(၂၀၂၀ ဒီဇင်ဘာတုန်းက ကျွန်တော်ရေးဖူးတယ်။ "စက်ရုပ်က လူတွေကို လုံးဝ လွှမ်းမိုးဖို့ ဆိုတာကတော့ သူတို့ကို survival instinct တွေ၊ ego တွေပါ ထည့်ပေးမှ ရမယ်ထင်တယ်။ အတ္တလုံးဝ မရှိရင်၊ ရှင်သန်ကျန်ရစ်လိုစိတ် မရှီရင် တည်တံ့ဖို့၊ လူတွေကို လွှမ်းနိုင်ဖို့ မဖြစ်နိုင်ဘူး။ " - ၂၀၂၀ ဒီဇင်ဘာ
Wednesday, January 10, 2024
Self-connection (3) - တရားထိုင်တဲ့ လူတစ်ယောက်ဟာ စက်ရုပ်ဖြစ်သွားနိုင်လား။
Wednesday, January 3, 2024
ကျင့်ဝတ် နဲ့ လက်တွေ့နိုင်ငံရေး အမြင်
NUG က One China principle ကို ထောက်ခံကြောင်း ကြေငြာချက်ထွက်လာတယ်။ တရုတ်အစိုးရရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ရော စောင့်ရှောက်မယ်ပေါ့။
အရင် ခေတ်အဆက်ဆက်ကရော၊ NLD အစိုးရ လက်ထက်တုန်းကလည်း ထိုင်ဝမ်လို့တောင်မှ မသုံးတာ။ တရုတ်လို့ ရေးပြီး ကွင်းစကွင်းပိတ်ထဲကနေ ထိုင်ပေ လို့ သုံးတာ။ တရုတ်(ထိုင်ပေ) ပေါ့။ NLD အစိုးရ လက်ထက်မှာလည်း ဒလိုင်းလားမားတို့ တိဘက်အရေး၊ ဟောင်ကောင်အရေးတို့ကို လျစ်လျူရှုခဲ့တဲ့အပြင် အဲဒီကိစ္စတွေမှာ တရုတ်ဘက်ကိုပါ ပိုယိမ်းခဲ့တာပါပဲ။
တရုတ်ရဲ့ လွှမ်းမိုးမှုကို အတိုင်းအတာ တစ်ရပ်အထိ ခံရတာက စစ်ကောင်စီတင်မဟုတ်။ NLD တို့ NUG တို့တင် မဟုတ်။ EAO တချို့လည်း ခံရတာပဲ။ EAO တွေနဲ့ အခု NUG လုပ်တာ ဘာကွာလဲဆိုတော့ တချို့ EAO တွေ တရုတ်ဘက် ယိမ်းတယ်ဆိုရင်တော်င ဘယ် EAO ကမှတော့ One China principle ဘာညာပြောတာ မကြားဖူးဘူး။ ဒါကလည်း အစိုးရအဖြစ် မခံယူထားလို့ ဖြစ်နိုင်တယ်။ NUG ကတော့ ကြားနေ အနေအထားတောင် မဟုတ်တော့ဘဲ ပေါ်တင်ကြီး တရုတ်ဘက် ယိမ်းလိုက်တဲ့၊ အရပ်စကားနဲ့ ပြောရရင်တော့ တရုတ်အစိုးရကို ပေါ်တင်ကြီး “မ” လိုက်တာပေါ့။
Henry Kissinger ပြောတဲ့ Realpolitik ဒါမှမဟုတ် "practical politics” အရ၊ လက်တွေ့နိုင်ငံရေးအရဆို ရင်တော့ မမှားဘူးလို့ ပြောချင်ပြောလို့ရတာပေါ့။ ဒါပေမယ့် morally အရ၊ နိုင်ငံရေးကျင့်ဝတ်ပိုင်းအရ ကြည့်ရင်တော့ မှားတာပေါ့။
ထပ်ပြောရရင် Realpolitik အရ မမှားဘူးဆိုပါတော့။ ဒါဆိုရင်ရော ဘာတွေက မှားသွားသလဲ။ လက်တွေ့ အနိုင်ရဖို့ပဲ ဦးတည်နေကြရာမှာ ဓမ္မ - အဓမ္မ ဆိုပြီး ပုံသေ သတ်မှတ်တာ (ဒီနေရာမှာ မင်းအောင်လှိုင်တို့လို စစ်ခေါင်းဆောင်တွေကတော့ အဓမ္မမှန်း လုံးဝ ပြတ်ပြတ်သားသား ထင်ရှားတယ်နော်။ သူတို့လို ဖက်ဆစ်တွေကို ကာကွယ်ပေးချင်တာမဟုတ်)။ ဒါပေမယ့် ကိုယ်တွေဘက်မှာ (ဒီကိစ္စမှာဆို NUG ဘက်မှာ) ဓမ္မဆိုတာလို ဖြူစင်မနေဘူး။ အဲဒီမှာ ဘာတွေမှားသလဲဆိုတော့ ဖြူစင်မနေဘဲ၊ အနိုင်ရရေးကို ဦးတည်နေရဲ့သားနဲ့ ဓမ္မဆိုပြီး ဇွတ်လုပ်ကြတာ။ တကယ်က nationalism ပါပဲ။ မဘသတွေလောက်အထိ ကျဉ်းမြောင်းတဲ့ nationalism မဟုတ်ပေမယ့် nationalism ပါပဲ။ ပြီးရင် အဖွဲ့အစည်း အကျိုးစီးပွားအတွက်ရော၊ တစ်ကိုယ်ရည် အကျိုးစီးပွါးအတွက် လုပ်ရတဲ့ အဓမ္မတချို့တလေလည်း ရှိမှာပဲ။ အဲဒါကို ဓမ္မလို့ ဇွတ်လုပ်ကြတာပါ။
နောက်တခုက realpolitik လုပ်နေသူတွေကို humanist တွေက ကျင့်ဝတ်ပိုင်းအရ သို့မဟုတ် အိုင်ဒီယော်လော်ဂျီပိုင်းအရ ဝေဖန်ရင် ….. အထိမခံတော့ဘဲ ဓမ္မလို့ ဇွတ်ပြောကြတာ၊ ဝေဖန်သူတွေကိုပါ အဓမ္မအဖြစ်၊ သို့မဟုတ် realpolitik ကို ဉာဏ်မမီသူတွေအဖြစ် တိုက်ခိုက်ကြတာ၊ သို့မဟုတ် ကိုယ်ကျိုးစီးပွားရှာသူ သို့မဟုတ် သစ္စာဖောက်လောက်ကောင်တွေအဖြစ် ရန်ရှာကြတာ။ အဲဒါတွေက မှားတာ။ တကယ်ကတော့ ကိုယ့်ဘက်အသာစီးရရေးအတွက် ထိုင်ဝမ်လို လူ့အစုအဖွဲ့တစ်ခုရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို ချနင်းလိုက်တာက ဓမ္မတော့ ဖြစ်မနေဘူး။ လူတွေသတ်မှတ်ထားတဲ့ ဓမ္မဆိုတဲ့ သဘောတရား (လူလုပ်ဓမ္မကို) လက်ခံရင်ပေါ့လေ။ အဲဒါကို လူလုပ်ဓမ္မမို့ လက်မခံဘူးဆိုရင်ကျလည်း ဒီလိုပို့စ်တွေကို လာငြင်းစရာကိုမလို၊ political science တွေပါ ပြောစရာကိုမလို၊ မင်းအောင်လှိုင်သည်ကိုပင်လျှင် မတရားဘူးလို့ ပြောဖို့မလိုတော့။ ဘာတုန်းဆိုတော့ အဲဒါဆို moral nihilism ဖြစ်သွားပြီ။ တရားတယ်၊ မတရားဘူးဆိုတာ မရှိတော့ဘူး။ ဒီနိုင်ငံကလူတွေ ဖတ်ဖူးကြတဲ့ စိတ္တရလေခါ ဝတ္ထုထဲကလိုပဲ။
ထားပါတော့။ ကျင့်ဝတ်ဆိုတာကို လက်ခံပြီဆိုပါတော့။ ဒါဆို မင်းအောင်လှိုင်နဲ့ NUG အတူတူပဲလားဆိုတာတော့ မဟုတ်ဘူး။ ကိုပိုင်သွန် ပြောဖူးသလို စကားနဲ ပြောရရင် demarcation line ဆိုတာရှိတယ်။ နယ်နိမိတ်မျဉ်းပေါ့ဗျာ။ မင်းအောင်လှိုင်ကတော့ အရာအများစုမှာ အဓမ္မဆိုတဲ့ဘက်ကို ဟိုးဘက်အစွန်းဆုံး ဒီဂရီအမြင့်ဆုံးဘက်ကို ပြတ်ပြတ်သားသား သိသိသာသာ ရောက်နေတာ။ အဓမ္မမှန်းသိသာတယ်။ NUG လိုမျိုးကျတော့ တချို့ကိစ္စတွေမှာ အဖြူအမည်းမသည်းကွဲတဲ့ ဓမ္မမှန်း အဓမ္မမှန်း ပြတ်ပြတ်သားသား ပြောရခက်တဲ့ မျဉ်းမျိုးပေါ်မှာ ရောက်နေမယ်။ တချို့ကိစ္စရပ်တွေမှာတော့ မတရားတဲ့ဘက်ကို ရောက်နေမယ်။ တချို့ကိစ္စတွေမှာတော့ ဓမ္မဘက်မှာ သိသိသာသာ ရောက်နေမယ်။ ပုံသေပြောရတော့ခက်ပါတယ်။
အဲဒီတော့ တချို့ကိစ္စတွေကို realpolitik ဆိုတဲ့ စကားလုံး သုံးပြီး ကာပေးချင် ကာပေးလို့ရတယ်။ ကာပေးခွင့်လည်း ရှိပါတယ်။ ဒါပေမယ့် အဲဒီ realpolitik သုံးပြီးတော့က ဖက်ဆစ်တွေ၊ ဂျီနိုဆိုက်လို ကိစ္စတွေအထိ ကာပေးလို့ ရတာကိုတော့ သတိပြုစေချင်တယ်။ realpolitik ဟာ ကျင့်ဝတ်နဲ့ မတူဘဲ ဘောင်ကျယ်ပြီး တအားညစ်ပတ်ခွင့်ရှိတာမို့ ဖက်ဆစ်လုပ်ရပ်တွေကိုတောင် ကာပေးလို့ရနိုင်တယ်။ အုပ်စုအကျိုးစီးပွား သို့မဟုတ် အမျိုးသားရေးအတွက် လူတွေအစုလိုက် သတ်ရတာပါဆိုတဲ့အထိတောင် ကြံဖန် ကာပေးလို့ရနိုင်တယ်။ ပိုးဟပ်တွေလို အနှောင့်အယှက်ပေးမယ့် ပိုးမွှားတွေမို့ သတ်ရတာပါဆိုတဲ့အထိတောင် လက်တွေ့အဆင်ပြေရေးဆိုတဲ့ ဆင်ခြေနဲ့လည်း ကာပေးခဲ့ကြပါတယ်။ ပြီးတော့ တချို့ကိစ္စတွေဆို realpolitik ဆိုတဲ့ စကားလုံးကိုသာ ယူသုံးတာ။ တကယ့်လက်တွေ့လည်း အဆင်ပြေလာတာ မဟုတ်ပါဘူး။
ဒါပေမယ့် Moral ပိုင်းဆိုတာမှာတော့ သိပ္ပံလို အားလုံးတပြေးညီ လက်ခံထားတဲ့ Theory of Everything လို အရာမျိုး မရှိပေမယ့် အကန့်အသတ်တွေ၊ လိုက်နာရမယ့် အချက်တွေ ရှိသလို၊ အားလုံး ယေဘုယျ အကြမ်းဖျင်း သဘောတူထားတဲ့ အရာတွေလည်း ရှိတော့ အကန့်အသတ်ရှိပြီး လိုက်နာကျင့်သုံးဖို့ လည်းခက်တယ်။ အယူအဆတွေကို လိုသလိုဆွဲသုံးပြီး စိတ်ကြိုက် ကာပေးလို့ မရနိုင်ဘူး။
တဘက်မှာ diversity ကိုလက်ခံတယ်ဆိုပါတော့။ လက်မခံလည်း လက်တွေ့မှာ လုပ်ငန်းခွင်လို နေရာမျိုးမှာသာ diversity က ရှိချင်မှ ရှိမယ်။ အတွေးအမြင်၊ ခံယူချက် ကွဲပြားမှုတွေကတော့ ရှိနေမှာပါပဲ။ ဒီတော့ realpolitik ကို ဝေဖန်တဲ့သူတွေလည်း ရှိနေမှာပါ။ တချို့ကကျ အလုပ်အကိုင်ကိုက လူ့အခွင့်အရေးနဲ့ ပတ်သတ်တဲ့လုပ်ငန်းဖြစ်မယ်။ အဲ့လူတွေကိုလည်း ငွေကြောင့် လုပ်တာဆိုပြီး အပြစ်မတင်သင့်ဘူး။ လူတိုင်းဟာ ထိုက်တန်တဲ့ လုပ်အားခ ရခွင်ံ့ရှိတယ်။ ပြောတဲ့အချက် မှန်မမှန် ကိုပဲ စဉ်းစားရမယ်။ တချို့ကကျလည်း အဖွဲ့အစည်းတခုကို မုန်းလွန်းလို့ တမင်ဝေဖန်တာလည်း ရှိတယ်။ အဲဒါလည်း ဝေဖန်တဲ့အချက် မှန်မမှန် ကိုပဲ စဉ်းစားရမှာပါ။ တချို့ကလည်း လောလောဆယ်ကျွန်တော်တို့လို လူအမုန်းခံပြီး ကြီးတော်နွားကျောင်းနေကြတာမျိုးပေါ့။ တခါတခါ လူမုန်းများပြီး မိတ်ပျက်တဲ့အတွက် ကိုယ့်အလုပ်နဲ့ ကိုယ့်ဝင်ငွေကိုတောင် ထိခိုက်စေနိုင်ပါသေးတယ်။ ဒါပေမယ့် ကိုယ့်ဝါသနာမို့ ကိုယ့်ခံယူချက်မို့ ပြောကြသူတွေက ပြောကြပါတယ်။
ကမ္ဘာကြီးမှာ realpolitik သမားတွေချည်းဆိုလည်း ဟစ်တလာထက်ဆိုးတဲ့ လုပ်ရပ်တွေ ပွထနေပြီး ခုဆို လူသားတွေ မျိုးတုံးနေလောက်ပြီ။ ဒီတော့ လက်တွေ့ကျသည်ဖြစ်စေ၊ မကျသည်ဖြစ်စေ၊ အမေရိကန်လို ကမ္ဘာ့ပါဝါနိုင်ငံကြီးက အစ အဲဒီ ကျင့်ဝတ်တွေကို ရာနှုန်းပြည့် မလိုက်နာကြဘူးဆိုပေမဲ့၊ ဟန်ချက်ညီအောင် ပြန်ထိန်းဖို့ အဲဒါတွေကို ထောက်ပြသူတွေ၊ အဖွဲ့အစည်းတွေကတော့ လိုအပ်နေမှာပဲ။ တဘက်ကလည်း realpolitik သမားတွေက ရန်ပြန်လုပ်ကြမှာပါပဲ။ အဲလိုပြောလာရင် diversity က ကောင်းကြောင်း၊ ဟန်ချက် ထိန်းညှိမှုရှိတာက ကောင်းကြောင်းနဲ့ စံနှုန်းတွေဟာ ရာနှုန်းပြည့်မလိုက်နာနိုင်ကြတောင် ရှိသင့်ကြောင်း ကိုယ်တွေကလည်း ပြန်ပြောရမှာပါပဲ။
ဒီတော့ humanist တွေ က ဝေဖန်နေခြင်းဟာ …. လောကကြီးမှာ အားလုံး တယောက်မကျန် လက်ခံကြရမယ့် ပုံသေ absolute truth တို့၊ အားလုံးအတွက်မှန်မယ့် ဓမ္မတို့ဆိုတာ ရှိနေလို့လည်း မဟုတ်ဘူး။ ခုရေးနေတဲ့ ပို့စ်သည်ပင်လျှင် absolute truth မဟုတ်ဘူး။ လူတိုင်းလက်ခံရမယ့် moral principle မျိုး မဟုတ်ဘူး။ ဝေဖန်ရခြင်းတွေကလည်း ငါတို့ကမှ အမှန်ဆိုပြီး moral high ground ယူဖို့တို့၊ ကြွားဝါဖို့တို့လည်း မဟုတ်ဘူး။ လောကကြီးကို ဟန်ချက်ထိန်းညှိဖို့၊ နောက်တခုက လူတွေလုပ်ယူထားတဲ့ ဓမ္မနဲ့ အဓမ္မပဲဆိုပါစေ…. အဲဒီ ဓမ္မ အဓမ္မရဲ့ နယ်နိမိတ်မျဉ်းကို တအားကျော်ပြီး အဓမ္မဘက် တအားမရောက်ရအောင် ထိန်းပေးနိုင်ရေးအတွက်ပဲ ဖြစ်ပါတယ်။ ဒီတော့ စံနှုန်းတွေနဲ့ ဝေဖန်သူတွေလည်း ရှိနေမယ်။
**********
ဒီတော့ ဒါမျိုးတွေ ရေးရခြင်းနဲ့ ပတ်သတ်ပြီး ခုလက်ရှိ နှစ်သစ်မှာ စဉ်းစားထားတဲ့ ကိုယ်ရေးကိုယ်တာ ခံယူချက်လေးကိုလည်း ထည့်ရေးလိုက်ပါမယ်။
အဲဒီတော့ ကိုယ့်ကို ကြိတ်မုန်း ကြိတ်အမြင်ကတ်သူတွေ ရှိခဲ့/ရှိနေမှာ ဖြစ်သလို၊ ပေါ်တင်မုန်းသူ အမြင်ကတ်သူတွေလည်း ရှိမှာပဲ။ အမြင်မကတ်ဘဲ အယူအဆ မတူကြောင်း ရိုးရိုးသားသား ဖွင့်ဟ လာရေးသူတွေလည်း ရှိမှာပဲ။ အဲဒီမှာ ကိုယ့်အတွက် နှစ်သစ်ခံယူချက်လို့ပဲဆိုဆို ခံယူချက်တစ်ခုကတော့ …. (၁) ရေးချင်တာကိုလည်း လူမုန်းမှာစိုးပြီး မရေးဘဲနေတာမျိုး အမြဲမလုပ်ဖို့ (တခါတခါ မုန်းချင်မုန်းပါစေ ရေးရမယ်) - (၂) မအလတို့လို သိသိသာသာ ပြတ်ပြတ်သားသား ဖက်ဆစ်ဆန်နေကြသူတွေ ဟုတ်မနေရင်၊ ပြီးတော့ ကိုယ်နဲ့အမြင်မတူသူဟာ ကိုယ့်ကို နစ််နာအောင် တိုက်ခိုက်တာမျိုးမဟုတ်ဘဲ သာမန်ကိုယ့်ကိုမုန်းတာ၊ ဒါမှမဟုတ် အမြင်မတူရုံ သက်သက်ဆိုရင် အမုန်းနဲ့ မတုံ့ပြန်ပဲ…. မေတ္တာသို့မဟုတ် ဥပေက္ခာနဲ့ပဲ တုံ့ပြန်ဖို့။ (၃) ဖက်ဆစ်ဆန်တဲ့ ကိစ္စတွေကလွဲရင် ကိစ္စအများစုမှာ လူအချင်းချင်း ချစ်ခင်ရေး (သို့မဟုတ် အနည်းဆုံး တယောက်နဲ့ တယောက် မမုန်းဘဲ ဥပေက္ခာထားရေးကို) … အယူအဆ ငြင်းခုန်ပြီး မုန်းတီးမှုတွေထက် ပိုတန်ဖိုးထားဖို့ပါပဲ။ အဲဒီလိုပြောတဲ့အတွက် အယူအတွေ အမြင်တွေ ရှုထောင့်တွေကို မရေးဘူးလို့ မဆိုလိုပဲ ….. ရေးမယ်၊ မတူတာတွေကို ဖော်ပြမယ်၊ ဒါပေမယ့် တတ်နိုင်သမျှ အမုန်းမပွားတော့ဘူး ဆိုတာပါ။ ဒါပေမယ့် ကိုယ့်ကို တကူးတက နစ်နာအောင် ရည်ရွယ်ချက်ရှိရှိ လိုက်တိုက်ခိုက်တာမျိုးဆိုရင်တော့လည်း တခါတလေမှာ ထိပ်တိုက် ပြန်တိုက်ခိုက်ရမှာပေါ့လေ။ ဒီတော့ ပုံမှန်ဆို သဘောမတူတာတွေရှိရင်လည်း ကိုယ့်ကို တိုက်ခိုက်မှု မပါဘဲ လာရေးကြပါ။ ကိုယ့်ကို တိုက်ခိုက်မှုမပါရင် မေတ္တာပျက်မှာ မဟုတ်။ ကိုယ်လည်း ပြန်ရေးမယ်။ ဒါပေမယ့် ပြန်မုန်းမှာ မဟုတ်။
