Sunday, August 31, 2008

အရှုံးခြင်းထဲက အမုန်းစာရင်း တစ်ရွက်

တစ်ပွင့်၊ နှစ်ပွင့်၊ သုံးပွင့်…
ခပ်ရင့်ရင့် ပွင့်နေကြတဲ့
အစိမ်းသရဲည ရဲ့  ပုခုံးထက်က
အပြုံးမပျက်တဲ့ ကြယ်တွေကို မုန်းတယ်။

တစ်စီး နှစ်စီး သုံးစီး…
တဝီးဝီးနဲ့ စားပိုးနင့်လို့ ညဉ်းနေကြတဲ့ ယာဉ်တွေ
ငရဲဘုံတွေ အမြဲငုံနေ ကျ ယာဉ်တွေပေါ်
ငါတွယ်ကပ်ခွင့် မရတဲ့အခါမှာ
များပြားလှတဲ့ ဘဝတူတွေကို မုန်းတယ်။

အဖြူ…အနီ၊ အနက်
ဥာဏ်ဖြူ…ဥာဏ်နီ ဥာဏ်နက်
အနီနဲ့ အနက်လောက် အသုံးချလို့ မရတဲ့
အဖြူရောင်ကို မုန်းတယ်။

တစ်ပွဲ၊ နှစ်ပွဲ၊ သုံးပွဲ…
အဲဒါ...ငါတို့ ရဲ့ ရှုံးပွဲတွေပေါ့။
ငရဲအိုင်ထဲက ငါတို့ကို
လုံးဝလှည့်မကြည့်ခဲ့တဲ့
အုန်းလွဲနေတဲ့ နတ်တွေကိုလည်း မုန်းတယ်။

တစ်တွဲ၊နှစ်တွဲ၊ သုံးတွဲ…
လှောင်အိမ်ထဲက ငါတို့ အတွက် မစို့ မပို့ အမဲ
ကြားထဲက ဖြတ်ဆွဲသူ မှန်သမျှကို မုန်းတယ်။

တစ်ခွက်၊နှစ်ခွက်၊သုံးခွက်..
ဟင်းလျာခွက်တို့ ရဲ့ အလယ်မှာ
အမြီးရော ခေါင်းပါ မကျက်သေးတဲ့ ဟင်းလျာတစ်ခွက်…
အစိမ်းလိုက် စားနေကြတဲ့ ပါးစပ်တွေကို မုန်းတယ်။

တစ်စင်း၊နှစ်စင်း၊သုံးစင်း…
အသက်ပေါင်းများစွာရင်းပြီးမှ ရခဲ့တဲ့ မြားတွေပေါ့။
အဲဒီ့မြားတွေကိုဖြုန်းပြီး ကိုယ့်ဝမ်းစာလောက် ပစ်နေကြတဲ့ လက်တွေကိုလည်း မုန်းတယ်။

တစ်စက်၊နှစ်စက်၊သုံးစက်
ငါ့အပေါ် ပိကျလာတဲ့ ဆယ်စုနှစ် သုံးစက်မှာ
ဘာမှ မလုပ်နိုင်ခဲ့တဲ့ ငါ့ရဲ့  အရှုံးလက် တွေကိုလည်း မုန်းတယ်။

စိတ်သာရှင်စော ဘုရားဟောတဲ့
တစ်စင်း၊ နှစ်စင်း၊ သုံးစင်း…နဲ့ 
ဓားအစင်း သန်းပေါင်းများစွာရှိလည်း
စိတ်ဆိုတဲ့ ဓားကြီးတွေကို ကိုင်ပြီး
ခုတ်လို့ မရနိုင်တဲ့ အဖြစ်ကိုလည်း မုန်းတယ်။

ကောင်းကင်ကို

Friday, August 22, 2008

မွေးရပ်မြေရဲ့ အကြောင်း

ကမ္ဘာအနှံ့ က “ရွှေ”…တံဆိပ် လော်စပီကာ တွေ
ကူပါ ကယ်ပါ တကြော်ကြော်အော်နေရတဲ့
ကျွန်တော့်ရဲ့  မွေးရပ်မြေ အကြောင်း နဲ့ 
ခင်ဗျားတို့ နားထဲကို သံရည်ပူ လောင်းပါရစေ ။

ဆရာဝန်တွေက ဆေးရောင်း
အင်ဂျင်နီယာတွေက ဈေးရောင်း
တော်သူတွေအကုန် ဘေးဂျောင်း
လူငယ်တွေ အကုန် အတွေးစောင်း
ခွင်ရှာနိုင်မှ သူဌေးလောင်း ဖြစ်နိုင်မယ်။

အစိုးရကအစ သူခိုးဓားပြ တွေဆို
ပေါင်းစားတတ်ရင်တော့ မိုးကျရွှေကိုယ်
တိုင်းပြည်တစ်ခုလုံး ပိုးကျနေလို့ 
သူများဆီမှာ ကျွန်ခံဖို့  goကြပေဗျို့ ။

ညာဥ့်ငှက်မလေး တစ်ယောက်က ဖောက်သည်မျှော်
မိန်းမတန်ဖိုးကို ရောင်းဖို့ စောင့်နေမယ်နော် တဲ့။

ဈေးသည်မလေးတစ်ယောက်က ဝယ်သူမျှော်
အကြွေးပင်လယ်ကြီးထဲ ကယ်သူမပေါ်
ခေတ်ကြီးကိုက လည်သူဆော်

ရှေ့ နောက် မစဉ်းစားမိခဲ့တဲ့ မောင်နှံ
ရှိသမျှ ပစ္စည်းလေးတွေကို ပေါင်နှံ
မွေးလာမယ့် ကလေးကတော့ အချောင်ခံ။

ဂျာနယ်တွေက အတင်းအဖျင်း ရောင်းစား
လူပွဲစားတွေက အချင်းချင်း ရောင်းစား
လူတစ်ချို့ က လမ်းမတွေပေါ်မှာ တောင်းစား
ကလေးငယ် တစ်ယောက် မျက်နှာငယ်လေးနဲ့ ကျောင်းသွား
ပါရာဒို တစ်စီးက ဗွက်တွေ စင်အောင် မောင်းသွား

ငါတို့ ငိုသံတွေကို
အိမ်နီးချင်း နိုင်ငံတစ်ချို့ က မကြားချင်ယောင်ဆောင်နေကြတယ်။
ဖျာခင်းချင်သူ တစ်ချို့ ကလည်း သနားချင်ယောင်ဆောင်နေကြတယ်။

မီးခဲကိုင်ထားရသလိုပဲဆိုတဲ့ စေတနာရှင်တို့ ၊
ဦးတည်ချက် ဆယ့်နှစ်ရပ်နဲ့  လူ့ ပြည်ကိုဖျက်နေတာလား။
ခင်ဗျားတို့ စကားလုံး ကြီးကြီးတွေက ကော်ပီ သံစဉ်ပါ။
တစ်ပြည်လုံးလည်း နားညဉ်းနေပြီ… အော်ဂလီ ဆန်ချင်စရာ။

ကိုယ့်ကိုယ်ကို ပြန်ကြည့်မိတော့လည်း
မနှစ်ကလည်း ဒီနေရာ
ဒီနှစ်လည်း ဒီနေရာ
ရပ်နေလည်း ဒီလောက်
ပြေးသွားလည်း ဒီလောက်မို့ 
ငါ့ ခြေထောက် တွေကတောင် ငါ့ကို ပြောတယ်။
သူတို့ ဆက်မလျှောက်ချင်တော့ဘူးတဲ့။
ငါ့လက်တွေကလည်း သစ္စာဖောက်ပြန်တယ်။
အရှုံးပေး လက်မြှောက်ပြီး ထောက်ခံတယ်။
ဒီလိုနဲ့ ...
စိတ်ထဲမှာပဲ သိမ်းထားနေရတဲ့ အိပ်မက်တွေလည်း ခေါက်ရိုးကြေ။
ဖြစ်ချင်တာနဲ့ ဖြစ်လာတာတွေက ဇောက်ထိုးတွေ။
လူ့ သက်တမ်း တစ်ဝက်ကျိုးပြီဆိုတဲ့ အချက်ပေးသံတွေလည်း မြည်လာပြီ။
ကျန်တဲ့သက်တမ်း တစ်ဝက်ကို ဆက်လျှောက်လှမ်းဖို့ တောင် အီလာပြီ။

“ဆန်တစ်ပြည်ကို ၁၅၀၀ တောင်” အဲဒါ အဘွားညဉ်းတဲ့ အသံ။
“မြန်မာပြည်ဟာ ဘယ်သူမှ မနေချင်ကြတော့တဲ့ အရပ် ဖြစ်သွားပြီ” အဲဒါ ခါးသီးတဲ့ အမှန်။

ဒီကြားထဲ…
နာဂစ်က တစ်ချက်မွှေ့ 
ဧရာဝတီက လူတွေခမျာ အသက်စေ့
တစ်ချို့ လူတွေကလည်း အကွက်ရွှေ့ 
အစိုးရ ကုလားထိုင်ကတော့ တစ်ချက်မရွေ့ 
မြန်မာပြည်ကြီးကတော့ ဝမ်းဗိုက်ဟောင်းလောင်းနဲ့ အခက်တွေ့။

အစိုးရကအစ သူခိုးဓားပြ တွေဆို
ပေါင်းစားတတ်မှ မိုးကျရွှေကိုယ်
တိုင်းပြည်တစ်ခုလုံး ပိုးကျနေလို့ 
သူများဆီမှာ ကျွန်ခံဖို့  goကြပေဗျို့ ။
ကောင်းကင်ကို

