Showing posts with label articles. Show all posts
Showing posts with label articles. Show all posts

Thursday, October 12, 2023

ဂါဇာလို ပြဿနာတွေ ဖြေရှင်းဖို့ တစ်သားတည်း ကမ္ဘာ

 ( ဂါဇာလို ပြဿနာတွေ ဖြေရှင်းဖို့ တစ်သားတည်း ကမ္ဘာ )

ဂါဇာအရေး ဘယ်ဘက်က ရပ်တည်မလဲလို့ သူငယ်ချင်းတချို့ မေးကြတယ်။

ယေဘုယျပြောရင်တော့ နှစ်ဘက်လုံးက မှားတယ်လို့ ထင်တယ်။ Hamas တွေ မှားတယ်ဆိုတာက အရပ်သားတွေကို ဓားစာခံအဖြစ် ဖမ်းလို့။ အရပ်သားတွေသေမယ့် တိုက်ခိုက်မှု လုပ်လို့။ သူတို့ တော်လှန်ရေးကို မှားတယ်လို့ မဆိုလိုဘူး။ 

အစ္စရေးကတော့ မင်းအောင်လှိုင်တို့လိုပဲ အရင်ကတည်းက အရပ်သားတွေကို ဗုံးကြဲခဲ့၊ ရက်စက်ခဲ့တာမို့။

ဒါပေမယ့် NUG က ခေါင်းဆောင်တွေကတော့ သူများတွေ တော်လှန်ရေးကို စစ်သွေးကြွလို့ မပြောသင့်၊ မသုံးသင့်ဘူး။ မြန်မာ့တော်လှန်ရေးမှာလည်း အရပ်သားတွေကို target ထားနေကြတာကိုး။ ဒါပေမယ့် မြန်မာကတော့ အဖြူအမည်း နည်းနည်းပိုသည်းကွဲတယ် (လို့ထင်တယ်)။ သတင်းပေးအဖြစ် သေချာမှ လုပ်ကြတာလို့ ယူဆရတာကိုး။ Ethics တွေနဲ့ နည်းနည်းဖြစ်ဖြစ် ပိုညီတယ်ပေါ့ဗျာ။ အဲဒီမှာ ဟားမတ်စ်တွေကလည်း သူတို့က တိုက်ခိုက်သူတွေဟာ ကျူးကျော်တဲ့အစိုးရကို ထောက်ခံသူတွေပါလို့တော့ ဆင်ခြေပေးလို့ ရချင်ရမှာပေါ့။ 

ပါလက်စတိုင်း ကိစ္စကို အယ်လ်ခိုင်းဒါးတို့၊ IS တို့နဲ့ ရောကြိတ်လို့ မရဘူး (ထင်တယ်)။ IS တွေလည်း မွတ်စလင် Hamas တွေလည်း မွတ်စလင်ပါဆိုပြီး ရောကြိတ်ချင်လို့ မရဘူး (လို့ထင်တယ်)။ ဒါပေမယ့် အရပ်သားတွေကို အကြီးအကျယ် target ထားတာတော့ Hamas အမှားပေါ့။ 

စစ်သွေးကြွ ခေါ်ခံရခြင်း မခေါ်ခံရခြင်း၊ အကြမ်းဖက်တံဆိပ် ကပ်ခံရခြင်း မခံရခြင်း ကတော့ ပါဝါတွေ၊ အနေအထားတွေ၊ မဟာမိတ်ဖွဲ့နိုင်မှုတွေ အပါအဝင် ရှုပ်ရှုပ်ထွေးထွေး အနေအထားတွေပေါ်မှာ မူတည်တယ်။ IS ဆိုရင်တော့ စစ်သွေးကြွမှန်း ထင်ရှားတယ်။ တချို့ကိစ္စတွေကျ မထင်ရှားဘူး။ ဘာလို့လည်းဆိုတော့ ကမ္ဘာကြီးက demarcation line ကို အထူကြီးဆွဲထားတယ်။ အဲဒါမှ လိုသလို လုပ်လို့ ပိုကောင်းမှာကိုး။ အစ္စရေးဆို အရပ်သားတွေကို အမြဲလို ဗုံးကြဲပေမယ့် အကြမ်းဖက်စာရင်းထဲ မပါဘူး။ အကြမ်းဖက်ပေမယ့် အကြမ်းဖက်စာရင်းထဲ မပါတဲ့ တခြားနိုင်ငံတွေလည်း အများကြီးပဲ။ တကယ်ကတော့ အဲဒီလို ကိစ္စတွေမှာ  demarcation line ဆိုတာတောင် မရှိပါဘူး။ ဒါတွေက လူတွေ လိုသလို သတ်မှတ်နေကြတဲ့ အရာတွေလို ဖြစ်နေပြီ။ ဒါပေမယ့် လူတိုင်းက သတ်မှတ်ချင်တိုင်း သတ်မှတ်ခွင့်တော့ မရကြဘူး။ ပါဝါရှိမှ ဘောင်ဝင်တာ။ Hamas တွေကျတော့ တံဆိပ်ကပ်ခံရတယ်။ စစ်သွေးကြွလို့ သုံးနှုန်းခံရတယ်။ မြန်မာက ကျောင်းသားတပ်မတော် (ABSDF) ကိုတောင် အမေရိကန်က အရင်တုန်းက အကြမ်းဖက်စာရင်း သွင်းလိုက်သေးတယ်။ ၂၀၁၀ ဒီဇင်ဘာလောက် ကျမှ ပြန်ပယ်ဖျက်တာ။ 

ပြောလိုရင်းကို ပြန်ကောက်ရရင်…. အရပ်သားတွေအပေါ် အကြမ်းဖက်မှုအရဆိုရင် အစ္စရေးရော Hamas ရော နှစ်ဘက်လုံး မှားတယ်လို့ ပြောတာ။ ပုါဝါနဲ့ ဖိနှိပ်မှုအရ ကြည့်ရင် လူတန်းစားအရကြည့်ရင်တော့ ပါလက်စတိုင်းတွေဘက်က ရပ်ရမှာပေါ့။

ခုကတော့ ရုရှားရဲ့ ကျူးကျော်မှုကို တွန်းလှန်နေတဲ့ Zelenskyy တောင် ကျူးကျော်ခဲ့တဲ့ အစ္စရေးကိုကျ အားတက်သရော ထောက်ခံနေတော့ သူ့ကို hypocrite လို့ တွစ်တာမှာ (X မှာ) အကြီးအကျယ် ဝေဖန်နေကြတာပေါ့။ ဒါကလည်း သူ့ကို ဝေဖန်သူတွေမှာ ခိုင်လုံတဲ့ လောဂျစ်တွေ ရှိတယ်လေ။ 

ပြီးတော့ ဇီယွန်ဝါဒီတွေက လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀၀ ကျော်က ကျမ်းထဲက ပါတဲ့စာတွေကို သုံးပြီး သူတို့နယ်မြေလို့ အတင်းလုပ်ထားတာလည်းရှိတယ်။ အဲဒီလို ဘာသာရေးကျမ်းတို့ ဘာတို့က ဘယ်လောက်မှန်မှာလဲ။ ကျမ်းထဲကဟာ မှန်တယ်ထားဦး၊ နှစ်ပေါင်း ၂၀၀၀ ကျော် ကြာပြီးမှ မလိုလားတဲ့ ဒေသမှာ အဆင်မပြေနိုင်မှန်း သိသိနဲ့ နိုင်ငံကို ထူထောင်တာက ဟုတ်မှ မဟုတ်တာ။ (ဒါက ကမ္ဘာကြီးရဲ့ လက်ရှိ စံနှုန်းတွေအရ သုံးသပ်တာနော်)။ ဒီကမ္ဘာကြိးရဲ့ ခွဲခြားခွဲခြား လက်ရှိစနစ်အရဆိုရင် ဥပမာ— (ဥပမာနော်၊ အချက်အလက်မဟုတ်) မြန်မာတွေရဲ့ ဇစ်မြစ်က လွန်ခဲ့တဲ့နှစ် ၂၀၀၀ က တရုတ်မှာ ရှိခဲ့လို့ ဆိုပြီး အဲဒီမှာ နိုင်ငံသွားထူထောင်လို့တော့ ရမှာမဟုတ်ဘူး။ 

လူအများကြီး သွားနေလို့တော့ ရသင့်တာပေါ့။ နိုင်ငံအဖြစ် ထူထောင်လို့ မရမှာကို ပြောတာ။ အဲဒီတော့ ပါလက်စတိုင်းတွေက သူတို့မြေပေါ်မှာတင် သူတို့ နိုင်ငံမဲ့တွေ ဖြစ်နေကြတော့ တော်လှန်တိုက်ပွဲဝင်ခွင့် ရှိတယ်ပေါ့။ ဒါပေမယ့် ပါလက်စတိုင်းတော်လှန်ရေးဟာ ဂျူးဆန့်ကျင်ရေးတို့ ဂျူးမုန်းတီးရေးတို့တော့ မဖြစ်သင့်ဘူး။ ဂျူးတိုင်းကလည်း ဇီယွန်ဝါဒီတွေ မဟုတ်ဘူး။ 

ပြီးတော့ လွန်ခဲ့တဲ့ သုံးရက်လောက်အတွင်းမှာ ညီနှစ်ယောက်နဲ့ ပြောဖြစ်တာက …. အင်္ဂလိပ်တွေရဲ့ ပယောဂလည်း ပါတယ်. (လို့ထင်တယ်)။ ဥရောပမှာ လုပ်မပေးဘဲ အရှေ့အလယ်ပိုင်းမှာမှ ရွေးပြီး တမင်မီးမွှေးလိုက်သလိုပဲ။ အဲဒီကာလက ဂျူးတွေရောက်နေပြီးသား နေရာတွေ ဥရောပ နိုင်ငံတွေမှာပဲ လူ့အခွင့်အရေး အပြည့်အဝနဲ့ ပေးပြီး ပြဿနာတက်မယ့်လမ်းကို ရှောင်ခဲ့ရင်ရော။ အခုတော့ အစ္စရေးက တခြားနယ်မြေတွေကို တဖြည်းဖြည်းသိမ်းပိုက်တယ်။ သူ့ကို ဝိုင်းတိုက်ကြတော့လည်း အကြောင်းပြလို့တော့ ပိုကောင်းသွားတာပေါ့။ အရပ်သားတွေကိုလည်း အများကြီးသတ်တယ်။ Hamas တွေက အရပ်သားတွေကို human shield အဖြစ် အသုံးချတာလည်း ပါမှာပေါ့။ ပိုပျော့ပြောင်းတဲ့ ပါလက်စတိုင်းအဖွဲ့ဖြစ်တဲ့ Fatah အဖွဲ့က Hamas တွေ human shield သုံးတဲ့ ကိစ္စကို ဝေဖန်ဖူးတယ်။ ပါလက်စတိုင်းတွေပဲ human shield သုံးတာလားဆိုတော့ မဟုတ်။ အစ္စရေးဘက်ကလည်း သုံးတဲ့အကြောင်း report တွေ နည်းနည်းပါးပါး ဖတ်ဖူးတယ်။

ထားပါတော့။ Ethics တွေဟာ လူက တကူးတကလုပ်ထားရတဲ့ အမှန်တရားတွေ။ လူလုပ်အမှန်တရားတွေ။ ပကတိ အမှန်တရားမဟုတ်ဘူး။ စည်းမျဥ◌်းစည်းကမ်းတွေရှိပေမယ့် တကယ့်တိုက်ပွဲတွေမှာကျ ကိုယ်အနိုင်ရရေးအတွက် ကြုံသလို ညစ်ကြတာပါပဲ။ စစ်ပွဲမပြောနဲ့ ဘောလုံးပွဲလို အရာမှာတောင် ဘယ်နိုင်ငံသားဖြစ်ဖြစ် အနိုင်ရရေးအတွက် ကြုံသလို ညစ်ကြ၊ ဟန်ဆောင်ကြသေးတာ။ ဒါကြောင့် အချစ်နဲ့ စစ်မှာ မတရားဘူးဆိုတာ မရှိဘူးဆိုတဲ့ စကား ပေါ်လာတယ်။ ဒါပေမယ့် ပကတိအမှန်တရားမဟုတ်တောင် လူလုပ်အမှန်တရား ethics တွေအကြောင်းက ဆွေးနွေးဖို့ သင့်တယ်။  တိတိကျကျကြီး မသတ်မှတ်နိုင်တောင် စံနှုန်းလေးတွေတော့ ရှိဖို့ လိုတာပေါ့။ နို့မို့ဆိုရင် ဟစ်တလာလိုလူတွေ၊ မင်းအောင်လှိုင်လို လူတွေ အများကြီး ပေါ်လာမှာပေါ့။ စံနှုန်းတွေကို လိုက်နာကြခြင်း မလိုက်နာကြခြင်းကတော့ တကဏ္ဍပေါ့လေ။ 

မြန်မာမှာလည်း အရပ်သား ဒလန်တွေကို သတ်ကြတယ်။ Ethics နဲ့ မညီဘူးပေါ့။ ဒါပေမယ့် ဘေးကလွတ်ရာကျွတ်ရာက လူတွေက တိုက်ပွဲတွင်းက လူတွေကို စာအုပ်ကြီးနဲ့ချည်း ကိုင်ပေါက်လို့လည်း မရပြန်ဘူး။ နှစ်ဘက်ရန်ဖြစ်နေချိန်မှာ ကိုယ့်လူတွေကိုချည်း သွားပြီးချုပ်ရင် ကိုယ့်လူတွေရှုံးမှာလေ။ တစ်ဘက်မှာ ethics ဆိုတဲ့အရာကလည်း တကယ့် သဘာဝအမှန်တရား မဟုတ်ဘဲ လူလုပ်အမှန်တရားဆိုပြီး လုံးဝ ထည့်မစဉ်းစားလို့လည်း မရပြန်ဘူး။ ဒီလိုအရာတွေမှာ အရာရာတိုင်းအတွက်မှန်မယ့် Theory of Everything မရှိဘူး။ ပုံသေနည်း မရှိဘူးပေါ့ဗျာ။ ပုံသေနည်းမရှိပေမယ့် အထိန်းအကွပ်မရှိ ထင်ရာတော့ စွတ်လုပ်ဖို့လည်း မသင့်တဲ့အရာတွေ။ 

ဂါဇာကိစ္စ ပြန်ကောက်ရရင် ပါလက်စတိုင်းက သူတို့မြေမှာ stateless ဖြစ်နေတာတော့ မဟုတ်သေးဘူးပေါ့။ တခုခု လွဲနေပြီ။ ဒါကလည်း လက်ရှိရောက်နေတဲ့ ကမ္ဘာ့စံနှုန်းအရပဲ ပြောတာ။

ဖြစ်သင့်တဲ့အရာ၊ ကိုယ့်အမြင်ဆိုရင်တော့ လူသားတွေဟာ သူ့ နိုင်ငံမြေ၊ ကိုယ့်နိုင်ငံမြေ ဆိုတဲ့ အစွဲတွေကို ကျော်လွန်ပြီး တကမ္ဘာလုံး အတိုင်းအတာနဲ့ တသားတည်းဖြစ်သင့်ပါပြီ။ Oneness ဖြစ်သင့်ပါပြီ။ ပါလက်စတိုင်းမြေလို့ အစဉ်အလာအရ ယူဆရမယ်ဆိုရင်တောင် အဲဒီမြေမှာ ဂျူးတွေလည်း အခြေချခွင့်ရှိရမယ်။ မူရင်းရှိပြီးသားသူတွေကို စနစ်တကျ ဖိနှိပ်မှုမပါတဲ့ အခြေချမှုမျိုးတော့ ဖြစ်ရမယ်။ (လူတဦးချင်းစီ ဖိနှိပ်မှုတွေကတော့ မရှိသင့်ပေမယ့် ဖြေရှင်းရ ခက်မှာမို့ ရှိနေဦးမှာပဲ။ လူတစ်စုနဲ့ တစ်စု ဖိနှိပ်မှုတွေ မရှိအောင် အရင်လုပ်ဖို့ကို ပြောတာ)။ အဲဒီဒေသတွေမျာ နဂိုရှိပြီးသားသူတွေကလည်း အသစ်ရောက်လာသူတွေအပေါ် ဖိနှိပ်မှု မရှိစေရ။ ဒါပေမယ့် ကမ္ဘာကြီးရဲ့ collective consciousness ကတော့ အဲဒီအအဆင့်အထိ မရောက်သေးဘူး။ 

ဂျွန်လင်နွန်ရဲ့ သီချင်းထဲကလိုဆိုရင်တော့

“Imagine there's no countries

It isn't hard to do

Nothing to kill or die for

And no religion, too” ပေါ့။ အကြမ်းဖျင်း အဓိပ္ပါယ်ကတော့ “တိုင်းပြည်တွေ နိုင်ငံတွေ ဆိုတာ မရှိဘူး (ကမ္ဘာကြီးဟာ နိုင်ငံတွေအများကြီးအဖြစ် အုပ်စုကွဲမနေဘူး) လို့ စိတ်ကူးကြည့်ပါ။ အဲဒါကို လုပ်ဖို့ မခက်ပါဘူး။ (အဲဒါဆိုရင် နိုင်ငံအတွက်ဆိုပြီး) သတ်ရတာတွေ သေရတာတွေလည်း မရှိတော့ဘူးပေါ့။ အဲလိုပဲ ဘာသာတရားဆိုတာတွေလည်း မရှိဘူးလို့ စိတ်ကူးကြည့်စမ်းပါ” ဆိုတဲ့သဘော။ 

သူ့မြေ ကိုယ့်မြေ အငြင်းပွားနေပြီး အဲဒီသဘောတရားကို အခြေခံပြီး အဆုံးအဖြတ်ပေးခြင်းမျိုးကတော့ ပြဿနာကို အပေါ်ယံ ဖြေရှင်းမှုပဲ။ ငြိမ်းချမ်းရေးကို လိုလားရင်တော့ ကမ္ဘာ့လူသားတွေဟာ တဆင့်တက်ဖို့ လိုပါပြီ။ ကမ္ဘာပေါ်မှာ မွေးလာတဲ့လူသားဟာ ဘယ်အရပ် ဘယ်ဒေသက မြေပေါ်မှာမဆို ခြေချခွင့်ရှိသင့်တယ်လေ။ ဒါဟာ တစ်ဦးတစ်ယောက်တည်း၊ တစ်နိုင်ငံတည်း ချွန်ထွက်လုပ်လို့ရမယ့် အရာမျိုးတော့ မဟုတ်ဘူးပေါ့။ ဒါပေမယ့် ဝေးသေးတဲ့ အနာဂတ် တချိန်ချိန်မှာ လုပ်နိုင်လာကြမယ်ဆိုရင် ကမ္ဘာကြီးမှာ စစ်စရိတ်တွေ အကြိးအကျယ် သက်သာသွားမယ်။ တခြား အကျိုးရှိမယ့် နေရာတွေမှာ သုံးလာနိုင်မယ်။ သဘာဝပတ်ဝန်းကျင် အခြေအနေ ပိုကောင်းလာမယ်။ တခြား ကောင်းကျိုးတွေလည်း အများကြီး နေမှာပါ။ ဘေးထွက်ဆိုးကျိုးတွေလည်း ရှိတော့ ရှိနိုင်တယ်။ ဥပမာ စစ်စရိတ်တွေ သုံးစရာမလိုတော့လို့ လူတွေ စားဝတ်နေရေး အကုန်အဆင်ပြေလာကြတာ ကောင်းပေမယ့် အဆင်ပြေပြီး လူဦးရေတွေ အဆမတန်ပွားလာတာမျိုး မဖြစ်ဖို့တော့ လိုမှာပေါ့။ 

ဘာပဲဖြစ်ဖြစ် ကမ္ဘာကြီး oneness အဆင့်ကို မရောက်သေးသရွေ့ကတော့ ကမ္ဘာ့ငြိမ်းချမ်းရေး တည်ဆောက်မှုဟာ သိပ်အရာထင်မှာ မဟုတ်ပါဘူး။ 

ကျွန်တော်က အရှေ့အလယ်ပိုင်း ရေးရာ ကျွမ်းကျင်သူ မဟုတ်လို့ အချက်အလက် မှားတာပါရင်လည်း ပြောပါ။ တကယ်ရေးချင်တာကတော့ အချက်အလက်ဆိုတာတွေထက် အတွေးအမြင်ကို ဦးစားပေးပြီး ရေးချင်တာပါ။ 

