စစ်အစိုးရ သုံးခဲ့တဲ့ လေလှှိုင်းပေါ်က လူသတ်သမား၊ ပြည်ပအားကိုး ပုဆိန်ရိုးဆိုတဲ့ အောက်လုံးတွေ တစ်ပတ် ပြန်လည်လာပေါ့။ အဲဒီအောက်လုံးတွေ မြင်ရင် ပြည်ပမီဒီယာမှာ လုပ်နေတဲ့ သူငယ်ချင်းတွေကို မြင်ပြီး ပြုံးမိတယ်။ သူတို့ မိဘတွေက မေးရင် “မေမေရေ… ကျွန်တော်တော့ လေလှှိုင်းပေါ်က လူသတ်သမား လုပ်နေတယ်” တို့၊ “မေမေရေ...ကျွန်မတော့ ပြည်ပအားကိုး ပုဆိန်ရိုး” လုပ်နေတယ်လို့ပဲ ပြန်ဖြေရတော့မလိုလို။ ဟီး။ ပြည်ပမီဒီယာတွေမှာ လုပ်တဲ့လူ တချို့ကို သိပါတယ်။ ကိုယ်သိသလောက်တော့ အားလုံးဟာ နိုင်ငံကို ချစ်တဲ့စိတ် အထိုက်အလျောက်ရှိကြတဲ့သူ၊ ကိုယ့်နိုင်ငံအတွက် အထိုက်အလျောက် ဂုဏ်ယူချင်ကြတဲ့သူတွေပါ။ ကိုယ့်နိုင်ငံ ဂုဏ်ရှိမယ့် ဟာမျိုးပဲ ရေးချင်ကြတာ။ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးထဲက ထူးချွန်တဲ့သူတွေ၊ ကောင်းတဲ့သတင်းတွေ ပေါ်လာရင်လည်း သတင်းလုပ်ကြရတာ အမော။ ဒါပေမဲ့ သတင်းသမားဆိုတော့ အဆိုးတွေ ပါလာရင်လည်း အဆိုးကို ရေးကြရတာပါပဲ။ ဘာမှ နိုင်ငံကို သစ္စာဖောက်နေကြတာ မဟုတ်ဘူး။ ကျင့်ဝတ်ရှိတဲ့ မီဒီယာတွေဟာ ဝတ္ထုရေးသလို ရေးချင်တိုင်း လျှောက်ရေးလို့ မရပါဘူး။
ရခိုင်ကိစ္စမှာ တခါတလေ ပြည်ပမီဒီယာတွေရဲ့ တချို့သတင်းတွေ မပြည့်စုံတာ ရှိနိုင်တယ်။ တကယ်လို့ မပြည့်စုံခဲ့ဘူးဆိုရင် အာဏာပိုင်တွေက နယ်မြေထဲ သတင်းလိုက်ခွင့်ကို တားဆီး ကန့်သတ်ထားလို့ပါ။ နောက် လူတွေလက်မခံလိုတဲ့ အမှန်တွေကိုလည်း ရှောင်လွှဲလို့ ရမှာမဟုတ်ဘးူ။ ဆရာကြီး ဒေါက်တာသန်းထွန်း ပြောခဲ့သလို ပရော်ဖက်ရှင်နယ်စိတ် ရှိရပါတယ်။ သမိုင်းကို မျိုးချစ်စိတ်နဲ့ ဝင်စွက်တော့ ရှေးခေတ်မြန်မာနိုင်ငံဟာ နဂိုရှိခဲ့တဲ့ အကျယ်အဝန်းထက် အများကြီး ပိုကျယ်ပြီး သမိုင်းမမှန်တော့တာမျိုးပေါ့။ သတင်းလောကမှာလည်း မျိုးချစ်စိတ်တွေ ဝင်စွက်နေရင် ရေရှည်မှာ အကျိုးယုတ်ပြီး ဘယ်သူကမှ ယုံတော့မှာ မဟုတ်ပါဘူ။ ဒီတော့ ခါးသီးတဲ့အမှန်တရားကိုလည်း ရေးရမှာပါပဲ။ တစ်ကမ္ဘာလုံးက ရှိသမျှ မီဒီယာတွေ၊ ကုလသမဂ္ဂနဲ့ တခြားအဖွဲ့အစည်းတွေဟာ မြန်မာနိုင်ငံကိုပဲ ကွက်ပြီးတော့ အငြိုးထားနေတာ မဟုတ်ပါဘူး။ တောက်လျှောက် သူ့ဟာသူ ရပ်တည်လာခဲ့တဲ့
ကမ္ဘာ့ မီဒီယာကြီးတွေဟာ ဒီရခိုင်အရေးကျမှ ငွေယူတယ်ဆိုတာလည်း ယုတ္တိမရှိသလို ခုချိန်ထိ ခိုင်လုံတဲ့ အထောက်အထား ဘာမှ မရှိသေးတဲ့ အောက်လုံးတွေပါပဲ။ လူတွေဟာ ကိုယ်ယုံချင်တာကိုပဲ အမှန်တရားအဖြစ် ကြိုလက်ခံထားပြီး အဲဒါနဲ့ ကိုက်တာကို အမှန်၊ မကိုက်တာ မှန်သမျှ သစ္စာဖောက်တွေလို့ ဦးနှောက်ထဲမှာ ကြိုဆုံးဖြတ်ထားကြလို့သာ အဲလိုထင်နေကြတာပါ။