Thursday, August 14, 2008

ဘုရားသခင်.blogspot.com

ဘုရားသခင်.blogspot.com

ဗုဒ္ဓ၏ တရားတော်များအား ဌာပနာထားသော ရင်ဘတ်တို့  ကျည်အဖောက်ခံလိုက်ရသော နယ်မြေ …
မေတ္တာ သုတ်များ ရွတ်ဆိုခြင်းသည် တကယ့် မကောင်းဆိုးဝါး များနှင့် တွေ့ ပါက အစွမ်းမထက်တော့ကြောင်း သက်သေပြခဲ့သော နယ်မြေ…
ပရဟိတ လုပ်ငန်းအချို့ ၊ ဘာသာရေးလုပ်ငန်းအချို့  မြေအောက် လုပ်ငန်း သဖွယ် ဖြစ်နေရသော နယ်မြေ…
သောက်စရာ မိုးခါးရေများပင် မလောက်မင ဖြစ်လာရသော နယ်မြေ…
နိုင်ငံတကာမှ ကျောင်းသားများ Laptop ကိုယ်စီဖြင့် အလုပ်ရှုပ် နေချိန်တွင် ဤဒေသမှ ကျောင်းသားများ ဖတ်စာအုပ်တစ်အုပ် ရရန်အတွက် မဲနှိုက်နေရသော နယ်မြေ…
သချာင်္သင်ခွင့်မရခဲ့သော ကလေးငယ်တို့ လ္ဘက်ရည်ဆိုင်တွင် ဂဏန်းတွက်နေရသော နယ်မြေ…
အရာရာ အားလုံးတို့ ဆိတ်သုဉ်း၍…ဘုရားသခင်တောင်မှ ဝင်ခွင့် မရခဲ့သော နယ်မြေ…
**********
လူတွေ သိန်းနဲ့ ချီပြီး သေကုန်ကြပြီ။ အစုလိုက်အပြုံလိုက် ငတ်ကုန်ကြပြီ။ ဒါ ဘုရားသခင် အလိုတော်တဲ့လား။ ဘိန်းစိုက်သူတွေ၊ ဒုစရိုက်သမားတွေ ကျတော့ ကြီးပွါး ချမ်းသာတယ်။ စပါးစိုက်သူတွေကို ကျတော့ မုန်တိုင်းလွှတ်ပြီး သတ်ပစ်လိုက်တယ်။ ဒါ ကိုယ်စိုက်ပျိုးလိုက်တဲ့ အတိုင်း ရိတ်သိမ်း ရတာလား။ အိုင်းစတိုင်းရေ….ခင်ဗျားတော့ မှားသွားပြီ။ ဘုရားသခင်တော့ မြန်မာပြည်ကိုလာပြီး ကြွေအံ ကစားနေပြီ။ တွေးရင်းတွေးရင်းနဲ့ ဘဝင်မကျ ဖြစ်လာတယ်။ ဘုရားသခင်ကို မေးကြည့်ချင်စိတ်တွေ ပေါ်လာတယ်။
**********
အခုခေတ်မှာ ဘုရားသခင်က အစ blog ရှိတယ်။ www.phayarthakhin.blogspot.com လို့ ကျွန်တော် ရိုက်လိုက်တယ်။ Access denied တဲ့။ သြော…ငါအင်တာနက် သုံးနေတာ ဘုရားသခင်ကိုတောင် ဘန်း(ban) ထားတဲ့ နယ်မြေမှာပါလား။ ဒါနဲ့ ဘုရားသခင်ဆီကို နောက်ဖေးပေါက်ကနေ ဝင်ဖို့ ဆုံးဖြတ် လိုက်ရတယ်။ http://kproxy.com ဒါလည်း Access denied။ http://vtunnel.com ... Access denied ပဲ။ နောက်ဖေးပေါက်တွေကော ဘေးပေါက်တွေကော ရှိသမျှ အပေါက်တွေ အားလုံးကို တစ်ခုမကျန် ပိတ်ထားလိုက်ကြပြီ။ ငါတို့ အားလုံး အပြင်လောကမှာ ကော၊ Virtual World မှာပါ ထွက်ပေါက်လုံးဝ မရှိအောင် ချောင်အပိတ် ခံလိုက်ရပြီ။
**********
ဒါပေမယ့် ကျွန်တော် အင်တာနက် သုံးနေတာ freedom ရှိတဲ့ နယ်မြေမှာ။ freedom ဆိုတာ ဆိုဒ်တွေ အကုန်လုံးကို ကျော်ပြီး ဝင်လို့ ရတဲ့ ဆော့ဖ်ဝဲ။ ကျွန်တော်အင်တာနက်သုံးနေတဲ့ ဆိုက်ဘာ ကဖေးမှာ အဲဒီ့ ဆော့ဖ်ဝဲ ကို တင်ထားတယ်။ ဒီလိုနဲ့ ကျွန်တော်လည်း freedom software ကနေတစ်ဆင့် ဘုရားသခင်ရဲ့ blog ထဲကို ဝင်ကြည့်လိုက်တယ်။ ဘုရားသခင်က သူ့  Profile မှာ “ကျွန်ုပ်သည် ဘုရားသခင် တစ်ပါးတည်း ကိုသာ ကိုယ်စားပြုသည်မဟုတ်။ ကမ္ဘာပေါ်တွင် ရှိသမျှသော ဘုရားများအားလုံး၊ ဘာသာတရားများအားလုံးကို ကိုယ်စားပြု၏” တဲ့။ ကျွန်တော်လည်း ဘုရားသခင် ရဲ့  blog ကို နည်းနည်း လျှောက်လေ့လာကြည့်လိုက်တယ်။ ကိုယ်စိုက်ပျိုးလိုက်တဲ့ အတိုင်း ရိတ်သိမ်းရမယ့် အကြောင်းတွေ၊ ကံကံ ရဲ့ အကျိုးတွေ၊ ပညာရဲ့  အစွမ်းတွေ… အဲဒါတွေကို ပုံတို ပတ်စတွေ သုံးပြီး ပုံစံ အမျိုးမျိုးနဲ့ ရေးထားတာ တွေ့ရတယ်။
ကျွန်တော် ဘုရားသခင်ကို ဝေဖန်ချင်လို့ cbox လိုက်ရှာတယ်။ မရှိတော့ဘူး။ ကွန်မန့် လည်း ပေးလို့ မရတော့ဘူး။ သြော်..ကိုယ့်ကို ပြင်းပြင်းထန်ထန် တိုက်ခိုက်လာရင် ဘုရားသခင်က အစ မခံနိုင်တော့ပါလား။ ဒီမိုကရေစီ မရှိတော့ ပါလား။ ကွန်မန့်  လည်းပေးလို့ မရ၊ cbox လဲ ပိတ်ထားတာနဲ့ ကျွန်တော်လည်း အကြံအိုက်သွားတယ်။ ဒါပေမယ့် blog တစ်နေရာမှာ ဘုရားသခင်ရဲ့  email address ကို သွားတွေ့ တယ်။ phayarthakhin@gmail.com တဲ့။ ဒါနဲ့ ကျွန်တော်လည်း ဘုရားသခင်ကို ကျွန်တော့် Gtalk မှာ add လိုက်တယ်။
**********
ဘုရားသခင် cbox ဖြုတ်ထားတာ၊ ကွန်မန့် ပိတ်ထားတာတွေကို အကြောင်းပြုပြီး ဘုရားသခင်ကို ဒီမိုကရေစီ မရှိဘူးလို့ ကျွန်တော် စွပ်စွဲလိုက်တယ်။ ဘုရားသခင်က ဘာမှ ပြန်မပြောဘူး။ ဒါပေမယ့် ခဏနေတော့ ဘုရားသခင်ရဲ့  Custom Message ပြောင်းသွားတယ်။ “ပွဲတစ်ပွဲကို မကြိုက်ရင် ထပြန်သွားခွင့် ရှိတယ်။ မကြိုက်တဲ့ အကြောင်းကိုလည်း ဝေဖန်ခွင့်ရှိတယ်။ ဒါပေမယ့် ခဲနဲ့ပေါက်ခွင့်တော့ မရှိဘူး။”
**********
ကျွန်တော် ဘုရားသခင်ကို မေးခွန်း တစ်ခု မေးလိုက်တယ်။ ကျွန်တော်တို့  ခုထိ ဘာလို့  မလွတ်မြောက်နိုင် သေးတာလဲလို့ ။ ဘုရားသခင်က ပြန်ဖြေတယ်။
ခေါင်မိုးကို မပြင်နိုင် သေးသရွေ့ တော့ မိုးက ယိုနေဦးမှာပဲ။ သာမန်မဟုတ်တဲ့ နွံထဲကနေ လွတ်မြောက်ဖို့  သာမန်မဟုတ်တဲ့ အားထုတ်မှုတွေ လိုတယ်ကွ။
**********
သာမန် မဟုတ်တဲ့ အားထုတ်မှုတွေလိုတယ်တဲ့။ ဟုတ်တယ်ဗျာ။ ကွမ်တမ် leap နဲ့ ထခုန်ရမယ့် အချိန်။ ဆွဲအားတွေက လွတ်မြောက်နိုင်မယ့် အရှိန်မျိုးနဲ့ ကောင်းကင် ကို ရုတ်တရက် ပျံတက်ရမယ့် အချိန်။ ဒါပေမယ့် မဆီမဆိုင်ဗျာ။ ကျွန်တော့်စိတ်ထဲမှာ ဘာတွေ မြင်ယောင်လာသလဲ ဆိုတော့ ပရောဂျက် နိုင်ငံရေးသမားတွေ၊ နေရာရဖို့ ပဲအဓိကထားနေကြတဲ့ ကိုယ့်ကိုယ်ကို မျိုးချစ်ပုဂ္ဂိုလ်ဆိုပြီး ကြေငြာနေကြတဲ့သူတွေ၊ လူနာကို အချိန်ဆွဲပြီးကုနေတဲ့ ဆရာဝန်တွေ၊ ပိုက်ဆံပေးမှ မီးသတ်ပေးတဲ့ မီးသတ်သမားတွေ၊ နှစ်လုံးထီ ဒိုင်ကိုင် နေတဲ့ ရဲတွေ၊ အလုပ်မလုပ်လေလေ လုပ်ငန်းကြန့်ကြာလေလေ ဝင်ငွေဖြောင့်လေလေ ဖြစ်နေတဲ့ ရုံးဝန်ထမ်းတွေ၊ ကျောင်းသားတွေ ဆန္ဒပြလို့  ကျောင်းတွေ ပိတ်ရတာပါဆိုပြီး မကျေမချမ်းဖြစ်နေတဲ့ သူငယ်ချင်း တစ်ချို့ တွေ၊ အကြံအဖန် ဓာတ်ပုံ တွေလုပ်ပြီး Refugee Camp ထဲ သွားဖို့ ကြိုးစားနေကြ သူတွေ အဲလိုလူတွေကိုပဲ အလုံးအရင်းနဲ့ မြင်ယောင်လာတယ်။ မီးလာတုန်း ရေလုတင်ရင်း ရန်ဖြစ်နေကြတဲ့ အသံတွေ၊ ညညဆိုရင် နောက်ဖေးလမ်းကြားမှာ အမှိုက်ထုပ်တွေ တဘုတ်ဘုတ်နဲ့ ပစ်ချသံတွေကို ပြန်ပြီးကြားယောင်လာတယ်။
**********
ဘုရားသခင်က ဆက်ပြောတယ်။ ခုဆိုရင် ကျောင်းတွေဟာ ပညာသင်ပေးတဲ့ နေရာ မဟုတ်တော့ဘူး။ မှားမှား မှန်မှန် ပြန်မပြောရဲ အောင်၊ အချောင်လိုက်တတ်အောင၊် ခိုးတတ်အောင်၊ဖားတတ်အောင် လေ့ကျင့်ပေးတဲ့ နေရာတွေ ဖြစ်လာပြီ။
ပြောပြောဆိုဆိုနဲ့ ဘုရားသခင်က သူ့  Custom Message ကိုပြောင်းလိုက်ပြန်တယ်။ "တိုင်းပြည်ရဲ့  အနာဂတ်ဟာ လူငယ်တွေရဲ့ လက်ထဲမှာ ရှိတယ်တဲ့။ လူငယ်တွေရဲ့  လက်ထဲမှာတော့ ဘောလုံးဂျာနယ်တွေ၊ အပေါစား မဂ္ဂဇင်းတွေနဲ့ ခပ်ချောင်ချောင်ရခဲ့တဲ့ ဘွဲ့ လက်မှတ် တစ်ခုစီပဲရှိတယ်။"
**********
ဒါပေမယ့် ကျွန်တော် တစ်ခု သွားသတိရတယ်။ ဘယ်လောက်ပဲ ဖိနှိပ်ဖိနှိပ် ကျွန်တော်တို့ ဆီမှာ သာမန်မဟုတ်တဲ့ ပေးဆပ်သူတွေ ရှိတယ်။ အသက်အသေခံရဲ သူတွေ၊ ဘဝကို ထောင်ထဲမှာ စတေးပစ်ဝံ့သူတွေ ရှိတယ်။ အဲဒီ့လူတွေ ဘဝပျက်သွားတာ ကျတော့ ကော ဘာဖြစ်လို့ လဲ။ ကိုယ်စိုက်ပျိုးလိုက်တဲ့ အတိုင်း ရိတ်သိမ်းလိုက်ရတာလား ဆိုပြီး ဘုရားသခင်ကို မေးလိုက်တယ်။ ဘုရားသခင်က ပြန်ဖြေတယ်။ “အခုခေတ်က ဆွမ်းဆန်စိမ်းတွေ ကြားထဲမှာ ကြက်ချေးရောတဲ့ခေတ်မဟုတ်တော့ဘူး။ ကြက်ချေးတွေကြားထဲမှာ ဆွမ်းဆန်စိမ်းတွေရောပြီး နစ်နာရတဲ့ခေတ်။ နာမည် ပျက်ရတဲ့ခေတ်။ ကိုယ့်ရပ်ကွက်မှာ မီးလောင်ရင် ကိုယ့်အိမ်လည်း မီးထဲပါနိုင်တာပဲ။ လူအားလုံးရဲ့  ပျမ်းမျှ အရည်အချင်းနဲ့  တန်သလောက်ပဲ ရမှာပဲ။”

