Sunday, November 12, 2023

မြန်မာ Diogenes

 ကိုဦးကို အရင်က မသိခဲ့ပေမယ့် သူ့ရဲ့ စိတ်ဓာတ်အစိတ်အပိုင်း တချို့ကို သဘောကျတယ်ဆိုတာက 

သူက လောကကြီးကို လက်တွေ့ ပြယ်ရယ်ပြုသွားတာနဲ့ တူလို့။ ကျွန်တော်တို့လို လောကကြီး အဓိပ္ပါယ်မဲ့ကြောင်း လျှောက်ပြောမနေဘဲ လက်တွေ့ ပြက်ရယ်ပြုသွားတာ။ ဘာ ဒဿနမှ ထုတ်မနေဘဲ။

မြန်မာပြည်ရဲ့ Diogenes လို့ တင်စား ပြောလို့ရမလား။ တခြားနိုင်ငံမှာတော့ ခုခေတ်မှာ Diogenes ဆန်ဆန်လူတွေ အများကြီး ရှိပါတယ်။ 

အဲလိုလုပ်ဖို့က သတ္တိလည်း လိုတယ်။ ဆက်ဆံဖူးသူတွေ အပြောအရဆို သူက မောက်မာရိုင်းစိုင်းတဲ့ စိတ်လည်း မရှိဘူး။ နိုင်ငံခြားက တချို့သူတွေလို စာအုပ်ရေးဖို့ လမ်းပေါ်မှာ တစ်နှစ်လောက် experiment လုပ်တာလည်း မဟုတ်ဘူး။ အသူက အဖြစ်အပျက်တွေကို အကုန်မှတ်မိနေသေးပြီး၊ လူတွေပြန်ရေးကြတဲ့ သူ့အပြုအမူ အပြောအဆိုတွေအရဆိုရင်လည်း သူက ရူးနေတာလို့ definition ဖွင့်ဖို့လည်း ခက်တယ်။ သာမန်လူတွေနဲ့ မတူမှတော့ abnormal လို့တော့ ပြောလို့ရတာပေါ့။ 

လူတိုင်းဝိုင်းရေးကြ ဝိုင်းမွှမ်းကြတော့ မျက်စိနောက်စရာဖြစ်သွားတာတော့ ရှိတာပေါ့။ ဒါပေမယ့် သူကတော့ ဝိုင်းမွှမ်းဖို့ရော၊ မျက်စိနောက်အောက် လုပ်ဖို့ရော ရည်ရွယ်ခဲ့တာ မဟုတ်။ ကျွန်တော်တို့ ထင်ကြသလို လောကကြီးကို အရွဲ့တိုက်တာ မဟုတ်ဘဲ ကြောင်သွားတာ ဆိုရင်တောင် ဘယ်သူ့ကိုမှ ဒုက္ခမပေးဘဲ ချစ်စရာ၊ သဘောကျစရာ ကြောင်သွားတာလို့ ပြောရမှာပါ။ ဒါပေမယ့် လောကကြီးကို အရွဲ့တိုက်ခြင်းနဲ့ ရူးခြင်း/ကြောင်ခြင်းတို့ရဲ့ စည်းမျဉ်းကရော definition ဖွင့်လို့ ရရဲ့လား။

မျက်စိနောက်စရာ ဖြစ်တာချင်း တူရင်တောင်.... သွေးစုပ် ခရိုနီ လုပ်ငန်းရှင်ကြီးတွေကို အမွှမ်းတင်နေကြတာထက် သူ့လိုလူမျိုးကို အမွှမ်းတင်နေကြတာကို ကျွန်တော်တော့ သဘောကျတယ်။

သူ လမ်းပေါ်မှာ အိပ်တာ တခုတည်းနဲ့ရော ရူးတယ်လို့ ပြောလို့ရပါ့မလား။ Diogenes ကိုရော ရူးတယ်လို့ ပြောလို့ ရပါ့မလား။ ရူးတယ်လို့ ပြောရင်တောင် ရူးပုံရူးနည်း ကွာမယ်ထင်တယ်။ အဲဒါဆိုရင်တော့ Diogenes ကိုလည်း ရူးတယ်လို့ ပြောရမှာပဲ။ ပြောလည်း ပြောကြတာပါပဲ။ ""a Socrates gone mad" လို့

