Tuesday, August 31, 2010

တွေ့ရှိမှုမှုများ

နားခိုရာကိုရှာတယ်
လမ်းတွေပဲတွေ့တယ်။

အရိပ်ကိုရှာတယ်
အမှောင်ကိုပဲတွေ့တယ်။

အချစ်ကိုရှာတယ်
ကိုယ့်ကိုယ်ကိုပဲတွေ့တယ်။
(ကောင်းကင်ကို)

Tuesday, August 24, 2010

တောင်ပံများရဲ့ သဘာဝ

ပြေးချင်တယ်
ငါ့ကိုယ်ငါ လိုက်မမီတော့တဲ့အထိ။
ပျံသန်းချင်တယ်
ငါ့ကိုယ်ငါ မမြင်နိုင်တော့တဲ့အထိ။

တွေးချင်တယ်
ငါ့ကိုယ်ငါတောင် ချပြလို့မရနိုင်တော့တဲ့အထိ။
ဆွေးနွေးချင်တယ်
ငါ့ကိုယ်ငါ ချွေးပျံရတဲ့ အထိ။

ငြင်းချင်တယ်
ငါ့ကိုယ်ငါ မရှင်းနိုင်တော့တဲ့ အထိ။
သြော်…
ရှင်းချင်တယ်
ငါ့ကိုယ်ငါ မငြင်းနိုင်တော့တဲ့ အထိ။

ထမေးချင်တယ်
ငါ့ကိုယ်ငါ မဖြေနိုင်တော့တဲ့အထိ။
ချရေးချင်တယ်
ငါ့ကိုယ်ငါ မျက်လုံးပြူးရတဲ့အထိ။

အတောင်ပံတွေ လွတ်လပ်ချင်တယ်
ငါ့အမိန့်ငါတောင် မနာခံတော့တဲ့အထိ။
အမှီအခိုကင်းချင်တယ်
အနာဂတ်မှာ ငါ့ခြေထောက်ပေါ်မှာတောင် ငါရပ်စရာ မလိုတော့တဲ့အထိ။

မြင့်မားချင်တယ်
ငါ့ကိုယ်ငါ ရှိခိုးနိုင်သည်အထိ။
ဈာန်ရချင်တယ်
ငါ့အဆင့်ထိငါ ပြန်မကျနိုင်တော့တဲ့အထိ။

အလင်းပွင့်လေးတခု အဖြစ်နဲ့ ရောင့်ရဲချင်တယ်။
ငါ့တကိုယ်စာငါ ခပ်ဝါးဝါးလေး မြင်ရသည်အထိ။
ဗလာလက်တစုံနဲ့
ကဗျာစက်ရုံလေးဖြစ်ချင်တယ်
ငါ့ကိုယ်ငါ ခူးဆွတ်လို့မနိုင်တော့တဲ့အထိ။

(ကောင်းကင်ကို)

