Monday, February 16, 2015

ကြိုက်ရာရွေး

တကယ်က ကျွန်တော်တို့လို ဘေးကလူတွေမှာ ရွေးစရာ နှစ်ခုပဲ ရှိတယ်။

ဘယ်သူတွေ ဘယ်လိုတားတား၊ ဘာတွေရေးရေး ကျောင်းသားသပိတ်က ဆက်ဖြစ်နေမယ်ဆိုတာ လက်ရှိကာလရဲ့ အရှိတရား။ ဒီတော့ ကျွန်တော်တို့ ရွေးချယ်ခွင့်ရှိတာက ငြိမ်းငြိမ်းချမ်းချမ်း သပိတ်မှောက်တဲ့ ကျောင်းသားတွေကို အားပေးမလား။ ဒါမှမဟုတ် ငြိမ်းငြိမ်းချမ်းချမ်း လုပ်နေတဲ့ ကျောင်းသားတွေ လွန်နေပြီလို့ သွားအပြစ်တင်မှာလား။ အဲလို အပြစ်တင်တယ် ဆိုရင်တော့ တစ်ခုခုဖြစ်လာရင် စစ်ဘောင်းဘီချွတ် အစိုးရက အကြောင်းပြလို့ ပိုကောင်းလာလိမ့်မယ်။ ဒီကောင်တွေ လွန်လို့ ငါတို့ လုပ်ရတာဆိုတဲ့ အထာမျိုးကို ခင်ဗျားတို့က စစ်အစိုးရကို စကားလမ်းကြောင်းပေးသလို ဖြစ်နေလိမ့်မယ်။ ဘယ်သူလွန်လဲ စဉ်းစားကြည့်။ ငြိမ်းငြိမ်းချမ်းချမ်း သူ့ဟာသူ လမ်းလျှောက်တာ။ အစိုးရကသာ အကြမ်းမဖက်ဘူးဆိုရင် ဘာမှဆိုးဆိုးဝါးဝါးဖြစ်စရာ အကြောင်းမရှိနိုင်ဘူးလေ။ ဒါကို ခင်ဗျားတို့ကပါ စိုးရိမ်သလိုလိုနဲ့ ကျောင်းသားတွေ လွန်တယ်ထင်ရင်တော့ ကိုယ့်ဟာကိုယ်ပါ ပြန်စစ်သင့်ပြီ။ ဒီမိုကရေစီလည်း ပြောသေးတယ်။ စစ်အစိုးရကို အမြဲတမ်း တဖားဖားလုပ်နေမှ၊ ငုံ့ခံနေမှ အလုပ်ဖြစ်မယ်ဆိုရင်တော့ ဘာမှသုံးစားလို့ မရတဲ့အခြေအနေပဲ။

နောက်ကြောင်းပြန်လှည့်မှာ သိပ်ကြောက်နေလား။ ရှေ့မရောက်ဘဲနဲ့ ဘယ်သူမှ နောက်ကြောင်းပြန်လှည့်လို့ မရဘူး ။အခုရနေတာက အတု။ အတုကို အစစ်လို သွားပြီး မက်မော ရောင့်ရဲနေရင် ဘယ်တော့မှ အစစ်ကို ရလာမှာ မဟုတ်ဘူး။ နောက်ကြောင်းပြန်လှည့်သွားတယ် ဆိုရင် အတုကို အတုမှန်း သိသွားပြီး ညီညီညွတ်ညွတ်ကြိုးပမ်းကြရင် အစစ်ရလာနိုင်ခြေ ရှိသေးတယ်။ မှားယွင်းတဲ့ ရောင့်ရဲစိတ်တွေ မရှိတော့လို့ ပိုတောင်ကောင်းချင် ကောင်းနိုင်သေးတယ်။ သိပ်တော့ မစိုးရိမ်နဲ့။ နောက်ကြောင်းပြန်လှည့်လည်း ခုစစ်အစိုးရက လည်သွားပြီ။ ခင်ဗျားတို့ ရနေတဲ့ ဈေးချိုတဲ့ ဆင်းကာ့ဒ်တွေ၊ အင်တာနက်ဆိုတာတွေကို ပြန်ပိတ်မှာ မဟုတ်တော့ဘူး။ သူတို့ကို တိုက်ရိုက်မထိမယ့် အဲဒီလို ထွက်ပေါက်လေးတွေတော့ ဆက်ပေးထားဦးမှာပါ။ ဒီတော့ အဲဒါလေးတွေ မက်ပြီး နောက်ကြောင်းပြန်လှည့်မယ်လို့ ခြောက်တိုင်း သိပ်ကြောက်မနေနဲ့။

