Friday, September 27, 2013

ငိုချင်ပေမဲ့ ရယ်ရတယ်

တိုင်းပြည်ဆိုတဲ့ မြေကွက်ကြီး
"တလက်မလေးတောင် အပါမခံနိုင်ဘူး" ဆိုသူတွေက
ကိုယ့်လယ်ကွက် ကိုယ်ပြန်တောင်းသူတွေကို
"မှားနေတယ်" လို့ ပြောကြသတဲ့။
ငိုချင်ပေမဲ့ ရယ်ရတယ်။ 

ဒီမြေမှာမွေးခဲ့တဲ့ ဘာသာခြား ကျောင်းဆရာကို
မနေ့တနေ့ကမှ ဒီမြေကြီးပေါ် လူဖြစ်လာတဲ့ ကလေးပေါက်စက
"ဧည့်သည်" လို့ ခေါ်သတဲ့။
ငိုချင်ပေမဲ့ ရယ်ရတယ်။

မိတ္ထီလာမှာ ကလေးတွေသေလို့ ငိုတဲ့မူစလင်တစ်ယောက်က
ဆက်ဒမ်နဲ့ ဘင်လာဒင်ကိုကျတော့ ကိုးကွယ်ပြန်သတဲ့။
ငိုချင်ပေမဲ့ ရယ်ရတယ်။

မန္တလေးကောလိပ် ဖြစ်လာအောင် လုပ်ခဲ့တဲ့
ဦးရာဇတ်ရဲ့ ရုပ်တု
မန္တလေးတက္ကသိုလ်မှာ ထားရေး ဆိုင်းငံ့ခံရသတဲ့။
ငိုချင်ပေမဲ့ ရယ်ရတယ်။

"ကုလား"လို့ ခေါ်တာ မကြိုက်တဲ့ အိန္ဒိယနွယ်ဖွားတယောက်က
“တရုတ်”ကို “တယုတ်”လို့ ရေးလိုက်သတဲ့။
ငိုချင်ပေမဲ့ ရယ်ရတယ်။

"တမလွန်ဆိုတာ ပုံပြင်တွေ" လို့ ပြောလိုက်တဲ့ စတီဖင်ဟောကင်းထက်
ရွာဦးကျောင်းက ဆရာတော်က
စကြဝဠာ အကြောင်း ပိုသိသတဲ့
ငိုချင်ပေမဲ့ ရယ်ရတယ်။

မြန်မာပြည် အလယ်ပိုင်းမှာ မွေးတဲ့ကုလားက
သူ့ကိုယ်သူကျ "ပသီ" လို့ပြောပြီး
ပြည်နယ်တစ်ခုမှာ မွေးခဲ့တဲ့ကုလားကို
"ကျူးကျော်သူတွေ ထွက်သွား"တဲ့။
ငိုချင်ပေမဲ့ ရယ်ရတယ်။

“ပါဏာတိပါတာ လုပ်သင့်သောအခါ” ကို
ရေးခဲ့တဲ့ ဆရာတော်ရဲ့ မေတ္တာဓါတ်ကြောင့်
ပရိတ်ရေတွေတောင် ဆူကုန်သတဲ့။
ငိုချင်ပေမဲ့ ရယ်ရတယ်။

"ဒီကောင်တွေကို ဗုံးကြဲပစ်သင့်တယ်"လို့ ဆိုခဲ့သူက
လူ့အခွင့်အရေး စာအုပ်ထုတ်လိုက်သတဲ့။
ငိုချင်ပေမဲ့ ရယ်ရတယ်။

အင်စတီကျူးရှင်း တွေ မှိုလိုပေါက်လာပေမဲ့
စားလို့မရတဲ့ မှိုတွေဖြစ်နေသေးတော့
ငိုချင်ပေမဲ့ ရယ်ရတယ်။

ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါသည်ဆိုပေမဲ့
ချောက်ထဲကို ဖြစ်နေတော့
ငိုချင်ပေမဲ့ ရယ်ရတယ်။

ကောင်းကင်ကို (စက်တင်ဘာ ၂၇၊ ၂၀၁၃)

6 comments:

မိုးယံ said...

ခေတ်နဲ့ တစ်သားတည်းပဲ...

ဝိမွန် said...

အထာမကျတာတွေကို ကွက်ကွက်ကွင်းကွင်း ရေးထားတာပဲ။ ကလောင်စွမ်းနဲ့  အမှန်တရားကို အမြဲတမ်း ဖော်ဆောင်နိုင်ပါစေ ကောင်းကင်ကို။

ဟန်ကြည် said...

ကြိုက်တယ်...ငိုချင်ပေမယ့် ရယ်ရတယ်...

သိ င်္ဂါ ရ said...

ဟုတ်တယ် ... ကို ကောင်း ကင် .....

ငိုချင်ပေမယ့်လည်း ... အမောတွေ နဲ့ ရယ်နေရတယ် ...

ရယ်မောတယ် ပေါ့ဗျာ ... :)

Khaing K Thwe said...

Good !!!

Anonymous said...

သိပ်ကောင်းတယ် စာသားလေးတွေအနှစ်သာရရှိတယ်'moret
hank.