Friday, October 11, 2013

မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ်၊ ဒေသချစ်စိတ် မရှိတဲ့သူ


နီရူဒါရဲ့ ကဗျာလေး တစ်ပုဒ်ရှိတယ်။

But I love even the roots of my little cold country.
If I had to die a thousand times,
there I would want to die.
If I had to be born a thousand times,
there I would want to be born.

ဒါပေမဲ့ အေးမြတဲ့ ငါ့နိုင်ငံလေးရဲ့ သစ်မြစ်တွေကိုတောင် ငါချစ်တယ်။
တကယ်လို့ အကြိမ်ပေါင်း ၁၀၀၀ သေရမယ် ဆိုရင်လည်း
အဲဒီမှာပဲ ငါသေချင်တယ်။
တကယ်လို့ အကြိမ်ပေါင်း ၁၀၀၀ မွေးဖွားခံရမယ် ဆိုရင်လည်း
အဲဒီမှာပဲ ငါမွေးဖွားခံချင်တယ်….. လို့ အဓိပ္ပါယ် ရပါတယ်။ (ဆရာမြသန်းတင့် (မောင်သစ်တည်) ဘာသာပြန်ထားတာတော့ ရှိတယ်။ ကျနော် ဘာသာပြန်စာသား သေချာမမှတ်မိတော့လို့)

အရင်တုန်းက အဲဒီ ကဗျာလေးကို တော်တော်ကြိုက်တယ်။အခုလည်း ကြိုက်တာပဲ။ ဒါပေမဲ့ ကိုယ့်မှာ အဲဒီလို ခံစားချက်မျိုးတော့ မရှိတော့။ အရင်တုန်းက ရှိခဲ့တယ် ဆိုတာကလည်း သေချာပြန်ဆန်းစစ်ကြည့်တော့ ကိုယ့်အတွက် အဆင်ပြေမယ့် နေရာဖြစ်လို့ စွဲလမ်းသလိုလို ဖြစ်ခဲ့တာကိုး။ ကိုယ့်ကိုယ်ကို ဗဟိုပြုပြီး စွဲလမ်းခဲ့တာပဲ။

အကြိမ်တထောင်တောင် ဒီမှာပဲ (မြန်မာနိုင်ငံမှာပဲ) ပြန် အမွေးခံချင်တယ်လို့ ပြောတဲ့သူတိုင်းကိုလည်း တချို့ကို တကယ်ယုံပေမဲ့ တချို့ကို မယုံတော့ဘူး။ တချို့  အဲဒီလိုပြောပြီး တခြားနိုင်ငံကို မရောက်ရောက်အောင် လုပ်ပြီး၊ တခါတခါ လိမ်ညာပြီး နိုင်ငံခြားကို အပြီး ထွက်သွားတာတွေလည်း ရှိတာပဲ။ ဒါပေမဲ့ သူတို့ အဲလိုထွက်သွားတာကိုလည်း အပြစ်မမြင်တော့ဘူး။ လူတိုင်းမှာ ကိုယ်ကြိုက်တဲ့နေရာကို ရွေးပြီး နေထိုင်ခွင့် ရှိတာကိုး။ အဲဒါ သူတို့ အခွင့်အရေးပဲ။

ကိုယ်ကတော့ ဘယ်နိုင်ငံမှာမှ ပြန်မမွေးချင်။ ဘဝ ထပ်မရချင်။ ဘဝသစ်တစ်ခု ထပ်ရလိမ့်မယ်လို့လည်း မယူဆတော့ အဲဒီ ကိစ္စ ပြဿနာ မရှိ။ တကယ်လို့ ဘဝသစ် တစ်ခု ထပ်ရမယ် ဆိုရင်တောင်.... ကိုယ်က မမှတ်မိတော့ .... ဘဝသစ်မှာ အခု ဒီဘဝရဲ့ ဦးနှောက်တွေ၊ စိတ်တွေ မဟုတ်တော့တဲ့အတွက်... ဘဝသစ်က ကောင်ဟာ ကိုယ်မဟုတ်တော့သလိုမို့ ကိုယ်နဲ့မဆိုင်တော့လို့ ဘာပဲဖြစ်သွားဖြစ်သွား၊ ဘယ်မှာပဲမွေးမွေး ပြဿနာ မရှိ။ မွေးချင်တဲ့နေရာမှာ မွေးပါလေ့စေတော့။ ဒီဘဝမှာတော့၊ ကိုယ်ရွေးချယ်ခွင့် ရှိသလောက်လေးထဲကပဲ အဆင်ပြေမယ့် နေရာ၊ အဆင်ပြေမယ့် မြို့ကို တကိုယ်ကောင်းဆန်ဆန် ရွေးပြီး နေသွားဖို့ပဲ စဉ်းစားထားတယ်။ သိပ်ရွေးစရာ မရှိတော့လည်း၊ ကြုံတဲ့ နေရာမှာ ပျော်အောင် ကြံဖန် နေရုံပေါ့။