တန်သလောက်ပဲ ရမှာပဲ ဆိုတဲ့ စကားကြောင့် ကျွန်တော် တော်တော်လေး အစာမကြေ ဖြစ်သွားတယ်။ ဘုရားသခင်ကတော့ ဆက်ပြောနေတယ်။ မြန်မာနိုင်ငံက ဘာနဲ့ တူနေသလဲဆိုတော့ တစ်အိမ်လုံး အလုပ်မလုပ်ပဲ ဘိုးဘွား အမွေတွေကို ထိုင်စားနေတဲ့ မိသားစု နဲ့  တူနေတယ်။ သစ်တောတွေလည်း ပြောင်ပြီ။ သယံဇာတ တွေလည်း တဖြည်းဖြည်းနဲ့ ကုန်တော့မယ်။ အဆိုးဆုံးကတော့ စိတ်ဓာတ်တွေ ပျက်စီးကုန်တာပဲကွ။

ဘိုးဘွားအမွေတွေကို ထိုင်စားနေတယ်တဲ့။ ကျွန်တော်တို့ ဘာမှ မစားလိုက်ရပါဘူးဗျာ။ ထမင်းပွဲ ပြင်ပေးပြီး အဝေးကနေ ငေးနေရတဲ့ ဘဝပါ။ ဆီဦးထောပတ် စားနေကြတဲ့ ပါးစပ်တွေအတွက် တစ်ပြည်လုံးပေးဆပ်နေကြရတဲ့ အဖြစ်ပါ။
********
ဘုရားသခင်က ဆက်ပြီး ပြောပြန်တယ်။ ဒီလို အခြေအနေ ဖြစ်အောင် ဇွတ်အတင်း လုပ်နေကြတာက လူတစ်စုတည်းပါကွာ။ လူတွေသာ ညီညွတ်ရင် ဒီလောက် ကြောက်ဖို့လိုမယ် မထင်ဘူး။ ကျွန်တော် ဘာမှ ပြန်ပြော မနေတော့ဘူး။ ကျွန်တော့်ရဲ့  Custom Message ကိုပဲ ပြောင်းလိုက်တယ်။ “လူအုပ်တစ်အုပ်ထဲကို သေနတ်နဲ့  ပစ်ထည့်လိုက်တဲ့အခါ ဘယ်သူက လောဂျစ်တွေ စဉ်းစား နေနိုင်မှာလဲ။ ကိုယ့်ကို လည်း သေနတ်မှန် နိုင်တဲ့ဆိုတဲ့ အတွေးနဲ့  ရုန်းရင်းဆန်ခတ် ပြေးကြတော့မှာပေါ့။
ဘုရားသခင်က ပြန်ပြောတယ်။ “အင်း၊ အဲဒါတော့ ဟုတ်ပါတယ်။ ဒါပေမယ့်ကွာ ကိုယ့်ကိုယ်ကို သားကောင်လို့ သဘောထားနေသရွေ့ မုဆိုးတွေကတော့ ပစ်မှာပဲ။ ကြောက်လို့ ပြေးနေသေး သရွေ့  ဒုက္ခပေးဖို့ လိုက်မှာပဲ။ ပြန်ပြီး ရင်ဆိုင်ဖို့ပဲ ရှိတယ်။ ပြောင်းလဲလာမှာ မဟုတ်တဲ့သူတွေကို စကားထဲ ထည့်ပြောနေလို့လည်း အပိုပဲ။ သူတို့ကို ပြောင်းလဲဖို့ အလားအလာနည်းတဲ့ ကိန်းသေတွေလို့ ပဲ မှတ်လိုက်။ လိုချင်တဲ့ အဖြေထွက်ဖို့ ကိုယ့်ဘက်ကိုယ်ကို ပြောင်းလဲဖို့ ပဲရှိတယ်။
သူတို့ ကို ခေတ်အဆက်ဆက် ဒုက္ခပေးနေဦးမယ့် နာဂစ်တစ်မျိုးလို့ပဲ သဘောထားလိုက်။ နှစ်ခြင်းခံကြတယ် ဆိုတဲ့ နိမိတ်ပုံဟာ ဒီသဘောမျိုးပဲ။ အဖြေဆိုတဲ့ ဘုရားသခင်ကို မမြင်မချင်း၊ စိတ်မျက်လုံးတွေကို မဖွင့်မချင်း အဲဒီ့နာဂစ်က ငါတို့ ကို ရေနှစ်နေ ဦးမှာ။
ကျွန်တော် Cherie Carter-Scott ရဲ့  စကားကို သွားသတိရမိတယ်။ “သင်ခန်းစာ တစ်ခုကို မကျေညက် မချင်း အဲဒီ့ သင်ခန်းစာကိုပဲ ပုံစံအမျိုးမျိုးနဲ့ ထပ်ပြီးကြုံတွေ့  ရလိမ့်မယ်”
ကျွန်တော် တွေးနေတုန်းမှာပဲ ဘုရားသခင်က သူ့ Custom Message ကိုပြောင်းလိုက်ပြန်တယ်။ “လုံလောက်တဲ့ အမြင့်တစ်နေရာကို ရောက်ရင် တိမ်တိုက်တွေ မရှိနိုင်တော့ဘူး။ သင်တို့ရဲ့  ဘဝမှာ တိမ်တိုက်တွေ ရှိနေသေးတယ်ဆိုရင် သင်တို့ရဲ့  စိတ်ဝိညာဉ်ဟာ အနိမ့်ပိုင်းမှာပဲ ရှိနေသေးလို့ ဆိုတာကို သဘောပေါက်လိုက်ပါ။ (Mark Fisher)”
**********
ဘုရားသခင်က ဆက်ပြောပြန်တယ်။
ခေါင်းဆောင်ကောင်း မရှိလို့ ၊ နောက်က လူတွေက ပါမလာကြလို့  ဆိုပြီး အပြန်အလှန် အပြစ်မြင် နေကြတာလည်း မှားတယ်။
တကယ်က ခေါင်းဆောင်တွေက လည်း ငါတို့ ခေါင်းဆောင်မှု လိုသေးလို့  လူတွေ ပါမလာတာလို့  ခံယူထားရမှာ။ လူတွေကလည်း ခေါင်းဆောင်တွေ လျှောက်တဲ့ နောက်ကို ငါတို့ မလိုက်နိုင်ကြသေးလို့ မအောင်မြင်ရတာလို့  ခံယူကြရမှာ။ ဘုရားသခင်က သူ့ Custom Message ကို ပြောင်းလိုက်ပြန်တယ်။ “လူတွေအားလုံးရဲ့ လက်ညှိုးတွေ ကိုယ့်ကိုယ်ကို ပြန်ထိုးကြတဲ့ တနေ့ မှာ ကျိန်စာသင့်နေရတဲ့ ဘဝကနေ လွတ်လိမ့်မယ်”။ ကျွန်တော့် လက်ညှိုးတွေ ကျွန်တော့်ကိုယ် ကျွန်တော် ပြန်မထိုးနိုင်အောင်လို့ ကွန်ပျူတာ ကီးဘုတ်ပေါ်က စာလုံးတွေကိုပဲ အတင်းဖိရိုက်နေလိုက်ရတယ်။
**********
လူတိုင်းက ကြီးနိုင်ငယ်ညှဉ်း စနစ်ကြီးထဲမှာ အုတ်တစ်ချပ် သဲတစ်ပွင့် ဖြစ်နေကြတယ်။ ဆရာမ တစ်ယောက်က ကျောင်းသားတစ်ယောက်ကို အာဏာပြလိုက်တာဟာ စစ်အစိုးရကို ထောက်ခံမဲတစ်မဲ ပေးလိုက်တာပဲ။ ဆရာတစ်ယောက် အနေနဲ့  ဆရာလုပ်ခဲ့တဲ့ သက်တမ်းတစ်လျှောက်မှာ ပေးခဲ့တဲ့ ထောက်ခံမဲတွေ ဘယ်လောက်တောင် များနေပြီလဲ။ ကိုယ့်ခွင်ထဲ ဝင်လာတဲ့ သူတစ်ယောက်ကို မညှာမတာ တွယ်လိုက်တာဟာလည်း အစိုးရကို ထောက်ခံမဲ ပေးလိုက်တာပါပဲ။
**********
တစ်ချို့ ကလည်း အနုနည်းဖြစ်တဲ့ အာဏာဖီဆန်ရေး လမ်းစဉ်ဟာ အလုပ်မဖြစ်တော့ဘူးလို့ ပြောနေကြတယ်။ ။ ဒါပေမယ့် လူတွေအားလုံး တကယ်ကော ညီညီညွတ်ညွတ်နဲ့ အာဏာဖီဆန် ပြီးကြပြီလား။ သပိတ်မှောက်ပြီးကြပြီလား။ ရုပ်သေးရုပ်တွေလို ကြိုးဆွဲရာ ကနေကြတာပဲမို့လား။ အဲဒါတွေကို မြင်ဖို့ လိုတယ်။ ဘယ်ဟာကို လုပ်လုပ် ပီပီပြင်ပြင် လုပ်ဖို့လိုတယ်။။ လက်နက်ကိုင်တော်လှန်ရေး လုပ်တာလည်း ပီပီပြင်ပြင် စနစ်တကျ လုပ်ရင် ကောင်းတာပဲ။ အနည်းဆုံးတော့ တိုင်းပြည်ကို တကယ်ချစ်တဲ့ လူငယ်တွေ စစ်ပညာ ကိုနားလည်သွားတာပေါ့။ ဘုရားသခင်က ဘာကိုပဲ ပြောပြော ပညာရှုထောင့်ကနေပြီး ပြောနေတော့တာပဲ။
**********

