်္ချာ မတွက်တတ်ဘူးလား။ မင်းတို့ကောင်တွေ အဖျက်သမားတွေ” ဆိုပဲ။
အရင်တုန်းက မတရားမှု တစ်ခုဖြစ်ရင် အနည်းဆုံး အွန်လိုင်းမှာတော့ ဆဲလို့ရတယ်။ ဝေဖန်လို့ ရတယ်။ အခုကျ.....
သြော်...အခုကျ .... မတရားမှုကို ဝေဖန်ရုံလေးနဲ့တောင် သွေးဆူတဲ့ကောင်တွေလိုလို၊ စစ်အုပ်စုရဲ ဒလန်တွေလိုလို၊ ကွန်မြူနစ်တွေရဲ့ လက်ဝေခံတွေလိုလို သမုတ်ခံလာရတယ်။ သဲသဲတို့လို လူတွေဟာ မတရားမှုတွေရဲ့ ဒိုင်းလို ဖြစ်လာတယ်။ မတရားမှု တစ်ခုကို ကိုယ်က ဝေဖန် တိုက်ခိုက်ရင် သူတို့က ဒိုင်းလို အရင်ကာပေးနေသလို ဖြစ်လာတယ်။ "freedom from fear" ဆိုတဲ့ စကားကို သဲသဲတို့ လုံးဝ မေ့လိုက်ကြပြီလား။
အဲဒီတော့ အဆိုအမိန့်တွေကို ကိုးကားတတ်တဲ့ သဲသဲကို ... ဘယ်သူ့အဆိုအမိန့်နဲ့ ကွဲကွဲ တုံ့ပြန်သင့်ပါသလဲ။
ရွာပြင် လမ်းထဲမှာ
နာကျင်ဝမ်းနည်း နေတဲ့... ကွဲကွဲ :D
ကောင်းကင်ကို (မေ ၁၂)
No comments:
Post a Comment