(အောက်တိုဘာ ၂၀၂၃)

ကောင်းကင်ကို

Friday, February 1, 2013

သည်းမခံခြင်းသည်လည်း ကောင်းမှုကုသိုလ်

ခေတ်မောင်းဂျာနယ် အတွဲ (၂) အမှတ် (၁) ထဲမှာ ကျနော် ရေးခဲ့တဲ့ ဆောင်းပါးပါ။ ခေတ်မောင်း ဂျာနယ် တစောင်လုံးကို ဒီမှာ download လုပ်လို့ ရပါတယ်။

သည်းမခံခြင်းသည်လည်း ကောင်းမှုကုသိုလ် 

အယူအဆ ရေးရာတွေနဲ့ ပတ်သတ်ရင် သည်းခံခြင်းဟာ ကောင်းမှုကုသိုလ်လို့ လူတော်တော်များများ တွေးကြပါတယ်။ သူတို့က ပြောပါလိမ့်မယ်။ ကွဲပြားတဲ့ လူ့အဖွဲ့အစည်းတွေမှာ ကွဲပြားတဲ့ တန်ဖိုးထားမှုတွေ ရှိနေတဲ့ အကြောင်းတွေ၊ ဒါကြောင့်မို့ “ငါတို့ဟာမှ ငါတို့ဟာ၊ ငါတို့ဟာသာလျှင် အမှန်တရား” လို့ လှေနံဓါးထစ် မယူဆသင့်ကြောင်း ပြောကြပါလိမ့်မယ်။ ဒါကြောင့် “ကွဲပြားခြားနားမှုတွေကို သည်းခံကြ” ဆိုပြီး ပြောကြပါလိမ့်မယ်။ အဲဒီ့အယူအဆဟာလည်း အခြေအနေ တော်တော်များများအတွက် သင့်လျော်ပါတယ်။ အထူးသဖြင့် သူ့အကြိုက်၊ ကိုယ့်အကြိုက် အလျောက် တကိုယ်ရည် ရွေးချယ်ရမယ့် တချို့ ကိစ္စတွေမှာ မတူညီမှုတွေကို ယေဘုယျအားဖြင့် သည်းခံရမှာပါ။ ဒါပေမဲ့ အယူအဆ ကွဲပြားမှု မှန်သမျှကို အမြဲတမ်း အခါခပ်သိမ်း သည်းခံရမယ် ဆိုရင်တော့ မသင့်လျော်ပါ။ လူ့အဖွဲ့အစည်း ကောင်းကျိုးအတွက် အားလုံးလက်ခံသင့်တဲ့ စံနှုန်းတွေ၊ တရားတွေ ရှိနေလို့ပါပဲ။

ကိုယ့်ကိုယ်ကို ကျောင်းဆရာ တယောက် အဖြစ် စဉ်းစားကြည့်ရအောင်။ အစစ အရာရာ တထပ်တည်း တူနေတဲ့ အဖြေလွှာ နှစ်ခုကို မတူညီတဲ့ Grade တွေ ပေးမိတယ် ဆိုပါစို့။ ကျောင်းသားတွေ ကျေနပ်ကြမှာ မဟုတ်ပါဘူး။ ဘာလို့လည်းဆိုတော့ ချွတ်စွပ်တူနေတဲ့ အဖြေလွှာ နှစ်ခုမှာ တခုကို အမှတ်များများ ပေးလိုက်ပြီး နောက်တခုကို အမှတ် နည်းနည်းပဲ ပေးလို့ပါ။ တရားမျှတမှု မရှိဘူးလို့ ပြောရမှာ ဖြစ်ပါတယ်။

အယူအဆရေးရာ မတူညီမှု မှန်သမျှတိုင်းကို အမြဲတမ်း သည်းခံမယ် ဆိုတဲ့ သူတွေဟာလည်း တကယ်တော့ ခုနက ပြောခဲ့တဲ့ ချွတ်စွပ်တူတဲ့ အဖြေလွှာ နှစ်ခုကို အမှတ်နှစ်မျိုးပေးတဲ့ ကျောင်းဆရာနဲ့ အတူတူပါပဲ။ ကိုယ့်ယဉ်ကျေးမှု၊ ကိုယ့်လူ့အဖွဲ့အစည်းထဲက လူတွေရဲ့ ခပ်ညံ့ညံ့ အဖြေလွှာ [မကောင်းတဲ့ အယူအဆ တခုခု] ကိုတော့ “ရှုံး” (သို့မဟုတ်) “မှားယွင်း” လို့ သတ်မှတ်ထားချိန်မှာ တခြားလူ့အဖွဲ့အစည်းထဲက ပုံစံတူ ခပ်ညံ့ညံ့ အဖြေလွှာ [ပုံစံတူ မကောင်းတဲ့ အယူအဆ တခုခု] ကိုတော့ “အောင်” (သို့မဟုတ်) “မှန်ကန်” လို့ လိုက်လျောမှုနဲ့ သတ်မှတ်ပေးထားလို့ပါ။

ဥပမာ တခု ပေးချင်ပါတယ်။ အရှုံးပေးရင် နှလုံးအေးတယ် ဆိုတဲ့ စကားကို လက်ကိုင်ထားသူ တယောက် ရှိတယ် ဆိုပါစို့။ သူက သူ့ဘာသာသူတော့ အထိုက်အလျောက် အမြင်ကျယ်တယ်။ သူ့မှာ လူမျိုးရေး အမြင်ကျဉ်းမြောင်းမှု ဘာညာ မရှိဘူး ဆိုပါစို့။ သူကိုယ်တိုင်တော့ လူမျိုးရေး ခွဲခြားခြင်းဟာ “မှားတယ်” လို့ ယူဆတဲ့ အတွက် အဲလိုလုပ်ရပ်ကို ဘယ်တော့မှ မလုပ်ဘူး ဆိုပါစို့။ ဒါပေမဲ့ သူက အေးအေးဆေးဆေး သမား။ သူများကို ဆန့်ကျင်ပြောရမှာ အားနာတတ်တယ်၊ အမြဲတမ်း လိုက်လျော အလျှော့ပေးတတ်တယ်၊ လူတိုင်းနဲ့လည်း အဆင်ပြေချင်တဲ့သူ ဆိုပါစို့။ သူ့မိတ်ဆွေ တယောက်က သူ့ရဲ့ လူမှုကွန်ယက် Wall မှာ လူမျိုးရေး ခွဲခြားတာတွေ လာ share မယ်။ အဲဒီ့မိတ်ဆွေက ကိုယ့်ရှေ့မှာ တခြားလူမျိုးခြားတွေကို ခွဲခြား ဆက်ဆံတာ၊ နှိမ့်ချ ဆက်ဆံတာတွေ လုပ်လာတဲ့ အခါကိုယ်က လက်မခံကြောင်း မပြသဘဲ “သြော်…သူ့မှာလည်း သူ့အကြောင်းပြချက်နဲ့သူ အမျိုးသားရေး အမြင်တွေ၊ မျိုးချစ်စိတ်ဆိုတဲ့ အမြင်တွေ ရှိနေလို့ ဖြစ်မှာပါလေ၊ အဲလိုခွဲခြားခြင်းက သူ့အတွက်တော့ အမှန်တရား ဖြစ်နေလိမ့်မယ်။ သူလည်း သူ့လူမျိုးသူ ချစ်လွန်းအားကြီးလို့ ဖြစ်မှာပါလေ” လို့ တွေးပေးလိုက်တယ် ဆိုပါစို့။ ဒီလို တွေးပေးလိုက်ခြင်းဟာ ထပ်တူ အဖြေလွှာ ၂ ခုကို မတူတဲ့အမှတ် တွေ ပေးလိုက်တဲ့ ကျောင်းဆရာလို ဖြစ်သွားမှာပါ။ အဲလိုတွေးပေးသူဟာ၊ ဒီမကောင်းတဲ့ အပြုအမူ တခုတည်းကိုပဲ ကိုယ့်အတွက်တော့ “မှား” တယ်။ တခြားသူအတွက်တော့ “မှန်” တယ်လို့ အဲဒီ့ တခြားသူရဲ့ အစွဲအလမ်း ရှုထောင့်ကနေ သွားတွေးပေးပြီး အမှန်အဖြစ် သတ်မှတ် နားလည် ပေးလိုက်လို့ပါပဲ။

တချို့သူတွေ ပြောတတ်ကြတာ ရှိပါတယ်။ ဟစ်တလာက ဂျူးလူမျိုးတွေကို သန်းနဲ့ချီပြီး သတ်ခဲ့တာဟာ ကြားလူတယောက် အမြင်နဲ့ ကြည့်ရင် မှားပေမဲ့ သူ့လူမျိုးတွေ အသာစီးရဖို့အတွက် လူမျိုးခြားတွေကို သတ်တာမို့ သူတို့ ရှုထောင့်က ကြည့်ရင် မှန်တယ် လို့ တချို့က ဆိုတတ်ကြပါတယ်။ တကယ်တော့ ဒါဟာ double standard ပါ။ စံနှုန်းနှစ်မျိုးကို ကျင့်သုံးနေခြင်းပါ။ တကယ်တော့ ဓမ္မဆိုတာ “ဘက်” တွေ၊ အခြေအနေတွေ ကို လိုက်ပြီး ပြောင်းလဲရိုး ထုံးစံမရှိပါ။

နောက်ထပ် ဥပမာ တခုပေးရရင် အမျိုးသမီးတွေရဲ့ ပညာသင်ကြားခွင့်တွေကို ပိတ်ပင်တားဆီးတာဟာ မှားယွင်းတယ်လို့ ခံယူသူတယောက်ဟာ ကိုယ်တိုင်လည်း အမျိုးသမီးတွေ တန်းတူ အခွင့်အရေး ရရှိရေးကို အားပေးရမှာ ဖြစ်သလို၊ တခြား အစဉ်အလာတွေ အောက်က လူတချို့က အမျိုးသမီးတွေရဲ့ ပညာသင်ကြားခွင့်ကို ပိတ်ပင်တားဆီးလာရင်လည်း ပြတ်ပြတ်သားသား ဆန့်ကျင်ရမှာ ဖြစ်ပါတယ်။ “သြော်…သူတို့ ယဉ်ကျေးမှုအရပဲလေ၊ သူတို့ ဘာသာရေးအရ ပဲလေ” ဆိုပြီး နားလည်ပေးဖို့ မသင့်ပါဘူး။ စိတ်ပိုင်းဆိုင်ရာ စံနှုန်း ဆိုတာ ယဉ်ကျေးမှုတွေ၊ အစဉ်အလာတွေနဲ့ ဘာမှ မဆိုင်ပါဘူး။ မှားယွင်းမှုတွေကို သည်းမခံရဘူး ဆိုတာဟာ မတူတဲ့ အုပ်စုတွေကို တိုက်ခိုက်ရမယ်၊ ရန်ရှာရမယ်လို့ ဆိုလိုတာတော့ မဟုတ်ပါဘူး။ မှားယွင်းမှုတွေအပေါ်မှာ နှုတ်ဆိတ်မနေဘဲ တားသင့်တာတား၊ ဆွဲခေါ်သင့်တာတွေကို ဆွဲခေါ်ရမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ အရေးကြီးလာတာကတော့ အမှားတွေကို တုံ့ပြန်ရာမှာ စေတနာ ပါမပါနဲ့ တုံ့ပြန်ပုံ တုံ့ပြန်နည်းပဲ ဖြစ်ပါတယ်။ မှန်စေချင်တဲ့ စေတနာနဲ့ တုံ့ပြန်တာနဲ့ ရန်ရှာလိုစိတ် သက်သက်နဲ့ တိုက်ခိုက်တာက အများကြီး ကွာပါတယ်။

ကျနော်တို့ဆီက နိုင်ငံသားတချို့မှာ မကြာမကြာ တွေ့ရတတ်တဲ့ အပြုအမူကို ကြည့်ရအောင်။ အသက် ၁၅ နှစ် အရွယ် ပါကစ္စတန် နိုင်ငံသူ မာလာလာ (Malala) ရဲ့ ကိစ္စနဲ့ ဥပမာ ပေးချင်ပါတယ်။ တာလီဘန်တွေက မိန်းကလေးတွေရဲ့ ပညာသင်ကြားခွင့် အပြင်းအထန် ဆန့်ကျင် တားမြစ်ပါတယ်။ မာလာလာ ကတော့ အဲလို အန္တရာယ်တွေ ကြားကနေ ကိုယ်တိုင်လည်း ပညာသင်ချင်သူ ဖြစ်သလို မိန်းကလေးတွေ လွတ်လွတ်လပ်လပ် ပညာသင်ကြားခွင့်ရအောင်လည်း သူ အသက် ၁၁ နှစ် အရွယ်ကတည်းက စပြီး စည်းရုံးလှုံ့ဆော်ခဲ့သူပါ။ အကြိမ်ကြိမ် ရန်ရှာခံနေရ၊ အသက်အန္တရာယ် ခြိမ်းခြောက်ခံနေရတဲ့ ကြားက မာလာလာဟာ မိန်းကလေးတွေ ပညာသင်ကြားခွင့် ရရှိရေးအတွက် လှုပ်ရှားဆောင်ရွက်မှုတွေ အပြင်းအထန် ပြုလုပ်ခဲ့ပါတယ်။ ၂၀၁၂ခုနှစ် အောက်တိုဘာမှာတော့ မာလာလာ စီးလာတဲ့ ကျောင်းကားကို တာလီဘန်တွေက တားဆီးပြီး မာလာလာကို ရွေးထုတ်ပြီးတော့ သေနတ်နဲ့ ပစ်တဲ့အတွက် မာလာလာဟာ ခေါင်း၊ လည်ပင်းနဲ့ ပုခုံးမှာ ဒဏ်ရာ ပြင်းပြင်းထန်ထန် ရခဲ့ပါတယ်။ ပြင်းထန်တဲ့ ဒဏ်ရာကြောင့် မာလာလာဟာ သေမလို ဖြစ်ခဲ့ရ၊ မေ့မျောခဲ့ရပေမဲ့ ဆေးကုသမှုတွေ ခံယူပြီး ကျန်းမာရေး အခြေအနေ တိုးတက်လာခဲ့ပါတယ်။ အဲဒီ့လို ကိစ္စမျိုးကို ကျနော်တို့ နိုင်ငံသားတချို့ ဝေဖန်ရာမှာ တာလီဘန်တွေကို ပြင်းပြင်းထန်ထန် ဝေဖန်တာကတော့ ကောင်းပါတယ်။ ဒါပေမဲ့ ဝေဖန်သူတွေက စေတနာနဲ့ ဝေဖန်တာမျိုးထက် တာလီဘန်တွေက မွတ်စလင်၊ ဒါကြောင့် မွတ်စလင် မှန်သမျှ တယောက်မှ မကောင်းဘူး၊ အကုန်ဆိုးတယ် ဆိုတဲ့ ဝါးလုံးရှည်နဲ့ ရမ်းတဲ့သဘောမျိုး ဖြစ်နေတယ်။ တဘက်မှာ မာလာလာလည်း မွတ်စလင် ဆိုတာကို မမြင်ကြဘူး။ အဲလိုပဲ ဘာသာရေး အစွန်းရောက်တွေက မွတ်စလင် အမျိုးသမီး activists တွေကို နှိပ်ကွပ်တဲ့အခါမျိုးမှာဆိုရင်၊ တချို့ဝေဖန်သူတွေက…အာခံရဲတဲ့ အမျိုးသမီးတွေကို လေးစားတာမျိုး၊ နှိပ်ကွပ်ခံရသူတွေကို သနားတာမျိုးထက် မွတ်စလင်မှန်သမျှ တယောက်မှ မကောင်းဘူး ဆိုတဲ့ပုံစံမျိုး ပြောချင်စိတ်တွေပဲ ထက်သန်နေတာကို တချို့တွေ ဆီမှာ တွေ့ရပါတယ်။ တကယ်လို့ မာလာလာလို လူမျိုး မြန်မာပြည်မှာ ပေါ်လာရင်လည်း အဲလိုလူတွေက သနားကြမှာမဟုတ်ဘဲ ကုလားမ ဆိုတဲ့အမြင်နဲ့ ဆဲကြဦးမှာပါပဲ။ အယူအဆဆိုးတွေကို ဖြန့်ချီသူတွေ၊ အစွန်းရောက်တွေကိုပဲ ပစ်မှတ်ထားရမယ့် အစား အလယ်အလတ် သမားတွေ၊ ကောင်းတဲ့တော်တဲ့သူတွေ ကိုပါ ရန်ရှာနေကြပါတယ်။ တခါတခါ ဆိုးဝါးတဲ့ သတင်းတွေ တွေ့ရင် အလုအယက် share ကြတာမျိုး မြင်နေရတော့ ဒါမျိုးအဖြစ်တွေကို တကယ်မရှိစေချင်တာမှ ဟုတ်ရဲ့လားလို့တောင်မှ သံသယ ဖြစ်မိပါတယ်။ ဒီလိုအဖြစ်ဆိုးတွေ ရှိလေ သူတို့ကို အပုပ်ချလို့ ကောင်းလေ၊ မုန်းအောင်လုပ်လို့ ကောင်းလေလို့တွေးပြီး အဲလို အဖြစ်အပျက်တွေ များများရှိစေချင်တာလားလို့တောင် သံသယ ဖြစ်မိပါတယ်။

Social network တွေပေါ်မှာ အများဆုံးတွေ့ရတာတွေက အယူအဆမှားတွေကို ဝေဖန်တာမျိုးထက် hate speech မျိုးဖြစ်နေပါတယ်။ hate speech ဖြန့်ဝေသူ ကိုယ်တိုင်က မှားယွင်းနေတဲ့ အတွက် တခြားသူရဲ့ အမှားမျိုးကို ဝေဖန်ဆန့်ကျင်ရာမှာ ထိရောက်မှုလည်း မရှိနိုင်တော့ပါဘူး။ ရန်လိုမှုကို အခြေခံပြီး လုပ်နေတာမို့ ကောင်းကျိုးလည်း ဖြစ်လာမှာ မဟုတ်ပါဘူး။

မာလာလာဟာ တခြားသူတွေ (တာလီဘန်တွေ) ရဲ့ အယူအဆ မှားတွေကို သည်းခံမနေဘဲ၊ အန္တရာယ်တွေ ကြားထဲကနေ နည်းမှန်လမ်းမှန်နဲ့ တုံ့ပြန်ခဲ့သလိုမျိုးပဲ၊ ကိုယ်ပိုင် စိတ်ပိုင်းဆိုင်ရာ စည်းကမ်းကို တန်ဖိုးထားသူ တယောက်ဟာ၊ တခြားတယောက် (ဒါမှမဟုတ်) တခြားအုပ်စုတခုရဲ့ မှားယွင်း ချွတ်ချော်မှု တခုခုကို တွေ့တဲ့အခါမှာ နှုတ်ဆိတ်မနေဘဲ ဝေဖန်ဖို့ တာဝန်ရှိပါတယ်။

ဒဿနိကဗေဒ ရှုထောင့်က ကြည့်ရင်တော့ မှန်ခြင်းမှားခြင်း ခွဲခြား သတ်မှတ်တဲ့ နေရာမှာ၊ ကောင်းမှု မကောင်းမှု သတ်မှတ်တဲ့နေရာမှာ၊ သည်းခံသင့်တဲ့ limit သတ်မှတ်တဲ့ နေရာတွေမှာ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးငြင်းခုန်စရာတွေ ရှိနေမှာ ဖြစ်ပေမဲ့ လူမှုလောကမှာတော့ အဲ့လောက်ထိ ကပ်ကပ်သတ်သတ် စဉ်းစားစရာ မလိုတာမို့ သိပ်မခက်ခဲပါဘူး။ အမှန်အမှား သတ်မှတ်ဖို့ ညှိနှိုင်းရာမှာ အစဉ်အလာ ဘာသာရေးတွေကို သုံးပြီး ညှိနှိုင်းသတ်မှတ်ဖို့ အဆင်မပြေ နိုင်ပေမဲ့ ဘုံဆန်တဲ့၊ ဘာသာလူမျိုး မရွေး သက်ဆိုင်တဲ့ လူသားကျင့်ဝတ်တွေ၊ အသက်မွေးဝမ်းကျောင်း ဆိုင်ရာ ကျင့်ဝတ်တွေ၊ လူ့အခွင့်အရေး စံနှုန်းတွေနဲ့ ချိန်ထိုးပြီး အတိုင်းအတာ တရပ်အထိ ဆုံးဖြတ်နိုင်မှာပါ။

