Sunday, September 27, 2009

ကိုယ့်နည်းကိုယ်ဟန်နဲ့ အိုမာခယမ်

လူတွေကို ဆရာလုပ်ဖို့ 
အမြုတေ ကဗျာတပုဒ်လည်းရှိမယ်။

အဖော်လို ကြင်နာမဆုံးတဲ့
ဟော်လိုဂစ်တာ တလုံးလည်းရှိမယ်။

လှမ်းကာ အပြင်ကမ္ဘာနဲ့ ဆက်ဖို့ 
အခန်းမှာ အင်တာနက်လည်းရှိမယ်။

ညတာကို ကျော်လွန်ကာဖြတ်သန်းဖို့ 
ငါ့မှာ…အဖော်မွန်စာဖတ်ခန်း လည်းရှိမယ်။

ခွက်ဘေးမှာနေတဲ့ အမြည်းနဲ့ 
လက်ဆေးကာနေတဲ့ ဇနီးကတော့
ကိုယ်စိတ်နှစ်ပါးအတွက် အာဟာရပေါ့။

အချစ်တွေဆာလောင်လာတဲ့အခါ
မြန်နှုန်းမြင့်ရင်ခုန်သံကို နောက်ခံဂီတအဖြစ်ဖွင့်ပြီး
ကာယကံ၊ ဝစီကံ မနောကံနဲ့ ယုယကြမယ်။

လူတွေမရှိခိုက်မို့ ဟန်ဆောင်နေဖို့ လည်းမလို
အပူတွေမရှိခိုက်မို့  ရန်ထောင်နေဖို့ လည်းမလို
ပေလေးဆယ် ခြောက်ဆယ်နဲ့ 
ကျားတယောက်နဲ့  မတယောက်ပဲရှိတဲ့
ငါ့ စံပြကမ္ဘာငယ်လေးမှာ
ဓမ္မသယံဇာတလည်း ကြွယ်ချင်သေးတယ်။
ကောင်းကင်ကို

Wednesday, September 23, 2009

အမေတခြား သားတခြား

အမေ တခြား သားတခြားနဲ့ 
ရှင်ကွဲနဲ့ ရင်ကွဲနေရတဲ့ခေတ်မှာ
ပါးပေါ်မှာ ဖြစ်တဲ့မြစ်နှစ်စင်းနဲ့ 
မျက်နှာသစ်နေတုန်းပဲလား အမေ။

အမေရေ…
ဒီနှစ်လည်း ကရုဏာခေါင်တဲ့ ကန္တာရမှာ
မျက်ရည်ချိန် ဘယ်နှစ်လက်မ ရှိပါသလဲ။

အမေ သားကိုပြုစုစောင့်ရှောက်ခဲ့သမျှ ရလဒ်ကတော့
သားအသက်တနှစ်ကြီးလာတိုင်း
အမေပုတီးတပတ် ပိုစိပ်လာရတာပဲ ရှိတယ်။

အမေရေ…
ပြန်ဆုံစည်းရေးကို သားက သောကနဲ့ စဉ်းစား
အခန်းကျဉ်းလေးထဲမှာတင် မျက်စေ့လည်သွားတုန်းမှာ
လောကဓံတရားက အသာစီးနဲ့ 
အကွက်ပေါင်းများစွာ ရွှေ့ထားပြီးပြီအမေ။

အမေရေ…
စာအုပ်တွေ ဖတ်ခဲ့ရတုန်းကတော့
ဒီလိုဇာတ်လမ်းမျိုး အသက်ဝင်လာလိမ့်မယ်လို့ 
ကိုယ်တိုင်လည်း ရင်ခွဲ သရုပ်ဆောင်ရလိမ့်မယ်လို့ 
မထင်မိခဲ့ဘူးအမေ။

အမေရယ်..
သောက ဖျောက်နည်း တခုကတော့ ဆိုတယ်။
အနာဂတ်ကို တွေးမပူပဲ တနေ့ တခါ နေပါတဲ့။
ဒါပေမယ့် အမေရယ်
အိပ်မက်တွေသီးပွင့်လာမယ့် ရက်စွဲက မသေချာသလို
အတိတ်နဲ့ ပစ္စုပ္ပန်မှာလည်း စက္ကန့် တိုင်းက ခက်ခဲနေမှတော့
စိတ်ကို ဘယ်ကာလမှာများ သွားထားရပါ့မလဲ။

