Showing posts with label maths science အတွေးအမြင်. Show all posts
Showing posts with label maths science အတွေးအမြင်. Show all posts

Saturday, May 25, 2024

တရားမျှတခြင်းနဲ့ ပတ်သတ်လို့

 လောကကြီးမှာ တရားမျှတမှု တကယ်ရှိလားဆိုရင် လောကကြီးကို မပြောပါနဲ့။ ကိုယ့်ဘဝတခုစာတောင် တရားမျှတမှုက မရှိပါဘူး။ တကိုယ်စာဆန်တဲ့ မတရားမှုလေးတွေဆိုရင် ကူပြောပေးမယ့်သူတွေလည်း ရှိမှာမဟုတ်ပါဘူး။ အရေအတွက်က တစ်ယောက်တည်း ဖြစ်နေတာကိုး။ တစ်ယောက်စာအတွက် တရားမျှတမှုက လောကကြီးအဖို့တော့ ဘာမှအရေးမကြီးသလိုပဲ။ ကိန်းဂဏန်းတခုသက်သက်ပဲ ဖြစ်နေမှာပေါ့။
လူတစုအတွက် မတရားမှုဖြစ်လာပြီဆိုရင်တော့ လောကကြီးက နည်းနည်းဂရုစိုက်လာပြီ။ ပြန်ထိန်းညှိဖို့ ကြိုးစားလာတာတွေ ပေါ်လာပြီပေါ့။ ဒါတောင်မှ အရေအတွက်နည်းနေရင်၊ soft power ရော hard power ပါ ချို့တဲ့သူတွေဆိုရင် လောကကြီးက ဂရုမစိုက်ပါဘူး။ ကမ္ဘာနဲ့ယှဉ်ရင် မြန်မာနိုင်ငံရဲ့ အဖြစ်အပျက်ကိုကြည့်။ အရေအတွက်နဲ့ ပါဝါ မရှိတော့ ဘယ်သူမှ သိပ်ဂရုမစိုက်။ မြန်မာနဲ့ ယှဉ်ရင် ရိုဟင်ဂျာတွေကိုကြည့် (ဒါတောင်မှ ရိုဟင်ဂျာတွေကို အခြေအနေအရဖြစ်စေ၊ တချို့ကတော့ နိုင်ငံရေး ဝင်ကစားချင်လို့ ဖြစ်စေ၊ တကယ်ပဲ စာနာလို့ဖြစ်စေ၊ အနုနည်းနဲ့ ကယ်ပေးဖို့ အသံထွက်ပေးဖို့ ကမ္ဘာကြီးက ကြိုးစားပေးကြသေးတယ်။ အဲဒိနေရာမှာ လူသိန်းဂဏန်းမဟုတ်ဘဲ လူရာဂဏန်း ထောင်ဂဏန်းပဲ ဖြစ်ကြည့်ပါလား။ လောကကြီးက သိပ်ဂရုစိုက်မှာမဟုတ်ဘူး။)
တရားမျှတမှုဆိုတာ လူတွေသတ်မှတ်ထားတဲ့ အရာ။ လူလုပ်တရား။ လူလုပ်စံနှုန်း။ သဘာဝမှာ အဲဒါမရှိဘူး။ ဒါပေမယ့် လူဆိုတာကလည်း သဘာဝထဲမှာ ပါနေတော့ သဘာဝ တခုလို့လည်း ပြောလို့တော့ရချင်ရမယ်။ လူ့လောကတည်မြဲရေးအတွက် evolution ဖြစ်လာတဲ့ အရာမို့ တရားမျှတမှုဆိုတာဟာ သဘာဝတရားနဲ့ မလွတ်ဘူးလို့လည်း ပြောချင်ပြောလို့ရပါတယ်။ ထားတော့။ စကားလုံးတွေကို ကစားချင်တာမဟုတ်ဘူး။ Definition ပေါ် မူတည်လိမ့်မယ်။ ဒါနေမယ့် ဒီပို့စ်မှာတော့ လူလုပ်တရားအဖြစ် ယူဆထားလိုက်မယ်။
တချို့တွေဟာ မတရားမှုတွေကို အနစ်နာခံတိုက်ဖျက်ဖို့ ကြိုးစားကြတယ်။ ဒါပေမယ့် တကယ့်တကယ်တမ်းမှာ လူတွေဟာ လောကကြီးအတွက် တိုက်ယူပေးဖို့ မပြောနဲ့၊ ကိုယ့်တစ်ကိုယ်စာအတွက်တောင် မတိုက်ယူနိုင်ကြပါဘူး။
ဥပမာ ကျနော့်အပေါ် လူတယောက်က အနိုင်ကျင့်နေမယ်။ အဲဒီလူဟာ မအလလို ကမ္ဘာသိလူဆိုးတွေဖြစ်နေရင်တော့ လူတွေက မတရားမှန်း တန်းသိတယ်။ ဒါပေမယ့် အဲဒီလူဟာ ကိုယ်နဲ့လူတချို့အပေါ်ပဲ ကွက်ပြီးဆိုတာ ဆိုပါစို့။ ပြီးတော့ သူဟာ လူသိများသူဖြစ်မယ်၊ ဒါမှမဟုတ် နာမည်ကောင်းရထားသူဖြစ်မယ်၊ လူကောင်းလို့ လူတွေထင်နေကြသူဖြစ်မယ်ဆိုရင် ....အဲဒီလိုလူတွေရဲ့ ကိုယ့်အပေါ် မတရားမှုကို ဘယ်သူမှ သိကြမှာမဟုတ်။ သိအောင် ပြောပြလည်း ယုံကြမှာမဟုတ်။ ကိုယ့်ကိုတောင် ဆိုးတယ် သို့မဟုတ် လူကောင်းတယောက်ကို နာမည်ဖျက်တယ်လို့ထင်သွားကြဦးမယ်။ ကိုယ့်မှာ ပါဝါမရှိဘူးဆိုရင် ဒီတော့ စိတ်အပင်ပန်းမခံချင်ရင် ကိုယ့်တကိုယ်စာ မတရားမှုကိုတောင် တိုက်ယူလို့မရဘဲ ကျော်သွားလိုက်ကြရတော့တယ်။