ဘုရား သခင်ရဲ့ စကားတွေကို အနှစ်ချုပ်လိုက်ရင် ကျွန်တော်တို့ ကိုယ်တိုင် က ပျက်စီးနေလို့ ဒီလို ဒုက္ခတွေ တွေ့ နေရတာပါဆိုတဲ့ သဘောသက်ရောက်တယ်။ ပညာဗဟုသုတ ခေါင်းပါးလို့ ၊ စိတ်ပိုင်းဆိုင်ရာ အားနည်းလို့ တန်ရာတန်ရာ ပဲ ရနေတာ ဆိုတဲ့ concept ။
ဒါပေမယ့် ကျွန်တော် သတင်း တစ်ခုကို သွား သတိရမိတယ်။ ကာလီဖိုးနီးယားမှာ ဘာသာရေး အစွန်းရောက် ဂိုဏ်းတဂိုဏ်းကလူ သုံးဆယ့်ကိုးယောက် ဂြိုလ်တွေ နက္ခတ်တွေကို ကြည့်ပြီး အထက်က ဘုရားရဲ့ အမိန့် အရဆိုပြီး အစုလိုက်အပြုံလိုက် ကိုယ့်ကိုယ်ကို သတ်သေကြတဲ့ သတင်း။ သူတို့ ကော အသိပညာ ခေါင်းပါးတာပဲ မဟုတ်လား။ သူတို့ နိုင်ငံတွေကျတော့…....

သူတို့ ဆီမှာ အဲဒီ့လို အတွေးအခေါ် အားနည်းတဲ့ လူတွေ က လူနည်းစုမို့ လို့ ပဲ အခြေအနေတွေ ကောင်းနေတာလား။ ဘာပဲ ဖြစ်ဖြစ် လူတွေရဲ့ စိတ်ဓာတ်နဲ့ အသိဥာဏ်က ပိုက်ဆံပေးမှ မီးသတ်ပေးမယ် ဆိုတဲ့ အဆင့် အထိတော့ နိမ့်ကျ လိမ့်မယ်မထင်ဘူး။
ဒါမှမဟုတ် စနစ်ကြောင့်လို့ပဲ ပြောရမလား။ လူတွေ ပညာမရှိပေမယ့် သူတို့ စနစ်ကြီးက ပညာရှိနေတာလား။ ပညာရှိတဲ့လူတွေက ချမှတ်ထားတဲ့ စနစ်မို့ လို့ ပဲလား။
ကျွန်တော် ထင်တယ်။ လူတိုင်းမှာတော့ လူ့သဘာဝ အရ အလွယ်လိုက်ချင်တဲ့ စိတ်ရှိမှာပဲ။ ဥပမာ…သူတို့ ဆီကလူတွေလည်း အစကတော့ လမ်းပေါ် အမှိုက်ချချင်တဲ့စိတ် ရှိမှာပဲ။ ဒါပေမယ့် စနစ်က သူတို့ ကို ချုပ်ထားတယ်။ ကြာလာတော့ အမှိုက်ကို စနစ်တကျ ပစ်တာကိုက အလေ့အကျင့် တစ်ခု ဖြစ်လာတယ်။ သူတို့ရဲ့  ဘာသာရေး ဖြစ်လာတယ်။ စည်းမဲ့ ကမ်းမဲ့ အမှိုက်ပစ်တာဟာ မကောင်းမှု တစ်ခု လို့  သူတို့စိတ်ထဲမှာ စွဲသွားလိမ့်မယ်။ အဲဒီ့အစွဲမျိုးရင်ထဲ ရောက်သွားတဲ့ အချိန်ကျတော့ စနစ်နဲ့ ထိန်းစရာ မလိုတော့ဘူး။

ဒါပေမယ့် စနစ်ဆိုတာက သက်မဲ့။ လူတွေက သက်ရှိ။ အဲဒီ့ သက်မဲ့ စနစ်ကြီးကို အပြစ်တင်တင်နေတာ ဟာ အဖြေမဟုတ်ဘူး။ အဲဒါကြီးကို တိုက်ဖျက်ဖို့ သက်ရှိလူတွေက ရုန်းကန်ဖို့ လိုတယ်။ အသိတရား ရှိဖို့ လိုတယ်။

အဲဒီ့မှာတင် မေးခွန်းတစ်ခုက ကျွန်တော့် ရင်ထဲကနေ ပျို့ တက်လာတယ်။ လူတွေ လက်ရှိအခြေအနေကနေ ရုန်းထွက်ဖို့ ပညာဗဟုသုတ မြင့်မားဖို့ လိုတယ်။ ဒါပေမယ့် အစိုးရက ပညာရေးကို နှိပ်ကွပ်ထားတယ်။ ပညာရေးနဲ့ ပတ်သတ်ပြီး လုပ်နေတဲ့ သူတွေကိုလည်း အနှောင့်အယှက် အမျိုးမျိုးပေးနေတယ်။
အဲဒီ့တော့ ပညာဗဟုသုတ နိမ့်လို့ ညံ့တဲ့ အစိုးရ နဲ့ စနစ်ကိုရ၊ ညံ့တဲ့ စနစ်ကိုရလို့  ပညာဗဟုသုတနိမ့် ဒီလိုနဲ့ပဲ သံသရာလည်ရ တော့မှာလား။ ဆိုးသထက် ဆိုးသွားတော့မှာလား။ ပျို့ တက်လာတဲ့ မေးခွန်းကို ကျွန်တော် အန်ထုတ်လိုက်တယ်။

ဘုရားသခင်က ဘာမှ ပြန်မဖြေဘူး။ သူ့ Custom Message များပြောင်းသွားသေးသလားလို့ ကျွန်တော်ကြည့်လိုက်တယ်။ ဘာ Message မှ ရေးမထားတော့ဘူး။

ခဏနေမှ ဘုရားသခင်က ပြောတယ်။ “အဲဒါက ဒီလိုရှိတယ်ကွ”

ဆိုက်ဘာကဖေး တစ်ခန်းလုံး မှောင်မဲသွားတယ်။ မီးပျက်သွားပြီ။

ကောင်းကင်ကို

Wednesday, August 6, 2008

ချောင်းဟန့် သံ (ဂျိုဇော်)