Wednesday, December 27, 2023
Self-connection-2 (ဥပေက္ခာ)
ကိုယ်က ဘဝတလျှောက်လုံး ဘာသာမဲ့ဆန်ခဲ့တယ်။ ခုထိလည်း ဘာသာမဲ့လို့ ပြောလို့ရပါတယ်။ ဒါပေမယ့် ၂၀၁၈ ခုနှစ်မှာ ဘာသာရေးတော့မဟုတ်ဘဲ ဘုာသာရေး မပါတဲ့ spirituality ဘက်ကို ယိမ်းခဲ့တယ်။ လက်တွေ့တော့ အသုံးချဖြစ်တာ နည်းခဲ့ပါတယ်။ စကားလုံးအရ "spirituality" လို့ သုံးလိုက်ရပေမယ့် အဲဒီမှာ မျက်စိမှိတ်ယုံကြည်မှု မပါဘူး။ ယုံကြည်မှုထက် တချို့သဘောတရားတွေကို မှန်မှန်/မမှန်မှန် tool အဖြစ် သုံးမယ်ဆိုတဲ့ ခံယူမှုပဲ ပါတယ်။ စိတ်ကို အဲဒီပုံစံအတိုင်း လိုက်တည်ဆောက်ဖို့ ခက်တော့ tool အဖြစ်ခံယူထားပေမယ့် ခုထိ တကယ် လက်တွေ့ သိပ်အသုံးမချဖြစ်သေးတာကတော့ တပိုင်းပေါ့။
ထပ်ပြောရရင် ..... စကားလုံးအရ "spirituality" လို့ သုံးလိုက်ရပေမယ့် အဲဒီမှာ မျက်စိမှိတ်ယုံကြည်မှု မပါဘူး။ ဒါပေမယ့် လူ့လောကမှာ ဒီတိုင်း ယုံကြည်လက်ခံထားရတာတွေက အများကြီး။ မိတ်ဆွေတွေကို ယုံကြည်မှုထားရတယ်။ ဆွေမျိုးသားချင်းတွေကို အတိုင်းအတာတစ်ရပ်အထိ ယုံကြည်မှုထားရတယ်။ စီးပွားရေးတွေမှာလည်း အတိုင်းအတာတစ်ရပ်အထိ ယုံကြည်မှုထားရတယ်။ သံသယနဲ့ဆို ဘာအလုပ်မှ လုပ်လို့ရတော့မှာ မဟုတ်ဘူး။ ဘယ်သူနဲ့မှလည်း ဆက်ဆံရေးတွေ တည်ဆောက်လို့ ရတော့မှာ မဟုတ်ဘူးကိုး။ ဒီတော့ နာမ်ပိုင်းဆိုင်ရာ အတွေးအမြင် နဲ့ ခံယူမှုတွေမှာ ဘာသာရေးလို မျက်စိမှိတ်ယုံကြည်ချက် မပါဘူးဆိုရင်တောင် သိမ်မွေ့တဲ့ ယုံကြည်မှုတွေ ပါကောင်းပါနေမယ်။ ဒါပေမယ့် ကွာခြားတာ တစ်ခုက အဲဒါတွေကို absolute truth အဖြစ် သူများကို လိုက်ရောင်းမှာ အတင်းလက်ခံခိုင်းမှာ မဟုတ်ဘူး။ ကိုယ့်တစ်ယောက်စာ အသုံးဝင်တဲ့ အတွေးအမြင်တွေ၊ စည်းမျဉ်းတွေ၊ သဘောတရားတွေအဖြစ်ပဲ ဆင်ခြင်ဖို့၊ ကျင့်သုံးနိုင်အောင် ကြိုးစားဖို့ပါ။ New Year's Resolution တွေလုပ်လေ့မရှိပေမယ့် ဒီနှစ်တော့ ကြိုးစားကြည့်ဦးမယ်ပေါ့။
ဟိုနေ့က ကိုပိုင်သွန်နဲ့ ဆွေးနွေးတော့ "spirituality" ဆိုတဲ့ စကားလုံးကတောင် ဘာသာရေးဆန်နေတယ်။ ဘယ်လို စကားလုံး သုံးရင် ကောင်းမလဲ။ အဲဒီနေ့ကတော့ စကားလုံး စဉ်းစားလို့ မရဘူး။ ဒီနေ့တော့ ကိုယ့်ဘာသာ စကားလုံး တစ်ခု စဉ်းစားလို့ရတယ်။ စိတ်တိုင်းတော့ သိပ်မကျပေမယ့်။ "Self-connection" ဆိုပြီး ကိုယ့်ဘာသာ သုံးလိုက်မယ်။ ကိုယ့်ဘာသာတွေးမိတာပါ။ ရှာကြည့်တော့ အသုံးများပြီးသား စကားလုံးဖြစ်နေတယ်။
ဘာသာရေးမပါတဲ့ stoicism မှာ သဘောတရား တခုရှိတယ်။ ကိုယ် control လုပ်လို့မရတဲ့ အရာတွေကို လွှတ်ချပြီး ကိုယ် control လုပ်လို့ရတဲ့ အရာတွေကိုပဲ ဂရုစိုက်တာမျိုး။ (ဒါပေမယ့် ဗုဒ္ဓဘာသာအရဆို ဘာကိုမှ control လုပ်လို့မရဘူး၊ ကိုယ့် thought ကိုတောင် တကယ်တော့ လူတွေက control လုပ်လို့ မရပါဘူး။ Philosophy စကားနဲ့ ပြောရရင်တော့ အရာရာက determinism ဆန်ပါတယ်) အဲဒီနှစ်ခုကို ရောလိုက်မယ်ိဆိုရင်တော့ (၁) Stoicism က ကိုယ် control လုပ်လို့မရမယ့် အရာတွေကို လွှတ်ချဖို့ ပြောတယ် (၂) Buddhism နဲ့ တချို့ philosophy တွေအရ control လုပ်လို့ ရတဲ့အရာဆိုတာ မရှိ (ရသလို ထင်ယောင်မှားမှုပဲ ရှိတာ) ဆိုတော့ ..... အဲဒီနှစ်ချက်ပေါင်းလိုက်ရင် အကုန်လုံးကို လွှတ်ချရမယ်ဆိုတဲ့ သဘောပဲ။ အဆုံးစွန်ပြောရရင် ကိုယ့်အတွေးကိုက အစ ယုံကြည်စရာမလို။ အတွေးအများစုက မိုးရွာသလိုပဲ သူ့ဘာသာသူ သူ့သဘောသူဆောင်လာတာ။ ကိုယ် ထိန်းချုပ်လို့ မရဘူး။ အဲလိုပဲ မလိုချင်ဘူးလို့လည်း အတင်းလုပ်ယူလို့မရဘူး။ YouTube က ဟာတစ်ခုကို ဆင့်ပွားပြီး ကျွန်တော် ရေးဖူးသလိုပေါ့။ အတွေးတွေဟာ လမ်းပေါ်မှာ သွားနေတဲ့ ကားတွေလိုပဲ။ အတွေးနောက်ကို ပြေးလိုက်ခြင်းက အဲဒီကားတစ်စီးချင်း နောက်ကို ပြေးလိုက်ခြင်းနဲ့ တူတယ်။ မောမှာပေါ့။ အကျိုးလည်း မရှိဘူး။ အဲလိုပဲ..... အတွေးတွေကို မလိုချင်ဘူးလို့ ဇွတ်ငြင်းရင်ကျ လမ်းပေါ်မှာ လာနေတဲ့ ကားတွေကို မလာနဲ့ဆိုပြီး တစ်စီးချင်းကို လိုက်တားနေတာနဲ့ တူတယ်။ အဲဒါလည်း ပင်ပန်းပြီး အကျိုးမရှိဘူး။ အတွေးတွေဟာ သူ့သဘောသူဆောင်နေတာဆိုပြီး သိလိုက်ရင် ရပြီ။ အဲဒါဟာ (ကျွန်တော့်အတွက်တော့) ဝိပဿနာပါပဲ။ ဒါပေမယ့် တချို့ functional thought တွေကို တော့ အတွေးနောက် လိုက်ရတာတွေ ရှိမှာပေါ့နော်။ အတွေးနောက် လုံးဝ မလိုက်ရဘူးလို့ မဆိုလို။
အတွေးကို ရပ်ဖို့ဆိုတာနဲ့တော့ မတူဘူး။ အဲဒါက ကားတစ်စီးချင်းကို မလာနဲ့ဆိုပြီး အတင်းတားတာနဲ့ တူလို့ ပိုပင်ပန်းမယ်။ effortless မဖြစ်ဘူး။ အတွေးကို ရပ်ဖို့လည်း မလွယ်ဘူး။ မလိုချင်လေ အဲလိုအတွေးတွေ ပိုလာလေပဲ။ သူ့သဘောသူဆောင်နေတာလို့ တွေးလိုက်ရင်တော့ အဲဒီအတွေးတွေ ရပ်သွားပြီး နောက် အတွေးသစ်တခု ရောက်လာကောင်း ရောက်လာမယ်။ ဒါမှမဟုတ် အတွေးတွေ ခေတ္တကင်းသွားတဲ့ အနေအထားလေး တစ်ရပ် ရောက်လာကောင်း ရောက်လာမယ်။ အိပ်သလိုမျိုးနဲ့ ဆင်တူတဲ့ အနေအထားကို မအိပ်ဘဲ ရောက်တဲ့ သဘောပေါ့။
ဥပေက္ခာကို ပါရမီတရပ်လို့ (တစ်ကိုယ်စာ) ခံယူမယ်ဆိုရင် ..... ကိုယ့်အတွေးဆိုးတွေကို ဥပေက္ခာပြုနိုင်ခြင်းက အမြင့်ဆုံး ပါရမီပဲ။ (အတွေးကောင်းတွေကိုပါ ဥပေက္ခာပြုလို့ ရပါတယ်)
Functional thought တွေတော့ ရှိမှာပေါ့။ အဲလို thought မျိုးနောက်တော့ လိုက်ကောင်းလိုက်ရမှာပေါ့။ အဲဒါတွေကတော့ အခုစာရေးနေရင်း ပေါ်လာတဲ့ စကားလုံးတွေ၊ သီအိုရီတွေကို စဉ်းစားတာ၊ အလုပ်နဲ့ ပတ်သတ်တဲ့ အတွေးတွေ စသည်ဖြင့်ပေါ့။
ဘယ်အတွေးတွေနောက် လိုက်သင့်ပြီး ဘယ်ဟာတွေကို ဥပေက္ခာပြုရမလဲဆိုတာက အဲလိုမျိုး ယေဘုယျဆန်ဆန်ပဲ ပြောလို့ရမယ်။ နည်းနည်းတော့ ဝေဝါးပါတယ်။ ယတိပြတ်ကြီး ပြောလို့မရဘူး။ ဝေဝေဝါးဝါးနဲ့မို့ ရွေးချယ်မှုက အနုပညာ ဆန်ပါလိမ့်မယ်။ အမှန်-အမှားလည်း ယတိပြတ်ကွဲကွဲပြားပြား ရှိမှာတော့ မဟုတ်ပါဘူး။
ဗြဟ္မစိုရ်တရား လေးပါးဆိုတာထဲမှာ ဥပေက္ခာက စိတ်ကို relax အဖြစ်စေဆုံးပါပဲ။ ဗုဒ္ဓ (သူ တကယ်ရှိခဲ့ မရှိခဲ့မသိ) --- ဗုဒ္ဓဟောခဲ့တယ်ဆိုတဲ့ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာတွေကတော့ ဟောသူပဲ သိပါလိမ့်မယ်။ အဲဒီတော့ မေတ္တာမှာဆို တခါတလေ စေတနာက ဝေဒနာဖြစ်သွားတာ၊ တဘက်က သူ့ရပိုင်ခွင့်လို ထင်သွားပြီး ကိုယ့်အတွက် ဝန်ထုပ်ဖြစ်လာတာတွေ ရှိနိုင်တယ် (ဗုဒ္ဓအလိုကျ မေတ္တာမဟုတ်လို့ အဲလိုဖြစ်တာလို့တော့ ပြောလို့ရနိုင်တာပေါ့)၊ ကရုဏာမှာဆိုလည်း (ဗုဒ္ဓအလိုကျ ကရုဏာမဟုတ်ရင်) ပင်ပန်းမှုတွေ ပါတယ်။ ကိုယ်မေတ္တာထားသူ၊ ကရုဏာထားသူတွေ ကံဆိုးမိုးမှောင်ကျရင် ကိုယ်ပါ ပင်ပန်းတယ်။ စိတ်မှာလည်း အီနားရှားရှိတယ်။ ဗုဒ္ဓပြောသလို ပင်ပန်းမှုမပါတဲ့ တွယ်ကပ်မှု လုံးဝကင်းတဲ့ မေတ္တာတို့ ကရုဏာတို့က လက်တွေ့မှာတော့ မလွယ်ဘူး။ ကိုယ် မေတ္တာထားသူ၊ ကရုဏာ ထားသူတွေ ဒုက္ခရောက်ရင် ကိုယ့်ကိုပါ အပူလာဟပ်တာပဲ။ ပြီးတော့.... မေတ္တာမစစ်ဘူးပဲပြောပြော.... မေတ္တာတွေ စော်ကားခံရရင်၊ ကရုဏာတွေ စော်ကားခံရရင် ဒေါသက ကပ်ပါလာတယ်။ တစ်ဘက်စွန်းကနေ တစ်ဘက်စွန်းကို ကူးဖို့က လွယ်တယ်။
အဲဒီမှာ Tao ဝါဒ အရဆိုရင်တော့ ..... မေတ္တာရှိရင် သူနဲ့ဆန့်ကျင်ဘက် ဒေါသဆိုတာလည်း ရှိနေလိမ့်မယ်။ အဲဒီနှစ်ခုဟာ ဒင်္ဂါးတစ်ခုရဲ့ မျက်နှာစာ နှစ်ဘက်ပဲ။ တခုကျရာကနေ နောက်တစ်ခုကျဖို့ အရမ်းလွယ်တယ်။ အချစ်ကြီးလို့ အမျက်ကြီးတယ်ဆိုတဲ့ သဘောပေါ့။
ဥပေက္ခာတရားကတော့ လုပ်စရာရှိတာကို ဉာဏ်နဲ့ဆင်ခြင်လုပ်၊ ပြီးရင် အကောင်းမြင်ခြင်းရော၊ အဆိုးမြင်ချင်းရော မထား၊ ချစ်ခြင်းရော မုန်းခြင်းရော၊ ကြိုက်ခြင်းရော မကြိုက်ခြင်းရော မထားဘဲ သူ့သဘောသူဆောင်နေတယ်လို့ သဘောထားတာမျိုး၊ လုပ်သင့်လို့ လုပ်တာလို့ သဘောထားလိုက်တာမျိုး၊ လုပ်စရာရှိတာ လုပ်ပြီး ရလဒ်ကို အစွဲနဲ့ ပြင်းထန်တဲ့မျှော်လင့်ချက် မထားတာမျိုးပေါ့။
ဒီနေရာမှာ thought တွေ feeling တွေကို ထိန်းချုပ်လို့ မရဘူးလို့ ကျွန်တော် အပေါ်မှာ ရေးခဲ့ပါတယ်။ ချစ်ခြင်းတွေ မုန်းခြင်းတွေ၊ ကြိုက်ခြင်း မကြိုက်ခြြင်းတွေ၊ အကောင်းမြင်ခြင်း အဆိုးမြင်ခြင်းတွေကိုက တမင် လုပ်ယူလို့ မရပါဘူး။ တမင် မလိုချင်ဘူးလို့လည်း ငြင်းလို့ မရပါဘူး။ ဒါကြောင့် သူ့သဘောသူဆောင်တယ်လို့ မှတ်ယူခြင်း (တနည်းအားဖြင့်) ဝိပဿနာက ခက်တာပါ။ လက်တွေ့မှာက စိတ်ကိုက ထိန်းချုပ်လို့မှ မရတာကို။ determinism တကယ်ဆန်ပါတယ်။ လုပ်လို့ရတာက သတိကပ်ပြီး အဲဒီ ပေါ်လာတဲ့ အကောင်းမြင်ခြင်း အဆိုးမြင်ခြင်းတွေ၊ ချစ်ခြင်းမုန်းခြင်းတွေကို သူ့သဘောသူဆောင်နေတာလို့၊ မိုးရွာသလို အတွေးတွေ သူ့ဘာသာသူ ရွာနေတာလို့၊ ကားတွေလမ်းပေါ်မှာ သွားသလို အတွေးတွေ လမ်းသလားနေတာ၊ ကိုယ့်ဦးနှောက်ဆိုတဲ့အရာက သူ့ law တွေအတိုင်း သူ့ဘာသာသူ အတွေးတွေ ပေါ်လာတာလို့ မှတ်ယူလိုက်ရင်ကျ အဲဒါတွေအပေါ် serious ဖြစ်မှုနဲ့ ခံစားချက် နည်းသွားပြီး စိတ်က သက်သောင့်သက်သာ ဖြစ်မှာပါ။ Relax တကယ်ဖြစ်မှာပါ။ အတွေးတွေကို မလိုချင်ဘူးလို့ အတင်းငြင်းဆန်တာမျိုးထက်၊ အတွေးတွေကို မဟန့်တားခြင်းနဲ့ အတွေးနောက် မလိုက်ခြင်းကပဲ ပို effortless ဖြစ်ပြီး ရလဒ်လည်း ပိုထွက်မယ်ထင်ပါတယ်။
ဥပေက္ခာပါရမီဆိုတဲ့ နေရာမှာ လူတွေနဲ့ အဖြစ်အပျက်တွေကို ဥပေက္ခာပြုခြင်းဆိုတာက ကြားမှာ တဆင့်ခံနေပါတယ်။ အဖြစ်အပျက်တွေဟာ အတွေးထဲကို ဖြတ်သန်းပြီးမှ အဲဒါတွေအပေါ် လိုက်ခံစားပြီး stress တွေ ပိလာတာပါ။ ဒီတော့ တကယ် ဥပေက္ခာလုပ်မယ်ဆိုရင် ..... ကိုယ့်အတွေးတွေကိုသာ ဥပေက္ခာပြုလိုက်ပါ။ အဲဒီ ကျွန်တော်ပြောတဲ့ ဥပေက္ခာဟာ ..... self-connection ရဲ့ အစိတ်အပိုင်းလေး တစ်ခုပေါ့။