ဒါဆိုရင် မတရားမှုတွေကို တိုက်ခြင်း၊ မတရားမှုတွေကို ဖော်ထုတ်ခြင်း၊ မတရားမှုတွေအကြောင်း ရေးသားခြင်းက လူလုပ်အမှန်တရားမို့ မရှိထိုက်တော့ဘူးလား။
အဲလိုလည်း မဟုတ်။ အပေါ်မှာ ပြောခဲ့သလိုပဲ သက်ရှိတွေ တည်မြဲရေးအတွက် emergence ဖြစ်လာတဲ့ အရာတခု။ တရားတာတွေ၊ မတရားတာတွေကို လူတွေက သတ်မှတ်လို့သာ ရှိနေတာဆိုပေမယ့် အဲဒါတွေ လုံးလုံး မရှိလို့၊ မသတ်မှတ်လို့၊ အဲဒါတွေအတွက် ကြိုးပမ်းသူ လုံးလုံးမရှိလို့ကတော့ လူ့လောကကြီး ဒီလိုဖြစ်မနေပါဘူး။ လူသားတွေမျိုးတုံးတာ ကြာလောက်ပြီ။ (လောကကြီးက လူသားတွေ မျိုးတုံးခြင်း မျိုးမတုံးခြင်းကိုလည်း ဦးစားပေးအရာတခု အဖြစ် ဂရုစိုက်နေလိမ့်မယ်လို့တော့ မထင်ပါဘူး) ဒါပေမယ့် လူ့လောက တည်မြဲရေးအတွက်ဆိုရင်တော့ ....
လူလုပ်ထားတဲ့ အမှန်တရားတွေ ဆိုပေမယ့် အပြည့်အဝမရှိရင်တောင် အဲဒါအတွက် ကြိုးပမ်းနေသူတွေ၊ ရေးသားနေသူတွေ နည်းနည်းဖြစ်ဖြစ် လိုအပ်တယ်။ အဲဒီ စံနှုန်းတွေကို လုပ်ယူထားတာဆိုပေမယ့် အဲဒါတွေ အပြည့်အဝ မရတောင် စံနှုန်းကို ဦးတည်ကြိုးစားမှုတွေက လိုအပ်တယ်။
အဲလိုမှ လုံးလုံးမရှိရင်တော့၊ တစိတ်တပိုင်းမရှိရင်တောင် လူသားတွေဟာ မျိုးမတုံးခင်မှာလည်း အထိတ်တလန့်နဲ့ပဲ ဆင်းရဲဒုက္ခနဲ့ နေကြရလိမ့်မယ်။ ခုလည်း ဆင်းရဲဒုက္ခတွေ ရှိတယ်ဆိုပေမယ့် လူလုပ်တရားတွေ လုံးလုံးမရှိရင် ခုထက်ပို ဒုက္ခရောက်၊ ခုထက်ပိုနာကျင်ကြလိမ့်မယ်။ ဒုက္ခရောက်ရမှု ပမာဏသာ မက ဒုက္ခရောက်ရသူ အရေအတွက်လည်း အများကြီး ပိုလာလိမ့်မယ်။ ကံဆိုးသူတွေအဖို့ကတော့ ခုလို လူလုပ်တရားတွေ ရှိနေပါလျက်နဲ့တောင် အဆုံးစွန် ဒုက္ခ‌တေွေ၊ မတရားမှုကို ခံစားကြရမှာပဲ။ တရားမှုတွေ၊ မတရားမှုတွေဟာ လောကကြီးမှာ ကွက်ကြားမိုး ရွာနေတယ်။ ဒါ့အပြင် လူတယောက်ချင်းစီမှာလည်း အများနဲ့ မသက်ဆိုင်တဲ့ တကိုယ်စာ မတရားခံရမှုလေးတွေ ရှိလိမ့်မယ်။
အဲလိုတွေ ရှိနေပေမယ့် လူလုပ်တရားတွေဟာ လုံးဝ မလိုအပ်တဲ့တရားတွေ၊ အကြောင်းရင်း မရှိဘဲ အလှပြသက်သက် ပေါ်ပေါက်လာတဲ့ တရားတွေတော့ မဟုတ်။ အဲဒီလူလုပ်တရားတွေဟာ လူကြိုက်များတဲ့နေရာမှာ များပေမယ့် လူကြိုက်နည်းတဲ့အခါတွေမှာတော့ အသုံးမဝင်တဲ့ အလှပြသက်သက်လိုတွေ ဖြစ်လာရော။ ဒါပေမယ့် intelligence ကြောင့် ပေါ်ပေါက်လာတဲ့အရာတွေပါ။ တရားသေ ဆုပ်ကိုင်ထားလို့ မရပေမယ့် အကုန်လုံးကို တရားသေ ငြင်းပယ်လို့လည်း မရပါဘူး။ တခါတလေကျလည်း တရားမျှတခြင်းဟာ ဗန်းပြခံရပြီး အလွဲသုံးစားလုပ်ခံရတာတွေရှိမယ်။ Moral high ground ယူဖို့သက်သက်လည်း တချို့တွေက သုံးချင်သုံးမယ်။
လူလုပ်တရားတွေ လိုအပ်လား မလိုအပ်ဘူးလားဆိုတာကတော့ လူ့လောက အနေနဲ့ ကြည့်ရင်တော့ လိုပါတယ်။ လိုလို့ ပေါ်ပေါက်လာတဲ့အရာတွေပါ။ လူတယောက်ချင်း အနေနဲ့ ကြည့်ရင်တော့ အခြေအနေ၊ အချိန်အခါ၊ ခံစားချက်၊ ရှုထောင့်တွေပေါ် မူတည်ပြီး လိုမလိုကတော့ ပြောင်းလဲသွားမှာပါ။
(ကောင်းကင်ကို)

