Thursday, July 29, 2010

မေတ္တာဆိုတာ စူးတတ်တယ်

ကျောက်တုံးထဲကနေတောင်
သွေးတွေပန်းထွက်လာအောင်
နင်မန်းမှုတ်နိုင်မှန်းလည်း သိပါတယ်။

နင့်နှုတ်ခမ်းက ကြွေကျလာမယ့်
မကုန်မခန်းနိုင်တဲ့ ပန်းတွေဟာ
သံမဏိရင်တွေ ချိုင့်ဝင်သွားသည်အထိ
တန်ခိုးရှိမှန်းလည်း သိပါတယ်။

တချောင်းထဲသော စိတ်နဲ့
ပြေးနေတဲ့ ခြေထောက်နှစ်ချောင်းတွေ
နင့်ကြောင့် မရှုမလှ ချော်လဲတိုင်း
နင့်အတိတ်နဲ့ နင် ခြေရာတိုင်းနိုင်တုန်းမို့
နင်ကျေနပ်နေမှန်းလည်း သိပါတယ်။

အကောင့်များစွာဖွင့်ပြီး
၁၅၀၀ လွှင့်နေတဲ့ ကောင်မလေးရေ၊

သိလျက်နဲ့ မိုက်နေသူက
နင်မသိပဲ မိုက်မိမှာစိုးလို့
တခုတော့ သတိပေးမယ်။
ကျေးဇူးပြုပြီး နင်းမသွားပါနဲ့။
ငါ့နှလုံးသားက ကွဲလွယ်အက်လွယ်
နင့်ခြေဖဝါးတွေ ရှလိမ့်မယ်။
ကောင်းကင်ကို

Tuesday, July 20, 2010

ဟင်္သာ

ပြိုင်တူတော့ တွန်းပါတယ်။
တယောက်က လီဗာနင်းရင်
တယောက်က ဘရိတ်နင်းတယ်။

ဖက်တော့ဖက်ထားပါတယ်။
ကော်နာစောင့်နေတဲ့ ဘောလုံးသမား နှစ်ယောက်
တယောက်ကို တယောက် ဖက်ထားသလိုမျိုး။

ဒဂုန်တာရာက ပြောတယ်။
“နိုင်ငံရေးလုပ်တယ်ဆိုတာ
ရန်သူကို မိတ်ဆွေဖြစ်အောင်လုပ်တာ”တဲ့...
ခုတော့ မိတ်ဆွေတွေပဲ ရန်သူ ဖြစ်ဖြစ်သွားတယ်။

မေးခွန်းတတောင့်နဲ့ ပစ်လိုက်တိုင်း
ငှက်နှစ်ကောင် သူတို့ ရတယ်။
ဖဲတချပ် ဆွဲထုတ်လိုက်တိုင်း
ပန်းနှစ်ပွင့် ကြွေကြွေကျတယ်။

ကဲ…
သွေးထားတဲ့ ဓားတွေသံချေးမတက်ဖို့
ကိုယ့်လက်ကိုယ်ပြန် ခုတ်ကြစို့။
ကောင်းကင်ကို

Friday, July 16, 2010

တဘက်မြင်

လောကကြီးမှာ
ဖြေရအခက်ဆုံး မေးခွန်းက
ကိုယ့်ကိုယ်ကိုယ် ပြန်မေးတဲ့ မေးခွန်းပဲ။

ဖြေကြည့်လိုက်တော့လည်း
ဘုရားတွေ ဆိုတာတောင်မှ
သတ်မှတ်မှုအရပဲ ရှိတာ။

ယုံကြည်ချက်လို့ ခေါ်ချင်ခေါ်
မှိုင်းလို့ ခေါ်ချင်ခေါ်
ရပ်မယ့်ခြေထောက်တွေရှိလို့
ရပ်စရာ မြေကြီးရှိတာ။

ဒီလိုနဲ့ ငါ
တိမ်တွေပေါ်မှာ ရပ်
သူများတွေကို ဖျတ်ခနဲ အကြည့်
ဟော..ဟိုမှာ ပိစိလေးတွေ။
ကောင်းကင်ကို

Wednesday, July 7, 2010

ဓားဝှက်ထားတဲ့ ခြေဖဝါး

အစကတော့
သောနုတ္ထိုရ်လို အကြည့်
ဒုက္ခသည် ဥပဓိနဲ့ ။

ကိုယ့်အတ္တကိုယ် မျက်နှာလွှဲ
ဖေးကူလက်တွဲ လိုက်မှ
အပြုံးတချက် မပျက်
လူစားလဲရက်တာ နာလိုက်တာ။

အစကတော့
မိတ်ဆွေထက်ပိုတဲ့ အပြုံး
ပန်းပွင့်မျက်နှာဖုံးနဲ့ ။

ကိုယ့်သံသယတွေကို သန့် ရှင်း
ခင်မင်မှုတွေနဲ့ တံတားခင်းပေးလိုက်မှ
ဓားသွားနဲ့ ချနင်း
ငါရင်းလိုက်ရတာ နာလိုက်တာ။
ကောင်းကင်ကို