ပြီးတော့ ဇာတိနိုင်ငံမှာ ပြန်လူဖြစ်ချင်တယ် ဆိုရုံနဲ့လည်း၊ ကိုယ့်နိုင်ငံမှာကိုယ် ခေါင်းချချင်တယ် ဆိုရုံနဲ့လည်း ချီးကျူးစရာလို့ မထင်တော့ဘူး။ အာဏာနဲ့ အခွင့်အရေးရတဲ့ စစ်ဗိုလ်ချုပ်တွေ၊ ချမ်းသာလွန်းတဲ့ ခရိုနီတွေ၊ လာဘ်အရမ်းစားလို့ ကောင်းတဲ့ အရာရှိကြီးတွေဆို တခြားနိုင်ငံမှာ ဘယ်နေချင်ပါ့မလဲ။ ကိုယ် ဘုရင် ဖြစ်မယ့် မြန်မာ နိုင်ငံမှာပဲ နေချင်မှာပေါ့။ မြန်မာမှာ မွေးပြီး၊ မြန်မာမှာ သေရုံနဲ့တော့ ချီးကျူးစရာ မဟုတ်။ အဲလိုပဲ ပြည်ပမှာနေရုံနဲ့လည်း ချီးကျူးစရာ မဟုတ်။ ဘာလုပ်လဲ ဆိုတာပေါ်မှာ မူတည်တာပါ။

ဟန်ဆောင်ပြီး ကိုယ်တိုင်တောင် မလုပ်တဲ့ စကားလုံး အကြီးကြီးတွေ လျှောက်ပြောနေကြတာကိုတော့ မုန်းလာတယ်။ တဘက်မှာ….ဘယ်မှာပဲနေနေ၊ အပိုစကားတွေလည်း သိပ်မပြော၊ ကိုယ်တွေလို တကိုယ်ကောင်းလည်း မဆန်ဘဲ အလုပ်လုပ်နေတဲ့သူတွေကို တွေ့ရတဲ့အခါတွေမှာတော့ ချီးကျူးမိပြန်ရော။

ကိုယ့်ကိုယ်ကို ပြန်ဆန်းစစ်ကြည့်မိတဲ့ အခါမှာတော့ ကိုယ့်မှာ မျိုးချစ်စိတ် မရှိတာတင် မကဘူး။ နိုင်ငံချစ်စိတ်၊ ဒေသချစ်စိတ်မျိုးတွေပါ မရှိတာကို အမှန်အတိုင်း သိလာတယ်။ ဒါပေမဲ့ ဘယ်နိုင်ငံ ဘယ်လူမျိုးကိုမှ ဒုက္ခရောက်စေချင်စိတ်တွေ၊ ဖျက်လိုဖျက်ဆီးစိတ်တွေ မရှိတာကိုပဲ ကျေနပ်နေတော့တယ်။ နိုင်ငံချစ်တယ်လို့ တဖွဖွပြောပြီး နိုင်ငံကို မီးရှို့နေတဲ့သူတွေ၊ နိုင်ငံကနေ ရသမျှ သိမ်းကျုံးယူနေသူတွေနဲ့ စာရင် ကိုယ်က အများကြီး သာသေးတယ်လေ။