ခုက ကိုယ်ကျင့်သုံးနေတယ်လို့ ရေးတာမဟုတ်ဘူးနော်။ တချို့အရာတွေကို absolute truth အဖြစ်မဟုတ်ဘဲ၊ ယုံကြည်ချက်အဖြစ်လည်း မဟုတ်ဘဲ..... တစ်ကိုယ်စာ ခံယူချက်အဖြစ်၊ ဆုံးဖြတ်ချက်အဖြစ် tool အဖြစ် စပြီး အသုံးချဖြစ်မလားးလို့..... စပြီး အသုံးချဖြစ်ဖို့ ကိုယ့်ကိုယ်ကိုယ် တွန်းအားပေးလိုက်တဲ့ အနေနဲ့ ရေးတာပါ။
ဘာသာရေးတွေကို ထည့်ပြောပေမယ့်လည်း ကျွန်တော်က ဘာသာရေးသမား မဟုတ်လို့.... ဘာသာရေးက ဖွင့်ဆိုချက်နဲ့ ထပ်တူလည်း ကျနေမှာ မဟုတ်ပါဘူး။ ကိုယ့်တစ်ကိုယ်စာ ကိုယ့် tool အဖြစ် အသုံးချချင်တာမို့ ထပ်တူကျဖို့လည်း ဂရုစိုက်မှာ မဟုတ်ပါဘူး။ ဘာသာရေးထဲက ဖွင့်ဆိုမှုတွေကရော။ ကျွန်တော့် ဆုံးဖြတ်ချက်အရ ပေါ်လာတဲ့ tool တွေကရော absolute truth မဟုတပါဘူး။ subjective ဖြစ်မှာပါ။ ဒီတော့ ကျွန်တော် ဝေမျှတာထဲကလည်း ဖတ်သူအတွက် အသုံးချလို့ ရတာဆို ယူချင်ယူလိုက်ပြီး မရတာဆို ပယ်လိုက်ရုံပေါ့။
တကယ်တမ်းကတော့ ဘာမှမဟုတ်ဘူး။ ဘဝခရီးသွားဖော်ခြင်း သူ့ tool ကိုယ့် tool လေးတွေ ဖလှယ်ပြီး ဘဝနေရခိုက်မှာ သက်သာမှုနဲ့ ငြိမ်းချမ်းမှုရလိုရငြား ဝေမျှတဲ့သဘော။ ကျွန်တော်တို့တွေ ဘဝတွေက ခါးသီးပြီး အရမ်းပင်ပန်းစရာ ဖြစ်နေပြီကိုး။
(ကောင်းကင်ကို)
Wednesday, December 6, 2023
ပါးပြင်ပေါ်မှာ အပြုံးတွေ ကနေမယ့်ခေတ်
Tuesday, December 5, 2023
ဘောလုံးပွဲ
ဘောလုံးပွဲနဲ့ပတ်သတ်ရင် စတာ နောက်တာတောင် ဝင်မပြောတာ နှစ်ပတ်သုံးပတ်ရှိပြီ။ အတည်ရေးတာကို ပြန်ပြောတာတွေက ထားပါတော့။ စရင် နောက်ရင် တောင် အတည်တွေ ခံစားကြ၊ အန်ဖရန့်လုပ်သွားကြတာ သုံးလေးယောက်ရှိပြီ။ မန်ယူဖန်တွေ။ ထားပါတော့။ ဘောလုံးပွဲလို entertainment ကိစ္စနဲ့ အန်ဖရန့်လုပ်တာ ဘာမှမဖြစ်ပေမယ့် ဘောလုံးပွဲနဲ့ ပတ်သတ်ပြီး စတာနောက်တာက တကယ်ဆို ဘာမှအရေးပါတဲ့ ကိစ္စမဟုတ်။
ဘောလုံးပွဲတွေမှာလည်း ရသတွေ၊ အနုပညာမြောက်မှုတွေက ရှိပါတယ်။ ရော်နယ်ဒင်ဟို၊ ဒိုကြီး၊ မက်ဆီ စသည်ဖြင့်ပေါ့။ ဒါပေမယ့် အဓိကကတော့ business နဲ့ entertainment ပါ။
Entertainment ချင်း အတူတူ တချို့Man တွေက woman တွေ နဲ့ တချို man တွေ ကေပေါ့ကြိုက်ရင်သာ နှိမ်တာ။ (ကျွန်တော် တခါကလည်း ရေးဖူးပါတယ်။ အဲလိုကြေးဆိုလည်း ဘောလုံးပွဲဖန်တွေကိုပါ နှိမ်သင့်တာပေါ့။ နှိမ်ရမယ်လို့ မဆိုလို။ နှိုင်းယှဉ်ပြတာ။) ဒါပေမယ့် လူမျိုးရေးခွဲခြားမှုတွေ၊ လူတစ်ယောက်ကို အုပ်စုလိုက် စိတ်ပိုင်းဆိုင်ရာ ဝိုင်းအနိုင်ကျင့်မှုတွေ၊ ဖန်အချင်းချင်း ဒဏ်ရာရသည်အထိ သေသည်အထိ ရိုက်နှက်မှုတွေက ကေပေါ့မှာတောင် မရှိ၊ ဘောလုံးပွဲမှာပဲ ရှိတာ။
ပြီးရင် အပေါ်ယံသမိုင်းဆိုတဲ့ အရာတွေနဲ့ ဖန်အချင်းချင်း နှိမ်ကြတာ။ တကယ်တော့ ရောမအင်ပါယာရဲ့ အဆက်အနွယ် (ဒီနေ့ခေတ် အီတလီ) နိုင်ငံက နိုင်ငံသားပဲဖြစ်ဖြစ်၊ ၁၉၆၅ ခုနှစ်မှ စထောင်တဲ့ စင်ကာပူနိုင်ငံသားပဲဖြစ်ဖြစ် လူသားဖြစ်တည်မှု အကုန်လုံး တန်ဖိုးရှိတာပါပဲ။ သမိုင်းဆိုတာက အသိပညာအဖြစ် မှတ်ယူရတာပါ။ ရွှေထီးဆောင်းခဲ့တယ်ဆိုပြီး အပေါ်ယံ သာယာနေတာတွေက လူ့သဘာဝ ပီသတယ်ဆိုပေမယ့် အပေါ်ယံအရာတွေပါ။
ပြီးတော့ သမိုင်းဆိုတာကို ဘာမှမဆိုင်တဲ့ အောင်မြင်မှု နဲ့ ညီမျှခြင်း ချကြတယ်။ သမိုင်းမရှိတဲ့အသင်းလို့ တချို့အသင်းတွေကို ပြောကြရင် တကယ်က အဲလိုပြောသူ မမွေးခင် နှစ်တစ်ရာကျော်ကတည်းက ထောင်ခဲ့တဲ့ အသင်းတွေ။ အောင်မြင်မှုတွေလည်း အတန်အသင့်ရှိကြပါတယ်။ အောင်မြင်မှုမရှိခဲ့တဲ့ အသင်းပဲထားဦး၊ သူမမွေးခင် နှစ်တစ်ရာကျော်က တည်ထောင်ခဲ့တဲ့အသင်းကို သမိုင်းမရှိဘူးပြောတာမျိုးကျ irony မဖြစ်ဘူးလား။
ခုခေတ် ထိပ်သီးဘောလုံးကလပ်ကြီးတွေရဲ့ ပိုင်ရှင်တွေ အားလုံးကလည်း အနည်းနဲ့အများ သွေးစုပ်ပြီး ချမ်းသာလာတဲ့ အရင်းရှင်ကြီးတွေပါပဲ။ အဲဒါ ရုရှားတွေ၊ အာရပ်တွေကိုမှ ရွေးပြောတာကလည်း အဓိပ္ပါယ်တော့ သိပ်မရှိ။ ရေနံကို လက်ဝါးကြီးအုပ် သွေးစုပ်တာနဲ့ တခြားအရာတွေကို အကြောင်းပြု အလုပ်သမားတွေ ဝန်ထမ်းတွေကို ခေါင်းပုံဖြတ် သွေးစုပ်တာပဲ ကွာမယ်လေ။ အရင်းရှင်စနစ်ကို globalization အဆင့်ထိ ကျင့်သုံး၊ လူကုန်ကူးတာမျိုး မဟုတ်ပေမယ့် အဲလိုဆန်ဆန် လူအရောင်းအဝယ်ပါ လုပ်နေတဲ့ စနစ်ကြီး ဟိုး ကတည်းက ရှိနေခဲ့တာ။ အလုပ်သမားဖြစ်တဲ့ ဘောလုံးသမား တစ်ယောက်ဟာ အရောင်းအဝယ်ဈေးမတည့်ရင် သူမကစားချင်တော့တဲ့အသင်းမှာ ကြိတ်မှိတ်ကစားရတော့တာလေ။
ဖာဂူဆန်တို့ ခေတ်လည်း မလွတ်ပါဘူး။ ကျွန်တော့်တို့ ကလေးဘဝ ယူရို၉၆ မှာ ပိုဘော့စကီးက ပေါ်တူဂီကို ဘောလုံးကို မပြီးသွင်းလိုက်တော့ ပိုဘော့စကီးကို တန်းဝယ်လိုက်တာ ဘယ်အသင်းလို့ထင်လဲ။ ကန်တိုနာ ခြေစွမ်းအပြဆုံး အချိန်တွေမှာ ပြိုင်ဘက်အသင်းဆီက ဝယ်လိုက်တာ ဘယ်အသင်းလဲ။
Globalization ခေတ်မှာတော့ ပိုဆိုးတာပေါ့နော်။ ငွေ amount ပိုများလာတာပေါ့။ ငွေကြေးကလည်း ဖောင်းပွသလို ပရိသတ်ဆိုတာကလည်း တစ်ကမ္ဘာလုံးမှာ ရှိလာတော့ စီးပွားပိုဖြစ်လာတာကိုး။ ဒါပေမယ့် အဲဒါက ဟိုးတုန်းက ဖြူစင်သန့်ရှင်းနေလို့ မဟုတ်ဘူး။ globalization ခေတ် မရောက်သေးတော့ ကမ္ဘာတဝှမ်းက ပရိသတ် နည်းသေးလို့က တပိုင်း၊ ခုလောက် စီးပွားမဖြစ်သေးတော့ ခုလောက် ရင်းနှီးမြှုပ်နှံမှု မလုပ်ကြသေး၊ လုပ်လို့မရသေးတာရယ်၊ ငွေကြေးတန်ဖိုးက ခုထက်အများကြီး တန်ဖိုးရှိတော့ အဲဒီခေတ် သုံးတဲ့ ငွေပမာဏနဲ့ ခုခေတ်သုံးတဲ့ ငွေပမာဏကို နှိုင်းလို့ မရနိုင်ပါ။
ရှေးခေတ်က လူတွေက အဓိက အားဖြင့် အုပ်စုလိုက် ဂုဏ်ဆာပြီဆိုရင် စစ်ပွဲတွေနဲ့ ဂုဏ်ဆာကြတယ်။ အားကစား နဲ့ ဂုဏ်ဆာကြတာ အိုလံပစ်ဘာညာမှာလည်း ရှိတော့ ရှိခဲ့မှာပါ။ ဒါပေမယ့် အဓိက အားဖြင့်တော့ စစ်ပွဲအောင်နိုင်မှုတွေနဲ့ အုပ်စုလိုက် ဂုဏ်ဆာကြတယ်။ အမျိုးဂုဏ်၊ ဇာတိဂုဏ်တွေနဲ့လည်း ဆက်စပ်နေတယ်လေ။ အဲဒီကနေ ခေတ်က အပေါ်ယံအားဖြင့် နည်းနည်းယဉ်ကျေးသယောင်ဖြစ်လာပြီး စစ်တွေ ပေါ်တင်တိုက်လို့ မရကြတော့၊ အုပ်စုလိုက် ဂုဏ်ဆာမှုမှာ အားကစားနဲ့ ဂုဏ်ဆာမှုက ပိုပြီးထင်ရှားလာတယ်။ အစကတော့ အသင်းလိုက်အားကစားမှာ နိုင်ငံအသင်းတွေဖြစ်မယ်။ နောက်တော့ ကလပ်အသင်းတွေ ဖြစ်လာတာပေါ့။ အဲဒီကနေ စစ်ပွဲဆန်ဆန် အပြန်အလှန် ရှုတ်ချမှုတွေ၊ ဖန်အချင်းချင်း ရိုက်နှက်မှုတွေအထိ ဖြစ်တာပေါ့။
တကယ်တော့ အလွန်အကျွံ ဂုဏ်ဆာမှုတွေကို ကြည့်ရင် ဘာနဲ့ဆင်သလဲဆိုတော့ ..... ကိုယ်က ဘာမှအရည်အချင်းမရှိဘဲ ငါ့အဖေက ဘာကောင် ညာကောင်ဆိုပြီး အသားလွတ် ဝံ့ကြွားတာမျိုးနဲ့ အတူတူပဲလေ။ ကိုယ်က ကြားထဲက ဝံ့ကြွားရုံကလွဲရင် သူတို့အောင်မြင်မှုအတွက် ဘာမှ အားစိုက်ထုတ်ရတာမှ မဟုတ်တာ။ ကိုယ်အားပေးတဲ့အသင်းတွေနဲ့ ကိုယ်နဲ့ကြားမှာ တကယ့်တကယ် ဆက်စပ်မှုက ဘာမှမရှိဘူး။ ကိုယ်က ချစ်လို့ တမင်ဆက်စပ်ယူထားတဲ့ ဆက်စပ်မှုပဲ ရှိတာ။ တကယ်တွေးကြည့်ရ်င သူတို့အောင်မြင်ချိန် မှာ လိုက်ဝမ်းသာတာက အဓိပ္ပါယ် ရှိသေးပေမယ့် အားပေးတဲ့အသင်း ရှုံးလို့ ထမင်းစားမရတာ၊ အလုပ်လုပ် မရတာကတော့ ဥပါဒါန်ကြောင့် ဥပါဒ်ဖြစ်ခြင်းပဲ။ ဘာမှ မဆက်စပ်ဘဲ ကိုယ့်ဒုက္ခကိုယ်ရှာတာလေ။ အဲလိုပြောလို့ သစ္စာမရှိဘူးတွေ ဘာတွေတော့ မပြောကြနဲ့။ ဘာမှမဆိုင်ဘူး။ အသင်းရှုံးလို့ လိုက်ဝမ်းမနည်းခြင်းက ဘယ်သူ့ကိုမှ ထိခိုက်စေတာလည်း မဟုတ်ဘူး။ ဘာကျင့်ဝတ်မှ ဖောက်ဖျက်ခြင်းလည်း မဟုတ်ဘူး။ မီလျံနာ ပိုင်ရှင်တွေနဲ့ မီလျံနာ ကစားသမားတွေကိုလည်း ထိခိုက်သွားစေတာမဟုတ်ဘူးလေ။ ဒါဆို အောင်မြင်မှုနောက် လိုက်အားပေးကြတာလားလို့ မေးရင်လည်း .... အဲဒီဒေသက သူတွေပဲ ဒေသစွဲ နဲ့ အားပေးကြတာက လွဲရင် အများစုက အတိုင်းအတာတရပ်အထိ အောင်မြင်မှုကြောင့် အားပေးကြတာချင်း အတူတူပဲ။ တမူးပိုရှူစရာမလို။ ဘရာဇီးက ကလပ်သေးသေးလေး မပြောနဲ့၊ ဘရာဇီးက ကလပ်ကြီးတွေကိုတောင် မြန်မာက ဘယ်သူတွေ အားပေးကြလို့လဲ။ အာဖရိကက ကလပ်လေးတွေကို ဘယ်သူတွေ အားပေးကြလို့လဲ။ အားပေးတဲ့အသင်း ရလာကြတာက အောင်မြင်မှု၊ အဲဒီကမှ တဆင့် မီဒီယာနဲ့ဆိုင်တယ်။ ပြီးတော့ဗျာ အသင်းရှုံးလို့ မစားနိုင် မသောက်နိုင်အထိ ဖြစ်တယ်ဆိုတာက သူ့အစွဲနဲ့သူ သူ့ဒုက္ခသူရှာတာ၊ ပြင်ပအရာတစ်ခုရဲ့ ရလဒ်က ကိုယ့်စိတ်တည်ငြိမ်မှုကို အလွှမ်းမိုးခံလိုက်တာပဲလေ။ သစ္စာရှိလှချည်ရဲ့ဆိုပြီး ဂုဏ်ဆာစရာ ဘာမှ မရှိသလို၊ ဘာမှ ချီးကျူးစရာ မရှိသလို၊ သူ့အကြောင်းနဲ့သူမို့ ကန့်ကွက်စရာလည်း မရှိဘူး။
ဘောလုံးပွဲတခုအတွင်းက ဒိုင်တွေဆုံးဖြတ်ချက်ကြောင့် မတရားမှုတွေဆိုရင်လည်း နည်းပြတွေက အစ၊ ဖန်တွေအဆုံး ကိုယ့်အသင်းခံရမှ အသံထွက်ကြတာ။ ထားတော့။ ဒါက ဘယ်သူ့မှ တအားနစ်နာနိုင်စရာမရှိတဲ့ လူ့သဘာဝလေးပဲ။ အပြင်မှာဆို အသက်တွေသေ၊ ထောင်တွေကျတဲ့ မတရားမှုတွေ အများကြီးပဲ မဟုတ်လား။ ဒါပေမယ့် လူ့သဘာဝအရ ကိုယ့်အသင်းခံရမှ ပြောတာလောက်က လက်ခံလို့ရတယ္။ ဒါပေမယ့် အဲဒါတွေက အမှန်တရားကြီးတော့ မဟုတ်ဘူလေ။ ခံစားချက်နဲ့ လျှောက်ပြောကြတာမျိုးပဲ။
ဒီတော့ အားမပေးရဘူးလားတို့၊ ဘောလုံးပွဲအကြောင်း မရေးရဘူးလားတို့၊ ဖန်မလုပ်ရတော့ဘူးလားတို့ မေးရင် အဲလိုမဆိုလိုဘူး။ အားကစားပွဲတွေ အကုန်လုံးက စကားနိုင်လုတာတွေနဲ့ ပြည့်နှက်နေတာပါ။ ဒါပေမယ့် အဲဒါက entertainment ပါ။ ဒီဘက်ခေတ်မှ ဘယ် entertainment မှတော့ အရင်းရှင် အကြီးစားကြီးတွေရဲ့ လက်ဝါးကြီး အုပ်မှုနဲ့ မကင်းဘူး။ ဒီတော့ အားပေးတာ အားပေးပေါ့။ နက်နက်နဲနဲလည်း အားပေးလို့ရတယ်။ အသင်းစွဲလည်း ရှိလို့ရတယ်။ နောက်ဆုံး ကိုယ်အားပေးတဲ့အသင်းကြောင့် လူပီပီ မစားနိုင်၊ မသောက်နိုင် ဖြစ်လို့လည်းရတယ်။ ဒါပေမယ့် လူနှစ်ယောက် မိတ်ဆွေဖြစ်ခြင်းကျ အဲဒါတွေထက် ပိုလေးနက်တယ်။ ဘောလုံးပွဲကြောင့် မိတ်ပျက်သွားတာကျ နဂိုကတည်းက အနည်းဆုံး တဘက်ဘက်က မနက်နဲတဲ့ ဆက်ဆံရေး ရှိလို့ဖြစ်မယ်။ ရိုက်နှက်တာတွေ၊ လူမျိုးရေး ဝိုင်းခွဲကြတာတွေကျတော့ ပိုဆိုးတာပေါ့။ လူအုပ်စုလိုက် စိတ်ကြွမှုတွေပေါ့။ ပြီးတော့ ဘောလုံးပွဲဖန်ဖြစ်ဖို့ အတွေးအခေါ်ကြီးတွေ၊ ဘဝအမြင်ကြီးတွေ လိုနေတာမှ မဟုတ်တာ။ လူတိုင်းကြိုက်သလို ကြိုက်တဲ့အသင်းကို အားပေးလို့ရတယ်။ မိန်းကလေးတစ်ယောက်က သူ့ဘာသာသူ CR7ကို ကြိုက်လို့ မန်ယူကို ထအားပေးခြင်းက အမျိုးသားတစ်ယောက် မန်ယူတစ်သင်းလုံးကိုသိပြီး အားပေးနေခြင်းနဲ့ ဉာဏ်ရည်ချင်း နှိုင်းယှဉ်မယ်ဆိုရင် အတူတူပါပဲ။ ဘယ်ဟာကမှ အသိဉာဏ်ပိုလိုအပ်တဲ့ အရာမဟုတ်ပါဘူး။ ကိုယ်စိတ်ဝင်စားသူကိုပဲ သိတယ်ဆိုတဲ့ ဗဟုသုတ သဘောပါဘဲ။ wisdom တွေ ပါနေတာမှမဟုတ်တော့ အဆင့်ခွဲစရာလည်း မလိုဘူး။ ရိုနယ်ဒိုတစ်ယောက်တည်းကို သိရုံနဲ့ သုံးသပ်မှုတွေ ထလုပ်တာမျိုးနဲ့.... ဥပမာ ဘောလုံးကို စိတ်နှစ်ပြီး Football @ Life page လိုမျိုး သုံးသပ်မှုတွေ အဆင့် ကွာတာမျိုး တပိုင်းပေါ့။ ကျွန်တော်က အားပေးမှုချင်းအတူတူ တမူးပိုရှုတာတွေကိုပဲ ဆိုလိုတာပါ။