အဲလို ဆုံးဖြတ်ပြီးပြီ ဆိုရင်၊ နောက်ဆုံးပိတ် လိုအပ်တာကတော့ မှားနေတာကို မှားနေတယ်လို့ မကြောက်စတမ်း၊ အားမနာ စတမ်း ပြောရဲတဲ့ သတ္တိပဲ ဖြစ်ပါတယ်။ လူဆိုးတွေ အစွန်းရောက်သူတွေက လက်ရဲဇက်ရဲ ရှိသလောက်၊ အမှန်အမှား ခွဲခြားတတ်ပြီး စိတ်ကောင်းရှိသူတွေက ကြောက်နေကြတဲ့ အတွက်၊ အားနာနေကြတဲ့ အတွက်၊ စိတ်ကုန်နေကြတဲ့ အတွက်၊ အမုန်းမခံနိုင်ကြတဲ့ အတွက်၊ လူမှုလောကကြီးထဲမှာ တဘက်စောင်းနင်းတွေ ဖြစ်နေတာမို့ ရဲဝံ့တဲ့ အသံတွေ လိုအပ်နေပါတယ်။ အမှားအယွင်းတွေ အဆိပ်အတောက်တွေကို ဖိနှိပ်မှုတွေကို သည်းမခံတဲ့ အသံတွေ လိုအပ်နေပါတယ်။ ဒါကြောင့်…သည်းမခံခြင်းသည်လည်း ကောင်းမှုကုသိုလ်။

ကောင်းကင်ကို Ref: (Andrew Pessin ၏ Intolerance is a Virtue ကို မှီငြမ်း ရေးဖွဲ့ပါသည်။)

Tuesday, January 8, 2013

(ကမ္ဘာပျက်မပျက်နှင့် ဘာသာရေး) (အလုံးစုံသိသော God နှင့် အရာရာစွမ်းဆောင်နိုင်ခြင်း တွဲပြီးရှိနိုင် မရှိနိုင်) (အလုံးစုံကြိုတင်သိသောဥာဏ်နှင့် free will တွဲပြီးရှိနိုင် မရှိနိုင်)

(ကြိုတင်သတိပေးလိုတာက ဒီပို့စ်မှာ ဘာသာရေးတွေရဲ့ ရှေ့နောက်ညီမှု မညီမှုကို ဆန်းစစ်တာတွေ ပါဝင်မှာဖြစ်တာကို သတိပေးလိုပါတယ်။)
(၁) တခြားနိုင်ငံတွေမှာတော့ အသေအချာမသိ။ ကျနော်တို့ နိုင်ငံမှာတော့ ကမ္ဘာပျက်မပျက်ကို NASA ရဲ့ webstie မျိုး သွားကြည့်ကြတာထက် ဘာသာရေးရှုထောင့်ကနေ ကြည့်ပြီး တွေးကြတာ များပါတယ်။ အဲဒီ့လိုတွေးတဲ့ နေရာမှာ တကယ်လည်း ကမ္ဘာက ပျက်စရာ မရှိသေးတာကြောင့် ဘာသာရေးရှုထောင့်ကနေ ထွက်လာတဲ့ result တွေကတော့ မှန်နေမှာပဲ။

(၂) ကွန်မန့်တခုကို ဖတ်ပြီး ပြုးမိတယ်။ စကားလုံးအတိအကျ မမှတ်မိပေမဲ့ ကမ္ဘာပျက်မပျက်ကို ဗုဒ္ဓက အသိဆုံးတဲ့။ ဗုဒ္ဓသာလျှင် ကမ္ဘာကြီးရဲ့ အစောဆုံး၊ အကုန်အသိဆုံး သိပ္ပံပညာရှင်ကြီးတဲ့။ NASA ဆိုတာက Junior လေးတဲ့။ (ဒီနေရာမှာ တခု စဉ်းစားမိတာက ဘာသာရေးတွေ အသီးသီးကသာ သိပ္ပံနည်းကျ ဘာသာရေး ဆိုပြီး ဘာလို့ သိပ္ပံကို အလေးထားပြီး ဂုဏ်ယူနေကြတာလဲ။ ဘာကြောင့် သိပ္ပံရဲ့ အသိအမှတ်ပြုမှု ထောက်ခံမှု ကို ဘာသာဝင်တွေက အရေးတကြီး လိုအပ်နေရတာလဲ။ သိပ္ပံကတော့ ရှင်းတယ်။ ဗုဒ္ဓနည်းကျ သိပ္ပံတို့၊ ခရစ်ယာန် နည်းကျသိပ္ပံတို့၊ အစ္စလာမ်နည်းကျ သိပ္ပံတို့ ဆိုတာတွေ မရှိဘူး။ ဘယ်ဘာသာရေးရဲ့ နာမည်ကိုမှ ယူသုံးနေဖို့ မလိုပါ) ပြီးတော့ ခုနက Comment ရှင် ဆက်ပြောထားတာက နောက်ဘုရားပွင့်ပြီးမှ ကမ္ဘာပျက်မယ် တဲ့။ အဲဒါနဲ့ ပတ်သတ်ပြီးတော့ ကျနော် ဝတ္ထုတပုဒ်ထဲမှာ ထည့်ရေးထားတာလေးကိုပဲ ပြန်ကော်ပီလုပ်ပြချင်ပါတယ်။ “ကမ္ဘာမပျက်ခင်မှာ ပွင့်မယ့် ဘုရားတွေ အကြောင်း ကျမ်းပြုသူတွေ ရေးတာကိုလည်း တွေးကြည့်တယ်။ ယာဉ်ရထားတွေက ဆင်မင်း ၇,၀၀၀၊ မြင်း ၁,၀၀၀ နဲ့ မောင်းနှင်မယ့် ရာထားယာဉ်တော် ခုနစ်ရာတဲ့။

ပဒေသရာဇ်ခေတ်ရဲ့ အကောင်းဆုံးယာဉ်တွေကို ကြည့်ပြီး ရေးလိုက်တာဖြစ်ရမယ်။ တကယ်ဆို ကမ္ဘာမပျက်ခင်မို့ ခေတ်မီယာဉ်တွေပဲ ဖြစ်သင့်တာပေါ့။ ကမ္ဘာမပျက်ခင်မှာကိုပဲ လူတွေက ဟိုးကျောက်ခေတ်ကနေ evolution နဲ့ ပြန်စရမယ်ဆိုရင်တော့လည်း မသိဘူးပေါ့”

အဲဒီ့လိုပဲ အုပ်ချုပ်မယ့် စနစ်ကလည်း ရှေးခေတ်က အမတ်တွေနဲ့ အုပ်ချုပ်မယ့် ပဒေသရာဇ်စနစ်၊ စကြဝတေးမင်း ဆိုတာကလည်း တကမ္ဘာလုံးကို ပိုင်ဆိုင်ဖို့ မဆိုထားနဲ့ အဲဒီ့ခေတ်က သူတို့သိသလောက် မဇ္ဈိမ ဒေသလေး၊ အိန္ဒိယ ကွက်ကွက်ကလေးကို ပြောတာမျိုးဖြစ်နေတယ်။” ဒီတော့ ယုတ္တိမရှိဘူးပဲ ဆိုရမှာပေါ့။ ဒီနေရာမှာ တချို့က စောဒက တက်နိုင်တယ်။ တခြားလူတွေ လျှောက်ရောထားတာတွေလည်း ပါတယ်လို့။ ဒါဆိုရင် ဒီပိဋကတ်တွေထဲက ဒီပုံပြင်တပုဒ်ထဲမှာပဲ ပါတာချင်း အတူတူ ကိုယ်နှစ်သက်တဲ့ ဘုရားပွင့်မယ် ဆိုတာကျတော့ ဘုရားဟောလို့ လက်ခံနိုင်ပြီး ခုနကလိုဟာတွေကျတော့ ရှေးကတခြားလူတွေ လျှောက်ထည့်ထားတာလို့ ဘယ်လိုအထောက်အထားနဲ့ ပြောနိုင်ရတာလဲ? တကယ်က အကုန်လုံး တခြားလူတွေ အဆက်ဆက် လျှောက်ရေးထားတာ ဖြစ်နိုင်သလို နှစ်ခုလုံး ဘုရားဟောခဲ့တာလည်း ဖြစ်နိုင်တာပဲ။ ဒီတော့ ကိုယ်လက်ခံချင်တဲ့ အပိုင်းမှ ဘုရားဟော ဆိုပြီးတော့ လက်ခံပြီးတော့ မလက်ခံချင်တဲ့ အပိုင်းမှ ဘုရားဟော မဟုတ်ဘူးလို့ (ဘာအထောက်အထားမှ မပါဘဲ) ပြောခြင်းကရော တရားနည်းလမ်းကျပါသလား?

ကိုသိန်းမြင့်ဝင်းဆိုတဲ့ မိတ်ဆွေတယောက် ရေးဖူးသလို…. လူ့သဘာဝအတိုင်း ကိုယ်လိုချင်တဲ့အချက်ကလေးကို ကြိုတင် ရွေး၊ မလိုချင်တဲ့ အပိုင်းကို ပယ်ပြီးတဲ့အခါမှ….ကိုယ်ရွေးထားတာနဲ့ ပယ်ထားတာကို အထောက်အကူပြုမယ့် ဆင်ခြေဆင်လက်တွေ လိုက်ရှာနေခြင်းနဲ့ အတူတူပါပဲ။

ဒီနေ့လိုခေတ်မှာ လူအများကြီး လက်ခံနိုင်မယ့် ဘုရားအသစ်တွေ၊ တမန်တော်အသစ်တွေ မပေါ်တော့တာကလည်း အကြောင်းရှိပါတယ်။ ဒီနေ့ခေတ်မှာက အရာရာကို ဆန်းစစ်မယ့် သူတွေရယ်၊ စမ်းသပ်စစ်ဆေးမယ့် မီဒီယာတွေရယ်ကြောင့် ဘယ်သူမဆို perfect မဖြစ်နိုင်ဘူးဆိုတာ ထင်းထင်းကြီး ပေါ်လာမှာ ဖြစ်တဲ့အတွက် အင်မတန် ဥာဏ်ပညာကြီးသူ ပေါ်လာရင်တောင် ဘုရားတော့ ဖြစ်လာမှာ မဟုတ်ပါဘူး။

ခုခေတ် သိပ္ပံပညာရှင်တွေ တွေ့ရှိသမျှက ဗုဒ္ဓဘာသာထဲမှာ ပါပြီးသားတွေချည်းပဲ။ သူတို့ကတောင် အကုန်မသိသေးဘူးလို့ ယုံကြည်သူများနဲ့ ပတ်သတ်ပြီးတော့ ပြောရရင် ကျော်စွာလင်း ပြောဖူးတာကို သတိရပါတယ်။ အဲလိုသာဆိုရင် ကမ္ဘာပေါ်မှာ ရှိတဲ့ တက္ကသိုလ်ကြီးတွေ ပိတ်လိုက်ပြီးတော့ မြန်မာပြည်က ဘုန်းကြီးကျောင်းတွေမှာ စာလာသင်ကြရုံပဲတဲ့။

တကယ်တွေးကြည့်တော့လည်း ဟုတ်ပါတယ်။ ကိုယ့်ဘာသာရေးမို့ ကိုယ်ပိုတွေးမိတတ်တာတွေ ဖြစ်တတ်ပါတယ်။ တကယ်က ဗုဒ္စစာပေထဲမှာပါတဲ့ အနန္တ စကြဝဠာ ဆိုတာနဲ့ ဒီနေ့ခေတ် သိပ္ပံက စကြဝဠာ ဆိုတာက တူတာမဟုတ်ပါ။ စာပေထဲမှာ ပါတဲ့ အနန္တ စကြဝဠာ ဆိုတာက တကယ်တော့ မြင့်မိုရ်တောင်လို ဟာတွေကို အခြေခံထားတဲ့ စကြဝဠာပါ။ သိပ္ပံက infinite universe ဆိုတဲ့ အသုံးအနှုန်းကို မြန်မာလိုမှာ အဲဒီ့ အနန္တ စကြဝဠာ ဆိုတဲ့ အသုံးအနှုန်းနဲ့ စကားလုံး ဖလှယ်ပြီး သုံးလိုက်တော့ ကာလ ရွေ့လျားလာတဲ့အခါ ဗုဒ္ဓစာပေထဲမှာ ပါခဲ့တယ်လို့ တချို့ ဆွဲပြောကြ၊ တချို့က ထင်လာကြတာပါ။ သိပ္ပံက တွေ့ပြီးမှ ဖြစ်လာတဲ့ ဟာတွေပါ။

နဂိုတုန်းက လပေါ်လူမရောက်နိုင်လို့ အများစုက ထင်ခဲ့ကြတာ မဟုတ်လား။ ရှေးစာပေထဲမှာ အနန္တ စကြဝဠာ မပြောနဲ့ ၊ လကိုတောင် ကောင်းကောင်းရှင်းပြနိုင်တာမှ မဟုတ်တာ။ အဲလိုပဲ အဏုမြူ ဆိုတဲ့ စကားလုံးကို nucleus ဆိုတာ တွေ့လာပြီးမှ စကားလုံးဖလှယ်ကြ ဘာသာပြန်လိုက်ကြတော့ ကျမ်းစာထဲမှာ ပါဖူးသလိုလို ဖြစ်သွားတာပေါ့။ တကယ်က အသေးစိတ် ဘာမှ မပါတဲ့အတွက် တူတယ်လို့ ပြောစရာ လုံးဝ အကြောင်းမရှိပါ။

တကယ်တော့လည်း ဘာသာရေးဆိုတာ စိတ်ငြိမ်းချမ်းအောင် အထောက်အကူ ပြုတဲ့ အလုပ်ပါပဲ။ သိပ္ပံကို မသိခြင်းကလည်း ဘာသာရေးရဲ့ အပြစ် မဟုတ်ပါ။

(၃) အလုံးစုံ သိနိုင်တယ် ဆိုတာနဲ့ ပတ်သတ်ပြီး နောက် တဆင့် တက်စဉ်းစားကြည့်ရအောင်။ ဒီတခါ ထာဝရ ဘုရားသခင်ကို ယုံကြည်တဲ့ ဘာသာတွေကနေ စပြီး ပြောကြည့်ချင်ပါတယ်။ ထာဝရ ဘုရားသခင်က အရာရာကို စွမ်းတယ်၊ လုပ်ပေးနိုင်တယ် ဆိုပြီး God’s omnipotence လို့ ပြောကြလေ့ ရှိတယ်။ စဉ်းစားကြည့်ရအောင်။ သူက အရာရာကို ဇာတ်ကွက်ချပြီး ကြိုတင် ဖန်ဆင်းထားတယ် ဆိုတာ ဟုတ်နေတယ်ပဲ ဆိုပါစို့။ သူက အကွက်ချတဲ့သူဆိုတော့ ဘယ်သူဘာဖြစ်မယ်၊ ဘယ်သူဘယ်နေ့သေမယ် ဆိုတာ ကြိုသိနိုင်မယ် ဆိုပါတော့။ ကြိုအကွက်ချထားမှ ကြိုသိနိုင်မယ်လေ။ ဒါဆိုရင် God ဟာ သူသိထားတဲ့၊ သူပြဌာန်းထားတဲ့ ဘယ်သူဘာဖြစ် ဆိုတာကို ပြောင်းနိုင်ပါဦးတော့မလား? ဒါဆိုရင် God ဟာ ဘယ်သူဘယ်နေ့မှာ အမိန့်တော်ခံယူ၊ ဘယ်သူဘယ်နေ့မှာ သေ၊ ဘယ်သူဘယ်နေ့မှာ လက်ထပ် ဆိုတာကြီးကို ပြောင်းပေးဖို့ မဖြစ်နိုင်တော့ဘူး။ သူ့ကို ယုံကြည်လာပြီး ဆုတောင်းလာသူကို သူကိုယ်တိုင် ရေးခဲ့တဲ့ နဂိုဇာတ်လမ်းကနေ သွေဖည်ပြီး ပိုကောင်းအောင် လုပ်ပေးလို့ မရတော့ဘူး။ လုပ်ပေးလိုက်ရင် သူကြိုသိတယ်ဆိုတာက တလွဲကြီး ဖြစ်သွားပြီလေ။ သူကြိုသိသွားခြင်းက မမှန်တော့ဘူး။ ဒီတော့ God ဟာ အရာရာကို ကြိုသိနေတယ်ဆိုရင် အရာရာကို မစွမ်းတော့ပါဘူး။ ဒီလိုဆိုရင် God က အရာရာကိုစွမ်းတယ်လို့ ယူဆလိုက်ရင်ကော….ဒါဆိုရင် သူ့ကိုဆုတောင်းလာသူတွေရဲ့ ဆန္ဒကို ဖြည့်ပေးဖို့ အတွက် သူကြိုရေးခဲ့တဲ့ ဇာတ်လမ်းကို ပြောင်းပေးနိုင်စွမ်း ရှိရမှာ ဖြစ်တဲ့အတွက် God ဟာ အနာဂတ်ကို ကြိုသိနိုင်စွမ်း ရှိမှာ မဟုတ်ပါ။ ဒါဆိုရင် God မတတ်နိုင်တာ ရှိကိုရှိရမယ် ဆိုတာ သေချာနေပါပြီ။ ဒီတော့ All-knowing God နဲ့ အရာရာကို စွမ်းနိုင်ခြင်းဟာ တွဲပြီး မရှိနိုင်ပါ။ နှစ်ခုလုံးရှိနေတယ် ဆိုရင် ရှေ့နောက်မညီဘူးလို့ပဲ ပြောရမှာပါ။ (တကယ်ဆိုရင်တော့ logic အရ အဲဒီ့နှစ်မျိုးလုံး တွဲပြီး ရှိဖို့ မပြောနဲ့ တမျိုးမှ မရှိနိုင်ဘူးဆိုတာတောင် ထင်ရှားသွားပါပြီ။)