Saturday, November 11, 2023

ပျော်ရွှင်ခြင်းမြို့တော် ရဲ့ ဒဿန

 တရားမျှတမှု ဆိုတာကိုလည်း ခံရတဲ့ဘက်က အရေအတွက်များမှ၊ သို့မဟုတ် ပိုပြီးယေဘုယျကျ generalize လုပ်ရရင် ပါဝါတခုရှိမှ လူတွေက အလေးထားတာ၊ ရေးကြီးခွင်ကျယ်လုပ်ကြတာ။ တနည်းအားဖြင့် အရေအတွက် ပါဝါ၊ အသံထုတ်တင်ပြနိုင်မှု ပါဝါ၊ ပါဝါရှိသူတွေနဲ့ မဟာမိတ်ဖြစ်မှု ပါဝါ စသည်ဖြင့်ပေါ့။ မြန်မာနိုင်ငံကလူတွေ မတရားခံနေရတာကို ကမ္ဘာက လက်ပိုက်ကြည့်နေတယ်။ ကမ္ဘာကြီးနဲ့ ခြုံကြည့်ရင် အရေအတွက်အရရော၊ ပါဝါ အရရော အရေးမှ မပါတာ။ ဒါပေမယ့် အသံထုတ်နိုင်မှု ပါဝါ၊ မီဒီယာ ပါဝါက ရှိနေတော့ လုံးဝ လျစ်လျူရှုမှုတော့ မဖြစ်ဘူးပေါ့။ 

မြန်မာမှာရော။ မြန်မာက တချို့က ၂၀၂၁ မတိုင်ခင် အခြေအနေကို ပြန်တမ်းတကြတယ်။ တကယ်တော့ အများစုအတွက် ကောင်းနေပေမယ့် ခံရသူအနည်းစု အတွက်တော့ ခုထက်တောင်ဆိုးတာလည်း ရှိတယ်။ အထူးသဖြင့် (ရုပ်ပိုင်းနှိပ်စက်ခံရမှုတွေ ဖယ်ထားမယ်ဆိုရင်) စိတ်ပိုင်းခံစားရမှုမှာ ခုထက်ဆိုးတယ်။ ခုကမှ မတရားမှုကို တော်လှန်ရင် ဒီနိုင်ငံသားတွေကြားမှာ နာမည်ကောင်း ရသေးတယ်။ ရဲဘော်ရဲဘက်တွေ များသေးတယ်။ အဲ့တုန်းကကျ မတရားခံရတဲ့အပြင် အဆဲပါ ခံရတာ။ နာမည်ပါသေတာ။ လုပ်ရပ်ကောင်းရင် နာမည်ကောင်းကျန်မယ်၊ သမိုင်းကောင်းမယ်ဆိုတာ အမြဲမမှန်ဘူး။ အခြေအနေပေါ် မူတည်ပြီးမှ မှန်တာပါ။ 

ဒါကြောင့် လူများစု (သို့မဟုတ်) ပါဝါကြီးတဲ့အုပ်စု တွေဟာ သူတို့ သာယာပျော်ရွှင်ရေး၊ သူတို့ လုံခြုံရေးအတွက် အဆင်ပြေနေပြီဆိုရင် လူနည်းစု (သို့မဟုတ်) ပါဝါနည်းသူတွေ ဘယ်လိုဖြစ်နေနေ ၊ သေသေရှင်ရှင် ..... လူများစု (သို့မဟုတ်) ပါဝါကြီးသူတွေရဲ့ အနေအထား မပျက်ရေးအတွက် ဟိုသူတွေကို ဖိနှိပ်ထားတာပေါ့။ မြန်မာနိုင်ငံက ရိုဟင်ဂျာ ကေ့စ်ကိုပဲကြည့်။ သူတို့ဆို ရုပ်ပိုင်းအရ ခံရတာရော။ ခံရတဲ့အဖြစ်ချင်းတူရင်တောင် ခုကာလမှာ ခံရသူတွေလို စာနာမှု မရဘဲကျူးကျော်သူတွေအဖြစ်၊ ကိုယ့်အိမ်ကိုယ်မီးရှို့ပြီး ပြဿနာရှာသူတွေအဖြစ်ပါ အကုန်လုံးနီးပါးရဲ့ ဝိုင်းစွပ်စွဲခြင်းကို ခံရတာ။ အဲဒါ တချို့တွေ ပြန်တမ်းတနေတဲ့ ၂၀၂၁ မတိုင်ခင် ဒီမိုကရေစီဆိုတဲ့ခေတ်နော်။ 