Thursday, October 3, 2019

Algebra...Geometry...သရဲတစ္ဆေ....ယုတ္တိ....Godel...စိတ္တဇ

 Algebra...Geometry...သရဲတစ္ဆေ....ယုတ္တိ....Godel...စိတ္တဇ 

(Facebook Memories မှာ တက်လာတဲ့ ပို့စ်ကို မူရင်းရေးခဲ့တဲ့ date အတိုင်း blog မှာ ပြန်စုတာပါ)

ဟိုးတစ်ရက်က တခြားသူတစ်ယောက်ရဲ့ စာတစ်ပုဒ်မှာ (မင်းခိုက်စိုးစံတို့ တာရာမင်းဝေတို့ရဲ့ အဆိုအမိန့်တွေ ထည့်ရေးထားတဲ့ စာတစ်ပုဒ်မှာ)  algebra က နိမ့်သလိုလို သဘော ရေးထားတာကို ဖတ်လိုက်ရတယ်။ အရှေ့တိုင်းသားတွေဟာ အလွတ်ကျက်ပြီး algebra ကို ကျွမ်းကျင်တဲ့ပုံစံမျိုး။ ပြောရရင် algebra က နိမ့်နေတဲ့ ပုံစံမျိုး ရေးထားတယ်။ ပြီးတော့ prove လုပ်ရတာဟာ Geometry မှာပဲရှိပြီး Algebra မှာ မရှိတဲ့သဘောမျိုး ဖတ်လိုက်ရတယ်။ တကယ်က algebraic proof တွေ ရှိပါတယ်နော်။ 