(၄) ဗုဒ္ဓဘာသာဘက်ကို လှည့်ပြီး စဉ်းစားကြည့်ရအောင်။ ဗုဒ္ဓက အကြောင်းကြောင့် အကျိုး ဖြစ်ရတယ် ၊ လုပ်မှ ရတယ် ဆိုတာကို အလေးပေးတယ်လို့ ကျမ်းတွေက ဆိုကြတယ်။ ဒါဆိုရင် အကြောင်းတရားကိုတောင် မလုပ်ရသေးခင်မှာ အကျိုးတရားကို ဟောတယ်ဆိုတာ သဘာဝ ကျရဲ့လား။ ကျနော့် တခြား ဝတ္ထုတိုထဲကပဲ ကောက်နုတ်ပြပါမယ်။ “ဗျာဒိတ်တွေကိုပဲကြည့်။ မီးနဲ့ ၇ ကြိမ်၊ ပြီးရင် ရေနဲ့ ၁ကြိမ် နောက်ပြီး ၆၄ ကြိမ် မြောက်ကျ လေနဲ့ ပျက်မယ် ဆိုတာတွေက အသေပြဌာန်းပြီးသား ဖော်မြူလာတွေလို ဖြစ်နေတယ်။ ကမ္ဘာကြီး ဘယ်နည်းနဲ့ ပျက်မယ် ဆိုတဲ့ ကိစ္စဟာ လူသားတွေ ဒါမှမဟုတ် သတ္တဝါတွေရဲ့ လုပ်ဆောင်မှုတွေ အပေါ် မူတည်မနေဘဲ (သို့မဟုတ်) လူသားတွေကိုယ်တိုင်ရဲက လက်ထဲမှာ ရှိမနေဘဲ သူဟောတဲ့အတိုင်းဘဲ ဖြစ်ရမယ် ဆိုတဲ့အတွက် ပုံသေဇာတ်ညွှန်း ရေးထားသလိုကြီး ဖြစ်နေတယ်” အခု အစိုးရရဲ့ လေသံကို မှီးပြီး ဟာသလုပ်ရမယ်ဆိုရင်တော့ နောက်ကွယ်က ကြိုးကိုင်သူ ရှိသလို ဖြစ်နေတယ်။ ဘုရားပွင့်မယ့် နာမည်တွေ၊ ဒေသတွေ ၊အပင်တွေက အစ အသေးစိတ် ကြိုတင် ဇာတ်ညွှန်းချထားသလိုကြီး ဖြစ်နေတယ်။ ဒီနေရာမှာ ပါရမီဖြည့်မှ ရတာလို့ စောဒက တက်လို့ ရပေမဲ့ ရှေးက ဘုရားတွေရဲ့ ဟောသမျှ ဗျာဒိတ်တွေသာ ရာနှုန်းပြည့် မှန်ကြေးဆိုရင်၊ ဘုရားတွေ ဟောထားတဲ့ ဗျာဒိတ်တော်တွေ “မှတပါး အခြားမရှိ” အဲဒီ့အတိုင်းပဲ ဖြစ်ရမယ်ဆိုရင် ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့် ရှိတယ်ဆိုတာ ဘယ်ဟုတ်နိုင်တော့မလဲ။ အဟောခံရသူတွေရဲ့ စိတ်ထားတွေ ပြောင်းသွားပြီး လုပ်ဆောင်ချက်တွေ ပြောင်းသွားရင် အကျိုးဆက်တွေ ပြောင်းမသွားနိုင်ဘူးလား။ ပြောင်းသွားနိုင်တယ်ဆိုရင် ဘုရားတွေရဲ့ ဗျာဒိတ်တွေ လွဲပြီ။ ပြောင်းမသွားနိုင်ဘူး ဗျာဒိတ်တွေ အတိုင်း ဖြစ်ရမယ်ဆိုရင်လည်း လူတွေမှာ ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့်ရှိတယ် (free will) ရှိတယ်ဆိုတာက လွဲပြီ။ ရာနှုန်းပြည့်ဟောသမျှက မှန်ရမယ် ဟောတဲ့အတိုင်းက လွဲလို့ တခြားဖြစ်နိုင်ချေ မရှိဘူးဆိုရင် လူတွေမှာ free will ရှိတယ်လို့ ဘယ်လိုလုပ် ခေါ်နိုင်တော့မှာလဲ။ လူတယောက်အတွက် ဒါမှမဟုတ် လူပေါင်းများစွာအတွက် ကိုယ်လုပ်တာတွေပေါ် မူတည်ပြီး ဖြစ်နိုင်ချေတွေ အများကြီး ပွင့်နေတယ်ဆိုရင်တော့ “ဗျာဒိတ်တွေ ဟောတဲ့အတိုင်း အကုန်လုံး မှန်ရမယ်” ဆိုတာက အဓိပ္ပါယ် မရှိတော့ပါ။ ဒီနေရာမှာ စာကျက်တဲ့ကျောင်းသား စာမေးပွဲအောင်မယ်လို့ ဟောတာမျိုး ဆိုရင်တော့ လက်ခံတယ်။ ဒါဆိုရင်လည်း စာမေးပွဲအောင်မယ် ဆိုတာကိုပဲ ဟောလို့ရမယ်။ အဲဒါမျိုးက တွက်ချက်တာ။ ကြိုသိလို့ ဟောခြင်းမဟုတ်။ ဒီတော့ ခန့်မှန်းတာဆိုတော့ လွဲတဲ့အခါလည်း ရှိကိုရှိရမယ်။ အဲ…စာကြိုးစားတဲ့ကျောင်းသားကို ဘယ်အပုဒ်တွေမှာ အမှတ်ဘယ်လောက်ရပြီး စုစုပေါင်း အမှတ်ဘယ်လောက်နဲ့ အောင်မယ်လို့ ဟောတာမျိုးကကျ အကုန်ကြိုသိသလို ဖြစ်သွားပြီ။ တွက်တာ မဟုတ်တော့ဘူး။ ဗျာဒိတ်တွေ အတိုင်းသာ အတိအကျဖြစ်ကြေးဆိုရင် hard determinism ဖြစ်သွားပြီ။ ပွင့်လာမယ့် ဘုရားတွေဆိုတာ မလွဲမသေ ပွင့်ရမှာမို့၊ ငရဲကျမယ့်သူဟာလည်း ကြိုဟောထားတဲ့အတိုင်းမလွဲမသွေ ကျကိုကျရမှာမို့ တကယ်လေးလေးနက်နက် စဉ်းစားကြည့်ရင် လူတွေ သတ္တဝါတွေ အားလုံးဟာ ကြိုတင်ရှိပြီးသား ဇာတ်ညွှန်းထဲက ဇာတ်ကောင်တွေ အဆင့်ကို လျှောကျသွားလိမ့်မယ်။ ဥပမာ ဒီလူဟာ တရားရကို ရရမယ် ဆိုပါစို့။ ဒါဆိုရင် တရားက ဗျာဒိတ်အတိုင်း (ဟောတဲ့အတိုင်း) ရကို ရရတော့မှာမို့ တရားကိုလည်း ကျင့်ကို ကျင့်ရတော့မယ်။ ဒီတော့ တရားကျင့်ခြင်းက free will နဲ့ ကျင့်တာမျိုး မဟုတ်တော့ဘဲ ရုပ်ရှင်ဇာတ်ညွန်း တခုမှာ ယုတ္တိရှိအောင် တရားရမယ့်ဇာတ်လိုက်အတွက် တရားကျင့်တဲ့ဇာတ်ဝင်ခန်း ထည့်ပေးတဲ့ အဆင့်မျိုးပဲ ရှိတော့မယ်။ ဘာလို့တုန်းဆိုတော့ အဲဒီ့အတိုင်းကြီး ဖြစ်ကို ဖြစ်ရတော့မယ်လို့ ဆိုထားတာကိုး။ ဒီတော့ free will နဲ့ အလုံးစုံကြိုသိခြင်းဟာ mutually exculsive ဖြစ်နေတဲ့ အတွက် တခုမှန်ရင် တခုမှားမှာပါ။ ဘယ်ဟာမှန်မယ် ဘယ်ဟာမှားမယ်လို့တော့ မပြောနိုင်ပါ။ ((

(၅) ကျနော် ဆိုလိုချင်တာက free will က မှန်ပြီး အလုံးစုံ ကြိုသိနိုင်ခြင်းက မှားတယ်လို့တော့ ဆိုလိုတာ မဟုတ်ပါ။ အဲဒီ့နှစ်ခု တွဲပြီး မရှိနိုင်တာ၊ တွဲပြီး ရှိနေတယ်ဆိုရင် ရှေ့နောက်မညီဘူး ဆိုတာကို ဆိုလိုတာပါ။ ဒီနေရာမှာ philosophy မှာ determinism ဆိုတဲ့ ဟာ ရှိပါတယ်။ အရာရာက ပြဌာန်းပြီးသားပေါ့။ အဲဒါကလည်း God ကို ထောက်ခံထားခြင်းတော့ မဟုတ်ပါဘူး။ Nature နဲ့ Nurture က အရာရာကို ပြဌာန်းထားတဲ့ သဘောမျိုးပါ။ အဲဒါကို ဆက်ရေးရရင် ရှည်မှာမို့လို့ မရေးတော့ပါဘူး။ တကယ်က ကျနော်ဒီထဲက စာသားများများကို http://kaungkinko.blogspot.com/2012/01/free-will-determinism-by.html မှာ ရေးပြီးသားပါ။ အကြောင်းတိုက်ဆိုင်လာလို့ နောက် version တမျိုးအဖြစ် ရေးကြည့်တာပါ။ (

(၆) ကျနော်ပြောချင်တာ တခုရှိပါသေးတယ်။ ဘာသာရေးဆိုတာ အာဏာရှင် စနစ်တခု မဟုတ်လို့ လွတ်လွတ်လပ်လပ် အကျိုးသင့် အကြောင်းသင့် ဝေဖန်ခွင့် ရှိသင့်ပါတယ်။ ဝေဖန်တာနဲ့ စော်ကားတာ မတူပါ။ ကျမ်းတွေ အလိုအရဆိုရင်တော့ ဗုဒ္ဓရှိစဉ်အခါကလည်း မေးခွန်းတွေ လွတ်လွတ်လပ်လပ်မေးခွင့် ရှိခဲ့ပါတယ်။ ပဒေသရာဇ် ဘုရင်တွေ အုပ်ချုပ်တဲ့ ခေတ်တွေမှာတောင် မယုံကြည်လို့ မေးခွန်းထုတ်တဲ့သူတွေ အများကြီးပါ။ တကယ်တော့ ဘာသာအားလုံး အကုန်ကောင်းတယ်၊ သူ့ဟာလည်းကောင်းတယ် ငါ့ဟာလည်း ကောင်းတယ်ဆိုပြီး သဘောထားခြင်းက ရေရှည်မတည်တံ့နိုင်တဲ့ ယာယီ ဟန်ဆောင် ငြိမ်းချမ်းရေးမျိုးပါ။ တကယ့်တကယ် ဘာသာနှစ်ခု ယှဉ်လာကြတဲ့အခါ၊ အကျိုးကျေးဇူး ယှဉ်လာကြတဲ့အခါ ဟန်ဆောင်တာတွေ ပျောက်ပြီး ငြိကုန်ကြတာ များပါတယ်။ ဘာသာရေးတွေ ကြားမှာဖြစ်ဖြစ်၊ ဘာသာဝင်တွေနဲ့ ဘာသာမဲ့တွေ ကြားမှာဖြစ်ဖြစ် တကယ်ရေရှည်တည်တံ့မယ့် ငြိမ်းချမ်းရေးမျိုးက ဟန်ဆောင်ပန်ဆောင်တွေ ပြောမနေဘဲ သူ့ဟာလည်း အားနည်းချက် အားသာချက်တွေရှိတယ်၊ ငါ့ဟာမှာလည်း အားနည်းချက် အားသာချက်တွေ ရှိတယ်ဆိုတဲ့ လက်တွေ့ကျတဲ့ အယူအဆမျိုးပါ။ ဒါမှ ကိုယ့်ဘာသာရဲ့ အားနည်းချက်တွေကို ပြောလာကြတဲ့အခါ ခံနိုင်ရည်ရှိပြီး သဘောထားကြီးလာကြမှာ ဖြစ်ပါတယ်။

by ကောင်းကင်ကို (Facebook မှာ Friday, December 21, 2012 က တင်ခဲ့တဲ့ Note ပါ။)

Friday, December 14, 2012

ဘုန်းကြီးနဲ့ နိုင်ငံရေး

ဘုန်းကြီးနဲ့ နိုင်ငံရေး ကျနော့်အတွေးတွေကို ချရေးဖြစ်ခဲ့တဲ့ comment တခုပါ။ ကြေးနီတောင် ကိစ္စက သမိုင်းဝင် လယ်တီဆရာတော်ရဲ့ နေရာတွေနဲ့ ပတ်သတ်နေတော့ ဆန္ဒပြရမှာပါပဲ။ ဒီတော့ အပြစ်တင်စရာ မရှိပါဘူး။ အဲလိုမှ မဟုတ်ဘဲ နိုင်ငံရေးဆိုလည်း ကမ္ဘာမှာ ဒလိုင်းလားမားတို့က အစ နိုင်ငံရေး လုပ်နေတာတွေ ရှိပါတယ်။ သမိုင်းမှာလည်း ဆရာတော် ဦးဥတ္တမတို့၊ ဦးဝိစာရတို့ အပါအဝင် နိုင်ငံရေး လုပ်ခဲ့ကြတာတွေ ရှိပါတယ်။ တချို့က ဗိုလ်ချုပ်အောင်ဆန်း ပြောခဲ့တဲ့ ဘုန်းကြီးတွေ နိုင်ငံရေး မလုပ်သင့်ဘူး ဆိုတာကို ကိုးကားပြီး ဘုန်းကြီးနဲ့ နိုင်ငံရေး ကင်းကင်းနေသင့်ကြောင့် ပြောကြတာတွေ ရှိပါတယ်။ ဝိနည်းတွေကို ကိုးကားပြီး နှစ်ဘက် အပြန်အလှန် ဆွေးနွေးကြတာမျိုးတွေလည်း ရှိပါတယ်။ လူ့အခွင့်အရေး ရှုထောင့်ကနေ ကြည့်ရင်တော့ ဘုန်းကြီးတွေရဲ့ နိုင်ငံရေးလုပ်ပိုင်ခွင့်ကို ဘယ်သူမှ ပိတ်ပင်တားဆီးခွင့် မရှိဘူးလို့ ထင်ပါတယ်။

 တခုရှိတာက ကျနော်တို့ နိုင်ငံက နိုင်ငံသားတွေ နိုင်ငံသားဟောင်းတွေနဲ့ ဗုဒ္ဓဘာသာဝင် အများစုက ဘုန်းကြီးတွေ နိုင်ငံရေးလုပ်တဲ့အခါမှာ ဖြစ်စေ၊ တခြားနေရာမှာ ဖြစ်စေ လူတယောက်ယောက်နဲ့ ဘုန်းကြီးတပါးပါး သဘောထားကွဲလွဲကြတဲ့အခါမျိုးမှာ ဘယ်သူမှားတယ် မှန်တယ်ကို ယေဘုယျကျကျ မဆန်းစစ်ပဲ ဘုန်းကြီးနဲ့ သဘောထားကွဲတဲ့သူ အမှားလို့ ပြောတတ်ကြတာတွေ ရှိတယ်။ (အကုန်လုံးတော့ မဟုတ်ပါဘူး) နောက်တခုက ဆန္ဒပြလို့ လူတွေ ဘယ်လောက် သေသေ လူမထင်ကြဘူး။ ဂရုမစိုက်ကြဘူး။ ဘုန်းကြီးတခုခုဖြစ်မှ (အစိုးရရော၊ အတိုက်အခံရော၊ လူထုပါ) များသောအားဖြင့် ဂရုစိုက်ကြ တုန်လှုပ်ကြတယ်။ (ဒါတောင် အကုန်မဟုတ်ဘူးနော်။ တချို့က ဘုန်းကြီးဒဏ်ရာရလည်း မတုန်လှုပ်သေးတာတွေ ရှိတယ်။) လူတွေခံရလို့ကတော့ ဘယ်လောက်သေသေ မလှုပ်ကြဘူးဗျ။ ဒီတော့ လယ်အသိမ်းခံရတဲ့လူတွေအနေနဲ့၊ သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှာ ကြောက်တဲ့ သူတွေအနေနဲ့ သူတို့ဆန္ဒပြတာကို အားလုံးက ဂရုစိုက်စေချင်မှာပဲ။ ဒီ့အတွက် ပိုပြီးဂရုစိုက်လာအောင် အဖက်လုပ်လာအောင် အရာသွင်းလာအောင် ဘုန်းကြီးတွေ (ဆိုင်ဆိုင် မဆိုင်ဆိုင်) ဝင်ပါစေချင်မှာပဲ။ ဘုန်းကြီးတွေ နိုင်ငံရေးလုပ်တယ် ဆိုတာကလည်း ကမ္ဘာမှာရော မြန်မာ့သမိုင်း အစဉ်အဆက်မှာပါ ရှိခဲ့တော့ အခုကျမှ လာတားမယ် ဆိုတာလည်း သဘာဝ မကျဘူး။
တကယ်တော့ ဘုန်းကြီး မလုပ်သင့်ဘူးလို့ ပိတ်ပင်မယ့် အစား ဘုန်းကြီးနိုင်ငံရေးလုပ်လာပြီ ဆိုရင်တော့ ဘုန်းကြီးကို နိုင်ငံရေးသမားလိုပဲ မြင်သင့်တယ်။ ဆက်ဆံသင့်တယ်။ (ဒါပေမဲ့ ဘာသာရေးအရ ရှိခိုးတာတို့ ယဉ်ကျေးမှုအရ ရှိခိုးတာတော့ တော့ ရှိမှာပေါ့။ အဲလို ဗုဒ္ဓဘာသာဝင်တွေက ရှိခိုးကြသလို တဘက်မှာလည်း ဘုန်းကြီး နိုင်ငံရေးအရမှားရင် ဝေဖန်တာလည်း ရှိရမှာပဲ။) မှားရင် ဝေဖန်ရမယ်။ အစွန်းရောက်တာတွေ လုပ်တဲ့အခါ လူနဲ့မခြား အရေးယူသင့်ရင် ယူရမယ်။ အဲဒါတွေကို မခံနိုင်ရင်တော့ မခံနိုင်တဲ့ ဘုန်းကြီးတွေ နိုင်ငံရေးမလုပ်နဲ့ပေါ့။ လူတွေလည်း နိုင်ငံရေးလုပ်တာချင်း အတူတူမှာ ဘုန်းကြီးကိုကွက်ပြီး ပစားပေးတာမျိုး၊ သဘောထားကွဲတဲ့အခါ ဘုန်းကြီးလုပ်သမျှသာလျှင် အမှန်၊ သာမန်လူလုပ်သမျှအမှား ဆိုတဲ့ သဘောထားမျိုး မရှိအောင်တော့ ရှောင်သင့်တယ်။ အဲလိုမဟုတ်ဘဲ ဘုန်းကြီးဆိုပြီး ဘက်လိုက်ရင်တော့ ရေရှည်မှာ ပြဿနာတွေ တန်းစီပေါ်နိုင်တယ်။ ဘုန်းကြီးဖြစ်ဖြစ် လူဖြစ်ဖြစ် နိုင်ငံရေးလုပ်တဲ့အခါ ဘက်မလိုက်ပဲ အစွဲကင်းကင်းနဲ့ မျှမျှတတ ဝေဖန်ကြမယ် သဘောထားကြမယ် ဆိုရင်တော့ ဘုန်းကြီး နိုင်ငံရေးလုပ်လို့ ဘာပြဿနာမှ မပေါ်နိုင်ပါ။

နောက်တခု ရှိတာက နိုင်ငံရေး ဆိုတာက ကျယ်ပြန့်တဲ့ အတွက် အဲဒီ့အောက်မှာ အကြောင်းအရာ ပေါင်းစုံ ပါဝင်နေပါတယ်။ ငြိမ်းချမ်းရေးနဲ့ ပတ်သတ်တဲ့အရေးတွေ၊ လူထုအကျိုးပြု လုပ်ငန်းတွေလည်း ပါဝင်နေတာမို့ အဲဒီလို ကိစ္စရပ်တွေမှာ ဘုန်းကြီးတွေလည်း ပါဝင်ခွင့် ရသင့်ပါတယ်။

ဘုန်းကြီးတွေလည်း နိုင်ငံသားတွေပဲမို့ မဲပေးခွင့်ရသင့်ပါတယ်။ ဒါပေမဲ့ သီရိလင်္ကာလို ဘုန်းကြီးတွေ အာဏာယူမယ့်အထိ၊ လွှတ်တော်ထဲ ဝင်မယ့် အဆင့်အထိ ဆိုရင်တော့ စစ်တပ်လိုပဲ ဘုန်းကြီးတွေလည်း ပါတီထောင်ခွင့် မရှိသင့်ပါ။ လွှတ်တော်ထဲဝင်ခွင့် မရသင့်ပါ။ အဲဒီ့လောက်အထိ လုပ်ချင်ရင်တော့ ပြတ်ပြတ်သားသား လူထွက်သင့်တယ် ထင်ပါတယ်။

ကောင်းကင်ကို (၁၄.၁၂.၂၀၁၂)

Sunday, October 28, 2012

သတင်းကျင့်ဝတ်တွေ သတင်းပညာတွေ ဘယ်ရောက်ကုန်ပြီလဲ?