အောက်က "ဖြောင့်ချက်" ဆိုတဲ့ post ကတော့ မေ ၁၁၊ ၂၀၁၂ တုန်းက ရေးခဲ့တဲ့ဟာပါ။ blog မှာလည်း တင်ခဲ့ဖူးပါတယ်။

ဖြောင့်ချက်

တခါတခါကျလည်း ကိုယ့် comfort zone လေးထဲက မထွက်ချင်တာကိုပဲ တိုင်းပြည်ကို ချစ်သယောင် ထင်တတ်ကြတယ်။ တကယ်က ကိုယ်စားချင်တာတွေ အလွယ်တကူစားနိုင်တဲ့နေရာ၊ ကိုယ့်ဘာသာစကားနဲ့ အလွယ်တကူ ပြောဆို ဆက်သွယ်နိုင်တဲ့ နေရာ၊ ကိုယ့်လိုအမြင်ရှိသူတွေ များတဲ့ နေရာကို လွမ်းကြတာပဲ များပါတယ်။ တကယ်သာချစ်ရင် ရွာလေးတွေမှာပဲ စာသင်ပေးဦး…ထမင်းတော့ ငတ်မှာ မဟုတ်ပါ။ Internet တွေ iPhone တွေ တော့ ဘယ်ရတော့မလဲ။ အွန်လိုင်းကနေ တိုင်းပြည်ကို ချစ်ပြလို့လည်း ဘယ်ရတော့မလဲ။ အဲလိုတကယ်တမ်းလုပ်ပြီဆို ဘဝမှာ အဆင်မပြေတဲ့ ကိစ္စတွေ အခက်အခဲတွေတော့ ရင်ဆိုင်ရမှာပေါ့လေ။

ကျနော်လား။ အဲ့လောက်ထိ မချစ်နိုင်သေးဘူးဆိုတာ ဝန်ခံနေစရာတောင် လိုမယ် မထင်ပါ။ ကျနော် လက်ရှိနေနေတဲ့ နေရာရယ်၊ လုပ်ရပ်တွေရယ်ကို ကြည့်ခြင်းအားဖြင့် သိနိုင်ပါတယ်။  ဒါပေမဲ့ ကိုယ့် comfort zone လေးထဲမှာနေပြီး ကိုယ့်ကို လက်ရှိထမင်းကျွေးနေတဲ့ နိုင်ငံကို နေရာတကာမှာ အဆိုးမြင်နေမှာ မဟုတ်သလို နေရာတကာ အကောင်းလည်း မြင်နေမှာ မဟုတ်ပါ။ မိခင်နိုင်ငံကိုရော လက်ရှိနေနေတဲ့ နိုင်ငံကိုပါ ကျေးဇူး တင်ပါတယ်။ စာပေမြတ်နိုးသူ တယောက်အနေနဲ့ ကိုယ့်မိခင် ဘာသာစကာကိုလည်း အများကြီး ပိုပြီး ထွန်းကားစေချင်ပါတယ်။ ကိုယ့်ကို မွေးဖွားပေးခဲ့တဲ့ နိုင်ငံ၊ ကိုယ့်ဆွေမျိုးတွေ မိတ်ဆွေ သူငယ်ချင်းတွေရှိတဲ့နိုင်ငံ၊ ကိုယ့်စာဖတ်သူတွေ ရှိနေတဲ့ နိုင်ငံ၊ ကိုယ့်ကို ပညာသင်ပေးတဲ့နိုင်ငံ၊ ကိုယ့်ကို ထမင်းကျွေးခဲ့တဲ့ နိုင်ငံဖြစ်တာမို့ နိုင်ငံကို တိုးတက် ကောင်းစားစေချင်စိတ်လည်း ရှိပါတယ်။ လက်ရှိနေနေတဲ့ နိုင်ငံနဲ့ ပတ်သတ်ပြီး ပြောရရင်တော့ နေနေတဲ့ နိုင်ငံရဲ့ဆိုးတဲ့အပိုင်းတွေကို အဆိုးအဖြစ် မြင်ပြီး အဆိုးပြောမိမှာ ဖြစ်ပေမဲ့ ကိုယ့်မိခင်နိုင်ငံကို ချစ်ကြောင်းပြရုံသက်သက်တော့ လက်ရှိနေနေတဲ့ နိုင်ငံကို ကျေးဇူးကန်းပြီး အရာရာတိုင်းမှာ လိုက်ပြီး အပုပ်ချမှာ မဟုတ်ပါ။ 