ဒါပေမဲ့ သူရေးထားတာမှာ အဲဒီအချက်ရယ်၊ မင်းခိုက်စိုးစံက တစ်ဘက်စွန်းဆန်ဆန် (Geometry မရသူတွေကပဲ သရဲတစ္ဆေတွေကို ယုံကြသလိုလို ပြောထားတာ) ကို သူက ကိုးကားထောက်ခံထားတဲ့အချက်ရယ်၊ အဲဒါတွေက လွဲရင်တော့ သူဟာ ပညာကိုချစ်တဲ့စိတ်နဲ့ရေးထားတာမို့ သူ့ Post က ကေင်းပါတယ်။ ဒါပေမဲ့ Geometry ရတာ မရတာက တစ်ကဏ္ဍ၊ သရဲတစ္ဆေ ယုံတာ မယုံတာက တစ်ကဏ္ဍပါ။ Geometry ရပြီး သရဲတစ္ဆေ ယုံသူ ရှိသလို၊ အဲဒါမရပေမဲ့ သရဲတစ္ဆေ မယုံသူလည်း ရှိတာပဲ။ ကိုယ်လည်း Geometry ချစ်ပေမဲ့၊ သရဲတစ္ဆေကို မယုံပေမဲ့၊ သင်္ချာမရသူတွေ အဲလိုဟာတွေကို ယုံမယ်လို့ စွပ်စွဲတာမျိုးကိုတော့ မကြိုက်။ စွပ်စွဲရင် ရလဒ်က ချစ်စရာကောင်းတဲ့ သင်္ချာကို ပိုမုန်းလာကြတာပဲရှိမယ်။ 

သရဲတွေဘာတွေ ယုံမယုံက တကယ်တော့ သင်္ချာဘာညာနဲ့ မဆိုင်၊ အိုင်ကျူနဲ့လည်း မဆိုင်။ Psychology နဲ့ပဲ ဆိုင်မယ်ထင်တယ်။ 

Kurt Gödel ဆိုတာ တော်လွန်းတဲ့ ထိပ်တန်း သင်္ချာပညာရှင်၊ ယုတ္တိပညာရှင်၊ ဒဿန ပညာရှင်ပေါ့။ အိုင်းစတိုင်းတဲ့ ခင်မင်တဲ့ မိတ်ဆွေ။ ဂိုဒဲ(လ်)စကြာဝဠာ ဆိုတာလည်း နာမည်ကြီးတယ်။ သူ့ စကြာဝဠာမှာဆို အချိန်ခရီးသွားလို့ရတယ်။ ထားပါတော့။ သူက logic ကိုလည်း အားပြုရတဲ့ logician ။ Proof တွေ ဆိုတာက သူ့အလုပ်။ ဒါပေမဲ့ သရဲတစ္ဆေကို ယုံကြည်တယ်လို့ ဖတ်ဖူးတယ်။ ဟုတ်မဟုတ်တော့ မသိ။  ကျွန်တော်ဖတ်ဖူးတာကို ပြောတာ။ ထားပါတော့။ သူဟာ စနိုးဝှှိုက် နဲ့ လူပုလေးခုနစ်ယောက် (မြန်မာမှှု ပြုကြတာကတော့ မနှင်းဖြူနဲ့ လူပုလေး ခုနစ်ယောက်ပေါ့) အဲဒီရုပ်ရှင်ကို အရမ်းစွဲလမ်းတယ်။ အဲဒီ ဇာတ်လမ်းထဲက အဆိပ်ခတ်ထားတဲ့ ပန်းသီးနဲ့ နည်းနည်းပါးပါး ဆက်စပ်နေမလားတော့ မသိ။ (တိုက်ရိုက် ဆက်စပ်ချင်မှလည်း ဆက်စပ်မယ်။) သူ့ကို အစားအသောက်ထဲမှာ အဆိပ်ခတ်ကြမှာလို့ စွဲလမ်းယုံကြည်ခဲ့တယ်။ ဒီတော့ သူ့မိန်းမ ကျွေးတဲ့ အစားအစာ ကလွဲရင် ဘာမှ မစားတော့။ ဖြစ်ချင်တော့ သူအသက်ကြီးနေပြီ ဖြစ်တဲ့အချိန်မှာ (သူ့အသက် ၇၁ နှစ်မှာ) သူ့မိန်းမက ဆေးရုံတက်ရပါလေရော။ ဒီတော့ သူ့အတွက် အစားအစာ လုပ်မပေးနိုင်တော့ဘူး။ ဒီတော့ မစားတော့ဘူးလေ။ သေသွားတာပေါ့။ သူဆုံးတော့ သူ့ကိုယ်ခန္ဓာ အလေးချိန်က ၂၉ ကီလိုပဲ ရှိတော့တယ်။ 