ပတ်ဝန်းကျင်အတွက်လည်း အနှောင့်အယှက်ဖြစ်၊ ကိုယ့်အတွက်လည်း အန္တရာယ်ဖြစ်စေတဲ့ အကျင့်ကြီးကို ကိုယ့်ဟာကိုယ် ကြိုးစားဖျောက်ဖျက်ပစ်ရမယ်။
သို.သော် ကြိုးစား ဖျောက်ဖျက် မရခင် ကျွန်တော့်အကျင့်ကြီးနဲ. မလုံမလဲ လောကကြီး ဘယ်လောက်ထိ ပြဿနာတက်ကြဦးမည်လဲ မသိ။
အခုကို လည်ချောင်းထဲက ယားနေပါသည်။

****************
လည်ချောင်းတစ်လျှောက် ကင်းခြေများတစ်ကောင် တက်လာသလိုမျိုး ရွစိ ရွစိ၊ ယားကျိ ယားကျိနှင့် အခံရခက်လှသည်။ တံတွေးတွေ ဂလု ဂလုနှင့် မျိုချနေရသော်လည်း ဝေဒနာသည် သက်သာမသွား။ ပျောက်မသွား။ တစ်ကိုယ်တည်း ကြားလောက်ရုံ တအင်းအင်းနှင့် ခံတွင်းရှင်းကြည့်တာလည်း မရ။ အားရပါးရ ချောင်းဟန့်လိုက်ရလျှင် လည်ချောင်းထဲ ယားယံ၊ ကပ်ငြိ၊ ပိတ်ဆို.နေတာတွေ ချက်ချင်း အနေချောင်သွားမည်ကို သိသော်လည်း လွတ်လွတ်လပ်လပ် မဟန်.နိုင်သေး။ ပတ်ဝန်းကျင်ကို ကြည့်ရသေးသည်။ အခြေအနေကောင်းပြီ ထင်မှ အားရပါးရ ချောင်းဟန်.ချလိုက်သည်။
` အဟမ်း…..အဟမ်း….အဟမ်း….´
သည်ဝေဒနာ သည်အကျင့်ကြီး ဘယအချိန်က ကျွန်တော့်ခန္ဓာကိုယ်ထဲ ခိုဝင်ပုန်းအောင်းနေခဲ့သည် မသိ။ ယခုအချိန်မှာတော့ ကျွန်တော့်မှာ အနုကြမ်းစီး ခံရသလိုမျိုး ခံစားနေရပါပြီ။
ဝေဒနာသည် ဗြုန်းဒိုင်းကြီး ကောက်ကာငင်ကာ ရောက်လာသည်တော့ မဟုတ်ပါ။ ပထမ လည်ချောင်းကလေး ယားတယ်ဆိုရုံ၊ အာခြောက်တယ် ဆိုရုံမျှလောက်ပင်။ တံတွေးမျိုချလိုက်လျှင် ဝေဒနာပျောက်ကင်းသွား၏။ ရေ သို.မဟုတ် ရေနွေးတစ်ခုခု မျိုချလိုက်လျှင်လည်း ပျောက်၏။ တစ်နေ. ဘယ်နှစ်ခါဖြစ်လို. တံတွေးဘယ်နှစ်ခါ မျိုရတယ် ဆိုတာကိုတော့ မမှတ်မိတော့ပါ။ ခန္ဓာကိုယ်၏ ဝေဒနာနှင့် တုံ.ပြန်မှုသည် အသိစိတ်မဲ့စွာ လွတ်လွတ်လပ်လပ် ဖြစ်ပွားနေခဲ့သည်ဟု ဆိုရပါမည်။
ထိုသို. ထိန်းချုပ်မှုမဲ့ လွတ်လပ် အပြုအမူတစ်ခုသည် စွဲမြဲသော အကျင့် တစ်ခုဆီသို. ဦးတည်နေမှန်း အစက ကျွန်တော်မသိခဲ့။ သိမိ၊ သတိထားမိသည့် အချိန်မှာတော့ နောက်ကျသွားခဲ့ပြီ။
နောက်ပိုင်း လည်ချောင်းယားယံလာသောအခါ၊ တစ်ဆို.ဆို. ဖြစ်လာသောအခါ တံတွေးမျိုချရုံ၊ ရေသောက်ရုံနှင့် မသက်သာတော့။ အာရုံ မပြေတော့။ တစ်ကိုယ်တည်း ကြားလောက်ရုံ ခံတွင်းရှင်းလိုက်ရမှ။ ချောင်းဟန်.သံမျိုး ပြုလိုက်ရမှ သက်သာရာ ရတော့၏။ အာရုံပြေတော့၏။ သည်အခြေအနေအထိလည်း ကျွန်တော့်အတွက် ပြဿနာ မရှိသေးပါ။ အလုပ်လုပ်ရင်း၊ စကားပြောရင်း သွားလာရင်း ခန္ဓာကိုယ်က သူ.ဟာသူ ဖြေရှင်းနေခြင်း ဖြစ်၏။ တစ်ခါတစ်ရံ ကျွန်တော်ပင် မသိလိုက်။ သတိ မထားမိလိုက်။ (အကျင့်ဖြစ်နေပြီဟုတော့ ဆိုနိုင်ပါသည်။)
တဖြည်းဖြည်းနှင့် ချောင်းဟန်.သံက ဒီဂရီ တိုးလာ၏။ တစ်ကိုယ်ကြားမှ နှစ်ကိုယ်ကြားသံလောက် ဖြစ်လာ၏။ နှစ်ကိုယ်ကြားသံလောက် ချောင်းဟန်.မှ သက်သာရာ ရ၏။ သို.သော် ပြဿနာ မဟုတ်သေး။ ချောင်းဆိုးတာလည်း မဟုတ်။ သလိပ်ဟန်.တာလည်းမဟုတ်၊ နှုတ်ခမ်းစိ၊ ပါးစပ်ပိတ်လျက် အသံထွက်ရုံကလေး ချောင်းဟန်.တာဆိုတော့ ပတ်ဝန်းကျင်အတွက်လည်း အနှောင့်အယှက် မဖြစ်ပါ။ သိပင် မသိကြပါ။
သို.သော် ချောင်းဟန်.သံကတော့ ကျွန်တော့် သတိကွယ်ရာမှာ တစ်စတစ်စ အတင့်ရဲ ကျယ်လောင်လာတော့၏။ နှုတ်ခမ်းစိ၊ ပါးစပ်ပိတ် “အဟွန်း” မှ နှုတ်ခမ်းဖွင့်၊ ပါးစပ်က “အဟမ်း” အထိ ဖြစ်လာ၏။ မသိမသာမှ သိသိသာသာ ဖြစ်လာ၏။ ပထမဆုံး သိသိသာသာဖြစ်သည့်နေ.ကို ကျွန်တော် ကောင်းကောင်းကြီးမှတ်မိနေပါသည်။
ထိုနေ့က ကျွန်တော်တို. ရုံးမှာ (ကျွန်တော်သည် စာရေးကြီးအဆင့်ရှိ ရုံးဝန်ထမ်းတစ်ဦးဖြစ်ပါ၏။) ဦီးစီးမှူး
အပြောင်းအလဲ မိတ်ဆက်ပွဲ လုပ်ပါသည်။ ပြောင်းသွားသော ဦးစီးမှူးမမနေရာတွင် အစားဝင်လာသော ဦးစီးမှူးဆရာက နှုတ်ခွန်းဆက် မိန့်ခွန်းခြွေပါသည်။ နောက်တန်းတစ်နေရာမှာ ထိုင်ရင်း ကျွန်တော်က ဝေဒနာကို အားရပါးရ ပါးစပ်ဟ ဖြေရှင်းနေဆဲ။
“ ဟိုနောက်က တဟမ်းဟမ်းနဲ. ချောင်းဆိုးနေဆဲ ပုဂ္ဂိုလ် ဘာပြောချင်လို.လဲ။ ထပါ။ ပြောပါ။”
ဟု ကျွန်တော့်ကို လက်ညှိုးထိုးပြီး ခပ်ဆတ်ဆတ် ပြောလေသည်။
ကျွန်တော်လည်း ထိတ်ထိတ်ပျာပျာ မတ်တတ်ရပ်ပြီး…
“ ဘာမှ ပြောစရာမရှိပါဘူး ဆရာ။ ချောင်းဟန်.တာက အကျင့်ပါနေလို.ပါ” ဟု ဖြေလိုက်ရာ ၀ါးခနဲ ပွဲကျသွားပါသည်။
“ရှင် တော်တော်နောက်တဲ့လူ” ၊ “ ခင်ဗျား တော်တော် နောက်တယ်ဗျာ ” ဟု အစည်းအဝေး ပြီးတော့ ကျွန်တော့်ကို ၀ိုင်းပြောကြပါသည်။ ဦးစီးမှူးကိုယ်တိုင်က “ ဒီရုံးမှာ ဒီလူက လူပြက်လား” ဟု မေးသည်ဟု ကြားရပါသည်။
ထိုနေ.သည် ကျွန်တော့်ခန္ဓာကိုယ်ထဲ ခိုးဝင်နေသော အကျင့်ဆိုးကြီး လူပုံအလယ်မှာ လက်ပူးလက်ကြပ်မိသော နေ.ပင်ဖြစ်ပါ၏။ ပတ်ဝန်းကျင်တွင် အနှောင့်အယှက် ပေးလာပြီဖြစ်သော အကျင့်ကြီးကို ကျွန်တော် ကြိုးစားနှိပ်ကွပ်ပါသည်။ ခက်တာက ဖိလေ ကြွလေ၊ နှိပ်ကွပ်လေ ရုန်းထလေ ဆိုသလို သတိထားနေကာမှ လည်ပင်းက ပိုယားသည်။ ပိုပြီး ချောင်းဟန့်ချင်သည်။ တစ်ယောက်တည်း နေချိန်မှာ ပြဿနာမရှိ။ လူတောထဲမှာ ဆိုလျှင် ရုပ်ပျက်ဆင်းပျက် နိုင်လှသည်။ လက်ကိုင်ပုဝါနှင့် ဇွတ်ဖိပြီး တခွီးခွီးဖြစ်နေတာတို.၊ အိမ်သာထဲ အမြန်ပြေးဝင်ရတာတို.၊ လူရှင်းတဲ့နေရာ ခပ်သွက်သွက်သွားပြီး ချောင်းဟန်.ပစ်ရတာမျိုးတွေ ဖြစ်လာသည်။
ပြဿနာဖြစ်ချင်တော့၊ တစ်နေ့…..
လက်နှိပ်စက်စာရေးမလေး ဦးစီးမှူးအခန်းထဲ အ၀င်၊ အခန်းဘေးမှာက စာရေးတွေ၊ စားပွဲတွေ ကိုယ်စီနှင့်။ ကိုယ့်အကြောင်း ကိုယ်သိနေသော ကျွန်တော်က ကောင်မလေး အခန်းထဲ ရှိနေချိန် ချောင်းမဟန်.မိအောင် ကြိုတင်ပြီး ချောင်းဟန်.ထားသည်။ ကောင်မလေးက မျက်စောင်းထိုး၏။ ကျန်တဲ့စာရေးတွေက ပြုံးစိ ပြုံးစိ။ ကိုယ့်ဝေဒနာနှင့် ကိုယ်မို. ကျွန်တော်ကတော့ ဂရုမစိုက်နိုင်အား။ အလုပ်တွေ ဖိလုပ်ရင်း နောက်ထပ် လည်ပင်းမယားခင် ကောင်မလေး ပြန်ထွက်ပါစေဟု ဆုတောင်းနေရသည်။ သို.သော် ဆုတောင်းကား မပြည့်။ အခန်းထဲမှာ ဦးစီးမှူးနှင့် ကောင်မလေးကလည်း စကားမပြတ်သေး။ လည်ချောင်းထဲက ကင်းခြေများတစ်ကောင် တက်လာသလို ရွစိ ရွစိနှင့် မခံနိုင်အောင် ယားလာတော့၏။ တံတွေးမျိုချလည်းမရ။ တိုးတိုးလေး ခံတွင်းရှင်းတာလည်း မရ။ စားပွဲပေါ်က ရေ မော့သောက်တာလည်း မရ။ အာရုံစိုက်လေ ပိုယားလေ၊ ထိန်းထားလေ ပိုပြီး ချောင်းဟန်.ချင်လာလေ။ ထိန်းမရတော့။ ကျွန်တော် နေရာက ထသွားမှ ဖြစ်တော့မည်။ စားပွဲက အထမှာပဲ အဟမ်း ဟူသော ချောင်းဟန်.သံကြီးသည် မိုးခြိမ်းသလို ကျွန်တော့်ပါးစပ်က ထွက်သွားတော့၏။