နောက်တစ်ခုက အာဏာပိုင်တွေ ထုတ်ပြန်တဲ့ဟာမှာတောင် လွဲတာလေးတွေကို အကိုတစ်ယောက် ထောက်ပြထားတာ တွေ့တယ်။ သူ့ကို ကိုယ့်ကြောင့် လူမုန်းတာမျိုး ဖြစ်မှာစိုးလို့ သူ့နာမည်တော့ မထည့်တော့ဘူး။ သူထောက်ပြထားတာက ဘီစကစ် ကိစ္စကို ဆွဲယူပြီး UN ကို အကြမ်းဖက်အားပေးလို့ စွပ်စွဲတာရယ်၊ ပထမတစ်ရက်မှာ ဒိုင်းနက်တိုင်းရင်းသား အယောက်နှစ်ဆယ် သေတယ်ပြောပြီး၊ နောက်ရက် သတင်းမှာကျတော့မှ အကုန်လွတ်မြောက်လာတယ်လို့ State Counsellor Page က ရေးခဲ့တာကို ထောက်ပြထားတာပါ။ propaganda ဆန်နေတယ်တဲ့။ သူတို့လည်း လူတွေ သတိထားစေချင်တဲ့ စေတနာအမှားကြောင့်၊ လက်တွေ့အခက်အခဲတွေကြောင့် ခုလို လွဲသွားတာလို့ပဲ ကျွန်တော်ကတော့ ယူဆလိုက်ပါတယ်။ မတော်တဆ နေမှာပါ။ နောက်ရက်ကျ လွတ်လာကြောင်း အမှန်ပြန်ရေးတယ်ဆိုတော့လည်း မဆိုးပါဘူး။
ဒါပေမဲ့ မှားတာတွေကို မြန်မာတွေက တွစ်တာတွေမှာ လျှောက်ပြီး ရှဲနေတော့၊ နိုင်ငံတကာဌာနတွေကို ပတ်ဆဲနေတော့ သက်သက်မဲ့ ကိုယ့်နိုင်ငံကိုယ် အရှက်ခွဲသလို ဖြစ်သွားတယ်။ မရှဲရ မနေနိုင်ကြရင် update ဖြစ်တာတွေနဲ့ တကယ်သေချာတာတွေကိုပဲ ရှဲကြရင်ကောင်းမယ်။
တကယ့် အမှန်သတင်းတွေပါ အမှားတွေကြောင့် တန်ဖိုးလျော့သွားနိုင်တာမို့ … သတင်းတစ်ခု တက်လာပြီဆိုရင် … အထူးသဖြင့် သွေးဆူမယ့် သတင်းမျိုးဆိုရင် အချိန်ကိုနည်းနည်း စောင့်ကြည့်ပါ။ သတိရှိတာက တစ်ပိုင်း၊ သွေးမဆူတာက တစ်ပိုင်းပါ။ လူတွေ သွေးဆူလို့လည်း ဘာကိုမှ ကာကွယ်ပေးနိုင်တာ မဟုတ်ပါဘူး။ ပြဿနာ ပိုကြီးလာစေနိုင်တာပဲ ရှိတယ်။ အမုန်းတရား ပိုကြီးလာတာပဲ ရှိမယ်။ အွန်လိုင်းက လူတွေဟာ လွတ်ရာကင်းရာမှာ နေကြတာမို့ သတိရှိနေရင်းနဲ့လည်း သွေးမဆူဘဲ တည်တည်ငြိမ်ငြိမ် စဉ်းစားလို့ရပါတယ်။
ကျင့်ဝတ်ရှိတဲ့ သတင်းဌာနတွေရဲ့
သတင်းတွေဟာ အကုန်လုံး အမှားမဟုတ်သလို၊ အခက်အခဲတွေကြောင် ရာနှှုန်းပြည့်တော့ မှန်ချင်မှ မှန်ပါလိမ့်မယ်။ သတင်းတွေ မပြည့်စုံကြတာကတော့ သတင်းယူဖို့ အခက်အခဲတွေကြောင့်လည်း ပါပါတယ်။
အမုန်းပိုကြီးလာရင် ဘာဖြစ်မလဲ။ ကိုဖီအာနန်ရဲ့ အစီရင်ခံစာလိုမျိုးကို စဉ်းစား အကောင်အထည်ဖော်ရမယ့် အခါမျိုးမှာ အမုန်းကြီးသူတွေရဲ့ ဖိအားကြောင့် အစိုးရကိုလည်း အကျပ်ရိုက်စေမှာပါ။ တစ်နိုင်ငံလုံး အမုန်းကြီးနေကြရင် တကယ်ညှိရမယ့် အချိန်မျိုးမျာ အစိုးရအနေနဲ့ လုပ်ရကိုင်ရ တအားခက်တော့မှာပါ။ အဲဒါကိုလည်း သတိပြုကြရင် ကောင်းမှာပါ။
သွေးဆူဒေါသထွက်ခြင်း၊ ကလေးဆိုးကြီးတွေလို နိုင်ငံတကာကို လိုက်ရန်ရှာနေခြင်းမျိုးထက်၊ စဉ်းစားချင့်ချိန်တတ်တဲ့ ဦးနှောက်တွေ ရှိကြမယ်ဆိုရင် ဘက်တိုင်း အကျိုးရှိကြမှာပါ။
(Facebook Post ကို မူလရေးခဲ့တဲ့ back date နဲ့ blog မှာ ပြန် save တာ။