Godel လောက် လောဂျစ်ပိုင်တာ သိပ်မရှိနိုင်။ ဒါပေမဲ့ စိတ္တဇဝင်သွားတော့ logic မရှိတာကိုလည်း စွဲလမ်းသွားတာပါပဲ။ Godel လောက် အိုင်ကျူမြင့်တာလည်း ရှားမယ်။ ဒီတော့ သရဲတစ္ဆေလို ဟာတွေကို ယုံကြည်မှှုဟာ အမြဲတမ်းတော့ အိုင်ကျူတွေ ဘာညာတွေနဲ့လည်း မဆိုင်။ (ယေဘုယျအားဖြင့် ဆိုင်တဲ့ အခါတွေ ရှိမယ်) ဒါပေမဲ့ စိတ္တဇ ဝင်သွားရင်တော့ ဘယ်လောက် အိုင်ကျူမြင့်မြင့်၊ ဘယ်လောက် လောဂျစ်ကောင်းကောင်း ဖြစ်ချင်တာဖြစ်၊ စွဲလမ်းချင်တာ စွဲလမ်းတော့တာပဲ။ ဒါကြောင့် Geometry ရခြင်း မရခြင်းနဲ့ သရဲတစ္ဆေလို အရာတွေကို စွဲလမ်းခြင်း၊ မစွဲလမ်းခြင်းတိုနဲ့တော့ လူတွေရဲ့ အိုင်ကျူတွေ၊ ဗဟုသုတတွေ၊ အတွေးအခေါ် အဆင့်အတန်းတွေကို အမြဲတမ်း သွားဆုံးဖြတ်လို့ မရဘူးဆိုတာကို ပြောချင်တာပါ။ ဒီလို ပြောခြင်းဟာ အဲဒါတွေ မဆက်စပ်နေဘူးလို့ လုံးဝ ပယ်ချခြင်းတော့ မဟုတ်ဘူးနော်။ "အမြဲတမ်း" တော့ မဆက်စပ်ဘူး ဆိုတာမှာ "အမြဲတမ်း" ဆိုတာကို တမင်တကာကို ထည့်ထားတာပါ။ ယေဘုယျအားဖြင့် ဆက်စပ်နေတာတွေတော့ ရျိပါမယ်။ စကားအထအန နဲ့ အထောက်ခံရတတ်လို့ ပေရှည်ရပါတယ်။ ဆိုလိုချင်တာက ဉာဏ်ဘယ်လောက်ကောင်းကောင်း၊ ကျန်တဲ့ကိစ္စတွေမှာ လောဂျစ်ဘယ်လောက်ကျကျ စိတ္တဇ ဝင်လာရင်တော့ သရဲ၊တစ္ဆေ၊ ဥစ္စာစောင့် ဆိုတာတွေ၊ ဘာသာရေး ထူးခြားဆန်းကြယ် အဖြစ်တွေကို ယုံချင်ယုံကြမှာပါပဲ။ 

(ကောင်းကင်ကို)

Thursday, September 19, 2019

သင်္ချာမရှိရင် + ပညာသမားတွေရဲ့ သဘောထား

 (မှတ်ချက်။ ။လင်းသိုက်ညွန့်ကို ချေပတာတော့ မဟုတ်။ သင်္ချာကိစ္စမှာ သူ့ပြောဆိုချက်က ချေပလောက်ရအောင်တောင် ဘောင်မဝင်ပါဘူး။ ဒါပေမဲ့ အရင်ကတည်းက ရေးဖို့စိတ်ကူးထားတဲ့ အကြောင်းအရာကို ပိုထင်ရှားစေမယ့် အခြေအနေဖြစ်လာနိုင်လို့ ရေးဖြစ်အောင် ရေးလိုက်တာပါ။)


သင်္ချာသာမရှိရင် သိပ္ပံဟာ ဘာဖြစ်သွားမလဲ။ trial and error နည်းနဲ့ပဲ ကြိုးပမ်းရတော့မယ်။ trial and error ဆိုတာက ဒီလို။ ဘလိုင်းကြီးနီးပါး ကြိုးစားကြည့်လိုက်၊ လိုချင်တဲ့ အဖြေ ရမရကြည့်။ မရသေးရင် နောက်တစ်ခါ ထပ်ကြိုးစားကြည့်။ မရမချင်း အကြိမ်ကြိမ်ကြိုးစားလိုက်၊ ပြန်လုပ်လိုက် လုပ်နေရတာ။ Tiral and error နည်းကို အသုံးမဝင်ဘူးလို့ ပြောချင်တာတော့ လုံးဝလုံးဝ မဟုတ်ဘူးနော်။ ကျန်တဲ့နည်းတွေနဲ့ အဆင်မပြေတဲ့ အခြေအနေမှာ အသုံးဝင်ပါတယ်။ ဒါပေမဲ့ “အဲဒါတစ်ခုတည်းနဲ့သာဆိုရင်” သိပ္ပံဟာ တအားနှေးကွေးသွားမယ်။