မရှေးမနှောင်းပင် ဦးစီးမှူး၏ ဆင်နားရွက်တံခါး ၀ုန်းခနဲ ပွင့်လာကာ-
“ ခင်ဗျား ဘာသဘောလဲ။ ဒါ ရုံးဗျ။ တာဝန်ချိန်ဗျ။ လူကြီးလူကောင်းတွေ အလုပ်လုပ်နေကြတာ။ ကလေကချေ ဆန်ဆန် အပြောင်အပြက်တွေ မလုပ်ပါနဲ.”
ဦးစီးမှူးသည် အလွန်ပင် ဒေါသထွက်နေပုံ ရ၏။ မျက်နှာကြီးနီမြန်းပြီး တစ်ကိုယ်လုံး ဆတ်ဆတ် ဆတ်ဆတ် တုန်နေသည်။ ကျွန်တော့မှာလည်း နေရာက ထပြီးသားမို. ကုန်းကုန်းကွကွကြီး ဖြစ်နေသည်။ ကြောက်တာရော အားနာတာပါ ပေါင်းပြီး ဘာက စပြောရမှန်းမသိ။
“ မ…. မဟုတ်ပါဘူး ဆရာ။ အ…. အကျင့်ပါနေလို.ပါ။ ခုကို အပြင်ထွက်…..”
“ တော်ဗျာ၊ ခင်ဗျား နှစ်ခါရှိပြီ၊ သုံးခါအထိတော့ သည်းမခံနိုင်ဘူး”
ဦးစီးမှူးသည် သူ.ဒေါသ သူပြန်ထိန်းသွား၏။ သူ ဆွဲထိုးလည်း ကျွန်တော် ခံရုံပင်။ သူ ကြမ်းကြမ်းတမ်းတမ်း ပြောလည်း ခံရုံပင်။ သို.သော် သူ.ဒေါသ သူ ချွန်းအုပ်နိုင်သွား၏။ ကျွန်တော်ကသာ…..။
ထိုနေ.က အဖြစအပျက်တွေမှာ ဘယ်သူမှ ကျွန်တော့်ဘက်က မရှိ။ ကျွန်တော့်ကို နားမလည်ကြ။ ခင်မင်ရင်းနှီးသူတွေက ဗြောင်ပင် ဝေဖန် ရှုတ်ချ၏။ မရင်းတရင်း မိတ်ဆွေတွေ ခပ်တန်းတန်း ဖြစ်ကုန်သည်။ သူစိမ်းတွေကတော့ တမင်ပင် ဝေးဝေးက ရှောင်ကြတော့၏။
သည်လို အလုပ်ခွင်မှာ နာနာကျင်ကျင် ဖြစ်ခဲ့ရသဖြင့် ဝေဒနာကြီးကို ထိန်းထားနိုင်ပြီလား မမေးနှင့်၊ ပိုလို.သာ ဆိုးလာချေသေး၏။ သတိထားလေ ဆွပေးသလို ဖြစ်လေ။ ထိန်းချူပ်ထားလေ ပေါက်ကွဲချင်လေ။ ကျွန်တော် အတတ်နိုင်ဆုံးတော့ သတိနှင့် နေပါသည်။ ကျွန်တော့်ဝေဒနာက ပြင်းပြင်းထန်ထန် နှိပ်ကွပ်ထားလို. မရ။ တစ်ချက် တစ်ချက် ပေါက်ကွဲခွင့် ပေးထားလျှင် အခါကျဲ နေတတ်ပါသည်။ စိတ်ပိုင်းအရကော ရုပ်ပိုင်းအရပါ နေသာ ထိုင်သာ ရှိပါသည်။ ထိုကြောင့် တစ်ယောက်တည်း ရှိနေချိန်မှာ သို.မဟုတ် ချောင်းဟန်.သံအတွက် ပြဿနာ မတက်လောက်သည့် ပတ်ဝန်းကျင်မှာ ကျွန်တော် အားရပါးရ ချောင်းဟန်.နေရပါသည်။
ဒါတောင် ကားမှတ်တိုင်မှာ ချောင်းဟန်.မိ၍ ရည်စားစုံတွဲတွေက မျက်စောင်းထိုးတာ၊ စတိုးဆိုင်ကြီးတွေမှာ ချောင်းဟန်.မိ၍ အရောင်းစာရေးမတွေက ဘုတောလွှတ်တာ၊ အန္တရာယ်မရှိလောက်ဘူးထင်ပြီး ချောင်းဟန်.မိရာက သူ.ဟာသူ
မလုံမလဲ ကိစ္စ တစ်ခုခု ရှိနေသောသူများ၏ ရန်သတ္တရုပြုတာကို ခံနေရပါသည်။
အဆိုးဆုံးကတော့ ကျွန်တော် အိမ်ငှားနေသော အိမ်ရှင် အန်တီကြီးနှင့် ပြဿနာ တက်ရခြင်းဖြစ်၏။ အန်တီကြီးက သားနှစ်ယောက်အမေ မုဆိုးမ ဖြစ်၏။ သားအကြီးက ကျွန်တော်ထက် နည်းနည်းလောက်ပဲ ငယ်မည်။ သားတွေ အိမ်ထောင်ကျကုန်တော့ သားအကြီးက မွေးသည့် မြေးကလေး တစ်ယောက်နှင့် နေသည်။ အိမ်တစ်ခြမ်းကို ကျွန်တော့်အား ငှားသည်။
ကျွန်တော် သူတို. မိသားစု အားလုံးနှင့် ဆက်ဆံရေး အဆင်ပြေပါသည်။ အိမ်မှာ ဘယ်လောက်ပဲ ချောင်းဟန်. ချောင်းဟန်. ပြဿနာ မတက်ခဲ့ပါ။ အဲသည်နေ.ကလည်း ရုံးသွားခါနီးမို. အန္တရာယ် ကြိုတင် ဖြေရှင်းထားသည့်အနေနှင့် အားရပါးရ ချောင်းဟန်.နေမိခြင်း ဖြစ်ပါသည်။ အန်တီကြီး ခြေသံပြင်းပြင်း နင်းလာသည်အထိ ကျွန်တော် သဘောမပေါက်သေး။ ချောင်းဟန်.ကောင်းတုန်း။
“ ဘာသဘောလဲကွယ့်၊ မင်းဟာက လွန်လွန်းလာပြီ”
“ခင်ဗျာ၊ ကျွန်တော် ဘာလုပ်မိလို.လဲ အန်တီ”
“ဒီမယ် အဲဒါ ငါ့မောင် သုံးဝမ်းကွဲ တော်တယ်။ ခမျာ ရိုးရိုးသားသား ၀င်ထွက်နေတာ။ မင်းက လှောင်သလို ပြောင်သလို တဟမ်းဟမ်းနဲ.၊ တစ်ရက်မဟုတ် နှစ်ရက်မဟုတ်၊ မလာရဲတော့ဘူးတဲ့ ၊ ပြန်သွားပြီ။ ဒါ မင်း တရားခံပဲ”
“ဟာ အန်တီ ကျွန်တော် ဒါတွေ လုံးဝ မသိရိုး အမှန်ပါ။ ဒီလူ.ကိုလည်း မသိပါဘူး။ သိဦးတော့ ကျွန်တော်နဲ.မှ မဆိုင်တာ။ ခုဟာက အကျင့်ပါ”
“အို တော်ပြီ တော်ပြီ။ ဒီလို ရိုင်းပျတဲ့ လူမျိုး ငါ့အိမ်မှာ ဆက်မထားနိုင်ဘူး။ မင်း အိမ်ရှာပါ။ လကုန်ရင် ပြောင်းတော့၊ ဒါပဲ”
အန်တီကြီး ဘာကြောင့် သည်လောက် ဒေါသထွက်သွားသလဲ။ ချောင်းဟန်.သံက အိမ်မှ နှင်ချလောက်သည်အထိ အနှောင့်အယှက်ဖြစ်သွားသလား။ သူ မကြိုက်မှန်း သိရင် ဘယ် ခုလို အားရပါးရ ချောင်းဟန်.ပါ့မလဲ။ ခုတော့ ဘာမှ ရေရေရာရာ မသိရခင်မှာပင် ကျွန်တော် အိမ်ပေါ်မှ ဆင်းခဲ့ရပါသည်။
“ဖြစ်ကြောင်းရယ် ကုန်စင် ရာဇ၀င်ကတော့ အဲဒါပါပဲ ဆရာ။ ကျွန်တော် ရိုးရိုး ဆရာဝန်နဲ.လည်း ပြပြီးပြီ။ လည်ချောင်းအထူးကုနဲ.လည်း ပြပြီးပြီ။ ဓာတ်မှန်ရိုက်၊ သလိပ်စစ်၊ လည်ချောင်းကို မှန်ပြောင်းနဲ.ကြည့်၊ ဘာရောဂါမှ မရှိဘူးတဲ့။ နောက်ဆုံး ဆရာ့ဆီ လမ်းညွှန်လိုက်လို. ရောက်လာတာပါပဲ”
စိတ်ရောဂါအထူးကုဆရာဝန်ကြီးသည် ကျွန်တော် ပြောသမျှကို စိတ်ရှည် လက်ရှည် နားထောင်၏။ ခေါင်းတဆတ်ဆတ် ညိတ်နေမိ၏။
“အေးဗျာ၊ ခင်ဗျားဟာက စိတ်ရောဂါ အဆင့်ထိ မရောက်သေးပါဘူး။ အကျင့်ပါနေတာပဲ။ အကျင့်ဆိုတာ မွေးရာပါ မဟုတ်ဘူးလေ။ ကိုယ့်ဟာကိုယ် လက်ခံထားမိတဲ့ အမူ အကျင့်တစ်ခု ကို ကိုယ့်ဟာကိုယ်ပဲ စွန်.ပစ်ရမှာ။ ကိုယ့်ကိုယ်ကို ကုရမှာ၊ ဘယ်သူမှ ၀င်ကုပေးလို. မရဘူး။ အဲဒီတော့….”
“ဒီအကျင့်ဟာ ပတ်ဝန်းကျင်အတွက် မကောင်းဘူး။ ငါ့အတွက်လည်း မကောင်းဘူးလို. ဒီလို ကိုယ့်စိတ်ကိုယ် ပြဋ္ဌာန်းပါ။ ပြဋ္ဌာန်းပြီးရင် ဒီအကျင့်ကြီးကို မပျောက် ပျောက်အောင် ဖျောက်မယ်၊ အများနည်းတူ နေမယ်လို. ဆုံးဖြတ်ချက်ချ၊ သန္နိဋ္ဌာန်ချပါ။ အဲဒီလို စိတ်ကို ပြဋ္ဌာန်း ဆုံးဖြတ်လိုက်ရင် ခင်ဗျားရဲ.
အကျင့်ကြီး ပျောက်သွားပါလိမ့်မယ်။ ကျွန်တော် အကြံပေးသလို စမ်းကြည့်ပါ။ ဟုတ်လား”
ကျွန်တော် ဆရာဝန်ကြီး ရုံးခန်းက ထွက်လာတော့ ခြေလှမ်းတွေ သွက်နေပါသည်။ ခေါင်းထဲမှာလည်း ပေါ့ပါးကြည်လင်နေသည်။ ဆရာဝန်ကြီးပြောတာ သဘာဝကျပါ၏။ ပတ်ဝန်းကျင်အတွက်လည်း အနှောင့်အယှက်ဖြစ်၊ ကိုယ့်အတွက်လည်း အန္တရာယ်ဖြစ်စေတဲ့ အကျင့်ကြီးကို ကိုယ့်ဟာကိုယ် ကြိုးစားဖျောက်ဖျက်ပစ်ရမယ်။
သို.သော် ကြိုးစား ဖျောက်ဖျက် မရခင် ကျွန်တော့်အကျင့်ကြီးနဲ. မလုံမလဲ လောကကြီး ဘယ်လောက်ထိ ပြဿနာတက်ကြဦးမည်လဲ မသိ။
အခုကို လည်ချောင်းထဲက ယားနေပါသည်။

