တကယ်တော့
ဘုရားတို့ ဘာသာရေးတို့ဆိုတာ ကျနော့် အဘိဓာန်ထဲမှာ မရှိဘူး။
တကယ်လို့ ကျနော် စေတီတွေမှာ ဘုရားရှိခိုးပြီဆိုရင်ဖြစ်ဖြစ်၊ Churchတွေ မှာ လိုက်ပြီး ဓမ္မသီချင်းဆိုတာတို့
ဆုတောင်းတာတို့ ဖြစ်ဖြစ် လူမှုရေး အရ ဖြစ်စေ၊ တခါတခါ သူငယ်ချင်းတွေကို
ချစ်လို့ ဖြစ်စေ လုပ်တာပါ။ ဘာသာမရှိတဲ့လူမို့ ဘာသာရေးဆိုတာကို အလေးမထားပေမဲ့ တဘက်မှာ
ငါဘယ်တော့မှ ဘုရားရှိမခိုးဘူးလို့လည်း အဓိဌာန်ပြုမထားပါဘူး။ လူကြီးမိဘတွေကို ရှိခိုးသလို
တခါတခါ ဘုန်းကြီးတွေ (သီလဂုဏ်နဲ့လည်း ပြည့်စုံတယ်လို့
ထင်ရတဲ့ အခါမျိုးမှာ) ကိုယ်တယောက်တည်းကွက်ပြီး ရှိမခိုးပဲ နေခြင်းက
ရိုင်းသလိုဖြစ်မှာစိုးတယ်လို့ ထင်ရင် ရှိခိုးလိုက်တယ်။ ခရစ်ယာန်ဘုရားကျောင်းလည်း သူငယ်ချင်းတွေနဲ့
တူတူလိုက်သွား ပြီး (အပျော်သဘော) ဆုတောင်းဖူးတယ်။ ဒါပေမဲ့ စိတ်ထဲက ဘာသာရေးကို နှစ်နှစ်ကာကာ ယုံကြည်လို့တော့ မဟုတ်ဘူး။ အဲလိုဆိုလို့
ခုနကလို ဘုန်းကြီးတွေကို ရှိခိုးတာ၊ Church
တွေမှာ
လိုက်ပြီး ဓမ္မတေးတွေ ဆိုတာ၊ ဆုတောင်းတာတွေက ဟန်ဆောင်လိမ်ညာချင်လို့၊
ကိုယ့်အကျိုးအတွက် ဘာသာရေးကို အလွဲသုံးစား အသုံးချဖို့ မဟုတ်ပါဘူး။
တခါတလေဆို ပြန်မတွေနိုင်တဲ့ ဘုန်းကြီးတွေကို ရှိခိုးတာမို့ ကိုယ့်အတွက် အကျိုးလိုလို့
လုပ်တာ မဟုတ်ဘူး။ အဲလိုအခါမျိုးတွေ မှာ ရည်ရွယ်တာက တခြားသူတွေလည်းစိတ်ချမ်းသာ၊ ကိုယ်လည်းစိတ်ချမ်းသာ...ပြီးတော့ ဘယ်သူ့မှ
မထိခိုက်တဲ့ အပြင် နောက်ရင်ပြီးရင် ပြီးသွားမှာပဲဆိုတဲ့ သဘောထားနဲ့ ရှိခိုးတာ။ တနည်းအားဖြင့် ပြောရရင် သူများစိတ်ချမ်းသာအောင် ဝန်ဆောင်မှု ပေးလိုက်တာပါ။ အဲဒါမျိုးကို မခိုင်မာဘူးဆိုပြီး မနှစ်သက်တဲ့လူလည်း
ရှိချင်ရှိမယ်။ ဒါပေမဲ့ ခင်မင်ရင်းနှီးတဲ့သူတွေ ကတော့ ကိုယ်ဘာသာမဲ့မှန်း
သိကြပါတယ်။ သူတို့လည်း သိသိနဲ့ church တွေကို ခေါ်တာပဲ။
မယုံကြည်ပေမဲ့ ဘုရားတွေကို သွားပြီး စော်ကားတာမှ မဟုတ်တာ။ မိတ်ဆွေတွေ၊ ဒါမှမဟုတ် တခါတခါမှတွေ့ရတဲ့
ဝါကြီးသူတွေကို အရိုအသေပေးတာပဲဟာ။ ဒါပေမဲ့ လူတိုင်း ကိုယ့်လို
လုပ်ရမယ်လို့တော့ မဆိုလိုပါဘူး။ ကိုယ် အဲလို လုပ်တာကို တချို့က သဘောထားကြီးတယ်လို့
မြင်နိုင်သလို တချို့က ရပ်တည်ချက် မခိုင်မာဘူးလို့ သုံးသပ်နိုင်တယ်။ တကယ်တော့