ဒါနဲ့ အမေရေ..
မုသားတွေနဲ့ သီးသန့် ကာထားတဲ့
အပူများနေတဲ့ ကျီးလန့် စာစားကမ္ဘာမှာရော
အဆိုးတွေ ရေချိန်မြင့်
အမျိုးတွေ ငွေတိမ်နစ် နေတုန်းပဲလားအမေ။

အမေရေ
လက်ဗလာ ကြယ်တွေ
မျက်နှာငယ်နေရတဲ့ ညထဲမှာ
သားဘဝလေး ကျကွဲသွားလို့ 
ခွန်အားသစ်တို့ ပို့ ပေးပါ။
ကောင်းကင်ကို

Saturday, September 19, 2009

အိပ်မက်ဆိုး ရာသီ

ရှတတနဲ့  အယ်(လ်)ကိုဟော အခါးရည် တခွက်
ငါ့ဘဝအတွက် တကယ်ချိုသော ပျားရည်စက်ပေါ့။
အရသာခံလို့ မော့လိုက်တယ်။

သူငယ်ချင်းတို့ ၊ အချစ်အကြောင်းနဲ့ တော့ မမြည်းကြပါနဲ့ ။
ငါက
အရှုံးသမား ကျားနာတကောင်
နှလုံးသား အစားအစာရှောင်တယ်။

သြော်…ငါ့အဘိဓာန်စာအုပ်များထဲက
အသာထုတ်ထားခဲ့တဲ့ ဘဝမျိုးထဲ
ငါဟာလေ အခုမှပဲ မျောပါ
နာတာရှည် ကုမရတဲ့ရောဂါနဲ့ ။

အချိန်တန် အိမ်ပြန်ချိန် ရောက်ပြန်တော့လည်း
ပုလဲ တပေါက်ခြင်း ကြွေနေတဲ့ ကမ္ဘာမှာ
အသည်းမခြောက်မချင်း ထွေနေမယ့်ငါဟာ
ဆောင်းစရာထီးမရှိတော့
ခံစားချက်မဲ့နေတဲ့စိတ်ကိုပဲ
ထီးအစားထိုးလို့ ဆောင်းလိုက်တယ်။

ဒီလိုနဲ့ 
အကာအကွယ်မဲ့သွားတဲ့ ငါ့အပေါ်
တစင်းပြီး တစင်း ညာသံပြင်းပြင်းနဲ့ 
ခုန်ဆင်းလာတဲ့ မိုးစက်ပွင့်တွေကို
အဟုန်ပြင်းစွာ ထိုးနှက်ခွင့်ပေးလိုက်ရတယ်။

ဂရုထားသူ မရှိတဲ့ အရိပ်များနဲ့ 
ရှုစားသူ မရှိတဲ့ပိတ်ကားပေါ်မှာတော့
သဘာဝတရားရဲ့ အစက်အပေါက်တွေ အောက်မှာ
‘အနာ’ရ ထားတဲ့ အစက်အပြောက် တပြောက်
ကမ်းပျောက်ခြင်းအတွက် လေနေတယ်။
သြော်…လမ်းလျှောက်ရင်းနဲ့ သေနေတယ်။
ကောင်းကင်ကို

Wednesday, September 16, 2009

သဘာဝ

အကြမ်းဖက်သမားတွေက လက်နက်နဲ့ 
ပန်းဆက်သမားတွေက လက်နက်မဲ့
သဘာဝကျကျပါပဲ
လှုပ်မိရင် တုတ်ကြည့်ဆိုတဲ့ ခေတ်မှာ
သွေးနည်းတဲ့ ကျောက်ရုပ်အနေနဲ့ 
မစတေးရဲပဲ နောက်ဆုတ်နေခဲ့။

ဒုက္ခသည်တွေက အကန့် အသတ်မဲ့
ကိုယ့်မှာက အကန့် အသတ်နဲ့ 
သဘာဝကျကျပါပဲ
ကိုယ်ရွေးပြီးကယ်တဲ့ ကြယ်ငါးက
ကိုယ်သွေးနီးနေတဲ့ အစွယ်အပါးဖြစ်ခဲ့။

သြော်…
အိမ်ရှေ့ မှာ တံခါးခေါက်လာသူကို မနှင်ရက်ပေမယ့်လည်း
အိမ်ထဲမှာ အဖျားမပျောက်ရှာသူကို မမြင်ရက်တာမို့ 
ရွေးချယ်ခွင့် နည်းလွန်းတဲ့ ဒီဇာတ်လမ်းကြီးထဲ
သဘာဝ ကျကျပဲ သရုပ်ဆောင်လိုက်မိတယ်။
ကောင်းကင်ကို