ဂျိုဇော်

Sunday, August 3, 2008

မျက်နှာနှစ်ဘက်နဲ့ ဒင်္ဂါးတစ်စေ့

နိုင်ငံရေးဟာ gunများကြားထဲ ပျံသန်း နေရတဲ့ငှက်
နိုင်ငံရေးဟာ စမ်းတဝါးဝါးနဲ့ အသံစမ်း နေရတဲ့လက်

နိုင်ငံရေးဟာ သံဃာကိုတောင် သတ်ရဲတဲ့ သေနတ်
နိုင်ငံရေးဟာ ပင်လယ်လို ဖြဲထားတဲ့ ပါးစပ်

နိုင်ငံရေးဟာ ကမ္ဘာအနှံ့ က အာခံကြမယ့် သိမ်းငှက်တစ်ထောင်
နိုင်ငံရေးဟာ အမေရိကန်ကို သွားဖို့ လက်မှတ်တစ်စောင်

နိုင်ငံရေးဟာ ဘယ်နေရာကို ရောက်ရောက် သွေးထဲက မီးထတောက်မယ့် သူပုန်
နိုင်ငံရေးဟာ ဘယ်နေရာကို ရောက်ရောက် အကျင့်မပျောက်တဲ့ ခွေးမြီးကောက်

နိုင်ငံရေးဟာ ခွပ်ဒေါင်းတွေ လက်ထဲက ဝရဇိန်လက်နက်
နိုင်ငံရေးဟာ မျောက်တွေ လက်ထဲက အုန်းသီးတစ်လုံး

နိုင်ငံရေးဟာ သွေးနဲ့ ရေးခဲ့တဲ့ သြဂုတ်၊စက်တင်ဘာ သမိုင်း
နိုင်ငံရေးဟာ ရေပေါ်မှာရေးလိုက်တဲ့ ကြေငြာချက် တစ်စောင်

နိုင်ငံရေးဟာ အရေပြားပေါ်မှာ ကြက်သီးတွေ စီးဆင်းသွားစေတဲ့ ဟစ်ဟော့ သီချင်းတစ်ပုဒ်
နိုင်ငံရေးဟာ ဘလော့တွေထဲမှာ အညောင်းမိနေတဲ့ ကော်ပီ သတင်းတစ်ပုဒ်

နိုင်ငံရေးဟာ ကလေးတစ်ယောက်ရဲ့ ဗိုက်ထဲက တဂွီဂွီထွက်လာတဲ့ တကယ့်အမှန်
နိုင်ငံရေးဟာ မီဒီယာပေါ်မှာ ဆရာသမား တစ်ယောက် ဇွတ်အတင်းလုပ်ပြီး ပြောလိုက်တဲ့ အသံ

နိုင်ငံရေးဟာ ပါးစပ်ပိတ်နေရတဲ့ လူထု
နိုင်ငံရေးဟာ ကြေးမုံ စက္ကူစုတ်ထဲက အက္ခရာအစု

နိုင်ငံရေးဟာ အာဟာရ ပြတ်နေတဲ့ ဆင်ဖြူတော်
နိုင်ငံရေးဟာ ဒေါ်လာငတ် နေတဲ့ ကြောင်သူတော်

နိုင်ငံရေးဟာ ထောင်ထဲမှာ လူမသိသူမသိ သေသွားရှာတဲ့ အညတရ ကျောင်းသားတစ်ယောက်
နိုင်ငံရေးဟာ ကိုယ့်ဘာသာကိုယ် သတ်မှတ်လိုက်တဲ့ အဝေးက အာဇာနည် တစ်ယောက်

နိုင်ငံရေးဟာ မိစ္ဆာတို့ရဲ့  လူသတ်ကွင်း တစ်ကွင်း
နိုင်ငံရေးဟာ အီလစ်တို့ရဲ့  ကစားကွင်း တစ်ကွင်း

နိုင်ငံရေးဟာ ဘတ်စ်ကားကြပ်ကြပ်ပေါ်မှာ တိုးဝှေ့ နေရတဲ့ နံနက်
နိုင်ငံရေးဟာ ကြယ်တွေဘယ်လောက်ထွက်ထွက် လင်းမလာသေးတဲ့ည

နိုင်ငံရေးဟာ လမ်းမတွေ ပေါ်မှာ ခြေဗလာနဲ့ လျှောက်ခဲ့ကြတဲ့ ခြေထောက်
နိုင်ငံရေးဟာ ဖိနပ်နဲ့ မတော်လို့ အဖြတ်ခံလိုက်ရတဲ့ ဖနောင့်

နိုင်ငံရေးဟာ ငါတို့မွေးထားရမယ့် တစ္ဆေတစ်ကောင်
နိုင်ငံရေးဟာ ပုပ်ပွနေတဲ့ အသေတစ်ကောင်