မြှောက်ပေးတယ် ဆိုတဲ့စကားတွေကတော့ ကျောင်းသားတွေကို စော်ကားရာ၊ နှိမ့်ချရာ ကျပါတယ်။ မြှောက်ပေးလို့ လုပ်ကြတာမဟုတ်ဘူး။ သူတို့ရင်ထဲက သူတို့အကြောင်းနဲ့ လုပ်ရတာ။ ကိုယ်တွေ့နဲ့ ပြောပြမယ်။ ဒီလို Facebook ဆိုတာတွေ၊ အွန်လိုင်းဆိုတာတွေ မရှိတဲ့ ၉၆ တုန်းကလို အခြေအနေဆိုရင် ကျောင်းသားတွေ ဆန္ဒပြတာကို ခုထက် ပိုပြီး ဆန့်ကျင်မယ့်သူတွေ များသေးတယ်။ စိုးရိမ်စိတ် ကရုဏာ လက်မခံတဲ့ သူတွေလည်း အများကြီးပါတာပေါ့။ ဒါပေမဲ့ ကျောင်းသားဆိုတာ သူတို့ခံစားနေရတဲ့ ငရဲကို သူတို့ပဲ သိတယ်။ ညီညွတ်တယ်။ လူဖြစ်ရှုံးနေတဲ့ အခြေအနေကို လက်မခံနိုင်ဘူး။ နှိမ်ထားတဲ့ အခြေအနေမှာ အကောင်းလေးကို ရှာကြံပြီး သာယာမနေနိုင်ဘူး။ လှည်းတန်းအဝိုင်းမှာ ထိုင်သပိတ်မှောက်နေတုန်း စစ်ကားတွေလာတယ်။ ကျောင်းသားအင်အားနဲ့ မမျှတဲ့ အလုံထိန်းတွေလာတယ်။ နောက်တွန့်မသွားဘူး။ ဆက်ထိုင်နေတယ်။ အဲ့တုန်းက စစ်အစိုးရကလည်း တန်းတော့ မရိုက်သေးဘူး။ (ကျောင်းသားတွေကို စာနာလို့တော့ မဟုတ်။ ရိုက်ချင်နေပေမဲ့ ရိုက်လိုက်ရင် ပိုအုံကြွလာမှာဆိုးလို့)။ ဒီတော့ တန်းမရိုက်နှက်သေးဘဲ ပြန်ကြဖို့ ပြောတယ်။ နောက်ထပ်လူ ထပ်မဝင်လာအောင်တော့ လုံခြုံရေး ဆိုသူတွေက ပိတ်ထားလိုက်ပြီ။ (တကယ်က လုံခြုံရေးဆိုတာတွေကြောင့်သာ မလုံမခြုံ ဖြစ်နေတာ)။ အဲဒီလို ခြိမ်းခြောက်ပေမဲ့ မပြန်ကြတဲ့သူများတယ်။ ညနက်လာမှ တချို့လည်း အကြောင်းကြောင်းကြောင့် ပြန်ကြတယ်။ ပြောချင်တာက ကျောင်းသားတွေဟာ မဟုတ်မခံစိတ်ရှိတာမို့ ဘယ်သူတွေ ဘယ်လိုခြိမ်းခြောက်ခြိမ်းခြောက်၊ ဘယ်သူတွေဘယ်လိုပဲ သူတို့ကို ကန့်ကွက်ကန့်ကွက် လုပ်နေမှာပဲ။ 

ဒီတော့ ဘေးကလူတွေ အနေနဲ့ ၂ ခုပဲ ရွေးစရာ ရှိတယ်။ အစိုးရ စကားကို သံယောင်လိုက်ပြီး ကျောင်းသားတွေ လွန်နေပြီလို့ စကားလမ်းကြောင်းထားမှာလား။ ဒါမှမဟုတ် အားပေးမလား။ ဖြစ်စေချင်တာကတော့ ငြိမ်းငြိမ်းချမ်းချမ်းလုပ်နေကြတဲ့၊ ဘာသာပေါင်းစုံ လူမျိုးပေါင်းစုံ ပါဝင်ကြတဲ့၊ ခွဲခြားဆက်ဆံမှုတွေကင်းတဲ့၊ အစိုးရက ဒီမိုကရေစီဆိုပြီး ညာနေတာကို မဟုတ်မခံစိတ်နဲ့ မေးခွန်းထုတ်နေတဲ့ ကျောင်းသားတွေရဲ့ ဆုံးဖြတ်ချက်ကို အားပေးမလား ဆိုတာပဲ။ ကျွန်တော်ဆိုရင်တော့ သူတို့သဘောနဲ့ သူတို့ သပိတ်ရပ်လိုက်လည်း ဘာမှမပြောဘူး။ ဆက်လုပ်လည်း လုံးဝတက်တက်ကြွကြွ အားပေးနေတယ်။ သူတို့လုပ်ရပ်မှာ မဟုတ်တာ ဘာမှကို မတွေ့ဘူး။ သတ္တိတွေ၊ မဟုတ်မခံစိတ်တွေ၊ ညီညွတ်မှုတွေ ပဲ တွေ့တယ်။