Friday, September 11, 2009

ဇာတ်နာ

ရှေ့ ဆယ်လှမ်းတိုးဖို့ 
နောက်တလှမ်းဆုတ်လိုက်ကာမှ
ဘဝက ထောင်ချောက်ထဲကို တည့်တည့်ကျတယ်။

လောကဓံတရားရေ
မင်းဆက်ထိုးဖို့ မလိုတော့အောင်ကို
ငါ့ပါးရိုးက ကျိုးပြီးသားပါ။

အထီးကျန် ဝမ်းနည်းစရာကောင်းလိုက်ပုံကလည်း
အပြီးအပိုင်လမ်းခွဲကာပြောင်းရမှာကိုတောင်
လာနှုတ်ဆက်ကြမယ့်သူလည်း တယောက်မှမရှိ။
သွားနှုတ်ဆက်ရမယ့်သူလည်း တယောက်မှမရှိ။

သြော်…နောက်ဆုံးတော့
တံလျှပ်တွေလို
ဘဝကိုပိုမှောင်စေတဲ့ အလင်းတွေအတွက်
ဘာကိုမှ မစစ်မဆေး
ကိုယ့်ကိုယ်ကိုပဲ အပြစ်ပေးလိုက်တော့တယ်။
ကောင်းကင်ကို

Tuesday, September 1, 2009

ဖူးစာရေးနတ်သို့ 

ညခင်းတို ခဏလေးမှာ
လမင်းလို ညီမလေးက
အဒိန္နာဒါနာကိုချိုး
ငါ့အချိန်များ လာလာခိုးတယ်။

မာယာများတဲ့ ပန်းလေးရေ
ဂါထာများနဲ့ မန်းဆေးတွေ နင့်မှာရှိလား။
ပျက်ပြယ်လုသွားတဲ့ ငါ့အိပ်မက်တွေကို
အသက်ကယ်ကုစားဖို့ 
သွားတက်ငယ် တခုအားနဲ့ 
တချက်ရယ်ကာ ပြုစားလှည့်ပါ။

စောင်းတလုံးရဲ့  ဗီဇလေးများနဲ့နှုတ်ခမ်းလွှာရေ
အကောင်းဆုံး ဂီတတေးများ ဖွင့်စမ်းပါဦး။
နင့်ရဲ့ 
သကာစကားလေးတွေအမျိုးမျိုးနဲ့ 
ငါ အားဆေးတွေထိုးပါရစေ။

ချစ်သူကို ကဗျာတပုဒ်အဖြစ်မှတ်
နှလုံးသားနဲ့ ခြေဆုံးခေါင်းဆုံး ဖတ်ကြည့်တော့
သူ့ အလှအပိုဒ်တိုင်းဟာ
ဘဝဆိုတဲ့ မမြင်မစမ်း တောလမ်းတခုက
မရလိုတဲ့ ဘဝင်နွမ်း မောပန်းမှုတွေကို
အလိုအလျောက်ပဲ သွားဖယ်မယ့် အရာ
ကိုယ်တယောက်တည်း နားလည်မယ့် ကဗျာပေါ့။
သူနဲ့ တွေ့ လိုက်တိုင်းမှာ
ဒုက္ခအကျိတ်ငယ်များဟာလည်း
လုံးဝ အဆိပ်ပြယ်သွားရတယ်။

သြော်…
အမြင်ကို ဖမ်းစားနေတဲ့ ပင်ကိုဟန်
ရင်ကိုယမ်းသွားစေတဲ့ ရွှင်ချိုသဏ္ဍန်လေးတွေနဲ့ 
သူ့ုအလှမှော်ကို ခံစားခဲ့ရတော့
လူ့ ဘဝက အတော်ကိုတန်သွားခဲ့ရပေါ့။

ဟော ဟိုမှာ တွေ့ လား
‘အလှ’စင်လေးတခုပေါ်မှာ
‘မ’..ယဉ်ကျေးမှုတွေ ပန်ထားတဲ့
သူ့ မျက်နှာနတ်ရေကန်လေးဟာ
ကိုယ့် ချစ်သူ ငွေလမင်းပဲ ဆိုတာကို
ဖူးစားရေးနတ်ရေ
ကူးကာရေးမှတ်။
ကောင်းကင်ကို