Friday, August 20, 2010

Hallucination

သစ်သီးတွေကို ချိုတယ်ထင်တော့
သစ်သီး အခွံတွေက ဟားတိုက်တယ်။

ဂီတသံကို သာယာတယ် ထင်တော့
နားလေးသူတွေက ဟားတိုက်တယ်။

ဘုရားကျောင်းကန်တွေ တန်ခိုးရှိတယ် ထင်တော့
ငလျင်တွေက ဟားတိုက်တယ်။

ကောင်းကင်ဘုံတဲ့၊ အထက်အရပ်၌တဲ့
လုံးနေတဲ့ကမ္ဘာက ဟားတိုက်တယ်။

အစွဲအလမ်းတွေက သစ်ပင်တွေပေါ့
မိရိုးဖလာတွေကို ပုဆိန်တွေအဖြစ် အာရုံမှားခဲ့တယ်။

သြော်...သစ်ပင်ကို ခုတ်ရမယ့် ပုဆိန်တွေ
သစ်ပင်မှာ လာစိုက်နေခဲ့။
ကောင်းကင်ကို

Tuesday, August 17, 2010

ကောင်းကင်ကိုရဲ့ အတ္ထုပ္ပတ္တိ

အပျင်းတွေ စောင်လိုခြုံခဲ့တယ်
ပုလင်းတွေ တောင်လိုပုံခဲ့တယ်။

ကောင်းကင်ကို

Tuesday, August 10, 2010

ကြိုးညှိခြင်း

တံလျှပ်တွေထဲမှာ ယုံကြည်ချက်နဲ့
ငါးမျှားခဲ့တဲ့သူ ဖြစ်ဖူးတယ်။

‘အဖြေ’တွေချည်း ‘လှေနံဓားထစ်’ရှိတဲ့ အရာတွေမှာ
‘မေးခွန်း’တွေသာ လိုက်ရှာမိခဲ့။

ပိဋကတ်သုံးပုံထဲမှာလည်း
ဘုရားမတွေ့ခဲ့ဘူး။
သမ္မာကျမ်းစာထဲမှာလည်း
ဘုရားမတွေ့ခဲ့ဘူး။
ဘတ်ဂဗတ်ဂီတာ ထဲမှာလည်း
ဘုရားမတွေ့ခဲ့ဘူး။
ကိုရန် ကျမ်းစာထဲမှာလည်း
ဘုရားမတွေ့ခဲ့ဘူး။

ငါ့ ရင် ဘယ်ဘက်အခန်းထဲမှာတော့
ဘုရားတဆူ သီတင်းသုံးနေတဲ့
စစ်ဌာန တခုလား?
စစ်ဘုရင်တပါး သိမ်းပိုက်သွားတဲ့
စေတီပျက်တဆူလား?
ထင်ထင်ရှားရှားရှိနေသလိုလို
ဝေဝေဝါးဝါးသိနေတယ်။

သူငယ်ချင်း…
ဒီည…ငါ…တရားမနာတော့ဘူး၊
ကိုယ့်ရင်ခုန်သံကိုယ် ပြန်နာရဦးမယ်။
ကောင်းကင်ကို

Tuesday, August 3, 2010

ချစ်တယ်

ချစ်တယ်
နင့်ကိုချစ်မိမှ
ငါနဲ့ငါ တော်တော် ဈေးကွာသွားတယ်။

ချစ်တယ်
ကမ္ဘာ့အတော်ဆုံး မျက်လှည့်ဆရာဟာ ငါပဲ။
ငါပြနေတဲ့ မျက်လှည့်ကို
ငါကိုယ်တိုင်တောင် အံ့သြရတယ်။

ချစ်တယ်
ဒီစကားလေးမပြောခင်မှာ
ငါတယောက်တည်း နှစ်ကိုယ်ခွဲ
သူများဦးသွားမှာ ကြောက်တဲ့ကောင်ရယ်
စိတ်ဆိုးသွားမှာ ကြောက်တဲ့ကောင်ရယ်
တကောင်နဲ့ တကောင်
ရန်စောင်လိုက်ကြသေးတယ်။

ချစ်တယ်
အချစ်မှာ
မိုးကြိုးက လျှပ်စီးထက် အရင်လာတယ်။
ငါ့ပန်းပွင့်စကား မိုးကြိုးသွားကို ကြားအပြီးမှာ
သူ့မျက်နှာမှာ ရှက်သွေးတွေစို
အနီရောင် လျှပ်စီးချိုချိုကို ငါငေးလိုက်ရတယ်။

ညီမလေးရယ်
ချစ်တယ်ဆိုတဲ့ စကားကြောင့်
နင့်မျက်နှာ ဘယ်မှာထားရမှန်းမသိရင်
ငါ…မျက်လုံးတွေကိုမှိတ်
အာရုံထဲမှာ ကင်းဗတ်စ တခု ချိတ်လိုက်ပါ့မယ်
နင့်မျက်နှာလေး လာထားဖို့။
ကောင်းကင်ကို