Tuesday, January 13, 2015

အပြုံးဖျောက်ကြိမ်လုံးများ



တွေးရတာ ခက်လို့လား
ရေးရမှာ ရှက်လို့လား
ကလေးကဗျာကို
အရေးမပါသလို ထင်နေကြတဲ့ခေတ်။
လောကအလှကို မမြင်မစမ်းဖြစ်ပြီး
ဒေါသ မျှလိုတဲ့ သင်တန်းတချို့ကလည်း
ဘာသာရေး ခေါင်းစဉ်လိုက်တပ်ပြီး
အတွေးတွေကို အရောင်ဆိုး
ကလေးတွေကို အတောင်ချိုးကြဦးမယ်။

ရောင့်ရဲမှုတွေနဲ့ အပူကင်းနေတဲ့ အရုပ်လေးတွေထဲကို
လွတ်လပ်မှုတေ ရှူသွင်းနေတဲ့ အဆုတ်လေးတွေထဲကို
လူကြီးအတ္တနဲ့
အပူမီးထပ်ချကြတဲ့
မိဘတွေကလည်း ရှိသေးတယ်။

အရွယ်နဲ့ မမျှပါလား
အလှကျောပိုးအိတ်လေးတွေထဲမှာ
ဘဝအမောထိုးသိပ်ထည့်ထားရတာကို တွေ့လိမ့်မယ်။

အပြုံးဖျောက်ကြိမ်လုံးတွေနဲ့
ဦးနှောက်တိမ်ဖုံးစေတဲ့ အဖြစ်ဟာ
ကလေးတွေအတွက်
ဘဝသရုပ်ဖော် တစ်ခု ဖြစ်နေတုန်းပဲ။

ကောင်းကင်ကို (13 January, 2015)