ဒီတော့ ကိုယ့်အစွဲနဲ့ကိုယ် ကိုယ်ကြိုက်တဲ့အသင်းကို တိတ်တိတ်လေး အားပေး။ စလို့နောက်လို့ရတဲ့သူ အချင်းချင်းကျ ကိုယ့်အသင်း သူ့အသင်း တမင်နာအောင် အပျော်စမယ်။ pubic မှာတော့ အာရုံနောက်လို့ ကိုယ်အားပေးတဲ့အသင်းရဲ့ group တွေ မှာ အသင်းစွဲနဲ့ ရေးတာကလွဲရင် ဘာမှမလုပ်တော့ဘူးလေ။
မှတ်ချက်။ ။ ခက်တာက တခါတလေ ကာရံနဘေလေးနဲ့ မန်ယူကို စလို့ရမယ့် အရာတွေ၊ မန်ယူဖန် တစ်ယောက်နှစ်ယောက်က မုန်းသွားတာကလွဲရင်....ဖတ်တဲ့သူတွေ အကုန် အနည်းဆုံး အပျင်းပြေ ပြုံးရမယ့် အိုင်ဒီယာလေးတွေ ပေါ်ပေါ်လာတယ်။ ဒါပေမယ့် နေပါစေတော့လေ 😃
ဘောလုံးပွဲနေရာမှာ "နိုင်ငံ" "လူမျိုး" "ဘာသာ" အားပေးမှုတွေကို အစားထိုးကြည့်ပြီး ဖတ်လို့လည်း ရတယ်။
Saturday, December 2, 2023
သဘောကျရတဲ့ activist (Jullian Assange)
Activist တွေမှာ သဘောအကျဆုံးတွေထဲက တစ်ယောက်ကတော့ Julian Assange ပဲ။
ဖွံ့ဖြိုးဆဲနိုင်ငံက activist တွေ အနောက်နိုင်ငံတွေကို ပြေးကြတယ်။ (ပြေးတာကို အပြစ်ရှိတယ်လို့ ဆိုလိုခြင်းမဟုတ်။ Julian Assange နဲ့ နှိုင်းယှဉ်ချင်လို့ ပြောတာ။ ကိုယ်လည်း ထိုင်းကို ပြေးလာတာပဲလေ) Julian Assange ကျတော့ အနောက်နိုင်ငံမှာ ရောက်နေပြီးသားသူက နိုင်ငံကို စွန့်ခွာတာ။ ခိုလှုံခွင့်ရတဲ့နေရာမှာလည်း သိုးလေးတကောင်လို ခေါင်းငုံ့မခံဘူး။ Assange ကတော့ Australia
နိုင်ငံသားပါ။
လန်ဒန်က အီကွေဒေါ သံရုံးမှာ ခိုလှုံခွင့်ရပေမယ့် အီကွေဒေါ အာဏာပိုင်တွေကို မနာခံတော့..... ဟိုက ရဲတွေကို ဖိတ်ပြီး ဖမ်းခိုင်းလိုက်ရော။ အီကွေဒေါက ပေးတဲ့ အကြောင်းပြချက်တွေကတော့.... အီကွေဒေါရဲ့ လုံခြုံရေးဖိုင်တွဲတွေကို ချိုးဖောက်ဝင်ရောက်တာ၊ ဂီတကို အကျယ်ကြီးဖွင့်တာနဲ့ တစ်ကိုယ်ရည်သန့်ရှင်းမှု မရှိလို့တဲ့။
အများစုက တခြားနိုင်ငံတွေကို အာခံရဲကြပေမယ့် အမေရိကန်နဲ့ အနောက်နိုင်ငံတွေကို သူတို့နိုင်ငံထဲက ထိထိရောက်ရောက် အာခံနိုင်သူ၊ တုန်လှုပ်သွားအောင် အမှန်တရားကို ဖော်ထုတ်နိုင်သူ ရှားတယ်။
လွတ်လပ်မှုကို အားပေးပါတယ်ဆိုတဲ့ အမေရိကန်ရဲ့ သဘောထားကလည်း မြန်မာမှာ ကိုဝလုံး နဲ့ ကိုကျော်စိုးဦးကို ထောင်ချခဲ့တဲ့ မြန်မာအစိုးရရဲ့ သဘောထားနဲ့ အတူတူပဲ။ နိုင်ငံတော်လျှို့ဝှက်ချက်ကို ဖော်ထုတ်လို့ ပြစ်ဒဏ်ခတ်တာ။ နိုင်ငံတော် လျှို့ဝှက်ချက်ကလည်း ဘာကြီးများလဲဆိုတော့ ခိုးကြောင်ခိုးဝှက် လူသတ်တာ။ အမေရိကန်ကလည်း သူများနိုင်ငံကိုသာ လိုက်အပြစ်တင်တာ (အပြစ်မဲ့ အရပ်သားတွေကို သတ်တာကို အပြစ်တင်ခြင်းက မမှားပါဘူး။ ဒါပေမယ့် သူ့နိုင်ငံကလည်း အလားတူ လုပ်ခြင်းကလည်း မှားတာ။ သူတို့တောင် မတရားသတ်သေးတာပဲ၊ ငါတို့နိုင်ငံက သတ်တာ ဘာဖြစ်လဲ ဆိုသူတွေကိုလည်း ကျွန်တော်က အရင်ကတည်းက ဆန့်ကျင်ပါတယ်)၊ ပြောလိုရင်းကို ပြန်ကောက်ရရင် အမေရိကန်က သူများနိုင်ငံကိုသာ လိုက်အပြစ်တင်တာ။ Julian Assange တို့ ဖော်ခဲ့တဲ့ အမေရိကန်ရဲ့ နိုင်ငံတော်လျှို့ဝှက်ချက်ထဲမှာလည်း အမေရိကန် စစ်သားတွေက အီရတ် အရပ်သား ၁၈ ယောက်ကို ဟယ်လီကော်ပတာပေါ်ကနေ ပစ်ခတ်တာလည်းပါတယ်။
အဲလိုပဲ နိုင်ငံတော် လျှီု့ဖော်ကောင်လုပ်ခဲ့တဲ့ Snowden ကိုဆိုလည်း အမေရိကန်က အကြီးအကျယ် မဲတာပဲ။
အမှန်ကို ဖွင့်ချနိုင်သူချင်းအတူတူ Snowden နဲ့ မတူတာက Snowden က ရုရှားမှာ Asylum ခံပြီး ပူတင်က Snowden ကို ရုရှားနိုင်ငံသားပါ ပေးလိုက်တာ။ ဒီတော့ Snowden က ဟိုဘက်က ပြေးပြီး တခြားတဘက်ကို ပြေးကပ်တာမို့ သိပ်မထူးဘူး။ Snowden ကတော့ ခိုလှုံခွင့်ရခဲ့တဲ့ အီကွေဒေါသံရုံးအထိပါ မဟုတ်မခံ။
သူက ငယ်ငယ်ကတည်းက ဇနဲ့ပါ။ ငယ်ငယ်ကတည်းက ဟက်ကာ။ သူက သင်္ချာရယ်၊ Physics ရယ်၊ ကွန်ပျူတာ ပရိုဂရမ်းမင်းရယ်ကို (၁၉၉၄) မှာ ကွင်းစလန်း တက္ကသိုလ် (၂၀၀၃ ကနေ ၂၀၀၆) မှာ မဲလ်ဘုန်း တက္ကသိုလ်တွေမှာ သင်ယူခဲ့ပေမယ့် ကျောင်းတောင် ပြီးအောင် မတက်ခဲ့ပါဘူး။ ငယ်ငယ်တုန်းကတည်းက ဟက်ကာ လုပ်ခဲ့တယ်ဆိုပေမယ့် သူက သူချမှတ်ထားတဲ့ ethics တွေနဲ့အညီ၊ ကျင့်ဝတ်တွေနဲ့ အညီ ဟက်ကာလုပ်တာ။ သူဟာ system တွေကို ပျက်စီးအောင် မလုပ်ဘဲ information တွေကိုပဲ ပြန်ရှယ်တာ။ ဖော်ထုတ်တာ။ ၁၉၉၁ မှာ သူ့ကို အအောင်မြင်ဆုံး ဟက်ကာ ဖြစ်ကောင်းဖြစ်မယ် လို့ The Guardian က ရေးသားခဲ့တယ်။ ၁၉၉၆ ဒီဇင်ဘာမှာဆိုရင် သူဟာ သီအိုရီအရဆိုရင် ထောင် နှစ်ပေါင်း ၂၉၀ အထိ ကျနိုင်တဲ့ ဟက်ကာ အမှုတွေကို ရင်ဆိုင်ခဲ့ရတာပါ။
၂၀၁၉ ဧပြီလက စပြီး သူက လန်ဒန် Belmarsh ထောင်ထဲမှာပါ။ ၂၀၂၂ မတ်လကတော့ သူ့ရဲ့ ပါတနာ Stella Moris နဲ့ ထောင်ထဲမှာပဲ လက်ထပ်လိုက်တယ်။ သူတို့က ကလေးနှစ်ယောက်တော့ ရပြီးသားပါ။
၂၀၂၁ ငြိမ်းချမ်းရေး နိုဘယ်ဆုအတွက် အမည်စာရင်းတင်သွင်းခံရတယ်။ ဆုတော့ မရနိုင်မှန်း သိကြပါတယ်။ ဒါပေမယ့် ဆုတွေ အများကြီး ရခဲ့ပါတယ်။ John Lenon ရဲ့ ဇနီး Yoko Ono Lenon ပေးတဲ့ Courage Award for the Arts ဆု အပါအဝင်ပေါ့။ နောက်ဆုံးရထားတဲ့ ဆုကတော့ ဂျာမနီနိုင်ငံ Academy of Arts, Berlin က ပေးတဲ့ Konrad Wolf Prize ပါ။
Caption: Julian Assange during a press conference attended by international media (Photo: David G. Silvers, Cancillería del Ecuador)
Sunday, November 12, 2023
မြန်မာ Diogenes
ကိုဦးကို အရင်က မသိခဲ့ပေမယ့် သူ့ရဲ့ စိတ်ဓာတ်အစိတ်အပိုင်း တချို့ကို သဘောကျတယ်ဆိုတာက
သူက လောကကြီးကို လက်တွေ့ ပြယ်ရယ်ပြုသွားတာနဲ့ တူလို့။ ကျွန်တော်တို့လို လောကကြီး အဓိပ္ပါယ်မဲ့ကြောင်း လျှောက်ပြောမနေဘဲ လက်တွေ့ ပြက်ရယ်ပြုသွားတာ။ ဘာ ဒဿနမှ ထုတ်မနေဘဲ။
မြန်မာပြည်ရဲ့ Diogenes လို့ တင်စား ပြောလို့ရမလား။ တခြားနိုင်ငံမှာတော့ ခုခေတ်မှာ Diogenes ဆန်ဆန်လူတွေ အများကြီး ရှိပါတယ်။
အဲလိုလုပ်ဖို့က သတ္တိလည်း လိုတယ်။ ဆက်ဆံဖူးသူတွေ အပြောအရဆို သူက မောက်မာရိုင်းစိုင်းတဲ့ စိတ်လည်း မရှိဘူး။ နိုင်ငံခြားက တချို့သူတွေလို စာအုပ်ရေးဖို့ လမ်းပေါ်မှာ တစ်နှစ်လောက် experiment လုပ်တာလည်း မဟုတ်ဘူး။ အသူက အဖြစ်အပျက်တွေကို အကုန်မှတ်မိနေသေးပြီး၊ လူတွေပြန်ရေးကြတဲ့ သူ့အပြုအမူ အပြောအဆိုတွေအရဆိုရင်လည်း သူက ရူးနေတာလို့ definition ဖွင့်ဖို့လည်း ခက်တယ်။ သာမန်လူတွေနဲ့ မတူမှတော့ abnormal လို့တော့ ပြောလို့ရတာပေါ့။
လူတိုင်းဝိုင်းရေးကြ ဝိုင်းမွှမ်းကြတော့ မျက်စိနောက်စရာဖြစ်သွားတာတော့ ရှိတာပေါ့။ ဒါပေမယ့် သူကတော့ ဝိုင်းမွှမ်းဖို့ရော၊ မျက်စိနောက်အောက် လုပ်ဖို့ရော ရည်ရွယ်ခဲ့တာ မဟုတ်။ ကျွန်တော်တို့ ထင်ကြသလို လောကကြီးကို အရွဲ့တိုက်တာ မဟုတ်ဘဲ ကြောင်သွားတာ ဆိုရင်တောင် ဘယ်သူ့ကိုမှ ဒုက္ခမပေးဘဲ ချစ်စရာ၊ သဘောကျစရာ ကြောင်သွားတာလို့ ပြောရမှာပါ။ ဒါပေမယ့် လောကကြီးကို အရွဲ့တိုက်ခြင်းနဲ့ ရူးခြင်း/ကြောင်ခြင်းတို့ရဲ့ စည်းမျဉ်းကရော definition ဖွင့်လို့ ရရဲ့လား။
မျက်စိနောက်စရာ ဖြစ်တာချင်း တူရင်တောင်.... သွေးစုပ် ခရိုနီ လုပ်ငန်းရှင်ကြီးတွေကို အမွှမ်းတင်နေကြတာထက် သူ့လိုလူမျိုးကို အမွှမ်းတင်နေကြတာကို ကျွန်တော်တော့ သဘောကျတယ်။
သူ လမ်းပေါ်မှာ အိပ်တာ တခုတည်းနဲ့ရော ရူးတယ်လို့ ပြောလို့ရပါ့မလား။ Diogenes ကိုရော ရူးတယ်လို့ ပြောလို့ ရပါ့မလား။ ရူးတယ်လို့ ပြောရင်တောင် ရူးပုံရူးနည်း ကွာမယ်ထင်တယ်။ အဲဒါဆိုရင်တော့ Diogenes ကိုလည်း ရူးတယ်လို့ ပြောရမှာပဲ။ ပြောလည်း ပြောကြတာပါပဲ။ ""a Socrates gone mad" လို့
Saturday, November 11, 2023
ပျော်ရွှင်ခြင်းမြို့တော် ရဲ့ ဒဿန
တရားမျှတမှု ဆိုတာကိုလည်း ခံရတဲ့ဘက်က အရေအတွက်များမှ၊ သို့မဟုတ် ပိုပြီးယေဘုယျကျ generalize လုပ်ရရင် ပါဝါတခုရှိမှ လူတွေက အလေးထားတာ၊ ရေးကြီးခွင်ကျယ်လုပ်ကြတာ။ တနည်းအားဖြင့် အရေအတွက် ပါဝါ၊ အသံထုတ်တင်ပြနိုင်မှု ပါဝါ၊ ပါဝါရှိသူတွေနဲ့ မဟာမိတ်ဖြစ်မှု ပါဝါ စသည်ဖြင့်ပေါ့။ မြန်မာနိုင်ငံကလူတွေ မတရားခံနေရတာကို ကမ္ဘာက လက်ပိုက်ကြည့်နေတယ်။ ကမ္ဘာကြီးနဲ့ ခြုံကြည့်ရင် အရေအတွက်အရရော၊ ပါဝါ အရရော အရေးမှ မပါတာ။ ဒါပေမယ့် အသံထုတ်နိုင်မှု ပါဝါ၊ မီဒီယာ ပါဝါက ရှိနေတော့ လုံးဝ လျစ်လျူရှုမှုတော့ မဖြစ်ဘူးပေါ့။
မြန်မာမှာရော။ မြန်မာက တချို့က ၂၀၂၁ မတိုင်ခင် အခြေအနေကို ပြန်တမ်းတကြတယ်။ တကယ်တော့ အများစုအတွက် ကောင်းနေပေမယ့် ခံရသူအနည်းစု အတွက်တော့ ခုထက်တောင်ဆိုးတာလည်း ရှိတယ်။ အထူးသဖြင့် (ရုပ်ပိုင်းနှိပ်စက်ခံရမှုတွေ ဖယ်ထားမယ်ဆိုရင်) စိတ်ပိုင်းခံစားရမှုမှာ ခုထက်ဆိုးတယ်။ ခုကမှ မတရားမှုကို တော်လှန်ရင် ဒီနိုင်ငံသားတွေကြားမှာ နာမည်ကောင်း ရသေးတယ်။ ရဲဘော်ရဲဘက်တွေ များသေးတယ်။ အဲ့တုန်းကကျ မတရားခံရတဲ့အပြင် အဆဲပါ ခံရတာ။ နာမည်ပါသေတာ။ လုပ်ရပ်ကောင်းရင် နာမည်ကောင်းကျန်မယ်၊ သမိုင်းကောင်းမယ်ဆိုတာ အမြဲမမှန်ဘူး။ အခြေအနေပေါ် မူတည်ပြီးမှ မှန်တာပါ။
ဒါကြောင့် လူများစု (သို့မဟုတ်) ပါဝါကြီးတဲ့အုပ်စု တွေဟာ သူတို့ သာယာပျော်ရွှင်ရေး၊ သူတို့ လုံခြုံရေးအတွက် အဆင်ပြေနေပြီဆိုရင် လူနည်းစု (သို့မဟုတ်) ပါဝါနည်းသူတွေ ဘယ်လိုဖြစ်နေနေ ၊ သေသေရှင်ရှင် ..... လူများစု (သို့မဟုတ်) ပါဝါကြီးသူတွေရဲ့ အနေအထား မပျက်ရေးအတွက် ဟိုသူတွေကို ဖိနှိပ်ထားတာပေါ့။ မြန်မာနိုင်ငံက ရိုဟင်ဂျာ ကေ့စ်ကိုပဲကြည့်။ သူတို့ဆို ရုပ်ပိုင်းအရ ခံရတာရော။ ခံရတဲ့အဖြစ်ချင်းတူရင်တောင် ခုကာလမှာ ခံရသူတွေလို စာနာမှု မရဘဲကျူးကျော်သူတွေအဖြစ်၊ ကိုယ့်အိမ်ကိုယ်မီးရှို့ပြီး ပြဿနာရှာသူတွေအဖြစ်ပါ အကုန်လုံးနီးပါးရဲ့ ဝိုင်းစွပ်စွဲခြင်းကို ခံရတာ။ အဲဒါ တချို့တွေ ပြန်တမ်းတနေတဲ့ ၂၀၂၁ မတိုင်ခင် ဒီမိုကရေစီဆိုတဲ့ခေတ်နော်။
ဒီအောက်က ဟာကတော့ ဟားဗတ် ဒဿန ပါမောက္ခ မိုက်ကယ်ဆန်းဒဲလ် ဆီက တရားဝင် ခွင့်တောင်းပြီး ကျွန်တော်ဘာသာပြန်ထားတဲ့ မထုတ်ဖြစ်သေးတဲ့ စာအုပ်ထဲကပါ။
(ကောင်းကင်ကို)
*****
ပျော်ရွှင်ခြင်းမြို့တော်
နှိပ်စက်မှုကိစ္စ ဒုတိယဗားရှင်း (အပြစ်မဲ့ သမီးငယ်ပါတဲ့ ဗားရှင်း) ဟာ အာဆူလာခရိုဘာလီဂွင် (Ursula K. Le Guin) ရဲ့ ဝတ္ထုတိုတစ်ပုဒ်ကို သတိရစေပါတယ်။ “အွမ်းမလက်(စ်) (Omelas) ကနေ ထွက်ခွာသွားသူများ” ဆိုတဲ့ အဲဒီဝတ္ထုတိုဟာ အွမ်းမလက်(စ်)လို့ ခေါ်တဲ့ မြို့တစ်မြို့ အကြောင်းကို ရေးထားတာပါ။ ပျော်ရွှင်ခြင်းတွေနဲ့ ပျော်ပွဲရွှင်ပွဲတွေ ပြည့်လျှမ်းနေတဲ့ မြို့တော်။ ဘုရင်တွေ ကျွန်တွေမရှိတဲ့နေရာ၊ ကြော်ငြာတွေ မရှိတဲ့နေရာ၊ စတောအိတ်ချိန်း မရှိတဲ့နေရာ၊ အဏုမြူဗုံး မရှိတဲ့နေရာ။ အဲဒီနေရာဟာ [အကောင်းတွေချည်း သက်သက်စုနေလို့] စိတ်ကူးကြည့်ဖို့ လက်တွေ့မကျဘဲ ဖြစ်နေမှာစိုးလို့ စာရေးဆရာမ ဟာ စာဖတ်သူတွေကို မြို့အကြောင်း နောက်ထပ်အချက်တစ်ချက်နဲ့ မိတ်ဆက်ပေးခဲ့ပါတယ်။ “အွမ်းမလက်(စ်)မှာ အများပြည်သူနဲ့ဆိုင်တဲ့ ခမ်းခမ်းနားနား အဆောက်အဦးတွေထဲက တစ်ခုရဲ့ မြေအောက်ထပ်
ထဲမှာ ဒါမှမဟုတ် မြို့တော်ရဲ့ ကျယ်ကျယ်ဝန်းဝန်း အိမ်တစ်အိမ်ရဲ့ မြေအောက်ထပ်မှာ အခန်းတစ်ခန်း ရှိပါတယ်။ တံခါးတစ်ချပ်ရှိပေမဲ့ သော့ခတ်ထားတဲ့အခန်း၊ ပြတင်းပေါက်မဲ့ အခန်း။” အဲဒီအခန်းထဲမှာတော့ ကလေးလေးတစ်ယောက် ထိုင်လို့။ ကလေးက ဦးနှောက်မဖွံ့ဖြိုး၊ အာဟာရဓာတ်ကလည်း ချို့တဲ့နေတဲ့အပြင် ပစ်အထားကလည်း ခံရသေး။ အဲဒီကလေးဟာ သူ့နေ့ရက်တွေကို အကြီးအကျယ် စိတ်ဆင်းရဲခြင်းနဲ့ဖြတ်သန်းနေရတာ။
“အဲဒီကလေးလေး အဲဒီနေရာမှာ ရှိတာကို သူတို့အားလုံး သိကြတယ်။ အွမ်းမလက်(စ်)က လူအားလုံး သိကြတယ်။ ….. အဲဒီကလေးလေး အဲဒီမှာ ရှိကိုရှိနေမှဖြစ်မယ်ဆိုတာကိုလည်း သူတို့အားလုံး သိကြတယ်။ [ပြီးတော့] သူတို့ရဲ့ ပျော်ရွှင်မှု၊ သူတို့မြို့တော်ရဲ့ အလှအပ၊ သူတို့ကြားက ခင်မင်ရင်းနှီးခြင်းတွေရဲ့ နူးညံ့သိမ်မွေ့မှု၊ သူတို့ရင်သွေးတွေရဲ့ ကျန်းမာရေး….. ကောက်ပဲသီးနှံ ပေါများကြွယ်ဝမှုနဲ့ သူတို့မိုးကောင်းကင်အောက်က သာယာတဲ့ ရာသီဥတု အခြေအနေတွေ၊ အဲဒါတွေအားလုံးဟာ ဒီကလေးရဲ့ ဆိုးဝါးလွန်းတဲ့ ဒုက္ခဝေဒနာတွေပေါ်မှာ လုံးလုံး တည်မှီနေမှန်းကိုလည်း သူတို့အားလုံး နားလည်ကြတယ်။ ကလေးလေးကို မသတီစရာ နေရာကနေ ထုတ်ပြီး နေခြည်အောက်မှာ ကျွေးမွေးစောင့်ရှောက်မယ်ဆိုရင်၊ ကလေးလေးကို သန့်ရှင်းရေးလုပ်ပေး၊ အစားအသောက် ကောင်းကောင်းကျွေး၊ သက်သောင့်သက်သာရှိအောင် စီမံပေးမယ်ဆိုရင် တကယ်ကို ကောင်းလှတဲ့ လုပ်ရပ် ဖြစ်မှာပါ။ ဒါပေမဲ့ အဲဒီလို စီမံလိုက်ပြီဆိုတာနဲ့ အဲဒီရက်၊ အဲဒီနာရီမှာ အွမ်းမလက်(စ်) မြို့တော်ရဲ့ ကြွယ်ဝမှု၊ အလှအပ၊ သာယာချမ်းမြေ့မှုတွေ အားလုံး ဆုတ်ယုတ်ပျောက်ကွက်သွားမှာပါ။ ပျက်စီးသွားမှာပါ။ အဲဒီအချက်တွေဟာ [အွမ်းမလက်(စ်) မြို့တော်အတွက်] ဥပဒေသတွေပါ။
အဲဒီ ဥပဒေသတွေကို ကျင့်ဝတ်ပိုင်းအရ လက်ခံထိုက်ပါသလား။ ဘန်သမ်ရဲ့ အသုံးချမှုအဓိကဝါဒနဲ့ ပတ်သတ်ပြီး ပထမအမျိုးအစားကန့်ကွက်ချက်ကတော့ အခြေခံ လူ့အခွင့်အရေးတွေကို အကြောင်းပြချက်ပေးတဲ့ ကန့်ကွက်ချက်ပါ။ အဲဒီဥပဒေသတွေဟာ ပျော်ရွှင်ခြင်း မြို့တော်တစ်ခုကို ဖန်တီးပေးနိုင်မယ် ဆိုရင်တောင် အဲဒါတွေကို လက်သင့်မခံနိုင်ဘူးလို့ ပထမအမျိုးအစား ကန့်ကွက်ချက်က ဆိုပါတယ်။ လူအများကြီးရဲ့ ပျော်ရွှင်မှုအတွက် ရည်ရွယ်ပြီးလုပ်တာဆိုရင်တောင်မှ အပြစ်ကင်းတဲ့ ကလေးတစ်ယောက်ရဲ့ လူ့အခွင့်အရေးတွေကို ချိုးဖောက်တာဟာ မှားပါတယ်။
မိုက်ကယ်ဆန်းဒဲလ်
Sunday, October 15, 2023
(ဂါဇာအရေး မြန်မာ့အမြင်တွေ)
ဒါက ကမ္ဘာ့အရေးကို သုံးသပ်တာ မဟုတ်ဘူးနော်။ ကိုယ်တို့ နိုင်ငံက လူမျိုးဘာသာပေါင်းစုံရဲ့ စိတ်က ကမ္ဘာ့အရေးမှာ ဘယ်လိုထင်ဟပ်နေလဲဆိုတာကို သုံးသပ်ကြည့်တာ။
(ပါလက်စတိုင်း တော်လှန်ရေးကိုမဟုတ်ဘဲ) Hamas တွေကို ဆန့်ကျင်တဲ့နေရာမှာ အရပ်သားတွေကိုပါ ပစ်မှတ်ထား ဖမ်းဆီးသတ်ဖြတ်မှုကို ဆန့်ကျင်ရမှာ။ နောက်တခုက ကမ္ဘာကြီးပေါ်မှာ ရှိနေပြီးသား သာမန်ပြည်သူချင်းရဲ့ အတူတကွတည်ရှိမှု (ဘယ်လိုအကြောင်းကြောင့်ပဲ အဲဒီဒေသကို ရောက်လာရောက်လာ) အဲလို အတူတကွတည်ရှိမှုကို လက်မခံခြင်းကို ဆန့်ကျင်ကြရမှာ။ (ဒီနေရာမှာ ဖိနှိပ်သူတွေနဲ့ အတူတကွ တည်ရှိမှုကိုတော့ လက်ခံစရာမလို။ လူတွေကို လူလိုတန်ဖိုးမထားဘဲ human animals လို့ ပြောပြီး အကုန်သိမ်းကြုံး ဖိနှိပ်၊ ဗုံးကြဲတဲ့ အာဏာရှင်မျိုးတွေ (ပြည်သူမပါဘူးနော်) နဲ့တော့ အတူတကွ တည်ရှိစရာမလိုဘူးပေါ့)။ ဒီတော့ ဆန့်ကျင်သင့်တာက ကလေးပါမချန် သတ်ဖြတ်မှု၊ လူလူချင်း အတူတကွ ငြိမ်းငြိမ်းချမ်းချမ်း မနေချင်မှုတွေ။
မြန်မာက (လူမျိုးဘာသာပေါင်းစုံက လူတွေ) ဖြစ်နေကြတာက
(၁) အင်အားပိုကြီးတဲ့ အစ္စရေးကို သွားစတာကိုး၊ ခံပေါ့။ (အဲဒါဆိုရင် အစ္စရေးနေရာမှာ မင်းအောင်လှိုင်ကို အစားထိုးကြည့်)
(၂) အစ္စရေးကို သွားထိရင်တော့ ဗုံးကြဲမှာပဲလေ။ (အဲဒါလည်း အစ္စရေးနေရာမှာ မင်းအောင်လှိုင်ကို အစားထိုးကြည့်။ ပြီးတော့ ဗုံးကြဲခံရလို့ သေသွားတဲ့ ကလေးတွေနေရာမှာ ကိုယ့်နိုင်ငံက ကလေးတွေနဲ့ အစားထိုးကြည့်)
(၃) ကိုယ့်ပြည်သူတွေ ဗုံးကြဲခံရမယ့်အရေး ထည့်မတွက်တာ။ (အဲဒါက မြန်မာမှာလည်း စစ်တို့၊ တော်လှန်ရေးတို့ ဖြစ်နေရင် ဗုံးကြဲတာတွေ၊ ရွာမီးရှို့တာတွေ ပိုလုပ်မှာပဲ။ အဲဒါဟာ စစ်ကောင်စီအပြစ်လား၊ တော်လှန်သူတွေရဲ့ အပြစ်လားဆိုတာ ပြန်သုံးသပ်)
(၄) အစ္စရေးရဲ့ လုပ်ဆောင်မှုတွေကို အားကျကြတယ်။ တကယ်က သူတို့ ပြည်သူတွေ ဘယ်တော့မှ ငြိမ်းငြိမ်းချမ်းချမ်း မနေရ။ အန္တရာယ်တွေကြားမှာ။ စစ်သားဦးရေဆိုလည်း နိုင်ငံသားဦးရေ အချိုးအစားနဲ့ယှဉ်ရင် အရမ်းများတယ်။ စစ်နိုင်ငံကို သွားအားကျနေတာပဲ။
(၅) ပြီးတော့ မြန်မာက တချို့မွတ်စလင်တွေ၊ တချို့ခရစ်ယာန်တွေဟာ အကြောင်းအရာကို မကြည့်ဘဲ ဘက်တူတာနဲ့ ဟိုဘက်ကို စစ်သွားတိုက်မတတ် ပြောနေကြတာ။ ဒါတွေက တခြားအကြောင်းအရာတွေတုန်းက သူတို့ရပ်တည်ခဲ့ပုံတွေနဲ့ တိုက်ကြည့်ရင် ဘက်တူလို့ စစ်သွေးကြွမှန်းက သိသာတယ်။ ဗမာ မဘသတွေကတော့ ပိုဆိုး။ ဘက်တူတူ မတူတူ …. နှစ်ဘက်ချကြတဲ့ နေရာမှာ …. တဘက်ဘက်က မွတ်စလင်ဖြစ်နေရင် ဆန့်ကျင်ဘက်ကနေ သတ်ဖြတ်ဖို့ အားပေးပြီးသားပဲ။
(၆) ဟိုလို ဘက်တူလို့ သွားတိုက်မတတ် စစ်သွေးကြွနေတဲ့ ဒီက မွတ်စလင်တချို့တွေကို ဝေဖန်တာက တစ်ပိုင်းပေါ့နော်။ မြန်မာ့အရေးကလွဲရင် တခြားကမ္ဘာ့အရေးတွေကို စိတ်ဝင်စားရင် ရေးရင်…. အဲဒါတွေပဲ ဘယ်လိုအချိန်မှာဖြစ်ဖြစ် ရေးခွင့်မရှိသလို ပြောကြတယ်။ (မြန်မာမှာ ဝမ်းနည်းစရာ တအားဖြစ်တဲ့ ရက်တွေမျိုးမှာ) ကိုယ့်နိုင်ငံအရေးကို ပိုရေးစေချင်တာမျိုးကိုတော့ နားလည်ပါတယ်) ဒါပေမယ့် ကိုယ်နိုင်ငံရဲ့အရေးကို ကျော်ပြီး ကမ္ဘာ့အရေး ဘယ်တော့မှ မရေးသင့်သလို ပြောကြတာလည်းရှိတယ်။ (ဝင်စစ်သွေးကြွတာမျိုးမဟုတ်ဘဲ) ဝင်ရေးရင်ပဲ မဆိုင်တာ ဝင်ပါသလိုလို။ တော်လှန်ရေး လုပ်နေတဲ့ မြန်မာတွေရော တခြားနိုင်ငံတွေမှာ ပြေးနေရတာပဲ မဟုတ်လား။ တခြားနိုင်ငံတွေရဲ့ ခွင့်ပြုမှုနဲ့ ထောက်ပို့ လုပ်နေရတာ မဟုတ်ဘူးလား။ မြန်မာ့အရေးကို ကမ္ဘာကစိတ်ဝင်စားအောင် ဆိုပြီး နည်းမျိုးစုံနဲ့ ပွဲတွေ၊ campaign တွေ လုပ်နေကြ၊ အကူအညီတောင်း၊ နိုင်ငံတကာနဲ့ ချိတ်ဆက်လုပ်ဆောင်နေကြတာ မဟုတ်ဘူးလား)။ ၂၀၂၁ တုန်းက ဗုံးတွေကြားကနေ ဆီးရီးယားကလား၊ ပါလက်စတိုင်းကလား ကလေးလေးတေစ်ယောက် မြန်မာနိုင်ငံအတွက် ဆုတောင်းပေးတဲ့ ဓာတ်ပုံတွေ့တော့ရော ဝမ်းသာနေကြတာ မဟုတ်ဘူးလား။ ကိုယ့်ထက် စစ်ဒဏ်ပိုပြင်းတဲ့ သူတို့လောက်တောင် အမြင်မကျယ်တော့ဘူးလား) စစ်သွေးကြွတာ မဟုတ်ဘဲ အတွေးအမြင်ဖလှယ်မှု သဘော၊ အတွေးအမြင် တိုးတက်ရေး သဘောနဲ့ သုံးသပ်ကြခြင်းကရော အတွေးအခေါ် မပိန်းရေးအတွက် မဟုတ်ဘူးလား။
အမြင်ကျယ် မလာကြဘူးဆိုရင်တော့ လူမျိုးပေါင်းစုံရှိတဲ့ ဒေသကြီးမှာ (နိုင်ငံလို့ မပြောဘူးနော်။ အင်အားကြီးတဲ့ ဗမာတွေဘက်က အကြောကြီးနဲ့ မြန်မာနိုင်ငံဆိုပြီးဘက်လိုက်ပြောသလို ဖြစ်မှာစိုးလို့။ အမြင်မကျယ်လာကြရင်တော့၊ တော်လှန်ရေးမှာ ဘယ်သူတွေဘယ်လောက်ပေးဆပ်ပေးဆပ်၊ ဘယ်လောက်သေခဲ့သေခဲ့၊ သေကြတာတွေ ဒုက္ခရောက်ကြတာတွေပဲ အဖတ်တင်ပြီး၊ လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ ရှိတဲ့ဒေသကြီးမှာ လူမျိုးရေး၊ ဘာသာရေးတွေနဲ့ပဲ ဒစ်လည်နေနိုင်တယ်။ အတွေးအမြင်တွေ ကျယ်ပြန့်မလာဘူးလို့တော့ တရားသေ ပြောလို့မရပါဘူး။ ကျယ်ပြန့်လာနိုင်ပါတယ်။ အဲလိုဖြစ်အောင် မြန်မာ့အရေး၊ ကမ္ဘာ့အရေးတွေကို တွေးခေါ် သုံးသပ်တာမျိုးတွေတော့ လုပ်နေကြရမှာပါ။ မြန်မာ့အရေးက သုံးသပ်ရင် ထိလွယ်ရှလွယ်နဲ့ ခံစားချက်တွေ ပိုပါလာတာမို့ ကမ္ဘာ့အရေးနဲ့ သွယ်ဝိုက် သုံးသပ်ပြန်ရင်လည်း အမေကျော် ဒွေးတော်လွမ်းတယ် ဖြစ်ဦးမယ်။
Thursday, October 12, 2023
ဂါဇာလို ပြဿနာတွေ ဖြေရှင်းဖို့ တစ်သားတည်း ကမ္ဘာ
( ဂါဇာလို ပြဿနာတွေ ဖြေရှင်းဖို့ တစ်သားတည်း ကမ္ဘာ )
ဂါဇာအရေး ဘယ်ဘက်က ရပ်တည်မလဲလို့ သူငယ်ချင်းတချို့ မေးကြတယ်။
ယေဘုယျပြောရင်တော့ နှစ်ဘက်လုံးက မှားတယ်လို့ ထင်တယ်။ Hamas တွေ မှားတယ်ဆိုတာက အရပ်သားတွေကို ဓားစာခံအဖြစ် ဖမ်းလို့။ အရပ်သားတွေသေမယ့် တိုက်ခိုက်မှု လုပ်လို့။ သူတို့ တော်လှန်ရေးကို မှားတယ်လို့ မဆိုလိုဘူး။
အစ္စရေးကတော့ မင်းအောင်လှိုင်တို့လိုပဲ အရင်ကတည်းက အရပ်သားတွေကို ဗုံးကြဲခဲ့၊ ရက်စက်ခဲ့တာမို့။
ဒါပေမယ့် NUG က ခေါင်းဆောင်တွေကတော့ သူများတွေ တော်လှန်ရေးကို စစ်သွေးကြွလို့ မပြောသင့်၊ မသုံးသင့်ဘူး။ မြန်မာ့တော်လှန်ရေးမှာလည်း အရပ်သားတွေကို target ထားနေကြတာကိုး။ ဒါပေမယ့် မြန်မာကတော့ အဖြူအမည်း နည်းနည်းပိုသည်းကွဲတယ် (လို့ထင်တယ်)။ သတင်းပေးအဖြစ် သေချာမှ လုပ်ကြတာလို့ ယူဆရတာကိုး။ Ethics တွေနဲ့ နည်းနည်းဖြစ်ဖြစ် ပိုညီတယ်ပေါ့ဗျာ။ အဲဒီမှာ ဟားမတ်စ်တွေကလည်း သူတို့က တိုက်ခိုက်သူတွေဟာ ကျူးကျော်တဲ့အစိုးရကို ထောက်ခံသူတွေပါလို့တော့ ဆင်ခြေပေးလို့ ရချင်ရမှာပေါ့။
ပါလက်စတိုင်း ကိစ္စကို အယ်လ်ခိုင်းဒါးတို့၊ IS တို့နဲ့ ရောကြိတ်လို့ မရဘူး (ထင်တယ်)။ IS တွေလည်း မွတ်စလင် Hamas တွေလည်း မွတ်စလင်ပါဆိုပြီး ရောကြိတ်ချင်လို့ မရဘူး (လို့ထင်တယ်)။ ဒါပေမယ့် အရပ်သားတွေကို အကြီးအကျယ် target ထားတာတော့ Hamas အမှားပေါ့။