ကျောင်းသားသပိတ်ဆိုတာ၊ ဒဿနပညာရှင်တွေ အခန်းတစ်ခုကို အလုံပိတ်ပြီး ထိုင်တွေးနေတာမျိုးမှ မဟုတ်တာ။ လှုပ်လှုပ်ရှားရှားတော့ ရှိမှာပဲ။ လှုပ်ရှားမှုရှိမှလည်း ထိရောက်မယ်လေ။ ဘယ်သူ့ကိုမှ ထိခိုက်နေတာမျိုးလည်း မဟုတ်ဘူး။
ရှင်းရှင်းပြောရရင် ကျောင်းသားတွေ လွန်နေကြောင်း အခုပြောတဲ့ သူတွေထဲမှာ စချီတက်လာကတည်းက ပြောခဲ့ကြသူတွေလည်း ပါတယ်။ သူတို့စကားသာ စောစောကတည်းက နားထောင်ခဲ့မယ်ဆိုရင် ခု ၁၁ ချက်လည်း ရလာမှာမဟုတ်။ ပြီးတော့ ၉၈ တုန်းက ဆန္ဒပြပွဲပြီးမှ ကျောင်းသားတွေကို အိမ်တွေမှာ တစ်ယောက်ချင်း လိုက်ဖမ်းတဲ့ သာဓကတွေ ရှိတယ်။ အဲဒါတွေကိုလည်းသတိထားရဦးမယ်။

ကျောင်းသားတွေ ငြိမ်းငြိမ်းချမ်းချမ်းလုပ်နေတာကို အကြမ်းဖက်လာမယ်ဆိုရင် အကြမ်းဖက်လာတဲ့ အစိုးရကိုပဲ ပြောရမှာလေ။ နို့မို့ဆိုရင်တော့ ခင်ဗျားတို့ ပြောပြောနေတဲ့ ဒီမိုကရေစီကြီးက လွတ်လပ်စွာ ပြောဆိုခွင့် မဟုတ်တော့ပဲ အစိုးရ ကြိုက်တာလုပ်ခွင့်အတွက် အစိုးရ အကြိုက်အတိုင်း လိုက်နေရမယ့် ဒီမိုကရေစီ ဖြစ်နေမယ်။ အခု ကျောင်းသားတွေ လုပ်နေတာဟာ ပညာရေးကိစ္စ လုပ်နေတာ ဆိုပေမယ့် အစိုးရရဲ့ ဒီမိုကရေစီ ဆိုတာတွေ၊ လွှတ်တော်ရဲ့ အခြေအနေတွေ၊ နိုင်ငံရေးသမားတွေရဲ့ ရပ်တည်မှုတွေ၊ လူတွေရဲ့ စိတ်ခံစားချက်တွေကို မေးခွန်းထုတ်နေတာပါ။
ပညာရေး တောင်းဆိုချက် ၁၁ ချက်ဟာ တကယ်တောင်းဆိုသင့်တဲ့ အချက်တွေ ဖြစ်သလို အဲဒါထက်လည်း ပိုသေးတယ်။ တခြား မကျေနပ်ချက်တွေ အမျိုးမျိုးအတွက် နိမိတ်ပုံတစ်ခုလည်း ဖြစ်သေးတယ်လို့ ကျွန်တော်တော့ ခံစားရတယ်။ မြန်မာမှာ သိုးလေးတွေလို လက်ကလေးတွေပိုက်၊ ကြက်တူရွေးလေးတွေလို အလွတ်ကျက်နေကြတာမျိုးကို အားမပေးဘဲ ကျောင်းသားတွေရဲ့ ခုလို မဟုတ်မခံ စိတ်ဓာတ်မျိုးကို များများ အားပေးဖို့ လိုနေတာ။

ကောင်းကင်ကို (ဖေဖော်ဝါရီ ၁၅)

No comments: