Wednesday, August 30, 2023

တော်လှန်ရေး တောက် (တော်လှန်ရေး တာအို)

အာဏာရှင်တွေကို အတိုက်အခံတွေက တော်လှန်ကြတယ်။ အဲဒီအတိုက်အခံတွေထဲမှာ အာဏာရှင် စရိုက်တွေနဲ့ ကိုယ်ကျိုးစီးပွားရှာသူတွေ ရှိလာရော။ (အနည်းစုပါ၊ အကုန်မဟုတ်)

အဲဒါနဲ့ အဲဒီ အတိုက်အခံတွေကို ထောက်ပြမယ့် third party ဆိုတာတွေ ပေါ်လာတယ်။ အတိုက်အခံထဲက အတိုက်အခံတွေပါ။ ဘယ်ဘက်ကမှ လက်မခံလို သတ္တိပိုကောင်းကြရတယ်။ ဒါပေမယ့် အဲဒီထဲမှာလည်း ကိုယ်ကျိုးစီးပွားအတွက် third party ဖြစ်သူတွေ၊ နေရာမရလို့ third party ယောင် ဆောင်လာသူတွေ ပါလာရော။ (အနည်းစုပါ၊ အကုန်မဟုတ်)။ ဥပမာ စစ်ကောင်စီ အဖွဲ့ဝင်တောင် ဖြစ်သွားခဲ့သေးတဲ့ ဦးသိန်းညွန့်ရဲ့သား၊ ခိုင်မင်းတို့ပေါ့။ စေတနာနဲ့ လူမုန်းခံ ထောက်ပြသူတွေစေ၊ မတရားတာကို မကြိုက်လို့ လူမုန်းခံ ထောက်ပြသူတွေကို ..... အဲလို ခိုင်မင်းတို့လို သူ့အဖေ နေရာမရလို့ third party ယောင်ဆောင်လာသူတွေက ဇွတ် ဝင်ရောလာရော။ တချို့ကလည်း ရိုးတော့ စေတနာမှန်ထင်ပြီး လက်ခံကြတာပေါ့။ အဲလိုနဲ့ fourth party ထောင်ရမလိုတောင် ဖြစ်လာတယ်။ ဟဲဟဲ
ဒီလိုနဲ့ မြန်မာ့ နိုင်ငံရေးမှာ freedom of expression ကို အသုံးချရမှာတောင် ခပ်လန့်လန့် ဖြစ်လာကြတယ်။ မြန်မာ့နိုင်ငံရေးမှာ ပြောသင့်တာတွေ့ရင်တောင် ဝင်ပြောရမှာကို စိတ်အားမထက်သန်ဘဲ ဖြစ်လာကြတယ်။
ကဗျာဆရာ မောင်ဖီလာ ရေးဖူးတဲ့ သဘောတစ်ခု သတိရတယ်။ စာသားအတိအကျတော့ မမှတ်မိဘူး။ ဘာမှမရေးခြင်းအားဖြင့် အရည်အချင်းကို ထိန်းသိမ်းထားတယ် ဆိုလားပဲ။
လောက်ဇူ ရဲ့ Taoism ကလည်းပြောတယ်။ Flow လေးကို ဝင်မနှောင့်နဲ့တဲ့။ သူ့သဘောသူဆောင်နေတဲ့ အရာလေးတွေကို ဝင်မနှောင့်ခြင်းဟာ တချို့အခြေအနေတွေမှာ အလုပ်ဖြစ်တယ်။ (ထိုင်နေလို့တော့ မရဘူးပေါ့လေ၊ flow အတိုင်းတော့ လိုက်ရတယ်)
တကယ်စစ်မှန်တဲ့ တော်လှန်ရေးဆိုတာလည်း လူတစ်ဦးတစ်ယောက်တည်းကြောင့် မဟုတ်ဘဲ သူ့သဘောသူဆောင်နေတာ။ လူတစ်ဦးတစ်ယောက်ချင်းစီထက် တော်လှန်ရေးက ပိုကြီးတယ်။ အောင်မြင်စေချင်ရင် flow အတိုင်းတော့ လိုက်ရတာပေါ့။ ဒါပေမယ့် တော်လှန်ရေးထက် လူတစ်ယောက်ချင်းက ပိုကြီးသယောင်နဲ့ ဝင်နှောင့်လို့တော့ အလုပ်ဖြစ်မှာ မဟုတ်ဘူး။ ဒီလိုဆိုတော့ မဝေဖန်ရဘူးလား။ ဝေဖန်ရမှာပေါ့။ ဝေဖန်ခြင်းကိုက တော်လှန်ရေးပဲ။ ဒါပေမယ့် ဥပမာ ထပ်ပေးရရင် တော်လှန်ရေး အကျိုး၊ တော်လှန်ရေး flow မဟုတ်ဘဲ ..... ခိုင်မင်းတို့လို ကိုယ်ကျိုး flow အတွက် ဝင်ပါတာ၊ ဝင်လုပ်တာကျ အနှောင့်အယှက်ပဲ ဖြစ်စေတယ်။ အဲလိုမျိုးဆိုရင်တော့ အဲဒါမျိုး လုပ်မယ့်အစား ငြိမ်ငြိမ်လေး နေတာကတောင် ပိုကောင်းသေးတယ်။
လက်ရှိကာလ ဘယ်သူ့ကိုမှ ဦးတည်ရေးခြင်း မဟုတ်။ ပွဲရှာခြင်း မဟုတ်။ ခိုင်မင်းအကြောင်း တွေးမိလို့။
All reactions:
Mg Yay Chan, Banyar Chan Mon and 1 other