စစ်သွေးကြွ ခေါ်ခံရခြင်း မခေါ်ခံရခြင်း၊ အကြမ်းဖက်တံဆိပ် ကပ်ခံရခြင်း မခံရခြင်း ကတော့ ပါဝါတွေ၊ အနေအထားတွေ၊ မဟာမိတ်ဖွဲ့နိုင်မှုတွေ အပါအဝင် ရှုပ်ရှုပ်ထွေးထွေး အနေအထားတွေပေါ်မှာ မူတည်တယ်။ IS ဆိုရင်တော့ စစ်သွေးကြွမှန်း ထင်ရှားတယ်။ တချို့ကိစ္စတွေကျ မထင်ရှားဘူး။ ဘာလို့လည်းဆိုတော့ ကမ္ဘာကြီးက demarcation line ကို အထူကြီးဆွဲထားတယ်။ အဲဒါမှ လိုသလို လုပ်လို့ ပိုကောင်းမှာကိုး။ အစ္စရေးဆို အရပ်သားတွေကို အမြဲလို ဗုံးကြဲပေမယ့် အကြမ်းဖက်စာရင်းထဲ မပါဘူး။ အကြမ်းဖက်ပေမယ့် အကြမ်းဖက်စာရင်းထဲ မပါတဲ့ တခြားနိုင်ငံတွေလည်း အများကြီးပဲ။ တကယ်ကတော့ အဲဒီလို ကိစ္စတွေမှာ demarcation line ဆိုတာတောင် မရှိပါဘူး။ ဒါတွေက လူတွေ လိုသလို သတ်မှတ်နေကြတဲ့ အရာတွေလို ဖြစ်နေပြီ။ ဒါပေမယ့် လူတိုင်းက သတ်မှတ်ချင်တိုင်း သတ်မှတ်ခွင့်တော့ မရကြဘူး။ ပါဝါရှိမှ ဘောင်ဝင်တာ။ Hamas တွေကျတော့ တံဆိပ်ကပ်ခံရတယ်။ စစ်သွေးကြွလို့ သုံးနှုန်းခံရတယ်။ မြန်မာက ကျောင်းသားတပ်မတော် (ABSDF) ကိုတောင် အမေရိကန်က အရင်တုန်းက အကြမ်းဖက်စာရင်း သွင်းလိုက်သေးတယ်။ ၂၀၁၀ ဒီဇင်ဘာလောက် ကျမှ ပြန်ပယ်ဖျက်တာ။
ပြောလိုရင်းကို ပြန်ကောက်ရရင်…. အရပ်သားတွေအပေါ် အကြမ်းဖက်မှုအရဆိုရင် အစ္စရေးရော Hamas ရော နှစ်ဘက်လုံး မှားတယ်လို့ ပြောတာ။ ပုါဝါနဲ့ ဖိနှိပ်မှုအရ ကြည့်ရင် လူတန်းစားအရကြည့်ရင်တော့ ပါလက်စတိုင်းတွေဘက်က ရပ်ရမှာပေါ့။
ခုကတော့ ရုရှားရဲ့ ကျူးကျော်မှုကို တွန်းလှန်နေတဲ့ Zelenskyy တောင် ကျူးကျော်ခဲ့တဲ့ အစ္စရေးကိုကျ အားတက်သရော ထောက်ခံနေတော့ သူ့ကို hypocrite လို့ တွစ်တာမှာ (X မှာ) အကြီးအကျယ် ဝေဖန်နေကြတာပေါ့။ ဒါကလည်း သူ့ကို ဝေဖန်သူတွေမှာ ခိုင်လုံတဲ့ လောဂျစ်တွေ ရှိတယ်လေ။
ပြီးတော့ ဇီယွန်ဝါဒီတွေက လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀၀ ကျော်က ကျမ်းထဲက ပါတဲ့စာတွေကို သုံးပြီး သူတို့နယ်မြေလို့ အတင်းလုပ်ထားတာလည်းရှိတယ်။ အဲဒီလို ဘာသာရေးကျမ်းတို့ ဘာတို့က ဘယ်လောက်မှန်မှာလဲ။ ကျမ်းထဲကဟာ မှန်တယ်ထားဦး၊ နှစ်ပေါင်း ၂၀၀၀ ကျော် ကြာပြီးမှ မလိုလားတဲ့ ဒေသမှာ အဆင်မပြေနိုင်မှန်း သိသိနဲ့ နိုင်ငံကို ထူထောင်တာက ဟုတ်မှ မဟုတ်တာ။ (ဒါက ကမ္ဘာကြီးရဲ့ လက်ရှိ စံနှုန်းတွေအရ သုံးသပ်တာနော်)။ ဒီကမ္ဘာကြိးရဲ့ ခွဲခြားခွဲခြား လက်ရှိစနစ်အရဆိုရင် ဥပမာ— (ဥပမာနော်၊ အချက်အလက်မဟုတ်) မြန်မာတွေရဲ့ ဇစ်မြစ်က လွန်ခဲ့တဲ့နှစ် ၂၀၀၀ က တရုတ်မှာ ရှိခဲ့လို့ ဆိုပြီး အဲဒီမှာ နိုင်ငံသွားထူထောင်လို့တော့ ရမှာမဟုတ်ဘူး။
လူအများကြီး သွားနေလို့တော့ ရသင့်တာပေါ့။ နိုင်ငံအဖြစ် ထူထောင်လို့ မရမှာကို ပြောတာ။ အဲဒီတော့ ပါလက်စတိုင်းတွေက သူတို့မြေပေါ်မှာတင် သူတို့ နိုင်ငံမဲ့တွေ ဖြစ်နေကြတော့ တော်လှန်တိုက်ပွဲဝင်ခွင့် ရှိတယ်ပေါ့။ ဒါပေမယ့် ပါလက်စတိုင်းတော်လှန်ရေးဟာ ဂျူးဆန့်ကျင်ရေးတို့ ဂျူးမုန်းတီးရေးတို့တော့ မဖြစ်သင့်ဘူး။ ဂျူးတိုင်းကလည်း ဇီယွန်ဝါဒီတွေ မဟုတ်ဘူး။
ပြီးတော့ လွန်ခဲ့တဲ့ သုံးရက်လောက်အတွင်းမှာ ညီနှစ်ယောက်နဲ့ ပြောဖြစ်တာက …. အင်္ဂလိပ်တွေရဲ့ ပယောဂလည်း ပါတယ်. (လို့ထင်တယ်)။ ဥရောပမှာ လုပ်မပေးဘဲ အရှေ့အလယ်ပိုင်းမှာမှ ရွေးပြီး တမင်မီးမွှေးလိုက်သလိုပဲ။ အဲဒီကာလက ဂျူးတွေရောက်နေပြီးသား နေရာတွေ ဥရောပ နိုင်ငံတွေမှာပဲ လူ့အခွင့်အရေး အပြည့်အဝနဲ့ ပေးပြီး ပြဿနာတက်မယ့်လမ်းကို ရှောင်ခဲ့ရင်ရော။ အခုတော့ အစ္စရေးက တခြားနယ်မြေတွေကို တဖြည်းဖြည်းသိမ်းပိုက်တယ်။ သူ့ကို ဝိုင်းတိုက်ကြတော့လည်း အကြောင်းပြလို့တော့ ပိုကောင်းသွားတာပေါ့။ အရပ်သားတွေကိုလည်း အများကြီးသတ်တယ်။ Hamas တွေက အရပ်သားတွေကို human shield အဖြစ် အသုံးချတာလည်း ပါမှာပေါ့။ ပိုပျော့ပြောင်းတဲ့ ပါလက်စတိုင်းအဖွဲ့ဖြစ်တဲ့ Fatah အဖွဲ့က Hamas တွေ human shield သုံးတဲ့ ကိစ္စကို ဝေဖန်ဖူးတယ်။ ပါလက်စတိုင်းတွေပဲ human shield သုံးတာလားဆိုတော့ မဟုတ်။ အစ္စရေးဘက်ကလည်း သုံးတဲ့အကြောင်း report တွေ နည်းနည်းပါးပါး ဖတ်ဖူးတယ်။
ထားပါတော့။ Ethics တွေဟာ လူက တကူးတကလုပ်ထားရတဲ့ အမှန်တရားတွေ။ လူလုပ်အမှန်တရားတွေ။ ပကတိ အမှန်တရားမဟုတ်ဘူး။ စည်းမျဥ◌်းစည်းကမ်းတွေရှိပေမယ့် တကယ့်တိုက်ပွဲတွေမှာကျ ကိုယ်အနိုင်ရရေးအတွက် ကြုံသလို ညစ်ကြတာပါပဲ။ စစ်ပွဲမပြောနဲ့ ဘောလုံးပွဲလို အရာမှာတောင် ဘယ်နိုင်ငံသားဖြစ်ဖြစ် အနိုင်ရရေးအတွက် ကြုံသလို ညစ်ကြ၊ ဟန်ဆောင်ကြသေးတာ။ ဒါကြောင့် အချစ်နဲ့ စစ်မှာ မတရားဘူးဆိုတာ မရှိဘူးဆိုတဲ့ စကား ပေါ်လာတယ်။ ဒါပေမယ့် ပကတိအမှန်တရားမဟုတ်တောင် လူလုပ်အမှန်တရား ethics တွေအကြောင်းက ဆွေးနွေးဖို့ သင့်တယ်။ တိတိကျကျကြီး မသတ်မှတ်နိုင်တောင် စံနှုန်းလေးတွေတော့ ရှိဖို့ လိုတာပေါ့။ နို့မို့ဆိုရင် ဟစ်တလာလိုလူတွေ၊ မင်းအောင်လှိုင်လို လူတွေ အများကြီး ပေါ်လာမှာပေါ့။ စံနှုန်းတွေကို လိုက်နာကြခြင်း မလိုက်နာကြခြင်းကတော့ တကဏ္ဍပေါ့လေ။
မြန်မာမှာလည်း အရပ်သား ဒလန်တွေကို သတ်ကြတယ်။ Ethics နဲ့ မညီဘူးပေါ့။ ဒါပေမယ့် ဘေးကလွတ်ရာကျွတ်ရာက လူတွေက တိုက်ပွဲတွင်းက လူတွေကို စာအုပ်ကြီးနဲ့ချည်း ကိုင်ပေါက်လို့လည်း မရပြန်ဘူး။ နှစ်ဘက်ရန်ဖြစ်နေချိန်မှာ ကိုယ့်လူတွေကိုချည်း သွားပြီးချုပ်ရင် ကိုယ့်လူတွေရှုံးမှာလေ။ တစ်ဘက်မှာ ethics ဆိုတဲ့အရာကလည်း တကယ့် သဘာဝအမှန်တရား မဟုတ်ဘဲ လူလုပ်အမှန်တရားဆိုပြီး လုံးဝ ထည့်မစဉ်းစားလို့လည်း မရပြန်ဘူး။ ဒီလိုအရာတွေမှာ အရာရာတိုင်းအတွက်မှန်မယ့် Theory of Everything မရှိဘူး။ ပုံသေနည်း မရှိဘူးပေါ့ဗျာ။ ပုံသေနည်းမရှိပေမယ့် အထိန်းအကွပ်မရှိ ထင်ရာတော့ စွတ်လုပ်ဖို့လည်း မသင့်တဲ့အရာတွေ။
ဂါဇာကိစ္စ ပြန်ကောက်ရရင် ပါလက်စတိုင်းက သူတို့မြေမှာ stateless ဖြစ်နေတာတော့ မဟုတ်သေးဘူးပေါ့။ တခုခု လွဲနေပြီ။ ဒါကလည်း လက်ရှိရောက်နေတဲ့ ကမ္ဘာ့စံနှုန်းအရပဲ ပြောတာ။
ဖြစ်သင့်တဲ့အရာ၊ ကိုယ့်အမြင်ဆိုရင်တော့ လူသားတွေဟာ သူ့ နိုင်ငံမြေ၊ ကိုယ့်နိုင်ငံမြေ ဆိုတဲ့ အစွဲတွေကို ကျော်လွန်ပြီး တကမ္ဘာလုံး အတိုင်းအတာနဲ့ တသားတည်းဖြစ်သင့်ပါပြီ။ Oneness ဖြစ်သင့်ပါပြီ။ ပါလက်စတိုင်းမြေလို့ အစဉ်အလာအရ ယူဆရမယ်ဆိုရင်တောင် အဲဒီမြေမှာ ဂျူးတွေလည်း အခြေချခွင့်ရှိရမယ်။ မူရင်းရှိပြီးသားသူတွေကို စနစ်တကျ ဖိနှိပ်မှုမပါတဲ့ အခြေချမှုမျိုးတော့ ဖြစ်ရမယ်။ (လူတဦးချင်းစီ ဖိနှိပ်မှုတွေကတော့ မရှိသင့်ပေမယ့် ဖြေရှင်းရ ခက်မှာမို့ ရှိနေဦးမှာပဲ။ လူတစ်စုနဲ့ တစ်စု ဖိနှိပ်မှုတွေ မရှိအောင် အရင်လုပ်ဖို့ကို ပြောတာ)။ အဲဒီဒေသတွေမျာ နဂိုရှိပြီးသားသူတွေကလည်း အသစ်ရောက်လာသူတွေအပေါ် ဖိနှိပ်မှု မရှိစေရ။ ဒါပေမယ့် ကမ္ဘာကြီးရဲ့ collective consciousness ကတော့ အဲဒီအအဆင့်အထိ မရောက်သေးဘူး။
ဂျွန်လင်နွန်ရဲ့ သီချင်းထဲကလိုဆိုရင်တော့
“Imagine there's no countries
It isn't hard to do
Nothing to kill or die for
And no religion, too” ပေါ့။ အကြမ်းဖျင်း အဓိပ္ပါယ်ကတော့ “တိုင်းပြည်တွေ နိုင်ငံတွေ ဆိုတာ မရှိဘူး (ကမ္ဘာကြီးဟာ နိုင်ငံတွေအများကြီးအဖြစ် အုပ်စုကွဲမနေဘူး) လို့ စိတ်ကူးကြည့်ပါ။ အဲဒါကို လုပ်ဖို့ မခက်ပါဘူး။ (အဲဒါဆိုရင် နိုင်ငံအတွက်ဆိုပြီး) သတ်ရတာတွေ သေရတာတွေလည်း မရှိတော့ဘူးပေါ့။ အဲလိုပဲ ဘာသာတရားဆိုတာတွေလည်း မရှိဘူးလို့ စိတ်ကူးကြည့်စမ်းပါ” ဆိုတဲ့သဘော။
သူ့မြေ ကိုယ့်မြေ အငြင်းပွားနေပြီး အဲဒီသဘောတရားကို အခြေခံပြီး အဆုံးအဖြတ်ပေးခြင်းမျိုးကတော့ ပြဿနာကို အပေါ်ယံ ဖြေရှင်းမှုပဲ။ ငြိမ်းချမ်းရေးကို လိုလားရင်တော့ ကမ္ဘာ့လူသားတွေဟာ တဆင့်တက်ဖို့ လိုပါပြီ။ ကမ္ဘာပေါ်မှာ မွေးလာတဲ့လူသားဟာ ဘယ်အရပ် ဘယ်ဒေသက မြေပေါ်မှာမဆို ခြေချခွင့်ရှိသင့်တယ်လေ။ ဒါဟာ တစ်ဦးတစ်ယောက်တည်း၊ တစ်နိုင်ငံတည်း ချွန်ထွက်လုပ်လို့ရမယ့် အရာမျိုးတော့ မဟုတ်ဘူးပေါ့။ ဒါပေမယ့် ဝေးသေးတဲ့ အနာဂတ် တချိန်ချိန်မှာ လုပ်နိုင်လာကြမယ်ဆိုရင် ကမ္ဘာကြီးမှာ စစ်စရိတ်တွေ အကြိးအကျယ် သက်သာသွားမယ်။ တခြား အကျိုးရှိမယ့် နေရာတွေမှာ သုံးလာနိုင်မယ်။ သဘာဝပတ်ဝန်းကျင် အခြေအနေ ပိုကောင်းလာမယ်။ တခြား ကောင်းကျိုးတွေလည်း အများကြီး နေမှာပါ။ ဘေးထွက်ဆိုးကျိုးတွေလည်း ရှိတော့ ရှိနိုင်တယ်။ ဥပမာ စစ်စရိတ်တွေ သုံးစရာမလိုတော့လို့ လူတွေ စားဝတ်နေရေး အကုန်အဆင်ပြေလာကြတာ ကောင်းပေမယ့် အဆင်ပြေပြီး လူဦးရေတွေ အဆမတန်ပွားလာတာမျိုး မဖြစ်ဖို့တော့ လိုမှာပေါ့။
ဘာပဲဖြစ်ဖြစ် ကမ္ဘာကြီး oneness အဆင့်ကို မရောက်သေးသရွေ့ကတော့ ကမ္ဘာ့ငြိမ်းချမ်းရေး တည်ဆောက်မှုဟာ သိပ်အရာထင်မှာ မဟုတ်ပါဘူး။
ကျွန်တော်က အရှေ့အလယ်ပိုင်း ရေးရာ ကျွမ်းကျင်သူ မဟုတ်လို့ အချက်အလက် မှားတာပါရင်လည်း ပြောပါ။ တကယ်ရေးချင်တာကတော့ အချက်အလက်ဆိုတာတွေထက် အတွေးအမြင်ကို ဦးစားပေးပြီး ရေးချင်တာပါ။
(အောက်တိုဘာ ၂၀၂၃)
ကောင်းကင်ကို
Wednesday, September 27, 2023
စက်တင်ဘာ
( စက်တင်ဘာ )
Wednesday, August 30, 2023
တော်လှန်ရေး တောက် (တော်လှန်ရေး တာအို)
အာဏာရှင်တွေကို အတိုက်အခံတွေက တော်လှန်ကြတယ်။ အဲဒီအတိုက်အခံတွေထဲမှာ အာဏာရှင် စရိုက်တွေနဲ့ ကိုယ်ကျိုးစီးပွားရှာသူတွေ ရှိလာရော။ (အနည်းစုပါ၊ အကုန်မဟုတ်)
Saturday, August 26, 2023
[ ခေါင်းထဲက အသံတွေ - အပိုင်း (၁) ]
Sunday, January 24, 2021
Thursday, October 1, 2020
နှုတ်ခမ်းနု သက်တံ့ကွေးသို့
(နှုတ်ခမ်းနု သက်တံ့ကွေးသို့)
အနမ်းနုလက်ကျန်မွှေး
လွမ်းသူ့ ဓာတ်ခံလေးနဲ့
Young Mood FM တေးကို နားဆင်ရင်း
တမ်းသူ့ မနက်ဖန်လေး ငိုနေပြီ
ပန်း အခုလက်ခံပေးပါ။
ကောင်းကင်ကို (၁ - အောက်တိုဘာ၊ ၂၀၂၀)
Young Mood FM ပေ့ချ်က သီချင်းလေးတွေကို ကြိုက်လို့ လက်တန်း ရေးထားတာပါ။
Facebook မှာ ရေးခဲ့တဲ့ ပို့စ်တွေ စာတွေကို မူရင်းရေးခဲ့တဲ့ တင်ခဲ့တဲ့ ရက်အတိုင်း blog မှာ back date နဲ့ ပြန်တင်တာပါ။
Thursday, October 3, 2019
Algebra...Geometry...သရဲတစ္ဆေ....ယုတ္တိ....Godel...စိတ္တဇ
Tuesday, October 1, 2019