ဒီလို သတင်းဌာနကြီးတွေရဲ့ သတင်းတွေကြောင့်လည်း လူတွေ ဒီလောက်သွေးဆူနေတာ။

သတင်းက
ရခိုင်ပြည်နယ် ပဋိပက္ခ INGO နှင့် OIC တို့ နောက်ကွယ်မှ ကြိုးကိုင်ဟု ဆို

ရန်ကုန်၊ အောက်တိုဘာ ၂၇

ရခိုင်ပြည်နယ်တွင် တကျော့ ပြန်လည် ဖြစ်ပွါးလာသော ပဋိပက္ခ များတွင် မြန်မာနိုင်ငံ အခြေစိုက် ပြည်ပ အဖွဲ့ အစည်း များ (INGO) နှင့် OIC (Organization of The Islamic Cooperation) တို့ နောက်ကွယ် မှ ကြိုးကိုင် လုပ်ဆောင် မှု များ ရှိနေကြောင်း ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် (ALD) မှ အတွင်းရေးမှူး ဦးမျိုးကျော် က ပြောကြား
 သည်။

ဇွန်လ အတွင်း ဖြစ်ပွား ခဲ့သည့် ပဋိပက္ခ များ ငြိမ်သက် ခဲ့ရာမှ ယခု တဖန် ပြန်လည်၍မင်းပြား၊ မြောက်ဦး၊ မြေပုံ၊ ကျောက်ဖြူ၊ ကျောက်တော်၊ ရသေ့တောင်၊ ပေါက်တော မြို့နယ် များတွင် ယခင် ဖြစ်ပွါးခဲ့စဉ် ကထက် ကျယ်ပြန့်စွာ ဖြစ်ပွား နေကြောင်း၊ ယင်းသို့ ဖြစ်ပွား ရာတွင် ဘင်္ဂါလီ များက မိမိတို့ နေအိမ်ကို မိမိ ကိုယ်တိုင် စတင် မီးရှို့ခြင်း အပြင် ရခိုင်လူမျိုးများ၏ နေအိမ် များကိုပါ စတင် မီးရှို့ ခဲ့ရာမှ ဖြစ်ပွား ခဲ့သည်ကို တွေ့ရှိ ရပြီး ယင်းဖြစ်စဉ် များကို ကြည့်လျှင် ပဋိပက္ခ များ ဖြစ်ပွား လာရခြင်း မှာ ပြည်ပ နိုင်ငံခြား အဖွဲ့အစည်း များ၏ ပယောဂ ကြောင့် ဖြစ်သည်ဟု ယုံကြည်ကြောင်း အဆိုပါ အဖွဲ့ချုပ် ၏ အောက်တိုဘာ လ ၂၅ရက် နေ့ ထုတ်ပြန်ချက် ကဆိုသည်။

"မင်းပြားမှာ ဒီနေ့ က OIC ကန့်ကွက် ဆန္ဒပြရင် နောက်နေ့ မှာ ပဋိပက္ခ စဖြစ်တယ်။ ဒါကို ကြည့်ခြင်း အားဖြင့် ပြည်ပ အဖွဲ့ အ စည်း တွေရဲ့ ပယောဂ မကင်းဘူး ဆိုတာ ပေါ်လွင် နေတယ်" ဟု ဦးမျိုးကျော် က ရှင်းပြသည်။

ရခိုင်ပြည်နယ် ပဋိပက္ခ တွင် နောက်ကွယ် မှ ကြိုးကိုင် လှုပ်ရှား နေသော လူပုဂ္ဂိုလ် နှင့် အဖွဲ့အစည်း များ ရှိနေပြီး ၎င်းတို့ကို ဖော်ထုတ်၍ ဥပဒေနှင့် အညီ ထိရောက်စွာ အရေး ယူသွားမည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံးက အောက်တိုဘာ လ ၂၅ရက် နေ့တွင် ထုတ်ပြန် ကြေညာ ခဲ့သည်။

ယခုအခါ ယင်းသို့ တစ်ကျော့ပြန် ဆူပူ အကြမ်းဖက်မှု များကြောင့် လူပေါင်း ၆၀ ကျော် သေဆုံး ခဲ့ပြီး၊ ၉၀ကျော် ဒဏ်ရာကာ နေအိမ် ၃၀၀၀ နီးပါး မီးလောင် ပျက်စီး ခဲ့ကြောင်းကို ယနေ့ထုတ် နိုင်ငံပိုင် သတင်းစာ များ တွင် ဖော်ပြသည်။

************************************

သတင်းခေါင်းစဉ်ပေးထားပုံက ထင်ယောင်ထင်မှား ဖြစ်အောင် တမင်လုပ်တာလား၊ သတင်းပညာ မပြည့်ဝတာလားတော့ မသိဘူး။ ဒါမျိုးခေါင်းစဉ်က သတင်းကျင့်ဝတ်နဲ့လည်း မညီပါဘူး။ အဲဒီ့ သတင်းကို ခေါင်းစဉ်ပေးမယ်ဆိုရင် တကယ်ဖြစ်သင့်တာက ရခိုင်ပြည်နယ် ပဋိပက္ခ INGO နှင့် OIC တို့ နောက်ကွယ်မှ ကြိုးကိုင်ဟု ဆိုအစား နောက်ကွယ်မှ ကြိုးကိုင်ဟု ALD ဆိုလို့ ဖြစ်သင့်ပါတယ်။ အခုဟာက အမှတ်တမဲ့ဆိုရင် ထင်ယောင်ထင်မှားဖြစ်နိုင်တယ်။ ယက်တော ကိစ္စတုန်းက သတင်းတခုလိုမျိုး အခုဟာက ဖြစ်နေတယ်။ အဲဒီ့တုန်းက ဝန်ကြီးတယောက်လား အစိုးရ အရာရှိတယောက်လား မသိဘူး။ ဒေါ်စုနဲ့ ယက်တောကို ဘလိုင်းကြီး သမုတ်တယ်။ အဲဒီ့မှာ သတင်းတခု ခေါင်းစဉ်တပ်ပုံက ယက်တောသည် ဒေါ်အောင်ဆန်းစုကြည် ရည်းစားဆိုတဲ့သဘောမျိုး (အတိအကျ မမှတ်မိတော့ပါ။ နောက် အဲဒီ့သတင်းခေါင်းစဉ်ကို ပြင်လိုက်ကြတယ်။) တကယ် ဖြစ်သင့်တဲ့ခေါင်းစဉ်က... ဥပမာ ပြောသူက ဝန်ကြီးဆို၇င် ယက်တောသည် ဒေါ်စုရည်းစားဟု (……) ဝန်ကြီးပြော) အဲလိုမျိုး တပ်ရမှာပေါ့။

The Voice ဂျာနယ်က အရင်ကတည်းက ကျင့်ဝတ်နဲ့ ညီခဲ့တာ မဟုတ်ဘူးလို့ ကျနော်ထင်တယ်။ INGO တွေကို အယ်လ်ခိုင်းဒါးနဲ့ အဆက်အသွယ်ရှိလို့ အစိုးရက ဖမ်းတယ်ဆိုတဲ့ သတင်းတုန်းကလည်း အင်တာနက်မှာ အထောက်အထားပြည့်စုံစွာနဲ့ ဖမ်းမိတယ် ဆိုတဲ့ သဘောမျိုး သတင်းကို တင်တယ်။ တကယ်က အဲဒီ့အထောက်အထားမိတယ် ဆိုတာက ဘယ်သူပြောတာလဲ။ အစိုးရ အရာရှိ တယောက်ယောက် ပြောတာလား။ ပါးစပ်သတင်းကိုပဲ ထည့်ရေးလိုက်တာလားအဲဒါကို သေချာဖော်ပြရမယ်။ နောက် အဲဒီ့ဝန်ထမ်းအမျိုးသမီးရဲ့ နာမည်တွေ ဓါတ်ပုံတွေလည်း သတင်းblog တွေမှာ အကြမ်းဖက်နဲ့ ဆက်သွယ်တယ်ဆိုပြီး ပြန့်ရော။ နောက်ပြီးတော့လည်း ဘာမှဟုတ်တာလည်း မဟုတ်ဘူး။ အယ်လ်ခိုင်းဒါးနဲ့ အဆက်အသွယ်ရှိတယ်ဆိုရင် အမေရိကန်ကရော အငြိမ်နေပါ့မလား။ တကယ် မဟုတ်ရင် အသရေ အဖျက်ခံရသူ အတွက်လည်း အရမ်းနစ်နာပါတယ်။ ပြည်သူလူထုကိုလည်း အထင်အမြင်လွဲမှားအောင် သွေးထိုးပေးရာ ကျပါတယ်။ နောက်ပြီေးတာ့ အဲဒီ့သတင်းကို ဝက်ဘ်ဆိုဒ်ကနေ ပြန်ဖြုတ်လိုက်တဲ့အခါမှာကျတော့ ပြန်ပြီး တောင်းပန်ခြင်းလည်း မရှိပါဘူး။ သတင်းကျင့်ဝတ်ကို အလွန်အမင်း ချိုးဖောက်သလို ဖြစ်နေတယ်။ တကယ်ပဲ အဲဒီ့ဝန်ထမ်းတွေ အယ်လ်ခိုင်းဒါးနဲ့ Link တွေ ရှိနေတယ်ပဲ ထားပါတော့။ document တွေ သေချာရဲ့လားဆိုတာ အသေးစိတ်လိုက်ပြီးမှ၊ သတင်းကို အပြည့်အစုံရအောင် လိုက်ပြီးမှ သေချာရေးသင့်တယ်။ ခုက နိုင်ငံကိုဆောက်တည်မဲ့ စတုတ္ထ မဏ္ဍိုင်ကြီးတွေလို့ ပြောပြီး အရပ်သတင်းတွေထက်တောင် အဆင့်နိမ့်နေတယ်။ 

အခုသတင်းရဲ့ သတင်းခေါင်းစဉ် ကိစ္စ အပြင် content ကိစ္စကိုလည်း ပြောချင်ပါတယ်။ ALD က အဲလို ပြောတယ်ဆိုရင် အဲလိုပြောတဲ့ အကြောင်း သတင်းရေးခွင့် ရှိပါတယ်။ ဒါပေမဲ့ အခုက source တခုတည်းကိုပဲ တဘက်သတ်မေးပြီး ရေးထားတယ်။ တခြားတဘက်ကို မမေးထားသလို၊ ဒေသတွင်းက တခြားလူတွေ၊ ဒေသတွင်းက ရှိတဲ့ တခြားအဖွဲ့အစည်းတွေ၊ နောက် အဲဒီ့ အစွပ်စွဲခံရတဲ့ INGO တွေ၊ နောက် OIC ကိုလည်း ဆက်သွယ်ပြီး မေးသင့်တယ်။ ပြီးတော့ ခေါင်းစဉ်ကို တဘက်သတ် တပ်ထားတယ်။ observation လည်း ဘာမှ လုပ်မထားဘူး။ ဦးမျိုးကျော် ပြောတာချည်း ချရေးထားတယ်။ (How, what, why, when, where, who) ဆိုတဲ့ question တွေကို အဲဒီ့သတင်းဌာန မသိလေရော့သလား? နောက် ကိုယ့်အိမ်ကိုယ် မီးရှို့တယ်ဆိုတဲ့ ကိစ္စကလည်း ပြောရတာ အက်ကြောင်းထပ်နေပြီ။ ဦးမျိုးကျော် ဆိုတဲ့သူပြောလို့ သူပြောတဲ့အတိုင်း ရေးတာပါဆိုရင် သူပြောသလောက်ပဲ ရေးတော့မှာလား။ နောက်ဆုံးပိတ် တခြား observation မလုပ်နိုင်ဘူးဆိုရင်တောင် ဦးမျိုးကျော်ကိုတော့ မေးခွန်းပြန်ထုတ်သင့်တာပေါ့။ ဥပမာ... ရေးထားတာက မိမိတို့ နေအိမ်ကို မိမိ ကိုယ်တိုင် စတင် မီးရှို့ခြင်း အပြင် ရခိုင်လူမျိုးများ၏ နေအိမ် များကိုပါ စတင် မီးရှို့ ခဲ့ရာမှ ဖြစ်ပွား ခဲ့သည်ကို တွေ့ရှိ ရပြီး ယင်းဖြစ်စဉ် များကို ကြည့်လျှင် ပဋိပက္ခ များ ဖြစ်ပွား လာရခြင်း မှာ ပြည်ပ နိုင်ငံခြား အဖွဲ့အစည်း များ၏ ပယောဂ ကြောင့် ဖြစ်သည်ဟု ယုံကြည်ကြောင်းလို့ ရေးထားတော့ သူက ပြောလာရင် ပြန်မေးလို့ ရတာတွေက ရခိုင်တွေအိမ်ကိုပါ မီးလောင်အောင်လို့ သူတို့က ရှို့တာလား (ဒါဆိုရင်တော့ လူမျိုးနှစ်မျိုးလုံး ရောနေကြတဲ့ ရပ်ကွက်မျိုးမှာမှ အဓိပ္ပါယ်ရှိမယ်။ ရခိုင်သက်သက် မွတ်စလင်တွေသက်သက် နေတဲ့ ရပ်ကွက်မျိုးဆိုရင် ရှို့ရင် ရှို့တဲ့သူရဲ့ရပ်ကွက်ပဲ မီးလောင်မှာပေါ့။ သူတို့အိမ် သူတို့ ရှို့တယ်ဆိုတာကို ဦးမျှိုးကျော်က သူကိုယ်တိုင်မြင်လိုက်၇တာလား။ ဘယ်သူက ပြောတာလဲ။ တယောက်ယောက်က တကယ် မျက်မြင် တွေ့လိုက်တာလား။ တမင်လုပ်ကြံဖန်တီးထားတဲ့ ပါးစပ်သတင်းလား။အိမ်မီးလောင်သွားတဲ့ မွတ်စလင်တွေကရော ဘာပြန်ပြောလဲအဲဒါမျိုးတွေကို သေချာမေးဖို့နဲ့ observation လုပ်ဖို့ လိုပါတယ်) တခြား observation လုပ်လို့ ရတာတွေ အများကြီး ရှိပါသေးတယ်။ အခုလို ရေးထားတာကတော့ ALD ရဲ့ ဝါဒကို propaganda သဘောမျိုး ဝါဒဖြန့်ပေးရုံ အဆင့်ပဲ ရှိပါတယ်။

ဟုတ်ပြီ။ သတင်းကိုသာ သေသေချာချာ ရေးတယ်ဆိုရင် နောက်ထပ် ဆက်လိုက်စရာတွေ အများကြီး ရလာမှာ ဖြစ်သလို ဦးမျိုးကျော် ပြောတာ ဟုတ်ခဲ့ရင် INGO နဲ့ OIC ကို တရားစွဲလို့ ရမှာ ဖြစ်သလို (တကယ် သူတို့ဖန်တိးတာသာဆိုရင် တရားစွဲရမှာပေါ့) တကယ်လို့ အဲဒါမှားရင်တော့ မသင့်လျော်တဲ့ ခေါင်းစဉ်နဲ့ တဘက်သတ် ဖော်ပြတဲ့ သတင်းဌာနနဲ့ပြောသူတွေ တရားစွဲခံရနိုင်ပါတယ်။ ဒါမျိုးသတင်းတွေကို အင်္ဂလိပ်လို ဘာသာပြန် ဖော်ပြသင့်ပါတယ်။ ဒါမှလည်း တကယ်ဟုတ်နေရင်  INGO တို့ OIC တို့က တာဝန်ရှိသူတွေက သူတို့အဖွဲ့တွေထဲက အပြစ်ရှိသူတွေကို အပြစ်ပေး အရေးယူလို့ ရမှာဖြစ်ပါတယ်။ မဟုတ်ရင်တော့ ပွဲဆူအောင် လုပ်တဲ့အတွက် အဲဒီ့သတင်းဌာနနဲ့ ပြောသူမှာ တာဝန်ရှိပါတယ်။

သတင်းဖတ်သူတွေလည်း သိသင့်ပါပြီ။ တကမ္ဘာလုံးက သတင်းဌာနတွေ အကုန်မှားပြီး ပြည်တွင်းသတင်းဌာနတွေလောက်ပဲ မှန်တယ်ဆိုတာ သဘာဝကျရဲ့လား ။ တကမ္ဘာလုံး မှားနေတယ်ဆိုရင်  မြန်မာနိုင်ငံကိုပဲ(မွတ်စလင်မဟုတ်တဲ့ နိုင်ငံတွေကပါ) ဘာအညှိုးနဲ့ ဆန့်ကျင်နေ၇တာလဲ။ ကြားနေအဖွဲ့အစည်းဖြစ်တဲ့ လူ့အခွင့်အရေးအဖွဲ့တွေ၊ ကုလသမ္မဂ္ဂက ကိုယ်စားလှယ်တွေ သာမက အယ်လ်ခိုင်းဒါကို ချေမှုန်းလေ့၇ှိတဲ့ အမေရိကန်ကပါ ဒီကိစ္စကျမှ ဟိုဘက်ကို တခြားဘက်ကို ဘက်လိုက်နေကြတယ်ဆိုတာ ဖြစ်နိုင်သလား? OIC ကို ဆန့်ကျင်တာက ထားပါတော့။ ကင်တားနားက အစ ဆန့်ကျင်ရလောက်အောင် အမှန်တကယ် ဘက်လိုက်နေကြပြီလား။ OIC ကို လက်မခံတာက ထားတော့။ ဘာလို့ ကုလသမ္မဂ္ဂ ဦးဆောင်တဲ့ စုံစမ်းစစ်ဆေးရေး အဖွဲ့ကို အဝင် မခံရဲရတာလဲ။ ဟိုလူတွေဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားသာ ဆိုရင် ဘာလို့ ဘင်္ဂလားဒေ့ရ်ျက သူတို့ကို ပြန်မောင်းထုတ်ရတာလဲ။ သူတို့မှာ ဟိုဘက်နိုင်ငံသား ဖြစ်ကြောင်း အထောက်အထားသာ ရှိရင် ဘင်္ဂလားဒေ့ရှင်္ အစိုးရက ပြန်လက်မခံရင် ကမ္ဘာကလည်း ဘင်္ဂလားဒေ့ရှ်ကို ဝိုင်းပြောမယ့် အပြင် ဘင်္ဂလားဒေ့ရှ်အတိုက်အခံတွေကပါ သူတို့ အစိုးရကို အပြစ်တင်မယ်ထင်တယ်။ အခု ဘာကြောင့် အပြစ်မတင်ကြတာလဲ။ မြန်မာနိုင်ငံကိုပဲ ဝိုင်းအညှိုးထားနေတာလား။ လဝက က လာဘ်စားတာကသာ အဓိက အကြောင်းရင်းဆိုရင် လဝက ကို ထိုးရတဲ့ လာဘ်ဆိုတာက မြန်မာအစစ်ဆိုရင်တောင် မနည်းထိုးရတာ။ ဒီတော့ အဲလောက်မှ ပိုက်ဆံရှိနေရင် ဘင်္ဂလားဒေ့ရှ် နိုင်ငံသားအဖြစ် ဟိုမှာ မနေဘဲ ဘာလို့ မြန်မာပြည်မှာ နိုင်ငံမဲ့အဖြစ် ဒုက္ခလာခံနေကြတာလဲ? ဗိုက်ပူနံကားလေးတွေ သူတို့ထဲမှာ အများကြီးတွေ့တယ်။ အဲဒီ့လူတွေမှာ လာဘ်ထိုးနိုင်တဲ့ ပိုက်ဆံ ရှိပါ့မလား။ တခုတော့ ၇ှိတယ်။ တရားမဝင် ခိုးဝင်လာသူ စီးပွါးရေးသမား အနည်းငယ်တော့ ၇ှိလိမ့်မယ်။ တကယ်လို့သာ့ ဒီမှာမွေးလာပြီး ဘိုးဘွားတွေ လက်ထက်က နိုင်ငံသားရပြီးမှ ခုမှ ပြန်နှင်ထုတ်ခံရတာဆို ဘယ်လိုလုပ်မလဲ? ဥပမာ ပေးရရင် ...ကိုယ့်မျိုးဆက်မှာ စင်ကာပူဖြစ်ဖြစ် အနောက်နိုင်ငံဖြစ်ဖြစ် သွားအခြေချပြီးခါမှ နောက်မျိုးဆက် ကိုယ့် မြေးမြစ်တွေကျမှ အဲဒီ့နိုင်ငံအစိုးရတွေက ကိုယ့် next generation တွေကို နိုင်ငံသား အဖြစ်ကနေ ပြန်ရုပ်သိမ်းရင် သူတို့ ဘယ်နိုင်ငံမှာ သွားနေရမလဲ? ဘယ်နိုင်ငံက လက်ခံမှာလဲ?ကိုယ် အဲ့လိုလူ ဖြစ်ရင်ရော ကိုယ့် မြေးမြစ်တွေ အတွက် ဘယ်လို ခံစားရမလဲ? အဲလိုလူတွေကို ကျူးကျော်သူလို့ ခေါ်ရင် သူတို့ဟာ မွေးရာပါ ကျူးကျော်သူတွေပဲ ဖြစ်လိမ့်မယ်။ မွေးလာခြင်းကိုက ကျူးကျော်မှု၊ ရာဇဝတ်မှု ဖြစ်နေလိမ့်မယ်။ ဒါပေမဲ့ တဘက်မှာ သူတို့ထဲကပဲ ဖြစ်ဖြစ်၊ တခြားလူမျိုးကပဲဖြစ်ဖြစ် အကြမ်းဖက်လာရင်တော့ အရေးယူအပြစ်ပေးရမှာ နိုင်ငံတကာ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ (အကြမ်းဖက်သူကိုပဲ) နှိမ်နင်းရမှာက တပိုင်းပါ။