ဥပမာ မော်တော်ယာဉ်တွေ၊ လေယာဉ်တွေ၊ ဒုံးပျံတွေကိုသာ သင်္ချာမပါဘဲ trial and error နည်းနဲ့သာ အကြိမ်ကြိမ်စမ်းသပ်ရမယ်၊ လွှတ်တင်ရမယ်ဆိုရင် လူ့အသက်တွေတောင် အကြိမ်ကြိမ်စတေးရတော့မယ်။ (တကယ်ကတော့ သင်္ချာတွေ သီအိုရီတွေ လုံးဝ မပါဘဲလည်း အဲဒီ စက်ကိရိယာတွေ၊ နည်းပညာတွေ အဆင့်ဆင့် ဖြစ်ကို ဖြစ်လာနိုင်စရာမရှိ။)

Pythagoras သီအိုရမ်က အသေးအမွှားကိစ္စရပ်လေတွေက အစ (အသေးအမွှားလို့ ပြောလိုက်ရပေမဲ့ တကယ်ကတော့ အသေးအမွှားမဟုတ်။ သင်္ချာတွေထွင်ခဲ့လို့ လွယ်သွားလို့သာ အသေးအမွှားတွေ ဖြစ်ကုန်တာ)။ အသေးအမွှား ကိစ္စလေးတွေက အစ Relativity သီအိုရီအထိ Pythagoras သီအိုရမ်က အသုံးဝင်ပါတယ်။

နောက်တစ်ခု ဆိုးဝါးတာက ပညာရဲ့ သဘောကို နားမလည်ကြတာ။ ပညာရေးနဲ့ဆိုင်တဲ့ တက္ကသိုလ်မှာ၊ အထူးသဖြင့် နည်းပညာ တက္ကသိုလ်မှာ အပေါင်း၊အနုတ်၊ အမြောက်၊အစား လောက်ပဲ အသုံးဝင်တာလို့ သွားပြောတော့ ရုပ်ပျက်တာပေါ့။

တကယ်ကတော့ သင်္ချာဟာ နယ်ပယ်စုံမှာ အရေးပါမှှု ပိုများလာပါတယ်။ သင်္ချာမပါဘူးလို့ လူတွေ ယူဆကြတဲ့ ဇီဝဗေလို နယ်ပယ်မှာတောင် Mathematical Biology လို ပညာရပ်တွေ ပိုဖွံ့ဖြိုးလာပါပြီ။ သင်္ချာကို စသုံးတာက ၁၂ ရာစုလောက်ကတည်းက ဆိုပေမဲ့ အခုနောက်ပိုင်းမှာ အရှိန်အဟုန်နဲ့ ဖွံ့ဖြိုးလာတာပါ။

တစ်ခုရှိပါတယ်။ လက်တွေ့ဘဝမှာ အဆင့်မြင့် သင်္ချာကို လူတိုင်းက သုံးတတ်စရာ မလိုတဲ့ အခြေအနေမျိုးတော့ ရှိနေတာပေါ့။ ဒါဟာ သင်္ချာက အသုံးမဝင်ခြင်းကြောင့် မဟုတ်ဘဲ နောက်ကွယ်မှာ လူနည်းစု ပညာရှင်တွေက သင်္ချာကိုသုံးပြီး အစစအရာရာ လွယ်အောင် ဖန်တီးပေးထားကြလို့ပါ။ ဘယ်ဟာမှ သင်္ချာနဲ့ မလွတ်ပါဘူး။ သင်္ချာတို့၊ ပညာရပ်တို့ကို လက်တွေ့ဘဝမှာ သုံးစရာ မလိုတော့ဘူးဆိုပြီး ပညာဆိုတာကို အားမပေးရင်တော့ အဲလိုအစစ ဖန်တီးပေးမယ့် လူနည်းစု ပညာရှင်တွေလည်း ပေါ်ထွက်လာတော့မှာ မဟုတ်ဘူး။ လက်တွေ့လောကမှာလည်း အဲလိုတော့ ဖြစ်နေတယ်။ ဥပမာ သင်္ချာညံ့တာကို သင်္ချာမရတာကို တကူးတက ဂုဏ်ယူတာတွေ တွေ့ဖူးတယ်။ သင်္ချာညံ့ခြင်းသည်ပင် တခြားဘက်မှာ တော်သလို ပါ အဓိပ္ပါယ် ကောက်လိုက်ကြတာမျိုး တွေ့ဖူးတယ်။

သင်္ချာဟာ ကမ္ဘာသုံး ဘာသာစကား။ ဒီထက်ပိုပြီး ပြောရရင် စကြာဝဠာသုံး ဘာသာစကားလို့တောင် ပြောလို့ရတယ်။ ဂြိုဟ်သားဆိုတာသာရှိရင် သူတို့သင်္ချာနဲ့ ဒီကမ္ဘာရဲ့ သင်္ချာ သင်္ကေတတွေ၊ အခြေစနစ်တွေ ကွဲကောင်းကွဲနိုင်ပေမဲ့ သဘောတရားကတော့ အတူတူပဲ ဖြစ်နေမှာလို့ ဆိုကြတယ်။ ဒီတော့ အသိပညာတိုးတက်ရေးမှာ ဘာသာစကား (language) တွေ နည်းတူ သင်္ချာကလည်း အရေးပါပါတယ်။ ဒါပေမဲ့ လက်တွေ့မှာ လူတော်တော်များများရဲ့ လျစ်လျူရှှုခြင်းကို ခံထားရတယ်။