Saturday, August 26, 2023

[ ခေါင်းထဲက အသံတွေ - အပိုင်း (၁) ]

 အသံတစ်ခုက ပြောတယ်။ ဟိုကောင် မင်းကို ဆဲနေပြီ။ 

တကယ်တော့ ဆဲလိုက်တဲ့သူရဲ့ အသံမှာ ဘာအဓိပ္ပါယ်မှ မရှိ။ အားလုံး သဘောတူ ပညတ်ထားတဲ့ လူလုပ် အဓိပ္ပါယ်တွေပဲ ရှိတယ်။ အဲဒီ ယေဘုယျသဘောတူညီထားတဲ့ လူလုပ် ပညတ်တွေက ကျွန်တော်တို့ကို ကျွန်ပြုထားတယ်။ မင်းကို ခွေးလို့ ပြောရင် မင်း နှလုံးခုန်သံတွေ မြန်လာရမယ်၊ မျက်နှာနီရဲ၊ အသံပြောင်းပြီး ဒေါသထွက်လာရမယ် စသည်ဖြင့်ပေါ့။ ကိုယ်ခန္ဓာမှာ ဘာတွေ ဖြစ်လာလဲ အသေးစိတ်တော့ ကျွန်တော် မသိပါဘူး။ ဒါပေမယ့် လူလုပ် ပညတ်စကားတစ်ခွန်း ပြောလိုက်တာနဲ့ ကြားရသူ (အများစုဟာ) ဟို လူလုပ်ပညတ်  စကားရဲ့ အမိန့်ကို သွယ်ဝိုက် နာခံရသလို ဖြစ်သွားတယ်။ ကျွန်ပြုခံရသလို ဖြစ်သွားတယ်။