ရေးချင်တိုင်းသာ ကျင့်ဝတ်မဲ့ ရေးနေကြမယ် ဆိုရင် ရေးနေတဲ့ သတင်းဌာနတွေဟာ.... ပဋိပက္ခရဲ့ နှစ်ဘက်လုံးက ကိုယ်တိုင် မီးရှို့သူတွေထက်တောင် အပြစ်ကြီးနိုင်တယ်၊ ဆိုးကျိုးသက်ရောက်မှု ပိုကြီးနိုင်တယ်လို့ ကျနော်ယူဆပါတယ်။ တဘက်သတ် ရေးသားချက်တွေဟာ သွေးပိုဆူစေမှာပါ။ Facebook မှာကတော့ လူပေါင်းစုံ ရှိတဲ့အတွက် ထိန်းဖို့ သိပ်မလွယ်ပါဘူး။ နိုင်ငံရဲ့ အဓိက သတင်းဌာနကြီးတွေလို့ ခံယူထားသူတွေ အနေနဲ့တော့ ထိန်းသိမ်းဖို့ လိုပါတယ်။

သတင်းကျင့်ဝတ် အကြောင်းရေးရင်းနဲ့ တခြားအတွေးတွေကိုပါ ဖြည့်ရေးဖြစ်ပါတယ်။

အပေါ်ဆုံးကပုံက http://www.facebook.com/photo.php?fbid=484456818241249&set=a.164790403541227.32157.158797964140471&type=1&theaterက ဟာကို အောက်တိုဘာ ၂၈ ရက်နေ့  ထိုင်းစံတော်ချိန် နေ့လည် ၁၁ နာရီ ၃၇ မိနစ်မှာ screen shot ဖမ်းထားတာပါ။ 

သူငယ်ချင်းတယောက်ကလည်း ဇွန်လ က The Voice ရဲ့ သတင်းတခုကို screen shot ဖမ်းထားတာ ရှိပါတယ်။ အခုအချိန်မှာတော့ အဲဒီ့ သတင်း လွဲနေတာ ထင်ရှားနေပြီ မဟုတ်ပါလား။




နောက်ဆက်တွဲ
ထိုင်းစံတော်ချိန် ညနေ ၄နာရီ ၃၄ မိနစ်မှာ တချက်ကြည့်လိုက်တော့ အဲဒီ့ သတင်း မတွေ့တော့ပါ။ The Voice က သူတို့ရဲ့ သတင်းကို (ခုချိန်ထိ စာဖတ်ပရိသတ်ကို ပြန်လည်ဖြေရှင်းခြင်း လုံးဝ မရှိဘဲ) ဖျက်ပစ်လိုက်ပါပြီ။http://www.facebook.com/photo.php?fbid=484456818241249&set=a.164790403541227.32157.158797964140471&type=1&theaterမှာ အဲဒီ့သတင်း မရှိတော့ပါ။ 

(by ကောင်းကင်ကို)

Thursday, October 25, 2012

သောင်းပြောင်းထွေလာ အတွေးများ


တချို့က… ရိုဟင်ဂျာတွေလည်း ခံရတယ်ဆိုတဲ့ အကြောင်း ထောက်ပြတာတို့၊ သတင်းမှားတာတွေ ချဲ့ကားတာတွေ ထောက်ပြတာတို့၊ ဆွပေးတဲ့သူတွေကို ဝေဖန်တာတို့ဆိုရင် pro-Rohingya အဖြစ် တံဆိပ် ကပ်ချင်ကြတယ်။ တကယ်က တချို့က မဟုတ်ဘူး။ pro-human rights activists ပုံစံမျိုး။ ခံနေရတဲ့ အချိန်မှာ ခံနေရသူအတွက် ပြောပေးတာမျိုး။ pro-human rights ကို ဥပမာ ပေးရရင် …ကချင်တွေ ခံနေရတာ ဖြစ်ဖြစ်၊ ရခိုင်တွေ ခံနေရတာ ဖြစ်ဖြစ်၊ ဗမာတွေ ခံနေရတာ ဖြစ်ဖြစ်၊ တရုတ်တွေခံနေရတဲ့ ကိစ္စဖြစ်ဖြစ် လူမျိုးစွဲမထားပဲ ပြောကြရေးကြမှာပဲ။ အဲဒီ့ သဘောမျိုးကို နိုင်ငံတကာ human rights အဖွဲ့အစည်းတွေကို ကြည့်ရင် သိသာတယ်။ အစ္စလာမ်မစ် ခေါင်းမာဝါဒီတွေ အကြမ်းဖက်တာ လူ့အခွင့်အရေး ချိုးဖောက်တာကိုလည်း ပြောကြတယ်။ တဘက်မှာ အမေရိကန် အစိုးရ လူ့အခွင့်အရေးချိုးဖောက်တာ တချို့ကိုလည်း report တွေ မှာ ထောက်ပြကြတာပဲ။ အဲဒါကို pro – Islam တွေ anti – Islam တွေ တံဆိပ်သွားကပ်လို့ မရဘူး။ ဒါပေမဲ့ ဗဟုသုတ မရှိတဲ့ လူတွေကတော့ ကိုယ်မြင်နိုင်သလောက်လေးပဲ ကွက်ကြည့်ပြီး ဥာဏ်မီသလောက်လေးနဲ့ တံဆိပ်ကပ်ကြမှာပဲ။ သူတို့လည်း ဒါပဲစွမ်းရှာတာကိုး။
pro – Rohingya သမား သက်သက် တွေ၊ pro – Islam သမား သက်သက် တွေနဲ့ လူ့အခွင့်အရေးသမားစစ်စစ်တွေ မှာ ကွာတာရှိတယ်။ ဥပမာ (လူ့အခွင့်အရေးကို ဂရုမစိုက်တဲ့) pro – Islam သမား သက်သက် ဆိုပါတော့။ Rohingya လို ကိစ္စမျိုးမှာတော့ ရခိုင်ရော ရိုဟင်ဂျာတွေပါ ခါးစည်းခံနေရတဲ့ အတွက် pro-Islam သက်သက် တွေနဲ့ လူ့အခွင့်အရေး သမားတွေနဲ့ လေသံတူချင် တူနေလိမ့်မယ်။ ဒါပေမဲ့ လွတ်လပ်စွာ ဝတ်စားဆင်ယင်မှုကိစ္စတွေ၊ တခြားလူ့အခွင့်အရေး ကိစ္စတွေ၊ Gay rights ကိစ္စမျိုးတွေမှာ အမြင်ချင်း၊ ရပ်တည်မှုခြင်း ကွာသွားလိမ့်မယ်။ ဒါကလည်း အစ္စလာမ် ဘာသာဝင်တွေကို နှိမ်ချပြီး ပြောလိုခြင်း မဟုတ်ပါဘူး။ အယူမသည်းတဲ့သူ၊ ခေတ်မီတဲ့သူ၊ လစ်ဘရယ် ဆန်ပြီး universal human rights တွေဘက်က တန်ဖိုးထားရပ်တည်နိုင်တဲ့သူဆိုရင် ဘယ်ဘာသာဝင်မဆို လူ့အခွင့်အရေးသမား ဖြစ်နိုင်တာပဲ။  ဘယ်ဘာသာမဆို ဘာသာရေး အစွန်းရောက် သွားရင်တော့ လူ့အခွင့်အရေးနဲ့ ပြဒါးတလမ်း သံတလမ်း ဖြစ်နေမှာပဲ။
စိတ်ထားပြည့်ဝသူ တယောက်ရဲ့ စိတ်နေစိတ်ထားကို အိုင်းစတိုင်းကို လေ့လာရင် သိနိုင်တယ်။  အိုင်းစတိုင်းက ဂျူး။ ဂျူးတွေ နိမ့်ပါးနေတဲ့ အချိန်မှာ ဂျူးတွေရဲ့ အခွင့်အရေးကို အိုင်းစတိုင်းက အပြည့်အဝ ထောက်ခံတယ်။ ဂျူးတွေဘက်က ရပ်တည်တယ်။ အဲဒါကို ဂျူးမို့လို့ ဂျူးဘက်က ပါတာလို့တော့ ကိုယ့်စိတ်နဲ့ နှိုင်းပြီး ဝေဖန်လို့ မရဘူး။ ဂျူးတယောက်မှာလည်း ဂျူးလူမျိုးအတွက် ပြောခွင့်ရှိတယ်။ ဒါကြောင့် ဂျူးတယောက်က ဂျူးတွေ ဘက်က ပြောခြင်းဟာ ကိုယ့်ဘက်ကိုယ်ယက်ခြင်း ဟုတ်ချင်မှ ဟုတ်မယ်။ ကိုယ့်ဘက်ကိုယ်ယက်တဲ့ သူတွေလည်း ရှိမယ်။ တကယ်ကတော့ ပြောတဲ့စကား မျှတမှု ရှိမရှိကိုပဲ စဉ်းစားရမှာပါပဲ။
ဂျူးအမျိုးသားရေး ဝါဒီတွေနဲ့ အိုင်းစတိုင်းနဲ့ ကွာသွားတာက ဂျူးအမျိုးသားရေး ဝါဒီတွေ ခေါင်းထောင်လာပြီး ပါလက်စတိုင်းတွေကို အနိုင်ယူဖို့ ကြိုးစားတဲ့ အချိန်မှာ အိုင်းစတိုင်းက ဂျူးအမျိုးသားရေး အစွန်းရောက်တွေကို ဆန့်ကျင်ပြီး ပါလက်စတိုင်းတွေဘက်က ရပ်တည်ခဲ့ပြီး Jewish State တည်ထောင်မှာကို ဆန့်ကျင်ခဲ့တယ်။ အဲဒီ့မှာ နိုင်ငံတကာအမြင်ရှိတဲ့သူ၊ universal human rights ကို   လေးစားသူနဲ့ တဘက်မြင် အမျိုးသားရေး ဝါဒီတွေ ကွာသွားတာပဲ။
တချို့က ပြောကြသေးတယ်။ (တဦးချင်စီရဲ့ စိတ်ဓါတ်နဲ့ ဆိုင်တဲ့) မုဒိမ်းကျင့်တဲ့ ကိစ္စတို့ လူသတ်တဲ့ ကိစ္စတို့ကျတော့ မပြောကြဘူး ဆိုပြီးတော့။ ဒီနေရာမှာ တယောက်ချင်းစီ ပြုမူတဲ့ ရာဇဝတ်မှုတွေနဲ့ အုပ်စုလိုက်ဖြစ်တဲ့ ပဋိပက္ခတွေကို ခွဲခြားမြင်ဖို့ လိုပါတယ်။ မြန်မာတွေ၊ ကုလားတွေ၊ တရုတ်တွေ အတူနေနေတဲ့ အတွက် လိုက်ရှာမယ် ဆိုရင် ကုလားက မြန်မာကို သတ်တဲ့ အမှုရော၊ မြန်မာက ကုလားကို သတ်တဲ့ အမှုရော၊ ကုလားအချင်းချင်း သတ်တဲ့ အမှုရော၊ မြန်မာအချင်းချင်း သတ်တဲ့ အမှုရော အများကြီး ရှိနေမှာပဲ။ ရာနဲ့ ထောင်နဲ့ ချီပြီး ရှိခဲ့မှာ ဖြစ်သလို နောင်လည်း ဆက်ရှိနေမယ့် ကိစ္စမျိုးတွေပါ။ ထိုင်းမှာလည်း မြန်မာတယောက် ဥရောပက လင်မယားကို သတ်တာ ကြားဖူးတယ်။ တယောက်ချင်းကိစ္စကို တယောက်ချင်းစီရဲ့အမှုအဖြစ်ပဲ မြင်ဖို့လိုတယ်။ လူမျိုးတိုင်း ဘာသာတိုင်းမှာ လူကောင်းလူဆိုး ရှိနေတာမို့ လူဆိုးတွေကိုချည်း လက်ညှိုးထိုးပြီး လူတိုင်းဆိုးတယ်လို့ ပြောလို့မရပါဘူး။ အမှုတခုဖြစ်တိုင်း လူမျိုးရေး ဘာသာရေး ပဋိပက္ခဖြစ်ကြေးဆို ကမ္ဘာကြီးတခုလုံး ပြာပုံကြီးပဲ ကျန်တော့မှာပေါ့။
တချို့က နိုင်ငံခြားက အဖြစ်အပျက်တွေကို စာဖွဲ့ပြီး မရေးတာကို လက်ညှိုးထိုးကြတယ်။ ဟုတ်ပါတယ်။ မှန်တယ်။ အဖြစ်အပျက်တွေက တကယ့် ဝမ်းနည်းစရာပဲ။ ဒီတော့ တချို့က အဲဒါတွေကို မဝေဖန်ဘူးဆိုပြီး အပြစ်တင်ကြတယ်။ တကယ်တမ်းမှာက ဘာသာစကားတို့ ဘာတို့ကို လက်လှမ်းမီမှု မမီမှု ဆိုတာ ရှိသေးတယ်လေ။ ဗမာလို ရေးလို့ သူတို့ နားလည်မှာမှ မဟုတ်တာ။ ဒီတော့ လုပ်နိုင်မှာက အဲဒါတွေကို သာမန် ပြစ်တင် ရှုတ်ချရုံ နိုင်ငံတကာ petition တွေ ဖန်တီးပြီး လက်မှတ်တွေထိုးတာမျိုး…အဲဒါမျိုးလောက်ပဲ လုပ်နိုင်မယ်။ သူတို့ကို ပညာသွားပေးနေဖို့ လက်လှမ်းမှ မမီတာ။ နောက်တခုက ကိုယ့်နိုင်ငံ တာဝန် ကိုယ်ယူဖို့ပဲ။ နိုင်ငံတိုင်းမှာ အစွန်းရောက်တွေ ရှိသလို လူ့အခွင့်အရေး သမားတွေ၊ မျှမျှတတ မြင်တတ်သူတွေ ရှိတယ်။ Facebook page တွေကို လေ့လာရင် ဖြစ်ဖြစ်၊ Google မှာ လိုက်ရှာရင် ဖြစ်ဖြစ် အဲလိုလူတွေ ရှိကြောင်း သိနိုင်တယ်။
ဘင်္ဂလားဒေ့ရှ်မှာ ဘင်္ဂါလီအချင်းချင်း ဖြစ်သွားတဲ့ … ဘင်္ဂါလီ မွတ်စလင်တွေက ဘင်္ဂါလီ ဗုဒ္ဓဘာသာဝင်တွေအပေါ် အကြမ်းဖက်မှု၊ သတ်ဖြတ်မှု ကိစ္စဆိုရင်… ဘင်္ဂလားဒေ့ရှ်က နိုဗယ်ဆုရှင် Muhammad Yunus က မွတ်စလင်။ (ဒီနေရာမှာ သူကိုးကွယ်တဲ့ ဘာသာကို ထည့်ရေးတာက ကိုးကွယ်ရာ ဘာသာတူခြင်း မတူခြင်းက လူ့အခွင့်အရေး ကိစ္စကို ထုတ်ပြောတဲ့အခါမှာ အဓိက မကျဘူး။ ကိုယ့်ဘာသာဝင်ဖြစ်မှ လူ့အခွင့်အရေး ရထိုက်တာ မဟုတ်ဘူး ဆိုတာကို ထောက်ပြချင်တာပါ။) Muhammad Yunus က မွတ်စလင်တွေရဲ့ အကြမ်းဖက်ခြင်း ခံလိုက်ရတဲ့ ဗုဒ္ဓဘာသာတွေ ဘက်က ရပ်တည်ပြောဆိုခဲ့တယ်။ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် အမျိုးသမီးလည်း ထိုနည်းတူစွာပဲ။ အဲဒီ့ အကြမ်းဖက်သမားတွေကို ဝေဖန်ပြစ်တင်ခဲ့တယ်။ ပြောချင်တာက သူများနိုင်ငံအရေးမှာ ကိုယ်လက်လှမ်းမီသလောက်ပဲ လုပ်နိုင်ပေမဲ့ ကိုယ့်နိုင်ငံနဲ့ ပတ်သတ်နေတဲ့ ကိစ္စမှာတော့ ရေးနိုင်သားနိုင်တဲ့ အတွက် သက်ဆိုင်ရာ နိုင်ငံအသီးသီးမှ လူ့အခွင့်အရေး ရှုထောင့်က ရေးကြတာတွေ ရှိမှာပဲ။ ကိုယ်နဲ့ သက်ဆိုင်နေတဲ့ ကိုယ့်နိုင်ငံကိစ္စကျမှ ပိုရေးခြင်းဟာ မမျှတခြင်း ဘက်လိုက်ခြင်း မဟုတ်ပါ။ ဘင်္ဂလားဒေ့ရှ်မှာ ဖြစ်သွားတာရယ်၊ မြန်မာနိုင်ငံမှာ ဖြစ်သွားတာရယ်က အကြမ်းဖက်တာတွေခြင်း တူပေမဲ့ အစိုးရကိုင်တွယ်ပုံခြင်း၊ ပညာတတ်တွေ တုံ့ပြန်ပုံခြင်း ကွာတဲ့အတွက် နိုင်ငံတကာရဲ့ ဝေဖန်မှုကို မြန်မာနိုင်ငံက ပိုရတာပါ။ တကယ်လို့ ရိုဟင်ဂျာတွေဟာ ကိုယ့်အိမ်ကိုယ် မီးရှို့နေတယ် ဆိုတာတွေ သူတို့ကချည်း တဘက်သတ် အကြမ်းဖက်နေတယ်ဆိုတာ သေချာတယ်ဆိုရင် အစိုးရက ဘာလို့ လွတ်လပ်တဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ စုံစမ်းစစ်ဆေးရေး ကော်မရှင်တွေ၊ နိုင်ငံတကာ သတင်းဌာနတွေကို ဝင်ခွင့်မပြုရသလဲ။  (OIC ကို ဝင်ခွင့်မပြုတာကတော့ ထားပါတော့။ အဲဒီ့ အဖွဲ့ရဲ့ လူ့အခွင့်အရေး စံနှုန်းကို ကျနော်လည်း မကြိုက်ဘူး။ ဒါပေမဲ့ လူတွေ ထင်နေသလို အကြမ်းဖက် အဖွဲ့ကြီးတော့ မဟုတ်ဘူး။ အကြမ်းမဖက်ဖို့ လက်မှတ်ထိုးထားရတယ်။ ကုလသမ္မဂ္ဂမှာလည်းပါတယ်။ ဒါပေမဲ့ လူ့အခွင့်အရေးစံက တင်းပြည့်ကျပ်ပြည့် မဖြစ်လို့ ကျနော်မကြိုက်တာ) ဆက်ပြောမယ်ဆိုရင် ရိုဟင်ဂျာတွေက အကြမ်းဖက်ပြီး ကိုယ့်ဘက်ကသာ ရိုးသားနေမယ် ဆိုရင် နိုင်ငံတကာ အဖွဲ့တွေကို ဝင်ခွင့်ပေးပြီး သူတို့ အကြမ်းဖက်နေတာကို ထုတ်ပြလိုက်ရုံပဲ။
နောက်ဖတ်မိတဲ့ သတင်းတပုဒ်က “တရားမ၀င် ၀င်ရောက်နယ်မြေလုလာသော အကြမ်းဖက် ဘင်္ဂလီကုလားများနှင့်အတူတကွ ပညာသင်ကြားခြင်းမှ ရပ်တန့်ပေးရန်” ဆိုပြီး ဆန္ဒပြကြတဲ့ သတင်းတပုဒ်ပဲ။ ပညာအတူသင်နေခဲ့တယ် ဆိုမှတော့ အဲဒီ့လူတွေက ဗမာစကားတတ်လို့ အတူတူ သင်လို့ ရတာပေါ့။ ခိုးဝင်လာတယ်ဆိုတဲ့ ကိစ္စမှာ ထောက်ခံနေကြပါတယ်ဆိုတဲ့ ဦးသိန်းစိန် ကိုယ်တိုင်က ခိုးဝင်လာတဲ့ လူက အနည်းစုဆိုတာကို ပြောပြီးသွားပြီ။ သေချာစဉ်းစား ကြည့်ရင်လည်း ရာခိုင်နှုန်း အနည်းငယ်ကတော့ အစိုးရနဲ့ပေါင်းပြီး ခရိုနီတွေဖြစ်၊ သူဌေးတွေဖြစ်ပြီး လဝက ကို လာဘ်ထိုးနိုင်မှာ ဖြစ်ပေမယ့် ဘာမှမရှိတဲ့ ကျောမွဲတွေ၊ စားစရာတောင် မရှိတဲ့ မိသားစုတွေ၊ ဗိုက်ပူနံကားတွေ စုတ်စုတ်ပြတ်ပြတ်တွေက ရာခိုင်နှုန်းပိုများတယ်လေ။ အဲဒီ့လူတွေက လဝကကို ဘယ်လိုလာဘ်ထိုးပြီး နိုင်ငံသား ဖြစ်အောင် လုပ်မလဲ။ မှတ်ပုံတင် ရဖို့ဆိုတာ မြန်မာတွေတောင် ပိုက်ဆံတော်တော်ကုန်တဲ့ ကိစ္စ။ ဒီတော့ ခိုးဝင်လာသူ အနည်းငယ်ကို ဗန်းပြပြီး ခိုးဝင်လာတယ်ဆိုတဲ့ နာမည်နဲ့တော့ အကုန်လုံးကို သိမ်းကြုံးပြီး မနှိပ်ကွပ်ဖို့လိုတယ်လို့ ထင်တယ်။ အခုတော့ ဟိန္ဒူတွေကအစ အားလုံး ရောပြီး အဆဲခံ အနှိပ်ကွပ်ခံနေရတယ်။
ဘာသာရေး အစွန်းရောက်လာမှုကို ကြောက်လို့ လုပ်ရတာပါဆိုရင်တော့၊ သူတိုကို့ ကောင်းကောင်းဆိုးဆိုး နှိပ်ကွပ်မယ်၊ ကောင်းသူကိုရော ဆိုးသူကိုပါ နှိပ်ကွပ်မယ်၊ အလုပ်လုပ်လို့ မရဘူး၊ ပညာသင်လို့ မရဘူး ဆိုရင်တော့ သေမထူး နေမထူးတွေ ဖြစ်လာကြမယ်၊ တဇောက်ကန်းတွေ ဖြစ်လာကြပြီး အခြေအနေတွေ ပိုဆိုးဖို့ပဲ ရှိပါတယ်။ ကောင်းကောင်း ဆိုးဆိုး…ဆိုးဆိုးဝါးဝါး ဆက်ဆံမှတော့ အများစုက ဆိုးကြတော့မှာပဲ။ ဘာသာရေး အစွန်းရောက်လာမှုကို ကြောက်ရင် ခုကတည်းက secular state ဖြစ်အောင် လုပ်တာကသာ အကောင်းဆုံးပါပဲ။
 (ကောင်းကင်ကို)