ကလေးတွေကို ရိုက်သင့် မသင့်နဲ့ ကန့် ဒဿန
ဒီပို့စ်က ကလေးတွေကို ရိုက်သင့် မရိုက်သင့်ကိစၥ သက်သက်ကိုချည်း ပြောချင်တာတော့ မဟုတ်ပါဘူး။ Kant ရဲ့ ethics အယူအဆကိုပါ လမ်းကြုံအနေနဲ့ နည်းနည်းပြောချင်တာပါ။
ဥပမာ Kant ဆိုရင် (ယေဘုယျအားဖြင့်) non-consequentialist လို့ ဆိုရမယ်။ ခြွင်းချက်တော့ ရှိတာပေါ့။ Consequentialism ဆိုတာက အပြုအမူ တစ်ခုရဲ့ရလဒ်ကို ကြည့်ပြီး အဲဒီအပြုအမူကောင်းမကောင်း သတ်မှတ်တာမျိုးပေါ့။ Kant က အဲဒါမျိုးမဟုတ်။ deontological ethic ပေါ့။ အကျိုးဆက်ကို မကြည့်ဘဲ အပြုအမူကိုယ်တိုင်က ကောင်း၊မကောင်း ကိုပဲ အခြေခံတာ။ Kant က ကျင့်ဝတ်တွေကို ပုံသေလို့ သဘောထားတယ်။ ဥပမာ လူသတ်သမားက သူသတ်ချင်သူရဲ့ နေရာကို မေးတယ်၊ ကိုယ်ကလည်း အဲဒီနေရာကို သိတယ်ပေါ့။ ဒါဆို (မဖြေ မနေရဆို) လိမ်မပြောရဘူး။ နေရာ အမှားမပြောဖို့ ကျင့်ဝတ်တာဝန် ရှိတယ်ပေါ့။ မလိမ်လို့ ဟိုလူ အသတ်ခံလိုက်ရလည်း မလိမ်သူမှာ အပြစ်မရှိ။ လိမ်ညာလိုက်ရင်တော့ အပြစ်ရှိသွားပြီ ဆိုတဲ့ အယူအဆမျိုး။ ဒီနေရာမှာ “မဖြေဘဲနေလိုက်လေ” ဆိုရင်တော့ ရတယ်။ ဒါပေမဲ့ ဒါဟာ လူသတ်သမားကိစ္စကို အဖြေရှာချင်တာမဟုတ်၊ ဒဿနအကြောင်း စဉ်းစားကြတာဆိုတော့ “မဖြေဘဲနေခြင်း” ကို ရွေးချယ်ခွင့် ပေးမထားဘူး။
နေရာတကာမှာ Deontology သာလျှင် အမှန်၊ အဲဒါကိုပဲ လူတိုင်းကျင့်သုံးသင့်တယ်လို့တော့ ကျွန်တော် မဆိုလိုပါဘူး။ ဒါပေမဲ့ ကလေးတွေကို ရိုက်သင့်၊ မရိုက်သင့် ကိစ္စမှာတော့ ...ကျွန်တော့်အမြင်ကတော့ မရိုက်သင့်၊ ရိုက်ဖို့နေနေသာသာ မဆဲသင့်၊ စကားကြမ်းကြမ်းနဲ့ မဆူသင့်ဆိုတဲ့ အယူအဆကို (ရလဒ်ကို မကြည့်ဘဲ) ပုံသေ ခံယူထားတယ်။
တချို့က မေးကြတယ်။ တပည့်တစ်ယောက်က အရမ်းဆိုးသွမ်းနေတယ်။ စာလည်း မလုပ်ဘူးပေါ့။ မရိုက်ရင် စာမတတ်ဘဲ ဖြစ်သွားမယ်၊ ဆိုးသွမ်းပျက်စီးသွားမယ်ပေါ့။ ရိုက်လိုက်ရင်တော့ လိမ္မာသွားမယ်ပေါ့။ ကျွန်တော့်သဘောအရ ဆိုရင်တော့ အဲလို ကလေးကိုလည်း မရိုက်ဘူး၊ မဆဲဘူး၊ မကြိမ်းဝါးဘူး။
ဘာလို့လဲ။ ရိုက်လိုက်ရင် လိမ္မာသွားမယ်လို့လည်း ဘယ်သူမှ အာမ မခံနိုင်။ တကယ်တော့ consequentialism အရ စဉ်းစားရင်တောင်မှ ရိုက်ခံရတဲ့ ကလေး၊ အဆူခံရလွန်းတဲ့ ကလေးက ပတ်ဝန်းကျင်အပေါ် မေတ္တာမထားနိုင်တာ၊ ပိုဆိုးသွမ်းသွားတာ၊ ဒါမှမဟုတ် မပြောရဲ မဆိုရဲ လူတောမတိုးတော့တာတွေ ဖြစ်လာနိုင်ခြေကပဲ ကောင်းလာနိုင်ခြေထက် ပိုများတာမို့ consequentialism အရ စဉ်းစားရင်တောင်မှ မရိုက်သင့်ပါ။ ကလေး ကောင်းလာနိုင်မနိုင် မသေချာပေမဲ့၊ ကိုယ်က အကြမ်းဖက်အပြုအမူဖြစ်တဲ့ ရိုက်ခြင်းကို လုပ်လိုက်တော့ ကိုယ်ဆိုးသွားတာ ကတော့ သေချာသွားပြီလေ။ ကလေးကောင်းလာသည်ဖြစ်စေ၊ မကောင်းလာသည် ဖြစ်စေ ကိုယ်ကတော့ဆိုးသွားပြီ။
ကဲ...ဒါဆိုရင် ပြန်တုံ့ပြန်လာနိုင်တာက... ရိုက်လိုက်ရင်၊ ဆူပူကြိမ်းမောင်း ဆုံးမလိုက်ရင် လိမ္မာလာနိုင်ခြေ၊ ကောင်းလာနိုင်မှာက အခြေအနေတွေအရ လုံးဝ သေချာနေတယ်၊ ဆက်လွှတ်ထားရင်တော့ ဆိုးသွားမှာ လုံးဝ သေချာနေတယ် ဆိုရင်ရော။ (ဒီနေရာမှာ ကြားဖြတ်ပြောရရင် ပညာကိုစိတ်ဝင်စားအောင် ဆရာ သို့မဟုတ် မိဘက ကြိုးစားသင့်တယ်၊ ကလေးက စိတ်မဝင်စားတာ ဆရာက သင်ပြမှှု ညံ့လို့၊ ဆွဲဆောင်မှှု ညံ့လို့ လို့ ပြောကြတာလည်း ရှိတယ်။ အဲဒါကတော့ အပြည့်အဝ မမှန်နိုင်ပါ။ ဆရာတွေကိုချည်း တစ်ဘက်သတ် အပြစ်တင်တာမျိုးလည်း ဖြစ်သင့်တယ်လို့ ကျွန်တော်မထင်။ တခါတခါ ဘယ်လိုမှ ချော့လို့ မရ၊ ဆရာက နည်းအမျိုးမျိုးနဲ့ စိတ်ဝင်စားအောင် စည်းရုံးလို့ မရတဲ့ ကလေးမျိုးလည်း ရှိနိုင်တယ်။ ဥပမာ အိမ်မှာ အရမ်းအလိုလိုက်ခံရတဲ့ ကလေးတွေ၊ ပညာကို တန်ဖိုးမထားတဲ့ အသိုင်းအဝိုင်းက တချို့ကလေးတွေကို ဘယ်လိုမှ ချော့လို့မရ၊ စည်းရုံးဆွဲဆောင် သင်ပြပေးလို့ မရတာတွေ ရှိကောင်းရှိနိုင်တယ်။ ဒီတော့ တပည့် မလိမ္မာရုံနဲ့ ဆရာကိုချည်းလည်း အပြစ်တင်လို့တော့ မရပါ။ ဆရာတွေ၊ ဆရာမတွေ ထိုင်ငိုရလောက်တဲ့ တပည့်မျိုးတွေ ရှိတတ်တယ်။) အဲလို တပည့်မျိုးက ရိုက်ဆုံးမရင်တော့ ငြိမ်သွားလေ့ရှိတယ် ဆိုပါစို့။ အဲဒါဆိုရင်ရော ရိုက်ပြိး ဆုံးမ မလား၊ လူဆိုးအဖြစ် လွှတ်ထားလိုက်မလား သေချာနေတာကြီးကို ရွေးရမယ်ဆိုရင်တောင် ကျွန်တော်တို မရိုက်ဘူး၊ မငေါက်ဘူး။ နားလည်အောင် ရှင်းပြမယ်၊ သူ့အိမ်ကို အသိပေးမယ် ဆိုတာမျိုးလောက်ပဲ ရွေးမယ်။ လုံးဝ မရိုက်ဘူး၊ မငေါက်ဘူး။ ပညာကို ချစ်မြတ်နိုးဖို့ ကိစ္စမှာ ဆရာကချည်း တာဝန်ရှိတာမဟုတ်၊ တပည့်မှာလည်း တာဝန်ရှိတယ်။ ကိုယ်စွမ်းသလောက်လုပ်တာကို ချော့မော့ပြောတာကို အလေးမထားရင် ဒါ သူ့အပြစ်ပဲလေ။ ဇိကုပ်ပြီး နတ်ပြည်တင်ပေးတာမျိုး မလုပ်သင့်ဘူးလို့ ကျွန်တော်တော့ မြင်တယ်။
Kant ရဲ့ အယူအဆမှာလည်း စိတ်ဝင်စားစရာ တစ်ခုရှိတယ်။ သူ့အယူအဆက အကျိုးဆက်ကို မကြည့်ဘူးဆိုပေမဲ့ …. အကျိုးဆက်ကို ထည့်စဉ်းစားသယောင် ဖြစ်သွားတဲ့ နည်းနာတစ်ခုပေါ့။ Universalization လုပ်ကြည့်တဲ့နည်းပါ။ လုပ်သင့် မလုပ်သင့် မသေချာတဲ့အခါမှာ … ဒီလုပ်ရပ်ကို ကျင့်ဝတ်နီတိအဖြစ် ယူဆလိုက်ပြီး လောကရဲ့ ဥပဒေသ တစ်ခု ဖြစ်လာမယ်ဆိုရင် ဘယ်လိုနေမလဲ ဆိုတဲ့ စမ်းသပ်ချက်မျိုး။ ဒီမှာ ပြောစရာ ရှိတာက အဲဒီနည်းဟာ အကျိုးဆက်ကို ထည့်စဉ်းစားသလို ဖြစ်သွားပြီ။ ဥပမာ… ကလေးတွေဆိုးရင် ရိုက်သင့်တယ် ဆိုတာမျိုး ငါယူဆလိုက်ပြီး၊ အဲဒါဟာ လောကရဲ့ ဥပဒေသ တစ်ခု ဖြစ်လာရင် ဘယ်လိုနေမလဲ ဆိုပြီး test လုပ်တာမျိုးမို့ အကျိုးဆက်ကို ထည့်စဉ်းစားသလို ဖြစ်သွားပါတယ်။ ဒါပေမဲ့ တစ်ခုကွာတာက Kant ရဲ့ နည်းက ကြိုပြီးမျှော်မှန်းစဉ်းစား တာပါ။ အဲဒီနောက်မှာတော့ rule ချမှတ်လိုက်ပြီး အဲဒီ rule ကိုပဲ အခြေခံတော့တာပါ။ rule အဖြစ်ခံယူအပြီးမှာတော့ လုပ်ဆောင်မှှုရဲ့ ရလဒ် အကောင်းအဆိုးအပေါ် မူတည်ပြီး မှန်တဲ့ကျင့်ဝတ်၊ မှားတဲ့ကျင့်ဝတ်လို့ နောက်ကြောင်းပြန် အဆုံးအဖြတ်ပေးလို့ မရတော့ပါဘူး။ စည်းမျဉ်းကို လိုက်နာရင် မှန်တဲ့ကျင့်ဝတ်၊ မလိုက်နာရင် မှားတဲ့ကျင့်ဝတ်ပါပဲ။ ကလေးတွေကို ရိုက်သင့် မရိုက်သင့် ကိစ္စမှာ Kant ရဲ့ Universalization ကို သုံးကြည့်ရင်တော့မရိုက်သင့်ဘူးလို့ပဲ အဖြေထွက်မှာပါ။ ကလေးတွေကို ရိုက်နေကြရင် အကြင်နာတရားမဲ့တဲ့ စိတ်အချဉ်ပေါက်နေတဲ့ မျိုးဆက်ပဲ ထွက်လာမှာပါ။
နောက်တစ်ခုက ခေတ်တွေက ပြောင်းလာပါပြီ။ မင်းတုန်းမင်းခေတ် မဟုတ်တော့ပါဘူး။ ငါးခြောက်ပြား ခိုးတဲ့ ကိစ္စနဲ့ ဥပမာပေးလို့ မရတော့ဘူး။ အမှား အမှန် စံနှှုန်းသတ်မှတ်မှှုတွေ မတူတော့ဘူး။ အခုခေတ်မှာ ရိုက်နှက်ဆုံးမသင့်တယ်လို့ မယူဆတော့ပါဘူး။ ခေတ်ရဲ့ သတ်မှတ်စံနှှုန်းကို မလိုက်နာဘဲ နေရင်တော့ ရတော့ ရပါတယ်။ ဒါပေမဲ့ အဲလိုနေရင် အခက်အခဲ ကြုံရမှာပါ။ ကလေးတွေကို မရိုက်သင့်ဘူး ဆိုတာမှာ ဆရာတွေဘက်ကို တွေးပြီး ပြောခြင်းလည်း နည်းနည်း ပါပါတယ်။ ရိုက်နှက်ဆုံးမခြင်းတို့၊ ဆဲဆိုကြိမ်းမောင်းခြင်းတို့ဟာ မှားယွင်းတယ်လို့ ယူဆကြတဲ့ခေတ်မှာ၊ ကရုဏာ ဒေါသ အကဲပိုသွားလို့ပဲ ဖြစ်ဖြစ်၊ တစ်ကြိမ်လောက် သတိလက်လွတ် ရိုက်မိရင်ပဲ ဖြစ်ဖြစ်၊ ရိုက်တာတွေ၊ ဆဲဆိုကြိမ်းမောင်းတာတွေ Facebook ပေါ်ရောက်သွားပြီး ရက်စက်တဲ့ဆရာအဖြစ် ဝိုင်းဆွမ်းကြီးလောင်းခံရမှာမျိုးလည်း ဆရာ၊ဆရာမ တွေကို မဖြစ်စေချင်မို့ စေတနာတွေကို ဘရိတ်အုပ်ပါလို့၊ နတ်ပြည်ကို ဇွတ်အတင်း တင်ပေးစရာ မလိုဘူးလို့ပဲ အကြံပြုချင်ပါတယ်။
(ကောင်းကင်ကို) - ၂၀၁၉ အောက်တိုဘာ ၁ က ပို့စ်ကို မူရင်း date အတိုင်း blog မှာ ပြန်တင်တာပါ။
Thursday, September 19, 2019
သင်္ချာမရှိရင် + ပညာသမားတွေရဲ့ သဘောထား
(မှတ်ချက်။ ။လင်းသိုက်ညွန့်ကို ချေပတာတော့ မဟုတ်။ သင်္ချာကိစ္စမှာ သူ့ပြောဆိုချက်က ချေပလောက်ရအောင်တောင် ဘောင်မဝင်ပါဘူး။ ဒါပေမဲ့ အရင်ကတည်းက ရေးဖို့စိတ်ကူးထားတဲ့ အကြောင်းအရာကို ပိုထင်ရှားစေမယ့် အခြေအနေဖြစ်လာနိုင်လို့ ရေးဖြစ်အောင် ရေးလိုက်တာပါ။)
သင်္ချာသာမရှိရင် သိပ္ပံဟာ ဘာဖြစ်သွားမလဲ။ trial and error နည်းနဲ့ပဲ ကြိုးပမ်းရတော့မယ်။ trial and error ဆိုတာက ဒီလို။ ဘလိုင်းကြီးနီးပါး ကြိုးစားကြည့်လိုက်၊ လိုချင်တဲ့ အဖြေ ရမရကြည့်။ မရသေးရင် နောက်တစ်ခါ ထပ်ကြိုးစားကြည့်။ မရမချင်း အကြိမ်ကြိမ်ကြိုးစားလိုက်၊ ပြန်လုပ်လိုက် လုပ်နေရတာ။ Tiral and error နည်းကို အသုံးမဝင်ဘူးလို့ ပြောချင်တာတော့ လုံးဝလုံးဝ မဟုတ်ဘူးနော်။ ကျန်တဲ့နည်းတွေနဲ့ အဆင်မပြေတဲ့ အခြေအနေမှာ အသုံးဝင်ပါတယ်။ ဒါပေမဲ့ “အဲဒါတစ်ခုတည်းနဲ့သာဆိုရင်” သိပ္ပံဟာ တအားနှေးကွေးသွားမယ်။
ဥပမာ မော်တော်ယာဉ်တွေ၊ လေယာဉ်တွေ၊ ဒုံးပျံတွေကိုသာ သင်္ချာမပါဘဲ trial and error နည်းနဲ့သာ အကြိမ်ကြိမ်စမ်းသပ်ရမယ်၊ လွှတ်တင်ရမယ်ဆိုရင် လူ့အသက်တွေတောင် အကြိမ်ကြိမ်စတေးရတော့မယ်။ (တကယ်ကတော့ သင်္ချာတွေ သီအိုရီတွေ လုံးဝ မပါဘဲလည်း အဲဒီ စက်ကိရိယာတွေ၊ နည်းပညာတွေ အဆင့်ဆင့် ဖြစ်ကို ဖြစ်လာနိုင်စရာမရှိ။)
Pythagoras သီအိုရမ်က အသေးအမွှားကိစ္စရပ်လေတွေက အစ (အသေးအမွှားလို့ ပြောလိုက်ရပေမဲ့ တကယ်ကတော့ အသေးအမွှားမဟုတ်။ သင်္ချာတွေထွင်ခဲ့လို့ လွယ်သွားလို့သာ အသေးအမွှားတွေ ဖြစ်ကုန်တာ)။ အသေးအမွှား ကိစ္စလေးတွေက အစ Relativity သီအိုရီအထိ Pythagoras သီအိုရမ်က အသုံးဝင်ပါတယ်။
နောက်တစ်ခု ဆိုးဝါးတာက ပညာရဲ့ သဘောကို နားမလည်ကြတာ။ ပညာရေးနဲ့ဆိုင်တဲ့ တက္ကသိုလ်မှာ၊ အထူးသဖြင့် နည်းပညာ တက္ကသိုလ်မှာ အပေါင်း၊အနုတ်၊ အမြောက်၊အစား လောက်ပဲ အသုံးဝင်တာလို့ သွားပြောတော့ ရုပ်ပျက်တာပေါ့။
တကယ်ကတော့ သင်္ချာဟာ နယ်ပယ်စုံမှာ အရေးပါမှှု ပိုများလာပါတယ်။ သင်္ချာမပါဘူးလို့ လူတွေ ယူဆကြတဲ့ ဇီဝဗေလို နယ်ပယ်မှာတောင် Mathematical Biology လို ပညာရပ်တွေ ပိုဖွံ့ဖြိုးလာပါပြီ။ သင်္ချာကို စသုံးတာက ၁၂ ရာစုလောက်ကတည်းက ဆိုပေမဲ့ အခုနောက်ပိုင်းမှာ အရှိန်အဟုန်နဲ့ ဖွံ့ဖြိုးလာတာပါ။
