Friday, June 28, 2013

အမွေ

ငါတို့ ခြေတွေ လက်တွေ မပြတ်ရင်တောင်
နိုင်ငံတော့ ခြေတွေ လက်တွေ ပြတ်သွားနိုင်တယ်။

မြေမြှုပ်မိုင်းလို အရာတွေ
နေ့စဉ် သတင်းစာ တချို့ပေါ်ကို ရောက်လာပြီလေ။

ကောင်းကင်ကို (ဇွန် ၂၈)

ကိုတေဇာ (လရောင်လမ်း) ရဲ့ ကဗျာတပုဒ်ကို ဖတ်ပြီး စိတ်ကူးရလာတာပါ။

Thursday, June 13, 2013

ဟောရခက်တဲ့ လက္ခဏာ

(၁)

“ငါ”ဆိုတာ မရှိဘူးလို့ ပြောသူတွေ ထဲမှာ
 “ငါတို့” အတွက် “သူတို့” ကို ရှင်းပစ်ရမယ် ဆိုသူတွေလည်း ပါတယ်။

ကိုယ်ဝန်ဖျက်ချခွင့်ကို ဆန့်ကျင်ခဲ့သူတွေထဲမှာ
သုံးယောက်မြောက် ကလေးငယ်ကို လူစာရင်း မသွင်းချင်သူတွေလည်း ပါတယ်။

လမ်းပေါ်ကခွေးလေးကို သနားတဲ့ သူတွေထဲမှာ
ကလေးတွေ သတ်ခံရတာကို ဝမ်းသာတဲ့သူတွေလည်း ပါတယ်။

ဂုဏ်တော်တွေကို code လုပ်နေတဲ့ လူအုပ်ကြီးထဲမှာ
မြို့ပျက်ကြီး တခုလည်း ပါတယ်။

(၂)

မျက်မမြင် တွေထဲမှာ
ဧဝရက်ကို အောင်နိုင်သူလည်း ပါတယ်။

နားမကြားတွေထဲမှာ
ဂီတ ဘုရားတပါးလည်း ပါတယ်။

တိရစ္ဆာန်တွေထဲမှာတောင်
ကမ္ဘာကျော်တွေ ပါတယ်။

ဆေးစွဲနေသူတွေထဲမှာတောင်
ငါတို့ ဦးညွတ်သင့်သူတွေ ပါတယ်။

 ကောင်းကင်ကို (ဇွန် ၁၃၊ ၂၀၁၃)

Wednesday, June 5, 2013

ဂန္ဓီရဲ့ ဆုတောင်း



[နောင်ဘဝအဖြစ်] အသစ်တဖန် မွေးဖွားခံရမှာကို ကျနော် မလိုချင်ပါဘူး။ ဒါပေမဲ့ တကယ်လို့ ကျနော် ပြန်လည် မွေးဖွားခံရမယ် ဆိုရင် အနိမ့်ဆုံးအလွှာဝင် ဇာတ်နိမ့်တယောက် အဖြစ် ပြန်လည် အမွေးခံသင့်ပါတယ်။ ဒါမှ အနိမ့်ဆုံးအလွှာက ဇာတ်နိမ့် တွေရဲ့ ဝမ်းနည်းပူဆွေးမှုတွေ၊ နာကျင်မှုတွေ၊ အစော်ကားခံရမှုတွေကို မျှဝေခံစားနိုင်မှာ ဖြစ်ပြီး၊ ကျနော်နဲ့တကွ သူတို့တွေ အဲဒီလို စိတ်ပျက်စရာ ကောင်းလှတဲ့ အခြေအနေတွေကနေ လွတ်မြောက်လာအောင် ကျနော် အားထုတ်ကောင်း အားထုတ်မိမှာပါ။ ဒါကြောင့်မို့ ...ကျနော့်အနေနဲ့ ဘဝအသစ် ရသင့်တယ် ဆိုရင် ဗြဟ္မဏ၊ ခတ္တိယ၊ ဝေဿ ဒါမှမဟုတ် သုဒ္ဓ အနွယ်ဝင် တယောက် အဖြစ် မွေးဖွားခံရမယ့်မယ့် အစား [အနိမ့်ဆုံးဖြစ်တဲ့] အတိသုဒ္ဓ အနွယ်ဝင် အဖြစ်ပဲ မွေးဖွားပါရစေ လို့ ဆုတောင်းခဲ့ပါတယ်။

(ဂန္ဓီ)
(translated by Kaung Kin Ko)

I DO NOT want to be reborn. But if I have to be reborn, I should be born an untouchable, so that I may share their sorrows, sufferings, and the affronts leveled at them, in order that I may endeavour to free myself and them from that miserable condition. I, therefore, prayed that, if I should be born again, I should do so not as a Brahmin, Kshatriya, Vaishya or Shudra, but as an Atishudra.
(Gandhi)

ခေတ်ဆန်စွာ ဝတ်စားဆင်ယင်မှုနဲ့ ပတ်သတ်ပြီး ရေးခဲ့တဲ့ ကဗျာ

လွန်ခဲ့တဲ့ နှစ်ရက်လောက်က Facebook group တခုမှာ သူငယ်ချင်းတယောက်က ကျနော့်ကဗျာ တပုဒ်ကို နှစ်သက်လို့ share လုပ်ထားတာ တွေ့လိုက်တယ်။ အမျိုးသမီးတွေ ခေတ်နဲ့အညီ ဝတ်စားဆင်ယင်တာနဲ့ ပတ်သတ်တဲ့ ကဗျာပါ။