ပညာရပ် စာတမ်းတွေ၊ အထူးသဖြင့် အဆင့်မြင့် သင်္ချာတွေပါ ပါလာတဲ့ စာတမ်းတွေဆိုတာက ကမ္ဘာပေါ်မှာ လူဖတ်တာ အနည်းဆုံး စာတွေပါ။ လူတွေ အပြစ်လည်း မဟုတ်။ ပညာရှင် အချင်းချင်းတောင် လိုင်းမတူရင်၊ သေချာလေ့လာထားသူ မဟုတ်ရင် ဖတ်ဖို့လည်း အဆင်မပြေကြဘူးကိုး။ ဘယ်သူမှ သိပ်မဖတ်တာတွေ၊ ဘယ်သူမှ ဂုဏ်သိပ်မပြုတာတွေ လုပ်ဖို့ ငွေအားဖြင့်လည်း ကုန်ကျသလို၊ တခြားလူမှှုရေး၊ စီးပွားရေးတွေကိုပါ လက်လွှတ်ပြီး နှစ်ပေါင်းများစွာ အားထုတ်ရတဲ့ ရလဒ်ကို မတန်ဘူးလို့ လူအများစုကတော့ ယူဆကြမှာပါ။ နောက်ပြီး အဲလိုအရာတွေအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေက (တခြားဟာတွေနဲ့ နှှိုင်းယှဉ်ရင် နည်းတယ်။ အခုနောက်ပိုင်းမှာတော့ ပြန်များလာပြီထင်တယ်။ ဘာပဲပြောပြော တိုက်ရိုက် အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေလောက်တော့ အလုပ်မပေါဘူးပေါ့။ Physics နဲ့ PhD ရပြီး call center မှာ လုပ်ရင်း စိတ်ဓာတ်ကျပြီး suicide လုပ်သွားသူ တစ်ယောက်အကြောင်း ဖတ်ဖူးတယ်။ လန်ဒန်မှာ။ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာတော့ ပညာရှင်တွေအတွက် အလုပ်အကိုင် အခွင့်အလမ်းက ပိုနည်းပြီပေါ့။

နောက်ပြီးတော့ ဒီသုံးမျိုးကို ကွဲပြားနေဖို့ လိုအပ်ပါတယ်။ (၁) စီးပွားရေးလုပ်ငန်းရှင်တွေ CEO တွေပါ။...ဇူကာဘတ်တို့ လိုပါ။ ဘီလျံနာ သူဌေးတွေပေါ့။ (၂) တီထွင်သူတွေပါ။ လုပ်ငန်းရှင်မဟုတ်ဘဲ တီထွင်သူ သက်သက်ဆိုရင် ဘီလျံနာ သူဌေးတွေလိုတော့ မချမ်းသာ ကြပါဘူး။ ငွေအတွက်မဟုတ်ဘဲ ဝါသနာကို အရင်းခံ လုပ်ကြသူတွေလည်းများမယ်။ ဒါပေမဲ့ သူတို့ဟာ ဘာပဲပြောပြော သူတို့ရဲ့ တီထွင်မှှုကို မှတ်ပုံတင်လို့  မူပိုင်ခွင့်ယူလို့ ရသေးတယ်။ (၃) အီကွေးရှင်းတွေ တွေ့ရှိသူတွေ၊ သီအိုရီတွေ တွေ့ရှိသူတွေကတော့ သူတို့ရဲ့ အီကွေးရှင်းတွေ၊ သီအိုရီတွေကို မှတ်ပုံတင်လို့ မရပါ။ Law of nature ကို သင်္ချာအီကွေးရှင်းကို မူပိုင်ခွင့်ယူလို့ မရပါ။ ဘယ်သူတွေ့ရှိတာဆိုပြီး နာမည်ခံလို့တော့ ရပေမဲ့ ငွေရေးကြေးရေး မူပိုင်ခွင့် ယူလို့ မရပါ။ နာမည်ကျန်ခဲ့တယ်ဆိုတာမှာလည်း တချို့ ပညာရှင်တွေကလွဲလို့ အများစုကိုက ရုပ်ရှင်မင်းသားတွေ လောက်တောင် လူသိကြတာ၊ ကျော်ကြားကြတာ မဟုတ်ပါ။ ကုလသမဂ္ဂတို့၊ အမေရိကန် အစိုးရတို့ကို ဒေါ်လာ သန်း တစ်ထောင်လောက်နဲ့ ရောင်းစားမယ်ဆိုတာမျိုးကတော့ ဟာသပါ။