အဲဒီ့နှစ်ခုလုံး ရှုထောင့်တမျိုးစီကနေ မှန်တယ်လို့ ကျနော်ထင်တယ်။ ကျနော်က တခါတခါ
အဲလိုလုပ်ရတာကို နှစ်သက်လို့ လုပ်တာဖြစ်တဲ့အတွက် ကိုယ့်ကိုယ်ကိုတော့
သဘောထားကြီးတယ်လို့ မထင်သလို ရပ်တည်ချက် မခိုင်မာဘူးလို့လည်း မထင်မိပါဘူး။ တချို့ကလည်း
စိတ်ထဲမပါဘဲနဲ့ ဝင်ရှုပ်တယ်လို့ ထင်ချင်ထင်နိုင်သေးတယ်။ အဲဒါမျိုးသာ ပြောလာရင်တော့
ဘာမှပြန်ပြောစရာ မရှိပါဘူး။ church ကျောင်းကို လိုက်တာတို့၊
ဘုန်းကြီးတရားနာတာတို့ကလည်း ကျနော် ယုံယုံ၊ မယုံယုံ သွားခွင့်ရှိတဲ့ ကျနော့်
အခွင့်အရေးပဲဟာ။
တဘက်မှာ
ဘယ်သူ့ကိုမှ မရှိခိုးနိုင်ဘူးဆိုတဲ့ ဘာသာမဲ့ (ဒါမှမဟုတ်) ကိုယ့်ဘုရားကလွဲပြီး
ဘာကိုမှ မရှိခိုးနိုင်ဘူး ဆိုတဲ့ သူတွေကိုလည်း သူတို့ ရပ်တည်ချက်မှာ
ခိုင်ခိုင်မာမာ ရပ်တဲ့ အတွက် လေးစားတာပဲ။ ဘယ်ဘုရားကိုမှ ရှိမခိုးဘူး၊ ဘယ်သူ့ကိုမှ
မလိုက်လျောနိုင်ဘူးလို့ ဆုံးဖြတ်ထားတဲ့ ဘာသာမဲ့ တယောက်မှာ အခက်အခဲတွေ
ရှိနိုင်တာမို့ အဲလိုလူတွေကိုလည်း လေးစားပါတယ်။ အဲလို ရပ်တည်နိုင်ဖို့ ခက်ခဲပါတယ်။
တဘက်မှာလည်း အရေးမကြီးတဲ့ ကိစ္စုကို အစွဲအလမ်းထားမနေဘဲ သူများကို ဦးစားပေးနိုင်ဖို့
ဆိုတာလည်း ခက်ခဲပါတယ်။ အကောင်းဆုံးကတော့ သူများကို မထိခိုက်စေတဲ့ ကိစ္စတွေမို့
ကိုယ့်ဆုံးဖြတ်ချက်နဲ့ ဘယ်လိုပဲ လုပ်လုပ် အရေးမကြီးပါဘူး။
ဒီနေ့ထိလည်း
တခါတခါ လိုက်လျောပြီး လုပ်တတ်တဲ့ ကိစ္စကို ဝေဖန်မယ့်သူ မကြုံဖူးသေးပါဘူး။ ဒါပေမဲ့
ကျနော်တို့နိုင်ငံမှာ ဘာသာမဲ့ ဆိုရင် အထူးအဆန်းဖြစ်ပြီး ဘာသာမဲ့သူတွေရဲ့ အလေ့အထ တွေကို
သိချင်တတ်ကြတာမို့ ၊ တခါတလေလည်း နားမလည်ဘဲ ကွန်မြူနစ်လို့ စွပ်စွဲကြ၊ တိရစ္ဆာန်နဲ့
နှိုင်းကြတာမို့….ဘာသာမဲ့ တယောက်နဲ့ တယောက် မတူပေမဲ့ ကျနော့်ရဲ့ အလေ့အထကို
မျှဝေလိုက်တာပါ။
တခုတော့
ရှိတယ်။ စာရေးရင်ပဲ ဖြစ်ဖြစ်၊ ဘယ်သူနဲ့မဆို လေးလေးနက်နက် ဆွေးနွေးပြီဆိုရင်တော့
အားမနာတမ်းပြောတယ်။ လူတိုင်းနဲ့လည်း မဆွေးနွေးဘူး။ ဆွေးနွေးထိုက်သူလို့ ယုံကြည်ရမှ
ဆွေးနွေးတယ်။ (ဒါမှမဟုတ်) အပေါ်စီးကနေ ပြောလာလို့ ပြန်ပက်ချင်မှ ပြန်ငြင်းတယ်။
စာရေးတဲ့အခါမျိုးဆိုရင်တော့
ဘယ်သူမဆို ဖတ်နိုင်သွားတာပေါ့လေ။(ကောင်းကင်ကို)