ဒီအောက်က ဟာကတော့ ဟားဗတ် ဒဿန ပါမောက္ခ မိုက်ကယ်ဆန်းဒဲလ် ဆီက တရားဝင် ခွင့်တောင်းပြီး ကျွန်တော်ဘာသာပြန်ထားတဲ့ မထုတ်ဖြစ်သေးတဲ့ စာအုပ်ထဲကပါ။

(ကောင်းကင်ကို)

*****

ပျော်ရွှင်ခြင်းမြို့တော်

နှိပ်စက်မှုကိစ္စ ဒုတိယဗားရှင်း (အပြစ်မဲ့ သမီးငယ်ပါတဲ့ ဗားရှင်း) ဟာ အာဆူလာခရိုဘာလီဂွင် (Ursula K. Le Guin) ရဲ့ ဝတ္ထုတိုတစ်ပုဒ်ကို သတိရစေပါတယ်။ “အွမ်းမလက်(စ်) (Omelas) ကနေ ထွက်ခွာသွားသူများ” ဆိုတဲ့ အဲဒီဝတ္ထုတိုဟာ အွမ်းမလက်(စ်)လို့ ခေါ်တဲ့ မြို့တစ်မြို့ အကြောင်းကို ရေးထားတာပါ။ ပျော်ရွှင်ခြင်းတွေနဲ့ ပျော်ပွဲရွှင်ပွဲတွေ ပြည့်လျှမ်းနေတဲ့ မြို့တော်။ ဘုရင်တွေ ကျွန်တွေမရှိတဲ့နေရာ၊ ကြော်ငြာတွေ မရှိတဲ့နေရာ၊ စတောအိတ်ချိန်း မရှိတဲ့နေရာ၊ အဏုမြူဗုံး မရှိတဲ့နေရာ။ အဲဒီနေရာဟာ [အကောင်းတွေချည်း သက်သက်စုနေလို့] စိတ်ကူးကြည့်ဖို့ လက်တွေ့မကျဘဲ ဖြစ်နေမှာစိုးလို့ စာရေးဆရာမ ဟာ စာဖတ်သူတွေကို မြို့အကြောင်း ‌နောက်ထပ်အချက်တစ်ချက်နဲ့ မိတ်ဆက်ပေးခဲ့ပါတယ်။ “အွမ်းမလက်(စ်)မှာ အများပြည်သူနဲ့ဆိုင်တဲ့ ခမ်းခမ်းနားနား အဆောက်အဦးတွေထဲက တစ်ခုရဲ့ မြေအောက်ထပ်

ထဲမှာ ဒါမှမဟုတ် မြို့တော်ရဲ့ ကျယ်ကျယ်ဝန်းဝန်း အိမ်တစ်အိမ်ရဲ့ မြေအောက်ထပ်မှာ အခန်းတစ်ခန်း ရှိပါတယ်။ တံခါးတစ်ချပ်ရှိပေမဲ့ သော့ခတ်ထားတဲ့အခန်း၊ ပြတင်းပေါက်မဲ့ အခန်း။” အဲဒီအခန်းထဲမှာတော့ ကလေးလေးတစ်ယောက် ထိုင်လို့။ ကလေးက ဦးနှောက်မဖွံ့ဖြိုး၊ အာဟာရဓာတ်ကလည်း ချို့တဲ့နေတဲ့အပြင် ပစ်အထားကလည်း ခံရသေး။ အဲဒီကလေးဟာ သူ့နေ့ရက်တွေကို အကြီးအကျယ် စိတ်ဆင်းရဲခြင်းနဲ့ဖြတ်သန်းနေရတာ။ 