ဒီနည်းနဲ့ ခွေးလို့ ပြောခံရရင် နာ၊ ငါ…မသားလို့ ပြောခံရရင်နာ၊ သောက်ပေါ လို့ ပြောခံရရင်နာကြရရော။ ခွေးလို့ ပြောလိုက်တဲ့သူက ကိုယ့်ကို နာစမ်းကွာ၊ လောင်စမ်းကွာလို့ သွယ်ဝိုက် အမိန့်ပေးလိုက်တာနဲ့ အတူတူပဲ။ တကယ်လို့ ကမ္ဘာပေါ်မှာ မရှိတဲ့ ဂြိုဟ်သားစကားတခုခုနဲ့ (ကမ္ဘာပေါ်က ဘယ်သူမှ နားမလည်တဲ့ ဘာသာစကား တခုခုနဲ့ လာဆဲတယ်ဆိုပါတော့။ လေသံတွေ၊ အမူအရာတွေမှာလည်း အီမိုးရှင်း မဲ့နေတယ်ဆိုပါတော့)။ ဒါဆို ဆဲခံရလည်း အားလုံး သဘောတူ ပညတ်ထားတာ မရှိတော့ ဘယ်သူမှ နာမှာ မဟုတ်ဘူး။ အဲဒီဖြစ်စဉ်မှာဆို ဘာဖြစ်သွားသလဲဆိုတော့ ဆဲသူက သူဖြစ်စေချင်တဲ့ သွယ်ဝိုက်အမိန့်ကို …. နားထောင်သူဆီ ပို့ပေးမယ့် ယာဥ◌် မရှိတော့တာနဲ့ တူတယ်။ ဒီတော့ အဲဒီ သွယ်ဝိုက်အမိန့် (လောင်စမ်းကွာ ဆိုတဲ့ အမိန့်နဲ့ စေတနာ)က တဘက်လူဆီ မရောက်တော့ဘူး အဆက်ပြတ်သွားတယ်။ စကားလုံးတွေအပေါ် ကျွန်တော်တို့ ခံစားကြတယ်၊ နာကြတယ်၊ တုံပြန်ကြတယ် ဆိုတာက လူလုပ်ပညတ်တွေအပေါ် ဒီလိုပြောရင် ဒီလိုနာ ဆိုပြီး ငယ်ငယ်ကတည်းက ရိုက်သွင်းခံထားရခြင်းနဲ့ survival instinct ပေါင်းပြီး ဖြစ်လာတာ ထင်ပါတယ်။ အမူအရာတွေနဲ့ တခြားအရာတွေအပေါ် တုံ့ပြန်မှုကတော့ survival instinct အရ ဖြစ်မယ်။ 

ဒီတော့ စကားလုံးတွေအတိုင်း လိုက်ခံစားကြရတဲ့ ကျွန်တော်တို့ဟာ လူလုပ်ပညတ်တွေရဲ့ ကျွန်ပြုခံရတာနဲ့ တူတယ်။ အဲလိုလူလုပ်ပညတ် တွေရဲ့ ကျေးကျွန်မဖြစ်ချင်ရင် စကားလုံးတွေကို လိုက်မခံစားနဲ့။ နောက်ဆုံး ပြောရရင် ကိုယ့်ခေါင်းထဲ ပေါ်လာတဲ့ စကားလုံးတွေကိုတောင် လိုက်မခံစားနဲ့။ ကိုယ့်ခေါင်းထဲက အသံက ၊ ကိုယ့်ခေါင်းထဲက လူလုပ်ပညတ်က ဟေ့ကောင် …. အပြစ်ခံစားစမ်းဆိုပြီး သွယ်ဝိုက် အမိန့်ပေးချင်ပေးနေမယ်။ ဟေ့ကောင် မင်းသောက်သုံးမကျဘူး၊ စိတ်ဓာတ်ကျစမ်းလို့ အမိန့်ပေးချင် ပေးနေမယ်။ လိုက်မခံစားနဲ့။

သူများပြောတဲ့ အသံဖြစ်စေ (သူများရဲ့ သွယ်ဝိုက်အမိန့် ဖြစ်စေ)၊ ကိုယ့်ခေါင်းထဲက အသံဖြစ်စေ (ကိုယ့်ခေါင်းထဲက သွယ်ဝိုက် အမိန့်ဖြစ်စေ) ….. ဗုဒ္ဓဘာသာ စကားလုံးနဲ့ ဆိုရရင် သူ့သဘောသူဆောင်နေတာ။ မိုးလေး မိနစ်ပိုင်း ရွာသလို၊ စကားလုံးမိုးလေး သူများပါးစပ်ဖျားမှာ ဖြစ်စေ၊ ကိုယ့်ခေါင်းထဲမှာ ဖြစ်စေ မိနစ်ပိုင်းလောက် မိုးရွာနေတာ။ အချိန်တန်ရင် တိတ်သွားလိမ့်မယ်။ 