တစ်ခုရှိပါတယ်။ လက်တွေ့ဘဝမှာ အဆင့်မြင့် သင်္ချာကို လူတိုင်းက သုံးတတ်စရာ မလိုတဲ့ အခြေအနေမျိုးတော့ ရှိနေတာပေါ့။ ဒါဟာ သင်္ချာက အသုံးမဝင်ခြင်းကြောင့် မဟုတ်ဘဲ နောက်ကွယ်မှာ လူနည်းစု ပညာရှင်တွေက သင်္ချာကိုသုံးပြီး အစစအရာရာ လွယ်အောင် ဖန်တီးပေးထားကြလို့ပါ။ ဘယ်ဟာမှ သင်္ချာနဲ့ မလွတ်ပါဘူး။ သင်္ချာတို့၊ ပညာရပ်တို့ကို လက်တွေ့ဘဝမှာ သုံးစရာ မလိုတော့ဘူးဆိုပြီး ပညာဆိုတာကို အားမပေးရင်တော့ အဲလိုအစစ ဖန်တီးပေးမယ့် လူနည်းစု ပညာရှင်တွေလည်း ပေါ်ထွက်လာတော့မှာ မဟုတ်ဘူး။ လက်တွေ့လောကမှာလည်း အဲလိုတော့ ဖြစ်နေတယ်။ ဥပမာ သင်္ချာညံ့တာကို သင်္ချာမရတာကို တကူးတက ဂုဏ်ယူတာတွေ တွေ့ဖူးတယ်။ သင်္ချာညံ့ခြင်းသည်ပင် တခြားဘက်မှာ တော်သလို ပါ အဓိပ္ပါယ် ကောက်လိုက်ကြတာမျိုး တွေ့ဖူးတယ်။
သင်္ချာဟာ ကမ္ဘာသုံး ဘာသာစကား။ ဒီထက်ပိုပြီး ပြောရရင် စကြာဝဠာသုံး ဘာသာစကားလို့တောင် ပြောလို့ရတယ်။ ဂြိုဟ်သားဆိုတာသာရှိရင် သူတို့သင်္ချာနဲ့ ဒီကမ္ဘာရဲ့ သင်္ချာ သင်္ကေတတွေ၊ အခြေစနစ်တွေ ကွဲကောင်းကွဲနိုင်ပေမဲ့ သဘောတရားကတော့ အတူတူပဲ ဖြစ်နေမှာလို့ ဆိုကြတယ်။ ဒီတော့ အသိပညာတိုးတက်ရေးမှာ ဘာသာစကား (language) တွေ နည်းတူ သင်္ချာကလည်း အရေးပါပါတယ်။ ဒါပေမဲ့ လက်တွေ့မှာ လူတော်တော်များများရဲ့ လျစ်လျူရှှုခြင်းကို ခံထားရတယ်။
ပညာရပ် စာတမ်းတွေ၊ အထူးသဖြင့် အဆင့်မြင့် သင်္ချာတွေပါ ပါလာတဲ့ စာတမ်းတွေဆိုတာက ကမ္ဘာပေါ်မှာ လူဖတ်တာ အနည်းဆုံး စာတွေပါ။ လူတွေ အပြစ်လည်း မဟုတ်။ ပညာရှင် အချင်းချင်းတောင် လိုင်းမတူရင်၊ သေချာလေ့လာထားသူ မဟုတ်ရင် ဖတ်ဖို့လည်း အဆင်မပြေကြဘူးကိုး။ ဘယ်သူမှ သိပ်မဖတ်တာတွေ၊ ဘယ်သူမှ ဂုဏ်သိပ်မပြုတာတွေ လုပ်ဖို့ ငွေအားဖြင့်လည်း ကုန်ကျသလို၊ တခြားလူမှှုရေး၊ စီးပွားရေးတွေကိုပါ လက်လွှတ်ပြီး နှစ်ပေါင်းများစွာ အားထုတ်ရတဲ့ ရလဒ်ကို မတန်ဘူးလို့ လူအများစုကတော့ ယူဆကြမှာပါ။ နောက်ပြီး အဲလိုအရာတွေအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေက (တခြားဟာတွေနဲ့ နှှိုင်းယှဉ်ရင် နည်းတယ်။ အခုနောက်ပိုင်းမှာတော့ ပြန်များလာပြီထင်တယ်။ ဘာပဲပြောပြော တိုက်ရိုက် အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေလောက်တော့ အလုပ်မပေါဘူးပေါ့။ Physics နဲ့ PhD ရပြီး call center မှာ လုပ်ရင်း စိတ်ဓာတ်ကျပြီး suicide လုပ်သွားသူ တစ်ယောက်အကြောင်း ဖတ်ဖူးတယ်။ လန်ဒန်မှာ။ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာတော့ ပညာရှင်တွေအတွက် အလုပ်အကိုင် အခွင့်အလမ်းက ပိုနည်းပြီပေါ့။
နောက်ပြီးတော့ ဒီသုံးမျိုးကို ကွဲပြားနေဖို့ လိုအပ်ပါတယ်။ (၁) စီးပွားရေးလုပ်ငန်းရှင်တွေ CEO တွေပါ။...ဇူကာဘတ်တို့ လိုပါ။ ဘီလျံနာ သူဌေးတွေပေါ့။ (၂) တီထွင်သူတွေပါ။ လုပ်ငန်းရှင်မဟုတ်ဘဲ တီထွင်သူ သက်သက်ဆိုရင် ဘီလျံနာ သူဌေးတွေလိုတော့ မချမ်းသာ ကြပါဘူး။ ငွေအတွက်မဟုတ်ဘဲ ဝါသနာကို အရင်းခံ လုပ်ကြသူတွေလည်းများမယ်။ ဒါပေမဲ့ သူတို့ဟာ ဘာပဲပြောပြော သူတို့ရဲ့ တီထွင်မှှုကို မှတ်ပုံတင်လို့ မူပိုင်ခွင့်ယူလို့ ရသေးတယ်။ (၃) အီကွေးရှင်းတွေ တွေ့ရှိသူတွေ၊ သီအိုရီတွေ တွေ့ရှိသူတွေကတော့ သူတို့ရဲ့ အီကွေးရှင်းတွေ၊ သီအိုရီတွေကို မှတ်ပုံတင်လို့ မရပါ။ Law of nature ကို သင်္ချာအီကွေးရှင်းကို မူပိုင်ခွင့်ယူလို့ မရပါ။ ဘယ်သူတွေ့ရှိတာဆိုပြီး နာမည်ခံလို့တော့ ရပေမဲ့ ငွေရေးကြေးရေး မူပိုင်ခွင့် ယူလို့ မရပါ။ နာမည်ကျန်ခဲ့တယ်ဆိုတာမှာလည်း တချို့ ပညာရှင်တွေကလွဲလို့ အများစုကိုက ရုပ်ရှင်မင်းသားတွေ လောက်တောင် လူသိကြတာ၊ ကျော်ကြားကြတာ မဟုတ်ပါ။ ကုလသမဂ္ဂတို့၊ အမေရိကန် အစိုးရတို့ကို ဒေါ်လာ သန်း တစ်ထောင်လောက်နဲ့ ရောင်းစားမယ်ဆိုတာမျိုးကတော့ ဟာသပါ။
ငွေကြေးမရပေမဲ့လည်း ဝမ်းမနည်းကြပါဘူး။ ပိုက်သာဂိုးရပ်စ်က အိုလံပစ်ပွဲနဲ့ တင်စားဖူးတယ်လို့ ဆိုတယ်။ တချို့တွေက အိုလံပစ်ပွဲတော်မှာ ရောင်းဝယ်ဖောက်ကားကြဖို့ လာကြတာ။ တချို့ကကျ ယှဉ်ပြိုင် အနိုင်လုဖို့ လာကြတာ။ သူတို့က ငွေကြေး သို့မဟုတ် ဂုဏ်သိက္ခာအတွက် လာကြတာပေါ့။ ဒါပေမဲ့ နောက်တစ်မျိုး ရှိသေးတယ်။ ငွေကြေးတွေ ယှဉ်ပြိုင်မှှုတွေ မပါဘဲ သဘောသဘာဝကို လေ့လာမယ့် ပွဲကြည့်ပရိသတ် သက်သက်တွေ။ Spectator တွေပေါ့။ ပညာချစ်မြတ်နိုးသူတွေဟာ အဲဒီလို နောက်ဆုံးအမျိုးအစား ဖြစ်သင့်တယ်လို့ သူကဆိုတယ်။ (မှတ်ချက်။ အဲလိုချည်း ရာနှှုန်းပြည့် ဖြစ်နေမှာတော့ မဟုတ်။ ပညာမာန တို့ အားထုတ်မှှုကို အသိအမှတ်ပြု ခံလိုစိတ်တို့တော့ ရှိကြမှာပဲ။ ဒါပေမဲ့ အဲဒီလို စိတ်တွေမကင်းကြပေမဲ့ အဲဒီဆန္ဒတွေထက် ပညာကိုတော့ ပိုပြီး ရှေ့တန်းတင်ကြတာမျိုးပေါ့။)
ပရိသတ်ဆိုတာတောင်မှ ဇိမ်ခံမယ့် ပွဲကြည့်ပရိသတ်မျိုးကို ဆိုလိုတာ မဟုတ်ဘူးနော်။ သဘာဝတရားကို ချစ်မြတ်နိုးတဲ့ လေ့လာသူ သက်သက်တွေပေါ့။ ဖြည့်ပြောရရင်တော့ ပညာရပ် သို့မဟုတ် လေ့လာမှှု၊ ဖန်တီးမှှု တစ်ခုခုကို ဈာန်ဝင်စားရုံ သက်သက် လုပ်နေတာမျိုး။ (နှှိုှု်င်းရသဘောအရဆိုရင်) အကျိုးစီးပွားမျှော်မှန်းမှှု မပါတာ/နည်းတာ မျိုးပေါ့။ သင်္ချာမှာ ဈာန်ဝင်စားတာလည်း ဖြစ်နိုင်တယ်။ ရူပဗေဒလည်း ဖြစ်နိုင်တယ်။ ဂီတလည်း ဖြစ်နိုင်တယ်။ တျခား အနုပညာလည်း ဖြစ်နိုင်တယ်။
အဲ… သင်္ချာနဲ့ ပတ်သတ်ပြီး တစ်ခုခုကို မျှော်ကိုးပြီး လုပ်တာဆိုရင်တော့ ယူကလစ်ရဲ့ စကားလို့ ဆိုကြတာကိုပဲ ပြန်ပြောရမယ်။ Geometry ကို လေ့လာတာ ဘာအကျိုးအမြတ်ရနိုင်မလဲ ဆိုတဲ့သဘောမျိုး တစ်ယောက်က သူ့ကို မေးလာတာ။ သူပြန်ဖြေတာက “လေ့လာမှှုကနေ ဒီကောင် အကျိုးအမြတ် လိုချင်နေတယ်။ သူ့ကို ပိုက်ဆံတစ်ပြား ပေးလိုက်စမ်းပါ” ဆိုတဲ့ သဘောမျိုး။
ဒီတော့ နောက်တခါ ပညာရေးကို တက်ကျမ်းလို သဘောမျိုး မဆီမဆိုင် ပြောလာရင် စင်ပေါ်တက်ပြီး အကြွေစေ့တွေ အမ်းလိုက်ကြရင် ကောင်းမလား။
ကောင်းကင်ကို
Facebook က ပို့စ်ကို အဲဒီမှာ ရေးခဲ့တဲ့ ရက်အတိုင်း backdate နဲ့ ပြန်တင်တာပါ။
Tuesday, October 2, 2018
Confirmation Bias
Confirmation Bias
(Facebook က ပို့စ်ကို မူရင်း date အတိုင်း blog မှာ ပြန်စုတာပါ)
Confirmation bias ဆိုတာ တကယ်သိမ်မွေ့တဲ့ သဘောဗျ။ လူတိုင်းမှာ အနည်းနဲ့အများ confirmation bias ရှိနေနိုင်တယ်။ ကျွန်တော့်ဆီမှာလည်း ရှိမှာပဲ။
သတင်းတွေနဲ့ ဥပမာ ပေးကြည့်မယ်။ တစ်နေရာမှာ မွတ်စလင် တစ်ယောက်က မုဒိမ်းကျင့်တယ်လို့ တစ်ယောက်ယောက်က သတင်း (သို့မဟုတ်) ကောလဟလ ဖြန့်လိုက်တယ် ဆိုပါတော့။ မွတ်စလင်မုန်းနေသူ တစ်ယောက်ဟာ အဲဒီ သတင်း (သို့မဟုတ်) ကောလဟလ မှန်တယ်၊မှားတယ် မသိနိုင်သေးခင်မှာပဲ အဲဒီဟာကို လုံးဝ ယုံကြည်ပစ်လိုက်ပြီ။ share တွေ လုပ်ပြီးပြီ။ သူ့စိတ်ထဲက ယုံကြည်နေတာနဲ့ တိုက်ဆိုင်ပြီဆိုရင် (အချက်အလက် မစုံသေးဘဲ) ပစ်ယုံလိုက်ကြတာ။ ဒီလိုပဲ နိုင်ငံတကာ သတင်းဌာနတွေကို မုန်းတီးနေမယ်၊ ကုလသမဂ္ဂတို့၊ ကြားနေ လူ့အခွင့်အရေးအဖွဲ့တွေကို မုန်းတီးနေမယ်ဆိုရင်လည်း၊ အဲဒီအဖွဲ့တွေဟာ လာဘ်စားပြီး မြန်မာနိုင်ငံအပေါ် မဟုတ်တာတွေချည်း ပြောနေတယ်လို့ တစ်ယောက်ယောက်က ကောလဟလ လွှင့်လိုက်ချိန်မှာ (အချက်အလက် မစုံလင်သေးလည်း) တန်းပြီး ယုံကြည်လိုက်ကြမှာပဲ။
မွတ်စလင်တွေဘက်ကို ယိမ်းနေတဲ့သူဆိုလည်း အဲလိုပဲဗျ။ ဥပမာ … အာဆာက အကြမ်းဖက်မှှု လုပ်တယ်လို့ သတင်းထွက်လာရင် ကိုယ်လက်ခံထားနဲ့ အချက်နဲ့ မကိုက်တော့ မယုံတော့တာမျိုး၊ စစ်တပ်က သက်သက်ပုံဖျက်တယ်လို့ (အချက်အလက် မစုံခင်) ယုံကြည်လိုက်တာမျိုးတွေဟာလည်း confirmation bias ပါပဲ။
ဆရာဝန်တွေမှာလည်း confirmation biase တွေ ရှိတတ်တယ်လို့ ဖတ်ဖူးတယ်။ အဲဒါဆိုရင်တော့ လူနာဟာ သေဖို့သာ ပြင်ပေတော့။ symptoms လေးတွေ နည်းနည်းဆင်နေတာနဲ့ သူတို့ စိတ်စွဲနေတဲ့ ရောဂါထင်ပြီး ဆေးတွေ လျှောက်ပေးလိုက်မိရော။ (ဥပမာ အချက်အလက်မစုံသေးခင်၊ biopsy result တွေ မရသေးခင်မှာပေါ့)။ Confirmation bias ဟာ Cognitive bias ထဲက အမျိုးအစားတစ်မျိုးပါ။
စိတ်ကျန်းမာရေး ချို့တဲ့သူ တစ်ယောက် မူမမှန် ဖြစ်နေတာကို ပယောဂ ဆရာဆီ သွားပြလို့ကတော့ ကြိမ်လုံးနဲ့ အဆော်ခံရမှာပဲ။ ဘာလာလာ မကောင်းဆိုးဝါး ဝင်ပူးနေတယ်ပဲ ပြောမှာ။ စိတ်ကျန်းမာရေး ချို့တဲ့ရင် Ko Ko Zaw တို့လို စိတ်ရောဂါ အထူးကု ဆရာဝန်တွေဆီ သွားပါ။ ဒါတောင်၊ စိတ်ရောဂါ ဆရာဝန်တွေဟာ လူတွေကို ဘယ်သူ့ဖြစ်ဖြစ် စိတ်ကျန်းမာရေး ချို့တဲ့နေတယ်လို့ ထင်တတ်ကြတယ် ဆိုတဲ့ ဟာသက ရှိသေး။ သူတို့လည်း သူတို့ အစွဲနဲ့ သူတို့ဆိုတော့ အလကားနေရင်း အရူး အထင်ခံနေရမယ်။ 😃 (စတာပါ။ အဲဒီဟာသက မမှန်ပါဘူူး။ သိပ္ပံသမားတွေမှာ စည်းစနစ် ရှိပါတယ်။ တခါတလေ သတိလက်လွတ် သွားတဲ့ အခါမျိုးမှာသာ confirmation bias ဖြစ်ပြီး ဆရာဝန်တွေဟာ လူနာတွေကို ဆေးတလွဲ ပေးမိကြတာ)
တကယ်ပြောချင်တာက အခုမှ လာပြီ။ Confirmation bias ကြောင့် ကရုဏာသက်စရာ ဖြစ်ရတဲ့ သူငယ်ချင်း တစ်ယောက်အကြောင်း။ ကျွန်တော် သူ့အကြောင်း တစ်ခါ ရေးဖူးတယ်။ ယန်းပေါဆတ် နာမည်နဲ့ ခပ်ဆင်ဆင် ရမ်းပေါမြတ်လို့ ကျွန်တော် ချစ်စနိုး နာမည်ပေးထားတဲ့ သူငယ်ချင်း အကြောင်း။ သူ့ confirmation bias က ကျ ဒီလို။ ကောင်မလေးတွေက ခင်မင်လို့၊ အတန်းဖော်မို့၊ တစ်ကျောင်းတည်းကမို့ ပြုံးပြရင်၊ နှှုတ်ဆက်ရင်၊ နည်းနည်း စလိုက်နောက်လိုက် လုပ်ရင် သူ့ကို ကြိုက်တယ်ထင်သွားရော။ အချက်အလက်တွေကို သူလိုချင်သလို ဘာသာပြန်ပစ်လိုက်တာလေ။ သူ့ကို ကြွေနေပြီ ဆိုပြီး ဘာသာပြန်ပစ်လိုက်တာ။ Civil က queen ကပဲ သူ့ကို ကြိုက်နေသလိုလို၊ သန္ဓာလှှိုင်နဲ့ တူတဲ့ ကလားမ လေးကပဲ သူ့ ကြိုက်နေသလိုလိုတွေနဲ့ illusion တွေ ဖြစ်လာပြီး တလွဲတွေ တုံ့ပြန်ရော။ ဒီတော့ ကျောင်းမှာ ဖွန်ကြောင်ကြီး အဖြစ် နာမည်ကြီးသွားတာပေါ့။ ဘယ်ကောင်မလေးမှ နှှုတ်မဆက်ရဲတော့တဲ့ အဖြစ်။ ပိုဆိုးတာက ဆယ်တန်းအရွယ် တပည့်မလေးတွေကို သူ အင်္ဂလိပ်စာ သင်ပေးရတဲ့အခါမှာ အဲဒီတပည့်မလေးတွေက သူ့ကို ကြိုက်တယ်လို့ သူက illusion ဖြစ်လာပုံရတယ်။ အဲဒီမှာတော့ သူက ကျင့်ဝတ်ကို ထိန်းရှာပါတယ်။ ဆရာကောင်း ပီသတယ်။ အစွန်းအထင်း ဘာမှ မရှိ။ ကွယ်ရာမှာတော့ နှလုံးသားကို ထိန်းချုပ်ပြီး တစ်ဘက်သတ် အသည်းတွေကွဲပြီး ဝီစကီတွေ ခြောက်လလောက် သောက်ရသတဲ့။ တပည့်မလေးကို အပြင်မှာ အဝေးကနေ လှမ်းတွေ့တဲ့အခါ အသည်းကွဲစိတ်နဲ့ အသားတွေတောင် တစ်ဆတ်ဆတ် တုန်သတဲ့။ ကိုယ့်ကိုယ်ကိုယ် ဒုက္ခပေးမယ့် confirmation bias ပါလား။
ဒီတော့ confirmation bias က လူတိုင်း မကင်းနိုင်ဘူူး ဆိုပေမဲ့ ကိုယ့်ကိုယ်ကို ဒုက္ခပေးတဲ့ အဆင့်ထိ မဖြစ်ပါစေနဲ့လို့။ 😃
(ကောင်းကင်ကို)