ငွေကြေးမရပေမဲ့လည်း ဝမ်းမနည်းကြပါဘူး။ ပိုက်သာဂိုးရပ်စ်က အိုလံပစ်ပွဲနဲ့ တင်စားဖူးတယ်လို့ ဆိုတယ်။ တချို့တွေက အိုလံပစ်ပွဲတော်မှာ ရောင်းဝယ်ဖောက်ကားကြဖို့ လာကြတာ။ တချို့ကကျ ယှဉ်ပြိုင် အနိုင်လုဖို့ လာကြတာ။ သူတို့က ငွေကြေး သို့မဟုတ် ဂုဏ်သိက္ခာအတွက် လာကြတာပေါ့။ ဒါပေမဲ့ နောက်တစ်မျိုး ရှိသေးတယ်။ ငွေကြေးတွေ ယှဉ်ပြိုင်မှှုတွေ မပါဘဲ သဘောသဘာဝကို လေ့လာမယ့် ပွဲကြည့်ပရိသတ် သက်သက်တွေ။ Spectator တွေပေါ့။ ပညာချစ်မြတ်နိုးသူတွေဟာ အဲဒီလို နောက်ဆုံးအမျိုးအစား ဖြစ်သင့်တယ်လို့ သူကဆိုတယ်။ (မှတ်ချက်။ အဲလိုချည်း ရာနှှုန်းပြည့် ဖြစ်နေမှာတော့ မဟုတ်။ ပညာမာန တို့ အားထုတ်မှှုကို အသိအမှတ်ပြု ခံလိုစိတ်တို့တော့ ရှိကြမှာပဲ။ ဒါပေမဲ့ အဲဒီလို စိတ်တွေမကင်းကြပေမဲ့ အဲဒီဆန္ဒတွေထက် ပညာကိုတော့ ပိုပြီး ရှေ့တန်းတင်ကြတာမျိုးပေါ့။)

ပရိသတ်ဆိုတာတောင်မှ ဇိမ်ခံမယ့် ပွဲကြည့်ပရိသတ်မျိုးကို ဆိုလိုတာ မဟုတ်ဘူးနော်။ သဘာဝတရားကို ချစ်မြတ်နိုးတဲ့ လေ့လာသူ သက်သက်တွေပေါ့။ ဖြည့်ပြောရရင်တော့ ပညာရပ် သို့မဟုတ် လေ့လာမှှု၊ ဖန်တီးမှှု တစ်ခုခုကို ဈာန်ဝင်စားရုံ သက်သက် လုပ်နေတာမျိုး။ (နှှိုှု်င်းရသဘောအရဆိုရင်) အကျိုးစီးပွားမျှော်မှန်းမှှု မပါတာ/နည်းတာ မျိုးပေါ့။ သင်္ချာမှာ ဈာန်ဝင်စားတာလည်း ဖြစ်နိုင်တယ်။ ရူပဗေဒလည်း ဖြစ်နိုင်တယ်။ ဂီတလည်း ဖြစ်နိုင်တယ်။ တျခား အနုပညာလည်း ဖြစ်နိုင်တယ်။

အဲ… သင်္ချာနဲ့ ပတ်သတ်ပြီး တစ်ခုခုကို မျှော်ကိုးပြီး လုပ်တာဆိုရင်တော့ ယူကလစ်ရဲ့ စကားလို့ ဆိုကြတာကိုပဲ ပြန်ပြောရမယ်။ Geometry ကို လေ့လာတာ ဘာအကျိုးအမြတ်ရနိုင်မလဲ ဆိုတဲ့သဘောမျိုး တစ်ယောက်က သူ့ကို မေးလာတာ။ သူပြန်ဖြေတာက “လေ့လာမှှုကနေ ဒီကောင် အကျိုးအမြတ် လိုချင်နေတယ်။ သူ့ကို ပိုက်ဆံတစ်ပြား ပေးလိုက်စမ်းပါ” ဆိုတဲ့ သဘောမျိုး။

ဒီတော့ နောက်တခါ ပညာရေးကို တက်ကျမ်းလို သဘောမျိုး မဆီမဆိုင် ပြောလာရင် စင်ပေါ်တက်ပြီး အကြွေစေ့တွေ အမ်းလိုက်ကြရင် ကောင်းမလား။

ကောင်းကင်ကို 

Facebook က ပို့စ်ကို အဲဒီမှာ ရေးခဲ့တဲ့ ရက်အတိုင်း backdate နဲ့  ပြန်တင်တာပါ။