ဒါပေမယ့် မျက်ကွယ်ပြုလို့ မရတာက တစ်ခုရှိတယ်။ လူတွေမှာ သက်ရှိတွေမှာ အဲလို response တွေ ပေါ်လာတာက evolution ဖြစ်စဉ် အရ။ အဲလိုမှ မဟုတ်ရင် အသက်ရှင်သန်ဖို့တော့ မဖြစ်နိုင်ဘူး။ ဒီတော့ သဘာဝ အရကို အခြေအနေအလိုက် တုံပြန်မှုတွေ (အခြေအနေ ဆိုတာမှာ သူများပြောတဲ့ စကား၊ သူများ အမူအရာ၊ ရန်ပြုမယ့် တိရစ္ဆာန်တွေရဲ့ အသံ၊ အမူအရာ) စတာတွေ ပါတော့ အဲဒါတွေကို တုံ့ပြန်ပြီး အသက်ရှင်သန်ဖို့ ရုန်းကန်နိုင်အောင် သဘာဝက ထည့်ပေးထားတာတွေ။ မီးလောင်နေတာကို  မိုးရွာနေသလို ထပ်တူပြုပြီး အချိန်တန် တိတ်သွားလိမ့်မယ်လို့ တွေးရင်တော့ မီးကျွမ်း သင်္ဂြိုဟ်ပြီးသား ဖြစ်သွားနိုင်သလိုပေါ့။ တုံ့ပြန်ခြင်းက သက်ရှိ နဲ့ သက်မဲ့ ခြားနာစေတဲ့ အရာလည်း ဟုတ်တော့ လုံးလုံးတော့ မျက်ကွယ်ပြုလို့ မရဘူးနော်။ 

ဒါပေမယ့် အဲဒီ fight or flight response ဟာ ဒီနေ့ခတ်လူတွေမှာ နေရာတကာ အကျင့်ပါကုန်တာ။ အဓိက survival အတွက်ပဲ မဟုတ်တော့ဘဲ နေရာတကာ ဖြစ်လာတယ်။ ဆဲခံရလည်း အဲဒီ response တွေ ဖြစ်လာတယ်။ ဝေဖန်ခံရလည်း ဖြစ်လာတယ်။ ဆဲခံရ၊ ဝေဖန်ခံရတာ မရှိတောင် ကိုယ့်အတွေးနဲ့တင် အန္တရာယ်ကို ကိုယ့်ဘာသာ ဖန်ဆင်းပြီး သူတော့ ငါ့ကိုဆဲတော့မလား၊ ငါ့ကို ဝေဖန်တော့ မလား စသည်ဖြင့် ခေါင်းထဲက အသံတွေက ကိုယ့်ကိုယ်ကိုယ် ဒုက္ခပေးလာတယ်။ ငါ နောက်နှစ်ကျရင် အဆင်ပြေပါ့မလား စသည်ဖြင့် လူဟာ သူများ သွယ်ဝိုက်အမိန့်တွေရဲ့ ကျေးကျွန်သာ မက ကိုယ့်ခေါင်းထဲက အသံတွေရဲ့ ကျေးကျွန်လုံးလုံးဖြစ်လာတယ်။ ကိုယ့်ဘာသာ အတွေးတစ္ဆေကို ဖန်တီးပြီး ကိုယ်ဖန်တီးတဲ့ တစ္ဆေကို ကိုယ့်ဘာသာပြန်ကြောက်လာကြတယ်။ 


ဥပေက္ခာပါရမီ ဆိုတာကို ထိထိရောက်ရောက် ကျင့်ချင်ရင် သူများတွေကို ဥပေက္ခာပြုရမှာ မဟုတ်ဘဲ  ကိုယ့်ခေါင်းထဲက တရားလွန်အသံတွေကိုပါ ဥပေက္ခာပြုနိုင်ရမှာ။ ခေါင်းထဲက အသံတွေကို ငါနဲ့ ထပ်တူ ပြုထားရင်တော့ ဥပေက္ခာပြုလို့ ရမှာမဟုတ်ပါဘူး။ ငါ့အတွေး၊ ငါ့အလို၊ ငါ့ကို ဝိုင်းပြောနေကြတယ်၊ ငါက သနားစရာ ဆိုပြီး ငါထဲမှာ တဝဲဝဲ တလည်လည် ဖြစ်နေမှာပါ။ တရားမှတ်တယ် ဆိုတာကလည်း ခေါင်းထဲက အသံတွေဟာ absolute truth မဟုတ်ဘူးလို့ သိအောင်လုပ်ခြင်းလို့ တခါတရံမှာ ပြောလို့ရနိုင်မလား မသိ။  (ဒါပေမယ့် အသံတိုင်းကို ဥပေက္ခာပြုရင်တော့ survival မဖြစ်နိုင်တာတော့ ရှိတာပေါ့)။ survival မဖြစ်ပြန်ရင်လည်း ဖြစ်တည်မှုဆိုတာ လုံးဝမရှိတော့ဘူး၊ အဲဒါနဲ့အတူ တရားသိခြင်းတွေ wisdom တွေပါ မရှိနိုင်တော့ဘူးဆိုတော့ survival ဆိုတာကလည်း လုံးဝ လျစ်လျူရှုရမယ့် အရာတော့ မဟုတ်ဘူး။ ဒါပေမယ့် survival နောက်ပဲ လိုက်နေရင် လူဟာ survival ရဲ့ ကျေးကျွန်ဖြစ်နေပြီး အာရုံငါးပါးရဲ့ တိုက်ရိုက်အမိန့် သွယ်ဝိုက်အမိန့်တွေ စတာတွေထဲမှာပဲ နစ်မြုပ်သွားမှာပါ။ 