Sunday, September 30, 2012

ဘာသာမဲ့တယောက် ရှိခိုးတဲ့အခါ


တကယ်တော့ ဘုရားတို့ ဘာသာရေးတို့ဆိုတာ ကျနော့် အဘိဓာန်ထဲမှာ မရှိဘူး။

တကယ်လို့ ကျနော် စေတီတွေမှာ ဘုရားရှိခိုးပြီဆိုရင်ဖြစ်ဖြစ်၊ Churchတွေ မှာ လိုက်ပြီး ဓမ္မသီချင်းဆိုတာတို့ ဆုတောင်းတာတို့ ဖြစ်ဖြစ် လူမှုရေး အရ ဖြစ်စေ၊ တခါတခါ သူငယ်ချင်းတွေကို ချစ်လို့ ဖြစ်စေ လုပ်တာပါ။ ဘာသာမရှိတဲ့လူမို့ ဘာသာရေးဆိုတာကို အလေးမထားပေမဲ့ တဘက်မှာ ငါဘယ်တော့မှ ဘုရားရှိမခိုးဘူးလို့လည်း အဓိဌာန်ပြုမထားပါဘူး။ လူကြီးမိဘတွေကို ရှိခိုးသလို တခါတခါ ဘုန်းကြးတွေ (သီလဂုဏ်နဲ့လည်း ပြည့်စုံတယ်လို့ ထင်ရတဲ့ အခါမျိုးမှာ) ကိုယ်တယောက်တည်းကွက်ပြီး ရှိမခိုးပဲ နေခြင်းက ရိုင်းသလိုဖြစ်မှာစိုးတယ်လို့ ထင်ရင် ရှိခိုးလိုက်တယ်။ ခရစ်ယာန်ဘုရားကျောင်းလည်း သူငယ်ချင်းတွေနဲ့ တူတူလိုက်သွား ပြီး (အပျော်သဘော) ဆုတောင်းဖူးတယ်။ ဒါပေမဲ့ စိတ်ထဲက ဘာသာရေးကို နှစ်နှစ်ကာကာ ယုံကြည်လို့တော့ မဟုတ်ဘူး။ အဲလိုဆိုလို့ ခုနကလို ဘုန်းကြီးတွေကို ရှိခိုးတာ၊ Church တွေမှာ လိုက်ပြီး ဓမ္မတေးတွေ ဆိုတာ၊ ဆုတောင်းတာတွေက ဟန်ဆောင်လိမ်ညာချင်လို့၊ ကိုယ့်အကျိုးအတွက် ဘာသာရေးကို အလွဲသုံးစား အသုံးချဖို့ မဟုတ်ပါဘူး။ တခါတလေဆို ပြန်မတွေနိုင်တဲ့ ဘုန်းကြီးတွေကို ရှိခိုးတာမို့ ကိုယ့်အတွက် အကျိုးလိုလို့ လုပ်တာ မဟုတ်ဘူး။ အဲလိုအခါမျိုးတွေ မှာ ရည်ရွယ်တာက တခြားသူတွေလည်းစိတ်ချမ်းသာ၊ ကိုယ်လည်းစိတ်ချမ်းသာ...ပြီးတော့ ဘယ်သူ့မှ မထိခိုက်တဲ့ အပြင် နောက်ရင်ပြီးရင် ပြီးသွားမှာပဲဆိုတဲ့ သဘောထားနဲ့ ရှိခိုးတာ။ တနည်းအားဖြင့် ပြောရရင် သူများစိတ်ချမ်းသာအောင် ဝန်ဆောင်မှု ပေးလိုက်တာပါ။ အဲဒါမျိုးကို မခိုင်မာဘူးဆိုပြီး မနှစ်သက်တဲ့လူလည်း ရှိချင်ရှိမယ်။ ဒါပေမဲ့ ခင်မင်ရင်းနှီးတဲ့သူတွေ ကတော့ ကိုယ်ဘာသာမဲ့မှန်း သိကြပါတယ်။ သူတို့လည်း သိသိနဲ့ church တွေကို ခေါ်တာပဲ။ မယုံကြည်ပေမဲ့ ဘုရားတွေကို သွားပြီး စော်ကားတာမှ မဟုတ်တာ။ မိတ်ဆွေတွေ၊ ဒါမှမဟုတ် တခါတခါမှတွေ့ရတဲ့ ဝါကြီးသူတွေကို အရိုအသေပေးတာပဲဟာ။ ဒါပေမဲ့ လူတိုင်း ကိုယ့်လို လုပ်ရမယ်လို့တော့ မဆိုလိုပါဘူး။ ကိုယ် အဲလို လုပ်တာကို တချို့က သဘောထားကြီးတယ်လို့ မြင်နိုင်သလို တချို့က ရပ်တည်ချက် မခိုင်မာဘူးလို့ သုံးသပ်နိုင်တယ်။ တကယ်တော့ အဲဒီ့နှစ်ခုလုံး ရှုထောင့်တမျိုးစီကနေ မှန်တယ်လို့ ကျနော်ထင်တယ်။ ကျနော်က တခါတခါ အဲလိုလုပ်ရတာကို နှစ်သက်လို့ လုပ်တာဖြစ်တဲ့အတွက် ကိုယ့်ကိုယ်ကိုတော့ သဘောထားကြီးတယ်လို့ မထင်သလို ရပ်တည်ချက် မခိုင်မာဘူးလို့လည်း မထင်မိပါဘူး။ တချို့ကလည်း စိတ်ထဲမပါဘဲနဲ့ ဝင်ရှုပ်တယ်လို့ ထင်ချင်ထင်နိုင်သေးတယ်။ အဲဒါမျိုးသာ ပြောလာရင်တော့ ဘာမှပြန်ပြောစရာ မရှိပါဘူး။ church ကျောင်းကို လိုက်တာတို့၊ ဘုန်းကြီးတရားနာတာတို့ကလည်း ကျနော် ယုံယုံ၊ မယုံယုံ သွားခွင့်ရှိတဲ့ ကျနော့် အခွင့်အရေးပဲဟာ။

တဘက်မှာ ဘယ်သူ့ကိုမှ မရှိခိုးနိုင်ဘူးဆိုတဲ့ ဘာသာမဲ့ (ဒါမှမဟုတ်) ကိုယ့်ဘုရားကလွဲပြီး ဘာကိုမှ မရှိခိုးနိုင်ဘူး ဆိုတဲ့ သူတွေကိုလည်း သူတို့ ရပ်တည်ချက်မှာ ခိုင်ခိုင်မာမာ ရပ်တဲ့ အတွက် လေးစားတာပဲ။ ဘယ်ဘုရားကိုမှ ရှိမခိုးဘူး၊ ဘယ်သူ့ကိုမှ မလိုက်လျောနိုင်ဘူးလို့ ဆုံးဖြတ်ထားတဲ့ ဘာသာမဲ့ တယောက်မှာ အခက်အခဲတွေ ရှိနိုင်တာမို့ အဲလိုလူတွေကိုလည်း လေးစားပါတယ်။ အဲလို ရပ်တည်နိုင်ဖို့ ခက်ခဲပါတယ်။ တဘက်မှာလည်း အရေးမကြီးတဲ့ ကိစ္စုကို အစွဲအလမ်းထားမနေဘဲ သူများကို ဦးစားပေးနိုင်ဖို့ ဆိုတာလည်း ခက်ခဲပါတယ်။ အကောင်းဆုံးကတော့ သူများကို မထိခိုက်စေတဲ့ ကိစ္စတွေမို့ ကိုယ့်ဆုံးဖြတ်ချက်နဲ့ ဘယ်လိုပဲ လုပ်လုပ် အရေးမကြီးပါဘူး။

ဒီနေ့ထိလည်း တခါတခါ လိုက်လျောပြီး လုပ်တတ်တဲ့ ကိစ္စကို ဝေဖန်မယ့်သူ မကြုံဖူးသေးပါဘူး။ ဒါပေမဲ့ ကျနော်တို့နိုင်ငံမှာ ဘာသာမဲ့ ဆိုရင် အထူးအဆန်းဖြစ်ပြီး ဘာသာမဲ့သူတွေရဲ့ အလေ့အထ တွေကို သိချင်တတ်ကြတာမို့ ၊ တခါတလေလည်း နားမလည်ဘဲ ကွန်မြူနစ်လို့ စွပ်စွဲကြ၊ တိရစ္ဆာန်နဲ့ နှိုင်းကြတာမို့….ဘာသာမဲ့ တယောက်နဲ့ တယောက် မတူပေမဲ့ ကျနော့်ရဲ့ အလေ့အထကို မျှဝေလိုက်တာပါ။

တခုတော့ ရှိတယ်။ စာရေးရင်ပဲ ဖြစ်ဖြစ်၊ ဘယ်သူနဲ့မဆို လေးလေးနက်နက် ဆွေးနွေးပြီဆိုရင်တော့ အားမနာတမ်းပြောတယ်။ လူတိုင်းနဲ့လည်း မဆွေးနွေးဘူး။ ဆွေးနွေးထိုက်သူလို့ ယုံကြည်ရမှ ဆွေးနွေးတယ်။ (ဒါမှမဟုတ်) အပေါ်စီးကနေ ပြောလာလို့ ပြန်ပက်ချင်မှ ပြန်ငြင်းတယ်။

စာရေးတဲ့အခါမျိုးဆိုရင်တော့ ဘယ်သူမဆို ဖတ်နိုင်သွားတာပေါ့လေ။(ကောင်းကင်ကို)

Wednesday, June 27, 2012

Stereotype၊ လူမျိုးရေး ပြဿနာ နှင့် ကလေးကွက် (ခေတ်မောင်းဂျာနယ် အတွဲ (၂) မှ)


ခေတ်မောင်းဂျာနယ် အတွဲ (၂) download လုပ်ရန် http://www.mediafire.com/?4gnbr4aa43nciiy
Stereotype၊ လူမျိုးရေး ပြဿနာ နှင့် ကလေးကွက်

(၁)
ကန်စွန်းရွက်ကြော်က ဘာအသားမှ မထည့်နဲ့။ သက်သတ်လွတ်နော်
ကြာဇံကြော်ကလည်း သက်သတ်လွတ်နော်

သက်သတ်လွတ်ဆိုတဲ့ စကားလုံးနဲ့ တဖွဖွ မှာတယ်။ သက်သတ်လွတ်တွေ မှာနေရင်းကနေ နောက်တမျိုး ထပ်မှာလိုက်တဲ့အခါမှာတော့ အကုန်လုံး ပွဲကျသွားတော့တယ်။ ထပ်မှာလိုက်တဲ့ အရာက….. ဘီယာ။ တကယ်ဆိုရင်တော့ ရယ်စရာ ဘာမှ မပါပါဘူး။ ဒါပေမဲ့ သက်သက်လွတ်စားတာဟာ ဘာသာရေး ကိုင်းရှိုင်းလို့၊ ဘာသာရေး အဲ့လောက်ကိုင်းရှိုင်းရင် အရက်ဘီယာ မသောက်လောက်ဘူး ဆိုတဲ့ လူတွေရဲ့ stereotype ဆန်တဲ့ အတွေးကြောင့် ရယ်စရာ လိုလို ဖြစ်သွားတယ်။

သက်သတ်လွတ် သမားဟာ သက်သက်လွတ်စားရခြင်းက ဘာသာရေးကြောင့် မဟုတ်ဘဲ ဒီလိုအတွေးကြောင့်လည်း ဖြစ်နိုင်တာပဲလေ။ လူတွေဟာ အသိဥာဏ် အကြီးဆုံးဖြစ်လို့
ကိုယ့်လောက်အသိဥာဏ်မရှိတဲ့ သတ္တဝါတွေကို ညှာသင့်တယ်

(
၂)
ဒါပေမဲ့ Stereotype အတွေးတွေဟာ များသောအားဖြင့် ဟာသ မမြောက်ဘဲ လူ့လောကကို ပြဿနာ ဖြစ်စေနိုင်ပါတယ်။ အထူးသဖြင့် လူမျိုးရေး၊ ဘာသာရေး၊ နိုင်ငံရေးနဲ့ ပတ်သတ်လာရင်ပေါ့။ Stereotype အတွေးနဲ့သာ ကျဉ်းကျဉ်းမြောင်းမြောင်း တွေးရကြေးဆိုရင် ဥပမာကုလားတွေအားလုံး စိတ်ထားယုတ်ညံ့တယ်လို့ တွေးတယ်ဆိုပါစို့၊ ဒါဆိုရင် ဂန္ဒီဟာ ကုလား၊ ဒီတော့ ဂန္ဒီဟာ စိတ်ထားယုတ်ညံ့သူ ဖြစ်သွားမယ်။ တရုတ်တွေအားလုံး မိုက်ရိုင်းတယ်လို့ တွေးမယ်ဆိုရင်ကွန်ဖြူးရှပ်တို့ လောက်ဇူတို့ပါ မိုက်ရိုင်းသူတွေ ဖြစ်သွားမယ်။ ဘင်္ဂါလီအားလုံး အောက်တန်းစားတွေမုဒိမ်းကောင်တွေဆိုရင် ကမ္ဘာကျော် ကဗျာဆရာကြီး ရာဘင်ဒြာနတ်တဂိုးပါ အောက်တန်းစားမုဒိမ်းကောင် ဖြစ်သွားလိမ့်မယ်။ မွတ်စလင်အားလုံး ခွေးကျင့်ခွေးကြံကောင်တွေဆိုရင် ဦးရာဇတ်တို့၊ စာရေးဆရာ မောင်သော်ကတို့ပါ ခွေးကျင့်ခွေးကြံကောင်တွေ ဖြစ်သွားမယ်။ ဒီလိုပဲ ဗမာ တွေ အားလုံးသာ အသုံးမကျသူဆိုရင် ဦးသန့်လိုလူတွေ၊ ဗိုလ်ချုပ်အောင်ဆန်းလို လူတွေပါ အသုံးမကျသူတွေ ဖြစ်သွားလိမ့်မယ်။
တဘက်မှာ ဘာသာတိုင်း လူမျိုးတိုင်းမှာ လူတော်လူကောင်းတွေ ရှိသလို ထောက်ပြစရာ လူဆိုးတွေ၊ မုဒိမ်းကောင်တွေလည်း ရှိနေမှာပဲ။

(
၃)
ဘာသာရှိသူတွေ နည်းတူပါပဲ။ ဘာသာမဲ့တွေထဲမှာလည်း လူကောင်းတွေရော လူဆိုးတွေပါ ရှိပါတယ်။

တချို့သူတွေက ဘာသာမဲ့ဆိုရင် တရားလုံးဝ မရှိတဲ့သူ၊ လူစိတ်ကင်းမဲ့သူ လိုမျိုး stereotype အတွေးတွေနဲ့ တွေးတတ်၊ Facebook လို နေရာမျိုးတွေမှာ ရေးတတ်ကြတာလည်း ရှိသေးတယ်။ တကယ်တော့ ဘာသာမဲ့ Mark Zuckerberg တည်ထောင်ထားတဲ့ Facebook ကို သုံးပြီး ဘာသာမဲ့တွေကို ပိုးစိုးပက်စက် ပြောနေခြင်းပါပဲ။

ကျနော်လည်း ဘာသာရေးတွေကို မယုံကြည်သူ တယောက်ပါ။ ဒါပေမဲ့ ခရစ်ယာန် တယောက်က ဖြစ်စေ၊ မွတ်စလင်တယောက်က ဖြစ်စေ ကျနော့်အတွက် ဆုတောင်းပေးရင်တော့ ကြိုက်တယ်။ ကိုယ့်ကို မေတ္တာပို့တယ်လို့ပဲ ခံစားရပါတယ်။

(
၎)
နောက်ထပ် ခွဲခြား ဆက်ဆံခံရလေ့ ရှိတာက ကပြား တွေ ပါပဲ။ လူတော်တော်များများရဲ့ အခေါ်အဝေါ်အရ ဆိုရင်တော့ မျိုးမစစ် တွေပေါ့။ နှစ်ဘက်လုံးကို ဘက်မျှတွေးနိုင်သူ၊ (များသောအားဖြင့်) နှစ်ဘက်လုံးကို နားလည်ပေးနိုင်တဲ့အတွက် ယဉ်ကျေးမှုအရ စိတ်ပိုင်းစရာအရ ပိုကြွယ်ဝနိုင်ခြေရှိသူတွေ အဖြစ် မြင်မပေးကြပဲ မျိုးမစစ်ဆိုပြီး ဆဲရေးတိုင်းထွာ ကြတာက များပါတယ်။ ဗမာ-တရုတ် ကပြားကို ဖြစ်စေ၊ ဗမာ-ကုလား ကပြားကို ဖြစ်စေ ဗမာအဖြစ် နွေးထွေးစွာ လက်မခံဘဲ မျိုးမစစ်ဆိုပြီး ခွဲခြားဆက်ဆံလိုက်တာဟာလည်း သိမ်းသွင်းရမယ့်အစား တခြားတဘက်ကို တွန်းပို့လိုက်တာနဲ့ အတူတူပါပဲ။

