Friday, February 26, 2016

အိမ်တွင်းပုန်း

အာရောဂျံ ပရာမံ လာဘံ ဆိုပေမဲ့
ကံကိုယုံပြီး ကန်တော်ကြီးတစ်ပတ် မပြေးရဲဘူး။
ကလေးသူခိုးမိုက် ဆိုပြီး
ဆေးထိုးလိုက်တာနဲ့
ဘေးဆိုးဆိုက်နိုင်တဲ့ခေတ်မို့
အိမ်တွင်းပုန်းနေရတယ်။

အလိမ္မာစာမှာရှိတယ် ဆိုပေမဲ့
စာအုပ်ဆိုင်တွေထဲမှာ
ငါ့ လူနှင်ဒဏ်သင့် လိပ်ပြာလေး... တစ်နံနက်ခင်းလုံး မနားချင်တော့ဘူး။
ဘာသာရေးမျက်နှာဖုံးတပ် ဂမ္ဘီရစာအုပ်တွေ
အလင်္ကာသုံး နာဇီလက်သီးတွေ နဲ့
ကွန်ဒုံးစွပ်မထားတဲ့ အဆီပြန် စကားလုံးတွေက
အသင့်စောင့်နေကြတာမို့
allergy ရှိတဲ့ငါ့ခမျာ
အိမ်တွင်းပုန်းနေရတယ်။

မူးယစ်ဆန့်ကျင်ရေးလည်း မလုပ်ချင်ပါဘူး။
သိပ်ရမ်းချင်တဲ့
အဆိပ်ပန်းဘုရင်တွေ
ထိပ်တန်းဝင် ဗိုလ်ကျနေတဲ့ခေတ်မှာ
အခန့်မသင့်ရင် ဆေးရုံရောက်သွားနိုင်တာမို့
ကမ်းလှမ်းလက်တွေကို
ကမန်းကတန်းဝှက်ပြီး
အိမ်တွင်းပုန်းနေရတယ်။

ကောင်းကင်ကို (ဖေဖော်ဝါရီ ၂၆ - ၂၀၁၆)


2 comments:

အိမ့်ချမ်းမြေ့ said...

ကန္တာရထဲ တစ်ယောက်တည်း ရေငတ်လို့ လှည့်လည်သွားလာနေတုန်း...
အိုအေစစ်တစ်ခုကို တွေ့လိုက်ရသလိုပဲ..
ဖေ့ဘွတ်က ကဗျာနဲ့
ဘလောဂ်က ကဗျာ..
အတူတူဖြစ်ကောင်းဖြစ်ပေမယ့်
ခံစားရတဲ့ရသခြင်းက
ကွာလွန်းတယ်။

Kaung Kin Ko said...

ဟုတ်ပ မလေး။ blog ခေတ်လေးကို ပြန်တမ်းတမိတယ်။