ဒီလိုနဲ့ paradox အတွေးတစ်ခု ပေါ်လာတယ်။  survival (ရှင်သန်ရေး) နောက်ပဲ လိုက်နေရရင် ရှင်သန်မှု မရှိတော့ဘူး။ ရှင်သန်ရေးနောက်ပဲ လိုက်နေရရင် (ရှင်သန်မှုအစစ်/တန်ဖိုးရှိတဲ့ ရှင်သန်မှု) မရှိတော့ဘူး။ စက်ယန္တရားလို တုံ့ပြန်မှု၊ ရှင်သန်လိုမှုရဲ့ ကျွန်ပြုခံရခြင်းပဲ ရှိတော့မယ်။ရှင်သန်လိုစိတ်ကို မေ့ပြီး ကဗျာတစ်ပုဒ်၊ ပန်းချီကားတစ်ချပ်၊ သိပ္ပံသဘောတရားတစ်ရပ်၊ ဖီလော်ဆော်ဖီ အတွေး အဲဒါတွေကို နစ်နေတဲ့ အချိန်မှာသာ ကိုယ့်အတ္တကိုမေ့ပြီး သက်ဆိုင်ရာ အနုပညာ/ပညာရပ် အတွေးထဲမှာ စီးမျောပျော်ဝင်ပြီး ကြောင့်ကြမှုကင်းနေတဲ့ အချိန်တွေမှာ တန်ဖိုးရှိတဲ့ ရှင်သန်မှုလေးတွေပါ။ (အဲဒါလည်း absolute truth တော့ မဟုတ်ဘဲ၊ ကိုယ်ရှုထောင့်ကနေကိုယ် တန်ဖိုးရှိကြောင်း ဆိုချင်တာပါ။) ကိုယ့်အတွေးထဲမှာ ရှင်သန်ခြင်းအတွက် မကြောင့်ကြနေတဲ့ အချိန်တွေကမှ လွတ်မြောက်မှုရှိရှိ ရှင်သန်နေချိန်ပါ။

နောက်တခါမှာ ခေါင်းထဲက ကိုယ့်အတွေးတစ်ခုက ကိုယ့်ကိုဖိစီးပြီး စိတ်ထောင်းကိုယ်ကြေ ဖြစ်နေရင် အဲဒီအတွေးက ကိုယ်နဲ့မဆိုင်လို့ မှတ်ယူလိုက်ပါ။ ခေါင်းထဲက ဆူညံသံအနှောင့်အယှက် တစ်ခုလို့ ယူဆလိုက်ပါ။ 
ဒီမော်တော်ကား ဥပမာကတော့ ယူကျုဗီွဒီယို တစ်ခုမှာ ကြည့်ဖူးတာပါ။ ခေါင်းထဲက အသံတွေ တစ်နည်းအားဖြင့် အတွေးတွေဟာ လမ်းမှာဖြတ်သွားနေကြတဲ့ ကားတွေလိုပါပဲ။ ကားတွေ တစ်စီးချင်း နောက်ကို ပြေးလိုက်ဖို့ မလိုသလို အတွေးတွေနောက်ကိုလည်း ပြေးလိုက်ဖို့ မလိုပါဘူး။ တစ်ဘက်မှာ အဲဒီ လမ်းပေါ်က ကားတွေ အစီးတိုင်းကို မလာနဲ့လို့ လိုက်တားနေဖို့ မသင့်သလို သူ့ဘာသာသူ ခေါင်းထဲ ပေါ်လာတဲ့ အတွေးတွေကို မလိုချင်ဘူးဆိုပြီး လမ်းပေါ်မှာ ကားတွေကို လိုက်တားနေသလို အတွေးတွေကို လိုက်တားနေဖို့ မလိုပါဘူး။ မိုးရွာနေသလို ၊ လမ်းပေါ်မှာ ကားတွေ သူ့ဘာသာသူ သွားနေသလို သူ့သဘောသူဆောင်နေတာလို့ မှတ်လိုက်ပါ။ စိတ်သက်သာရာ ရသွားပါမယ်၊ စိတ်ငြိမ်းချမ်းသွားပါလိမ့်မယ်။ 