အဲဒီ့ share ထားတဲ့ ကဗျာရဲ့ အောက်မှာ လူတယောက် ရေးထားတဲ့ ကွန်မန့်က "ကဗျာရေးတဲ့သူရဲ့ နှမတွေ၊ အမေတွေ၊ ရည်းစားတွေကို အဲလိုဝတ်ခိုင်းပါ့လား၊ အဲလိုဝတ်တော့မှ အရသာခံပြီး ကြည့်မယ်" ဆိုတဲ့ သဘောမျိုး ရေးထားတာ တွေ့ရပါတယ်။

ကဗျာရေးသူကို၊ share လုပ်တဲ့သူက အဲဒီ ကွန်မန့်ကြောင့် အားနာသွားလို့လား မသိဘူး။ ကဗျာကို ပြန်ဖြုတ်လိုက်တာ တွေ့တယ်။ တကယ်တော့ ရပါတယ်။ ကိုယ် လက်ခံနိုင်တဲ့ အကြောင်းအရာကို ကဗျာအဖြစ် ရေးလိုက်တာပါ။ ကျနော့် နှမတွေက သူတို့ ဆန္ဒနဲ့သူတို့၊ ပေါ်အောင်ဝတ်မယ် ဆိုရင်လည်း ကျနော့်မှာ တားခွင့်မရှိပါ။ တားခွင့်ရှိမယ် ဆိုရင်တောင် တားချင်စိတ် မရှိပါ။ သူတို့စိတ်ကို သူတို့ပဲ ပိုင်ပါတယ်။

သူတို့ အဲလို ခေတ်ဆန်ဆန် ဝတ်ကြလို့ ယောကျာ်းတွေက အရသာခံကြည့်တာပဲ ဖြစ်ဖြစ်၊ စိတ်နဲ့ ပြစ်မှားတာပဲ ဖြစ်ဖြစ် လုပ်မယ်ဆိုရင်လည်း ကျနော့်အတွက် စိတ်ဆိုးစရာ မဟုတ်ပါ။ အဲလိုကြည့်ရုံ၊ စိတ်နဲ့ပြစ်မှားရုံ သက်သက်က ကျနော့်နှမတွေ အပေါ် အကျိုးသက်ရောက်မှာမှ မဟုတ်တာ။ ကဗျာကိုလည်း ဒုတိယ အကြိမ် ပြန်တင်လိုက်ပါတယ်။  (ဇွန် ၄၊ ၂၀၁၃)

ခေတ်ကဆွဲဖွင့်လိုက်တဲ့ အလှ

အခု ငါဖတ်နေတဲ့ ကဗျာက
စကတ် တိုတိုလေးနဲ့။

ငါလည်း
သွေးနဲ့ကိုယ် သားနဲ့ကိုယ်ပဲ
ကိုင်ထားတဲ့ သစ်သားမီးခြစ်က မီးတောက်
ငါ့လက်ကိုလာမဟပ်မီအထိ
ယဉ်ယဉ်ကျေးကျေး ငေးကြည့်မိတယ်။

အဲဒီ့အချိန်မှာ
ငါ့မျက်နှာပေါ်မှာဖုံးထားတဲ့ ငါ့မျက်နှာ
ဖုံးမရဖိမရ ကွာကျသွားလို့
ဝါကျနှစ်ကြောင်းတွေ့လိမ့်မယ်။
‘အပျော်ဖတ်’ ဆိုရင် မကြိုက်ဘူး
‘အပြတ်ဖော်’ ရင်တော့ ကြိုက်တယ်။

ဒီအချိန်မှာ ယဉ်ကျေးမှု အကြောင်း လာမပြောပါနဲ့
ယဉ်ကျေးမှုဆိုတာ ရှုထောင့်တခုပါပဲ
တချို့က အရေပြားတထောက်စာ နီတိနဲ့ ပြောကြတယ်
လုပ်ချင်တာလုပ်…အမြင်မရိုင်းစေနဲ့တဲ့။
တကယ်တော့
အပေါ်ယံယဉ်ကျေးမှုဆိုတာ
အကုသိုလ်ဆန်ပြီးသား လူ့သဘာဝမှာ
ဟန်ဆောင်မှုတခု ထပ်တိုးလိုက်တာပဲ ရှိတယ်။

ရေးသူနဲ့ ဖတ်သူ
ကြည်ဖြူနေသမျှ
လောကီမှာ ဓမ္မ ပါပဲ။

ရေစီးကြောင်းကို ဓားနဲ့ ပိုင်းဖို့ပြောတဲ့
လူကြီးမင်းတို့ကို
တခုတော့ မေးချင်တယ်။
ခေတ်က ဆွဲဖွင့်လိုက်တဲ့အလှကို
မခံစားဖူးတဲ့သူ ဘယ်သူရှိလို့လဲ။

ကောင်းကင်ကို (ဇန်နဝါရီ ၂၄၊ ၂၀၁၁)