လူမျိုးခြားနဲ့ ယူပြီဆို များသောအားဖြင့် မေးခွန်းတွေ ထုတ်လေ့ ရှိပါတယ်။ အဲဒီ့လို မေးခွန်းကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် အမေးခံခဲ့ရတယ်လို့ ဖတ်ဖူးပါတယ်။ ဒါပေမဲ့ ဒေါ်စုက လူမှာ လူကောင်းရယ် လူဆိုးရယ်ပဲ ရှိတယ်။ ကိုယ်ယူတဲ့သူက ကိုယ်နဲ့ စိတ်တူသဘောတူ လူကောင်း တယောက် ဖြစ်နေရင် ပြီးပြီဆိုတဲ့ အဖြေမျိုးကိုတော့ မဖြေခဲ့ပါဘူး။ လူမျိုးမခွဲခြားတဲ့ အဖြေမျိုးအစား အင်္ဂလိပ်တွေ ကြားမှာနေရင် အင်္ဂလိပ်တွေနဲ့ ရဖို့များတယ် ဆိုတဲ့ သဘောမျိုးပဲ ဖြေသွားတော့မေးခွန်းထုတ်သူက အပြစ်ရှိတယ် ဆိုတဲ့ အမြင်နဲ့ မွေးခွန်းထုတ်လာရာမှာ နိုင်ငံခြားသားနဲ့ ယူခြင်းဟာ အပြစ်မရှိဘူးလို့ ဖြေမယ့်အစား အဲလိုလုပ်ရတာဟာ အခြေအနေတွေ တွန်းပို့လို့ ဆိုတဲ့ သဘောမျိုးပဲ ဖြေသွားခဲ့ပါတယ်။ ဒါဟာ နိုင်ငံရေးမှာ လူထုထောက်ခံမှု နည်းသွားမှာ စိုးရိမ်လို့လို့ နားလည်လိုက်မိပါတယ်။

Racists
တွေဟာ လူမျိုးခြားနဲ့ ယူခြင်းကို အကြောင်းများစွာ ပြပြီး ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက်လေ့ ရှိပါတယ်။ အတွေးအခေါ် ကျယ်ပြန့်သူ တယောက်အတွက် ဆိုရင်တော့ ကန့်ကွက်စရာ ဘာအကြောင်းမှ မရှိပါ။ [လူမျိုးရေး ခွဲခြားတတ်တဲ့ နိုင်ငံတွေမှာ ဆိုရင်တော့]လူမျိုးခြားကို မယူသင့်တဲ့ အကြောင်းရင်းကို မရမက ရှာဖွေကြည့်မယ်ဆိုရင် တခုတည်းပဲ ရှိပါတယ်။ မွေးလာမယ့် ကလေး ခွဲခြားဆက်ဆံ ခံရမှာ၊ အပယ်ခံရမှာကြောင့် ကလေးကို ဒဏ်မခံစေချင်လို့ပါပဲ။ မြန်မာနိုင်ငံလို နိုင်ငံမှာ လူတယောက်ယောက်က ဆိုးဝါးတဲ့ အပြုအမူကို လုပ်ပြီဆိုရင် မင်းဗမာ မှ ဟုတ်ရဲ့လားဆိုတဲ့ မေးခွန်းမျိုး၊ မင်းအမျိုးမှ စစ်ရဲ့လားဆိုတဲ့ မေးခွန်းမျိုးဟာ တခြားလူမျိုး မှန်သမျှကို၊ ကပြားမှန်သမျှကို ယုတ်မာသူ၊ ဆိုးသွမ်းသူ၊ ဗမာအားလုံးသည်သာလျှင် ယဉ်ကျေးသူ ဆိုတဲ့ အတွေးတွေမှာ အခြေခံနေပါတယ်။ ဥပမာပေးရရင်တော့ ဗွီဒီယို တခုထဲမှာ ဗမာ အမျိုးသားတွေက ဗမာ အမျိုးသမီးတွေကို ဗမာလိုတွေ ပြောပြီး ရက်ရက်စက်စက် ရိုက်နှက် နေကြတဲ့ဟာမျိုးကို မြင်ရတာတောင် ဗမာတွေ ဟုတ်ရင် ဒီလို မလုပ်ဘူးလို့ မှတ်ချက်ပေးထားတာမျိုး ဖတ်ခဲ့ရဖူးပါတယ်။ လူအများစုရဲ့ အယူအဆကို လေ့လာကြည့်ရင်လည်း ခွဲခြားချင်တဲ့ သူတွေ ပိုများနေတာကြောင့် အနာဂတ်မှာလည်း အဲဒီ့သဘောမျိုးတွေပဲ ဆက်လက်ကြီးစိုး နေဖို့များတာမို့ လူမျိုးခြားကို မယူသင့်တဲ့ အကြောင်းရင်းတခုကို မပေးမနေရ ပေးရမယ်လို့ ဆိုလာခဲ့ရင် မွေးလာမယ့် ကလေးကို လှောင်ပြောင်မယ့် ဒဏ် မခံစားရ စေချင်လို့ပါပဲ။ ဒါပေမဲ့ ဒီပြဿနာရဲ့ တကယ့် အဖြေအစစ်ကတော့ လူမျိုးရေးခွဲခြားမှု ကင်းရှင်းတဲ့ ပတ်ဝန်းကျင်တခု ဖြစ်လာမှသာ ပြဿနာတွေ အားလုံး ပြေလည်သွားမှာပါ။

(
၅)
လူမျိုးရေး ပြဿနာတွေနဲ့ ပတ်သတ်ပြီး ပြောရရင် ကမ္ဘာ့နိုင်ငံတွေရဲ့ နယ်စပ်တွေမှာ အချိန်မရွေး ထထပေါက်ကွဲတတ်တဲ့ မီးတောင် တလုံးစီ ရှိတတ်တယ်။ အဲဒီ့ မီးတောင်တွေဟာ နိုင်ငံရေး အမြတ်ထုတ်လိုသူတွေ အတွက် စားကျက်တခု၊ မီဒီယာတွေ အတွက် ကုန်ကြမ်းနဲ့ NGO တွေအတွက် အလုပ်ရုံတွေ ဖြစ်တတ်တယ်။

နယ်စပ်ဒေသက မြို့တွေ ရွာတွေမှာ လူမျိုးတွေ ရောယှက်နေလေ့ ရှိကြတယ်။ တဘက်ဘက်မှာ လူမျိုးရေး ပဋိပက္ခတွေ သွေးထွက်သံယိုတွေ ဖြစ်တဲ့အခါမျိုးမှာ တခြားတဘက်ကို ထွက်ပြေးလေ့ ရှိတယ်။ အဲဒီ့အခါမှာ တဘက်နိုင်ငံက လက်ခံပေးတဲ့ အခါတွေ ရှိသလို လက်မခံဘဲ ပြန်မောင်းထုတ်တဲ့ အခါတွေလည်း ရှိတတ်တယ်။

ထားပါတော့။ သေချာတာကတော့ ဒီလူတွေဟာ နယ်နိမိတ် စည်းမျဉ်းရဲ့ တဘက်ဘက်က မြေကြီးပေါ်မှာ မွေးဖွားခဲ့တာတော့ သေချာတယ်။ သူတို့မွေးတဲ့ နေရာက ကောင်းကင်ဘုံတော့ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ဘူးလေ။ ဒီတော့ မြေကြီးပေါ်က တနေရာမှာ မွေးပါလျက် ဘယ်နိုင်ငံက မြေကြီးကမှ သူတို့နဲ့မဆိုင်ဘူး၊ သူတို့ကို လက်မခံဘူး ဖြစ်နေတယ်။ မဆိုင်တဲ့ မြေကြီးပေါ်မှာ နေထိုင်ရခြင်းကိုကျူးကျော်သူလို့ အဓိပ္ပါယ်ဖွင့်မယ် ဆိုရင်တော့ သူတို့ ဘဝက မွေးရာပါ ကျူးကျော်သူ၊ သူတို့ မွေးလာခြင်း၊လူဖြစ်လာခြင်း ကိုက ကျူးကျော်ခြင်း၊ ဥပဒေချိုးဖောက်ခြင်းလို ဖြစ်နေတယ်။ ကမ္ဘာမြေကြီးပေါ်မှာ မွေးဖွားလာသူ တယောက်ဟာ ကမ္ဘာပေါ်က ဘယ်နိုင်ငံရဲ့ မြေကြီးပေါ်မှာမှ တရားဝင် လူဖြစ်ခွင့် မရခြင်းဟာ ကမ္ဘာ့စနစ်ကြီးဟာ ဘယ်လောက် ချွတ်ယွင်း နေသလဲဆိုတာကို ပြနေတယ်။ ကမ္ဘာ့စနစ်ကြီး ဘယ်လောက်အထိတောင် ချွတ်ယွင်းနေသလဲ ဆိုရင် ကမ္ဘာပေါ်မှာ နိုင်ငံမဲ့ဖြစ်နေတဲ့ ဒုက္ခသည် ဦးရေဟာ ၁၂ သန်းလောက် ရှိနေတယ်လို့ ဆိုတယ်။

တချို့ကတော့ အကြံပေးကြတယ်။ အဲလိုလူတွေကို ဖွံ့ဖြိုးပြီး နိုင်ငံတွေက အကုန်ခွဲပြီး ယူလိုက်ဖို့။ အဲဒါဟာ ဖြစ်နိုင်ချေ မရှိပေမဲ့ အဲလိုတကယ်တမ်း လုပ်မယ် ဆိုရင်တောင် ဒုက္ခသည် အတုတွေ ပေါ်လာလိမ့်မယ်။ ဒုက္ခသည် အတုတွေ မှိုလိုပေါက်လာကြလိမ့်မယ်။ နောက်ဆုံးမှာ ဒုက္ခသည် အစစ်တွေက ပိုနေမြဲ ကျားနေမြဲနဲ့ နိုင်ငံဆက်မဲ့ နေပြီးတော့ ပိုက်ဆံတတ်နိုင်တဲ့ ဒုက္ခသည် အတုတွေပဲ နိုင်ငံကြီးတွေကို ရောက်သွားဖို့ ရှိတယ်။ အဲဒီ့အခါမှာတော့ ကောင်းစားသွားတဲ့ ဒုက္ခသည် အတုတွေက ဒုက္ခသည် အစစ်တွေကို ဝိုင်းနှိမ်ကြတော့မယ်။

ကမ္ဘာအရပ်ရပ်က သနားစရာ ကောင်းတဲ့ ၁၂ သန်းသော ဒုက္ခသည်တွေဟာ အခွင့်အရေး မျိုးစုံ ဆုံးရှုံးနေပါတယ်။ အဲဒီ့ထဲမှာ အဆိုးဆုံးကတော့ ဒုက္ခသည် ကလေးငယ် အများစုဟာ ကောင်းမွန်တဲ့ ပညာရေး မရရှိခြင်းပါပဲ။ သူတို့တွေ ပညာသင်ကြားခွင့်မရလို့ ပညာမတတ်သူတွေ များပြားလာတဲ့အခါ၊ အတွေးအခေါ်တွေ အစွန်းရောက်လာကြပြီး အဲဒီ့ ဒေသအတွက်လည်း အန္တရာယ်တွေ ပိုမိုများပြား လာနိုင်ပါတယ်။

(
၆)
မကြာခင်က မြန်မာနိုင်ငံ အနောက်ဘက်ခြမ်းမှာလည်း လူမျိုးရေးမီးတောင် ပေါက်ကွဲခဲ့ပါတယ်။ အဲဒါကို ကြည့်ပြီး တချို့လူတွေက ပြောကြတယ်။ နိုင်ငံတနိုင်ငံဟာ ပြည်သူတွေနဲ့ ထိုက်တန်တဲ့ အစိုးရပဲ ရတတ်တယ်တဲ့။ အဲဒါက မှန်သလိုလို ရှိပေမဲ့ တကယ်တော့ မဟုတ်သေးပါဘူး။ မင်းတို့နဲ့ ဒါပဲ တန်တယ်၊ ဒါပဲယူဆိုရင်တော့ ဘယ်တော့မှ တိုးတက်လာမှာ မဟုတ်ပါဘူး။ နိုင်ငံတော်တော်များများမှာ သာမန် ပြည်သူတွေ ဆိုတာဟာ နေရာတကာမှာတော့ ဗဟုသုတတွေ ပြည့်စုံနေကြတာ မဟုတ်ပါဘူး။ သူလို ကိုယ်လို ပါပဲ။ အဖြူထည်တွေ ပါပဲ။ ကွာသွားတာက ခေါင်းဆောင်နေရာ ရယူနေကြတဲ့ အလွှာပါ။ မြန်မာနိုင်ငံမှာ ဆိုရင်တော့ မီဒီယာ၊ အင်တာနက်သုံးနိုင်သူ၊ တခုခုနဲ့ ပတ်သတ်ပြီး ပြောရေးဆိုခွင့် ရှိသူ၊ ပရိသတ်ရှိသူ အဲလို လူတွေ အားလုံးအကျုံးဝင်ပါတယ်။ ခြုံငုံပြီး အပေါ်ယံအလွှာလို့ ကျနော် သုံးလိုက်ပါမယ်။ နိုင်ငံတနိုင်ငံဟာ အဲဒီ့ အပေါ်ယံလွှာ အင်အားစုကြီးရဲ့ ပျမ်းမျှ အရင်အချင်းနဲ့ ထိုက်တန်တဲ့ ဟာကို ရနေတာလို့။ ပြည်သူဆိုတာက မှန်ချင်တဲ့ အခါ မှန်မယ်။ လမ်းလွဲကို ပို့ခံရရင် မှားချင်တဲ့ အခါ မှားသွားနိုင်တယ်။ ဥပမာ ပြည်သူအချင်းချင်း သတ်ဖြတ်နေတာမျိုး၊ ပြည်သူက ပြည်သူကို အနိုင်ကျင့် နေတဲ့အခါမျိုးတွေမှာ မှားတယ်လို့ ပြောလို့ရတယ်။ ဒါပေမဲ့ ပြည်သူကို အပြစ်တင်လို့တော့ ရမှာမဟုတ်ပါ။ ထူးလာမှာလည်း မဟုတ်ပါ။ ဥပမာ..အပေါ်ယံလွှာက လူတွေက အမှန်တရားကို မပြောပဲ အမှားတွေဆီကိုပဲ တွန်းပို့နေမယ် ဆိုရင် ပြည်သူတွေဟာ လမ်းကြောင်းအမှားပေါ် ရောက်သွားနိုင်ပါတယ်။ အဲလိုအခါမျိုးမှာ အပြစ်တင်သင့်တာက ပြည်သူမဟုတ်ပါ။ ပြည်သူတွေက ဒီမိုကရေစီနဲ့ မတန်ခြင်း မဟုတ်ပါ။ ပညာတတ် လူတန်းစားတွေရဲ့ ပျမ်းမျှအရည်အချင်းကသာ ဒီမိုကရေစီနဲ့ မတန်ခြင်း ဖြစ်ပါတယ်။

(
၇)
ပညာတတ် ဆိုသူတွေရဲ့ ကလေးကွက် တခုလည်း ရှိပါသေးတယ်။ ကိုယ်က ကချင်ဘက်က စာနာပြီး ပြောပေးလိုက်ရင် ကချင်ထင်သွားကြတာမျိုး။ ချင်းဘက်ကမှန်တယ်ထင်လို့ ရပ်လိုက်ရင် ချင်းထင်သွားကြတာမျိုး။ တရုတ်ကို မုန်းတာကို မကြိုက်လို့ ကိုယ်က ကန့်ကွက်မိရင် တရုတ်၊ ကုလားဘက်က ဝင်ပြောမိသူတွေကို ကုလား၊ Gay တွေရဲ့ အခွင့်အရေးကို ပြောမိရင် Gay ထင်ကြတော့တာ။

တကယ်တော့ အဲလို တံဆိပ် လိုက်ကပ်သူတွေဟာ သူတို့စိတ်နဲ့ သူတို့ နှိုင်းလိုက်ကြတာပါ။ သူတို့မှာ ကိုယ့်အတ္တအတွက်ပဲအမြဲတွေးနေတော့ သူများက အမြင်ကျယ်ကျယ်နဲ့ ကချင်မဟုတ်ဘဲ ကချင်အကြောင်းပြောတာမျိုး၊ ချင်းမဟုတ်ဘဲချင်းတွေဘက်ကစာနာပြီး ပြောတာမျိုး Gay မဟုတ်ဘဲ Gay rights ကို ပြောတာမျိုး၊ ထိုင်းတယောက်က ဗမာဘက်က ဝင်ရပ်လိုက်တာမျိုး အဲဒါတွေကို သူတို့ ဘယ်လိုမှ တွေးတတ်မှာ မဟုတ်ဘူး။ သူတို့ရဲ့ ကျဉ်းမြောင်းတဲ့ စိတ်နဲ့ပဲ လိုက်တွေးပြီး မင်းက မြန်မာမှ ဟုတ်ရဲ့လား” “မင်းကကချင် မို့လို့ ဒီစကားမျိုးပြောတာ” “ကုလား ပါးစပ်က ဒီစကားမျိုးပဲ ပြောမှာပဲစသည်ဖြင့် စကားရဲ့ တန်ဖိုးနဲ့ မှန်မမှန်ကို မစဉ်းစားတော့ဘဲ အိုးနင်းခွက်နင်း တုံ့ပြန်ကြပါတယ်။

တဘက်မှာ သူတို့ ထင်တဲ့ အတိုင်း ကချင်က ကချင်ဘက်က ပြောတော့ရော၊ ချင်းက ချင်းဘက်က ပြောတော့ရော၊ တရုတ်က မြန်မာပြည်ဖွား တရုတ်အရေး၊ ကုလားက မြန်မာပြည်ဖွား ကုလားအရေး ပြောတော့ရော ပြောခွင့် မရှိတော့ဘူးတဲ့လား။ ဗမာဟာ ဗမာတယောက်ဖြစ်လို့ မြန်မာပြည်မှာ ဖြစ်ဖြစ်၊ တခြားနိုင်ငံ တခုခုမှာ ဖြစ်ဖြစ် ဗမာ့အရေး ပြောခွင့် မရှိတော့ဘူးလား။ ပြောတဲ့ စကား မှန်မမှန်၊ တန်ဖိုး ရှိမရှိပဲ အရေးကြီးတာမို့ အဲလိုလူတွေရဲ့ မေးခွန်းတွေ၊ တံဆိပ်ကပ်မှုတွေဟာ သူတို့ မရင့်ကျက်သေးတာကို ပြနေပါတယ်။

(
၈)
အဲလို ပညာတတ် ဆိုသူတွေရဲ့ ကလေးကွက်တွေကို တခုချင်း လိုက်ဖြေရှင်းနေရင်တော့ ဘယ်တော့မှ ပြီးမှာ မဟုတ်ပါဘူး။ အဲဒါတွေအတွက် အကောင်းဆုံးနည်းကိုတော့ ခရေငယ်က ကျနော့်ကို ပြောပြထားပါတယ်။ “Debate လုပ်တဲ့နေရာမှာကိုယ့် Comment အောက်မှာ တခြားလူ Comment တခု ရောက်လာတိုင်း ရှုံးတာမဟုတ်ဘူး ဦးကိုရဲ့။ သူပြောတဲ့ အကြောင်းအရာက ကိုယ်အပေါ်မှာပြောထားတဲ့ အကြောင်းအရာကို ချေဖျက်နိုင်မှ . . .သူက မချေဖျက်နိုင် ဘဲနဲ့ ရေးလာရင်၊ သူရေးလာတာက ဆွေးနွေးတဲ့ ပုံစံမျိုး မဟုတ်ဘူးဆိုရင် ကိုယ်ပြန်ရေးနေလည်း စကားတွေဖောင်းပွတာက လွဲလို့ ဘာမှမထူးဘူး . . အဲဒီ့တော့ ဘာမှထပ်ရေးပေးဖို့ မလိုဘူး
(ကောင်းကင်ကို....ခေတ်မောင်းဂျာနယ် အတွဲ (၂) မှ)
http://www.khitmaung.com/ တွင်လည်း ခေတ်မောင်းဂျာနယ်မှ စာများအား ဖတ်ရှု နိုင်ပါသည်။