နောက်တစ်ခုက ဒီစာကရော ခေါင်းထဲက အသံတွေပဲ မဟုတ်ဘူးလား။ ဟုတ်ပါတယ်။ absolute truth မဟုတ်ပါ။ Absolute truth အနေနဲ့ ရေးတာ မဟုတ်ဘဲ tool တစ်ခု အနေနဲ့ ရေးတာပါ။ ဒါပေမယ့် ရောက်တတ်ရာရာ သောကအတွေး ဖိစီးမှုအတွေးနဲ့ ၊ စုစုစည်းစည်း ဆင်ခြင်မှု အတွေးတွေ၊ functional ဖြစ်တဲ့အတွေးတွေက ကွာပါတယ်။ ဒါပေမယ့် အားလုံးအဆင်ပြေ၊ မှန်လည်းမှန်၊ လွတ်မြောက်မှုလည်း ပေးမယ့် အားလုံးကို တပြိုင်တည်း ပြေလည်စေမယ့် လှေနံဓားထစ် ဖော်မြူလာတော့ မရှိပါဘူး။  


ဒါမျိုးရေးတော့ မင်းရော သူများလာဆဲလာရင် ခံနိုင်မှာလားဆိုတော့ မခံနိုင်ပါ။ တအားလောင်ပါတယ်။ အဲလို ခံနိုင်လို့ ၊ spiritual ပိုင်း အဆင့်မြင့်နေလို့ရေးတာမဟုတ်ပါဘူး။ တအားလောင်တတ်လို့ ကိုယ့်ဘာသာကိုယ် ဆုံးမရင်း ရေးတာပါ။ ဖတ်ဖူးတာ တစ်ခုရှိတယ်။ အိုဘားမားက ဂေးတစ်ယောက်ကို မေးတာထင်တယ်။ သေချာမမှတ်မိပေမယ့် သဘောကိုတော့ မှတ်မိပါတယ်။ ခင်ဗျားက ဂေးလားဆိုတော့ ဟိုလူက ပြန်ဖြေတယ်။ ကျွန်တော် လိင်ဆက်ဆံနေတဲ့အချိန် သို့မဟုတ် လိင်စိတ်ပေါ်နေတဲ့ အချိန်မှာပဲ ဂေးပါတဲ့။ ကျန်တဲ့အချိန်မှာတော့ အကုန်လုံးနဲ့ အတူတူပါပဲတဲ့။ အဲလိုပဲ ကဗျာဆရာတစ်ယောက်ဟာလည်း ကဗျာရေးနေတဲ့ အချိန်မှာသာ သို့မဟုတ် ကဗျာ သို့မဟုတ် အနုပညာခံစားနေတဲ့အချိန်မှာပဲ ကဗျာဆရာပါ။ တရားသဘောကိုလည်း အဲဒီအတိုင်းပါပဲ။ ကျွန်တော် ဒီစာအတိုင်း ဆင်ခြင်မိတာလည်း ဒီအတိုင်းပါပဲ။ လတ်တလော သတိကပ်နေချိန်၊ သို့မဟုတ် ဆင်ခြင်မိချိန်မှာပဲ အသုံးချနိုင်မှာပါ။ ကျန်တဲ့အချိန်မှာတော့ အကုန် အတူတူပါပဲ။ သတိမကပ်ချိန်မှာ ပေါက်ကွဲမိကြမှာပါ။ 
ကောင်းကင်ကို (ရေးသားချိန် 26, August, 2023)
ပုံက- AI