“အဲဒီကလေးလေး အဲဒီနေရာမှာ ရှိတာကို သူတို့အားလုံး သိကြတယ်။ အွမ်းမလက်(စ်)က လူအားလုံး သိကြတယ်။ ….. အဲဒီကလေးလေး အဲဒီမှာ ရှိကိုရှိနေမှဖြစ်မယ်ဆိုတာကိုလည်း သူတို့အားလုံး သိကြတယ်။ [ပြီးတော့] သူတို့ရဲ့ ပျော်ရွှင်မှု၊ သူတို့မြို့တော်ရဲ့ အလှအပ၊ သူတို့ကြားက ခင်မင်ရင်းနှီးခြင်းတွေရဲ့ နူးညံ့သိမ်မွေ့မှု၊ သူတို့ရင်သွေးတွေရဲ့ ကျန်းမာရေး….. ကောက်ပဲသီးနှံ ပေါများကြွယ်ဝမှုနဲ့ သူတို့မိုးကောင်းကင်အောက်က သာယာတဲ့ ရာသီဥတု အခြေအနေတွေ၊ အဲဒါတွေအားလုံးဟာ ဒီကလေးရဲ့ ဆိုးဝါးလွန်းတဲ့ ဒုက္ခဝေဒနာတွေပေါ်မှာ လုံးလုံး တည်မှီနေမှန်းကိုလည်း သူတို့အားလုံး နားလည်ကြတယ်။ ကလေးလေးကို မသတီစရာ နေရာကနေ ထုတ်ပြီး နေခြည်အောက်မှာ ကျွေးမွေးစောင့်ရှောက်မယ်ဆိုရင်၊ ကလေးလေးကို သန့်ရှင်းရေးလုပ်ပေး၊ အစားအသောက် ကောင်းကောင်းကျွေး၊ သက်သောင့်သက်သာရှိအောင် စီမံပေးမယ်ဆိုရင် တကယ်ကို ကောင်းလှတဲ့ လုပ်ရပ် ဖြစ်မှာပါ။ ဒါပေမဲ့ အဲဒီလို စီမံလိုက်ပြီဆိုတာနဲ့ အဲဒီရက်၊ အဲဒီနာရီမှာ အွမ်းမလက်(စ်) မြို့တော်ရဲ့ ကြွယ်ဝမှု၊ အလှအပ၊ သာယာချမ်းမြေ့မှုတွေ အားလုံး ဆုတ်ယုတ်ပျောက်ကွက်သွားမှာပါ။ ပျက်စီးသွားမှာပါ။ အဲဒီအချက်တွေဟာ [အွမ်းမလက်(စ်) မြို့တော်အတွက်] ဥပဒေသတွေပါ။

အဲဒီ ဥပဒေသတွေကို ကျင့်ဝတ်ပိုင်းအရ လက်ခံထိုက်ပါသလား။ ဘန်သမ်ရဲ့ အသုံးချမှုအဓိကဝါဒနဲ့ ပတ်သတ်ပြီး ပထမအမျိုးအစားကန့်ကွက်ချက်ကတော့ အခြေခံ လူ့အခွင့်အရေးတွေကို အကြောင်းပြချက်ပေးတဲ့ ကန့်ကွက်ချက်ပါ။ အဲဒီဥပဒေသတွေဟာ ပျော်ရွှင်ခြင်း မြို့တော်တစ်ခုကို ဖန်တီးပေးနိုင်မယ် ဆိုရင်တောင် အဲဒါတွေကို လက်သင့်မခံနိုင်ဘူးလို့ ပထမအမျိုးအစား ကန့်ကွက်ချက်က ဆိုပါတယ်။ လူအများကြီးရဲ့ ပျော်ရွှင်မှုအတွက် ရည်ရွယ်ပြီးလုပ်တာဆိုရင်တောင်မှ အပြစ်ကင်းတဲ့ ကလေးတစ်ယောက်ရဲ့ လူ့အခွင့်အရေးတွေကို ချိုးဖောက်တာဟာ မှားပါတယ်။

မိုက်ကယ်ဆန်းဒဲလ်