တစ်ခါတစ်ခါမှာ နိုင်ငံရေးဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ စကားတစ်ခွန်း
နိုင်ငံရေးဆိုတာ အင်မတန် မွန်မြတ်သန့်စင်ပြီး၊
သူတော်ကောင်းတွေမှသာ လုပ်နိုင်တဲ့ အလုပ်
တစ်ခါတစ်ခါမှာ နိုင်ငံရေးဟာ ဒေါက်တာသန်းထွန်းရဲ့ စကားတစ်ခွန်း
ငါ့ လက်ဝဲက လူကိုလည်း စေ့စေ့စပ်စပ်ကြည့်တယ်၊
ငါ့လက်ယာက လူကိုလည်း ဒီလိုပဲ အားမနာတမ်း ကြည့်တယ်၊
စေတနာ အချောင်းလည်းမမြင်ဘူး၊
အပြားလည်းမမြင်ဘူး

နိုင်ငံရေးဟာ ဘဝပေါင်းများစွာ ထည့်လှောင်ထားတဲ့ စစ်ဖိနပ်တစ်ရံ
နိုင်ငံရေးဟာ ဆူးလေဘုရားနားက ပစ်ခတ်သံ

နိုင်ငံရေးဟာ အချစ်ကဗျာ တစ်ပုဒ်နဲ့  ကိုစောဝေ ပစ်လိုက်တဲ့ မိုးကြိုး
နိုင်ငံရေးဟာ အကျဉ်းထောင်ထဲ လွတ်ကျသွားတဲ့ မြို့ တော်

နိုင်ငံရေးဟာ စက်တင်ဘာ မိနစ်မှာ တိုင်ထိပြီး ပြန်ထွက်လာတဲ့ ဘောလုံးတစ်လုံး

နိုင်ငံရေးဟာ အတ္တလက်အိတ်တွေ စွပ်ပြီး ထိုးနေကြတဲ့ ခပ်ပျော့ပျော့ လက်သီး

နိုင်ငံရေးဟာ “လက်နက်”နဲ့ “ဓားပြတိုက်ခွင့်” လဲလှယ်ထားတဲ့ ငြိမ်းချမ်းရေး

နိုင်ငံရေးဟာ ယားနာတွေကို ဖုံးဖို့ ထဘီရှည်ရှည် ဝတ်ပြီး က္ကုနြေ္ဒရှင်ယောင် ဆောင်ထားတဲ့ အပျိုမ
နိုင်ငံရေးဟာ မိတ်ကပ်တွေဖို့ ထားတဲ့ တောတွင်း ဥပဒေသ

နိုင်ငံရေးဟာ ညစ်ပေတဲ့ လက်တွေနဲ့ အိုးမည်း အသုတ်ခံလိုက်ရတဲ့ မျက်နှာ
နိုင်ငံရေးဟာ တလွဲဘာသာအပြန်ခံလိုက်ရတဲ့ ကဗျာတစ်ပုဒ်

နိုင်ငံရေးဟာ တစ်တောလုံး စိမ်းစိုဖို့ ကိုယ်စီ ဝေဆာပေးရမယ့် သစ်ပင်
နိုင်ငံရေးမှာ ကြွက်ခုတ်ဖို့ က အဓိက

နိုင်ငံရေးဟာ ငါတို့ မဖြေကြပဲ ချန်ထားခဲ့တဲ့ ပုစ္ဆာ
နိုင်ငံရေးဟာ ပေါက်ကွဲ စေချင်ဇောနဲ့  ငါတို့ အားလုံးမျှော်နေရတဲ့ ကတ္တီပါ ဗုံးတစ်လုံး။

ကောင်းကင်ကို

အစိမ်းရောင်နဲ့ ရေးထားတာက ဗိုလ်ချုပ်အောင်ဆန်း ပြောခဲ့တဲ့ စကားနဲ့ ဆရာကြီးဒေါက်တာ သန်းထွန်း ရေးခဲ့တဲ့ စာပါ။
ဆရာကြီးဒေါက်တာ သန်းထွန်းပြောခဲ့တဲ့ စကားက နိုင်ငံရေးသမားတွေကို ပြောခဲ့တာတော့ မဟုတ်ပါဘူး။ သူ့ လုပ်ဖော်ကိုင်ဘက် ဆရာတွေကို ပြောခဲ့တာပါ။

Saturday, August 2, 2008

အချစ်ကဗျာ စုစည်းမှု

အချစ်ကဗျာလေးတွေကို သီးသန့် စုစည်းပြီး pdf Ebook လုပ်လိုက်ပါတယ်။ to download (click here)

အဲဒီ့အထဲက ကဗျာနှစ်ပုဒ်ကိုလည်း ပြန်တင်လိုက်ပါတယ်။

ချစ်သူ့ ပါးလေး နှစ်ဘက်ပေါ်မှာ

မပွင့်တပွင့် နှုတ်ခမ်းလေးက
မောင်လို့ တစ်ခွန်း ခေါ်လိုက်တိုင်း မှာ
သံယောဇဉ် ဝက်အူက
ရင်ကို တစ်ရစ်တင်းတယ်။

ချစ်သူ့ နှုတ်ခမ်းဖျားမှာ
မုန်တိုင်းတစ်ခု ဖွဖွကလေး တိုက်ရင်တောင်
ငါကနှလုံးသားတစ်ခုလုံး ဒေါင်ချာစိုင်းတဲ့ကောင်ပါ။

ပတ္တမြားသွေးနဲ့ 
ချစ်စရာနှုတ်ခမ်းလေးမှာ
စကားလုံးလေးတွေက တတွတ်တွတ်နဲ့ ပွင့်တယ်။
မာယာ သကြားတွေ ထည့်မထားတဲ့
စကားလုံး ရိုးရိုးလေးတွေက
ဘာကြောင့် ဒီလောက်ချိုနေရတာလဲ။
အဲဒီ့ စကားလုံးလေးတွေကိုပေါ့
ငါဝိုင်အရက် ချက်ပြီး တညလုံးမူးခဲ့တာ။

မျက်လုံးခြင်း ဆုံလိုက်တဲ့ အခိုက်အတန့် မှာ
အကြင်နာမြစ်တစ်စင်းက ငါ့သွေးကြောထဲကို ဖြတ်စီး
ခဏလေး လက်သွားတဲ့ လျှပ်စီးရောင်အောက်မှာ
အသည်း သဏ္ဍန်တိမ်စိုင်လေးတစ်ခုကို
ဝိုးတဝါးနဲ့ တွေလိုက်ရတယ်။
ဒါ ချစ်ခြင်းရဲ့ နိမိတ်လား။

လမင်းရဲ့ ဆွဲငင်အားနဲ့ 
သံယောဇဉ် ဒီရေတွေတရိပ်ရိပ်တိုး
နှလုံးသား ဆည် ကျိုးတဲ့နေ့ ကပေါ့။

ဟန်တစ်ခွဲသားနဲ့ အဖြူရောင် တံတိုင်းကြီးလည်း
တိုးတိုးလာတဲ့ ချစ်ခြင်း တွေကို ထမ်းပိုးရင်းက
မနိုင်မနင်းနဲ့  သူ့ အလိုလို ပြိုကျ၊
ချစ်စကားတွေ ငါ့နှုတ်ခမ်းက အလုအယက် ခုန်ထွက်လာတုန်းကပေါ့။
စကားလုံးတွေ တစ်လုံးနဲ့ တစ်လုံး ခလုတ်တိုက်မိပြီး
ငါ့စကားတွေက ထစ်သွားလိုက်တာ။

နှစ်ယောက်စလုံးရဲ့ ရင်ခုန်သံတွေက
တိတ်ဆိတ်မှုကိုဖြို
ချစ်သူ့ မျက်နှာမှာ
ရှက်သွေးတွေစိုသွားတဲ့ခဏပေါ့။
ငါလမင်းနီနီကို ပထမဆုံးအကြိမ် မြင်လိုက်ရတယ်။

ကျေးဇူးပြုပြီး တိတ်ပေးကြပါ
ဝင်သက်ထွက်သက်တို့ ၊
ချစ်သူ့ ပါးလေး နှစ်ဘက်ပေါ်မှာ
နှင်းဆီ တစ်ပွင့်စီ အိပ်နေလို့ ။

ကောင်းကင်ကို

**************

အနမ်းလှေမဲ့ ကမ်းခြေနှစ်ဘက်

ခြောက်ကပ်ပြီး ပတ်ကြားအက်နေတဲ့
ငါ့နှလုံးသာ ဥယျာဉ်ထဲမှာ
ကန္တာရတို့ အဆုပ်လိုက် ပွင့်နေတယ်။

ညပေါင်း တစ်သောင်းကျော်စောင့်တာတောင်
ငါမျှော်နေတဲ့ လမင်းက
အခုထိ မသာသေးဘူး။

ငါဟာ
အချစ်ရဲ့ ပွင့်ချပ်တွေကို
ငါ့ဘဝလှေငယ်မှာ ရွက်တပ်ဖို
မဝံ့မရဲ
စောင့်နေတဲ့ သူပါ။

ခြေလှမ်းတလှမ်းလှမ်းလိုက်တိုင်း
အထီးကျန်မှုတွေက
ငါ့နောက်က တကောက်ကောက် လိုက်လာတယ်။

ကြွေရှာတဲ့ သစ်ရွက်တွေမှာတောင်
ခိုစရာမြေပြင်ရှိသေးတယ်၊
ဝေဒနာနဲ့ နှစ်ရက်တွေမှာငါ
ငိုစရာရင်ခွင် မရှိဘူး။

ကံကြမ္မာက အတင်းပစ်ချလိုက်တဲ့တိုက်ပွဲမှာ
လောကဓံရဲ့  လက်သီးချက်တွေနဲ့ 
ဘဝက ခဏခဏ ကွဲတယ်။
ဒဏ်ရာဒဏ်ချက်တွေထဲက
စိမ့်ထွက်လာတဲ့သွေးတွေကို
အကြင်နာလက်တွေနဲ့ 
ဘယ်သူလာ ဆေးထည့်ပေးပါ့မလဲ။

သြာ်...
ငါ့ပါးနှစ်ဘက်ကမ်းခြေမှာ

အားတက်စေမဲ့ အနမ်းလှေဟာ
ဘယ်အချိန်လာရောက် ဆိုက်ကပ်လေမလဲ။

ကောင်းကင်ကို