ကိုယ့်မိခင်နိုင်ငံရဲ့ စာပေကို တတ်နိုင်သမျှ မြတ်နိုးတယ်။ (အဲဒါက ကျနော့်အတွက် တကူးတက လုပ်နေစရာ မလိုပါ) ကိုယ့်ဇာတိစွဲလေးနဲ့ ကိုယ့်နိုင်ငံကို ကောင်းစေချင်တယ်။ ကိုယ်နေခဲ့တဲ့နေရာ၊ နောက်နေရမယ့် နေရာ၊ ကိုယ့်ဆွေမျိုးတွေ ရှိနေတဲ့ ပတ်ဝန်းကျင်လေးမို့ တိုးတက်စေချင်တယ်။ ငြိမ်းချမ်းစေချင်တယ်။ ငြိမ်းချမ်းရေးကို ထိခိုက်စေမယ့် မှိုင်းတွေ ကင်းစင်စေချင်တယ်။ ကိုယ်မွေးဖွားတဲ့ နိုင်ငံမှာ စစ်ပွဲတွေ၊ အားကြီးသူက အားနည်းသူကို အနိုင်ကျင့်ခြင်းတွေ မတွေ့ချင်ပါ။ တိုင်းပြည်ချစ်စိတ် ဆိုတာမျိုးထက် ကျနော့်မှာ အဲ့လိုစိတ်မျိုးပဲ ရှိပါတယ်။ တချို့က ကိုယ့်တိုင်းပြည်ထဲ ပြန်လာပြီး အလုပ်လုပ်ဖို့ ပြောကြတဲ့ အခါ….ကျနော့်ကိုယ် ကျနော်တော့ ဘယ်နိုင်ငံ ဘယ်လူမျိုးအတွက်ပဲ အလုပ်လုပ်ရမယ်လို့ စိတ်ကူးထားတာမျိုး မရှိပါ။ အဆင်ပြေတဲ့ နေရာမှာပဲ နေဖြစ်မှာပါ။ ကိုယ်မွေးဖွားခဲ့တဲ့ နိုင်ငံကို ကောင်းစေချင်သလို ကိုယ်လက်ရှိ နေထိုင်နေတဲ့ ပတ်ဝန်းကျင်က လူတွေအတွက် တတ်နိုင်သမျှ အဆင်ပြေအောင် ကောင်းအောင် လုပ်ပေးရမယ်လို့ ခံယူထားပါတယ်။ မင်္ဂလာတရားထဲက လိုပါပဲ။ ကိုယ်နဲ့ သင့်တင့်လျောက်ပတ်တဲ့ နေရာမှာပဲ နေထိုင်ချင်ပါတယ်။ အဲလိုနေထိုင်ရင်း ကိုယ်လက်ရှိနေနေတဲ့ ပတ်ဝန်းကျင်နဲ့ ကိုယ်နေခဲ့ဖူးတဲ့ ပတ်ဝန်းကျင်ကို တတ်နိုင်သမျှလေး အဆင်ပြေအောင် လုပ်ပေးနိုင်ရင်ပဲ ကျေနပ်ပါပြီ။ တကမ္ဘာလုံး အကျိုးပြုဖို့ ၊ တနိုင်ငံလုံး အကျိုးပြုဖို့ ဆိုတာကတော့ အခုလက်ရှိ ကျနော့်စွမ်းအားတွေ၊ စေတနာ အတိုင်းအတာတွေနဲ့ မဖြစ်နိုင်သေးပါ။ ဒါပေမဲ့ ကျနော့်စိတ်ထဲမှာ ဘယ်တိုင်းပြည်၊ဘယ်လူမျိုးကိုမှ မုန်းတီးနေတဲ့ စိတ်မရှိခြင်း၊ အကျိုးယုတ်လိုစေတဲ့ စိတ်မရှိခြင်းကိုက ကျေနပ်စရာလို့ပဲ ထင်ပါတယ်။ 

(ကောင်းကင်ကို)

No comments: