Wednesday, December 27, 2023

Self-connection-2 (ဥပေက္ခာ)

ကိုယ်က ဘဝတလျှောက်လုံး ဘာသာမဲ့ဆန်ခဲ့တယ်။ ခုထိလည်း ဘာသာမဲ့လို့ ပြောလို့ရပါတယ်။ ဒါပေမယ့် ၂၀၁၈ ခုနှစ်မှာ ဘာသာရေးတော့မဟုတ်ဘဲ ဘုာသာရေး မပါတဲ့ spirituality ဘက်ကို ယိမ်းခဲ့တယ်။ လက်တွေ့တော့ အသုံးချဖြစ်တာ နည်းခဲ့ပါတယ်။ စကားလုံးအရ "spirituality" လို့ သုံးလိုက်ရပေမယ့် အဲဒီမှာ မျက်စိမှိတ်ယုံကြည်မှု မပါဘူး။ ယုံကြည်မှုထက် တချို့သဘောတရားတွေကို မှန်မှန်/မမှန်မှန် tool အဖြစ် သုံးမယ်ဆိုတဲ့ ခံယူမှုပဲ ပါတယ်။ စိတ်ကို အဲဒီပုံစံအတိုင်း လိုက်တည်ဆောက်ဖို့ ခက်တော့ tool အဖြစ်ခံယူထားပေမယ့် ခုထိ တကယ် လက်တွေ့ သိပ်အသုံးမချဖြစ်သေးတာကတော့ တပိုင်းပေါ့။ 

ထပ်ပြောရရင် ..... စကားလုံးအရ "spirituality" လို့ သုံးလိုက်ရပေမယ့် အဲဒီမှာ မျက်စိမှိတ်ယုံကြည်မှု မပါဘူး။ ဒါပေမယ့် လူ့လောကမှာ ဒီတိုင်း ယုံကြည်လက်ခံထားရတာတွေက အများကြီး။ မိတ်ဆွေတွေကို ယုံကြည်မှုထားရတယ်။ ဆွေမျိုးသားချင်းတွေကို အတိုင်းအတာတစ်ရပ်အထိ ယုံကြည်မှုထားရတယ်။ စီးပွားရေးတွေမှာလည်း အတိုင်းအတာတစ်ရပ်အထိ ယုံကြည်မှုထားရတယ်။ သံသယနဲ့ဆို ဘာအလုပ်မှ လုပ်လို့ရတော့မှာ မဟုတ်ဘူး။ ဘယ်သူနဲ့မှလည်း ဆက်ဆံရေးတွေ တည်ဆောက်လို့ ရတော့မှာ မဟုတ်ဘူးကိုး။ ဒီတော့ နာမ်ပိုင်းဆိုင်ရာ အတွေးအမြင် နဲ့ ခံယူမှုတွေမှာ ဘာသာရေးလို မျက်စိမှိတ်ယုံကြည်ချက် မပါဘူးဆိုရင်တောင် သိမ်မွေ့တဲ့ ယုံကြည်မှုတွေ ပါကောင်းပါနေမယ်။ ဒါပေမယ့် ကွာခြားတာ တစ်ခုက အဲဒါတွေကို absolute truth အဖြစ် သူများကို လိုက်ရောင်းမှာ အတင်းလက်ခံခိုင်းမှာ မဟုတ်ဘူး။ ကိုယ့်တစ်ယောက်စာ အသုံးဝင်တဲ့ အတွေးအမြင်တွေ၊ စည်းမျဉ်းတွေ၊ သဘောတရားတွေအဖြစ်ပဲ ဆင်ခြင်ဖို့၊ ကျင့်သုံးနိုင်အောင် ကြိုးစားဖို့ပါ။ New Year's Resolution တွေလုပ်လေ့မရှိပေမယ့် ဒီနှစ်တော့ ကြိုးစားကြည့်ဦးမယ်ပေါ့။

ဟိုနေ့က ကိုပိုင်သွန်နဲ့ ဆွေးနွေးတော့  "spirituality" ဆိုတဲ့ စကားလုံးကတောင် ဘာသာရေးဆန်နေတယ်။ ဘယ်လို စကားလုံး သုံးရင် ကောင်းမလဲ။ အဲဒီနေ့ကတော့ စကားလုံး စဉ်းစားလို့ မရဘူး။ ဒီနေ့တော့ ကိုယ့်ဘာသာ စကားလုံး တစ်ခု စဉ်းစားလို့ရတယ်။ စိတ်တိုင်းတော့ သိပ်မကျပေမယ့်။ "Self-connection" ဆိုပြီး ကိုယ့်ဘာသာ သုံးလိုက်မယ်။ ကိုယ့်ဘာသာတွေးမိတာပါ။ ရှာကြည့်တော့ အသုံးများပြီးသား စကားလုံးဖြစ်နေတယ်။

ဘာသာရေးမပါတဲ့ stoicism မှာ သဘောတရား တခုရှိတယ်။ ကိုယ် control လုပ်လို့မရတဲ့ အရာတွေကို လွှတ်ချပြီး ကိုယ် control လုပ်လို့ရတဲ့ အရာတွေကိုပဲ ဂရုစိုက်တာမျိုး။ (ဒါပေမယ့် ဗုဒ္ဓဘာသာအရဆို ဘာကိုမှ control လုပ်လို့မရဘူး၊ ကိုယ့် thought ကိုတောင် တကယ်တော့ လူတွေက control လုပ်လို့ မရပါဘူး။ Philosophy စကားနဲ့ ပြောရရင်တော့ အရာရာက determinism ဆန်ပါတယ်) အဲဒီနှစ်ခုကို ရောလိုက်မယ်ိဆိုရင်တော့ (၁) Stoicism က ကိုယ် control လုပ်လို့မရမယ့် အရာတွေကို လွှတ်ချဖို့ ပြောတယ် (၂) Buddhism နဲ့ တချို့ philosophy တွေအရ control လုပ်လို့ ရတဲ့အရာဆိုတာ မရှိ (ရသလို ထင်ယောင်မှားမှုပဲ ရှိတာ) ဆိုတော့ ..... အဲဒီနှစ်ချက်ပေါင်းလိုက်ရင် အကုန်လုံးကို လွှတ်ချရမယ်ဆိုတဲ့ သဘောပဲ။ အဆုံးစွန်ပြောရရင် ကိုယ့်အတွေးကိုက အစ ယုံကြည်စရာမလို။ အတွေးအများစုက မိုးရွာသလိုပဲ သူ့ဘာသာသူ သူ့သဘောသူဆောင်လာတာ။ ကိုယ် ထိန်းချုပ်လို့ မရဘူး။ အဲလိုပဲ မလိုချင်ဘူးလို့လည်း အတင်းလုပ်ယူလို့မရဘူး။ YouTube က ဟာတစ်ခုကို ဆင့်ပွားပြီး ကျွန်တော် ရေးဖူးသလိုပေါ့။ အတွေးတွေဟာ လမ်းပေါ်မှာ သွားနေတဲ့ ကားတွေလိုပဲ။ အတွေးနောက်ကို ပြေးလိုက်ခြင်းက အဲဒီကားတစ်စီးချင်း နောက်ကို ပြေးလိုက်ခြင်းနဲ့ တူတယ်။ မောမှာပေါ့။ အကျိုးလည်း မရှိဘူး။ အဲလိုပဲ..... အတွေးတွေကို မလိုချင်ဘူးလို့ ဇွတ်ငြင်းရင်ကျ လမ်းပေါ်မှာ လာနေတဲ့ ကားတွေကို မလာနဲ့ဆိုပြီး တစ်စီးချင်းကို လိုက်တားနေတာနဲ့ တူတယ်။ အဲဒါလည်း ပင်ပန်းပြီး အကျိုးမရှိဘူး။ အတွေးတွေဟာ သူ့သဘောသူဆောင်နေတာဆိုပြီး သိလိုက်ရင် ရပြီ။ အဲဒါဟာ (ကျွန်တော့်အတွက်တော့) ဝိပဿနာပါပဲ။ ဒါပေမယ့် တချို့ functional thought တွေကို တော့ အတွေးနောက် လိုက်ရတာတွေ ရှိမှာပေါ့နော်။ အတွေးနောက် လုံးဝ မလိုက်ရဘူးလို့ မဆိုလို။

အတွေးကို ရပ်ဖို့ဆိုတာနဲ့တော့ မတူဘူး။ အဲဒါက ကားတစ်စီးချင်းကို မလာနဲ့ဆိုပြီး အတင်းတားတာနဲ့ တူလို့ ပိုပင်ပန်းမယ်။ effortless မဖြစ်ဘူး။ အတွေးကို ရပ်ဖို့လည်း မလွယ်ဘူး။ မလိုချင်လေ အဲလိုအတွေးတွေ ပိုလာလေပဲ။ သူ့သဘောသူဆောင်နေတာလို့ တွေးလိုက်ရင်တော့ အဲဒီအတွေးတွေ ရပ်သွားပြီး နောက် အတွေးသစ်တခု ရောက်လာကောင်း ရောက်လာမယ်။ ဒါမှမဟုတ် အတွေးတွေ ခေတ္တကင်းသွားတဲ့ အနေအထားလေး တစ်ရပ် ရောက်လာကောင်း ရောက်လာမယ်။ အိပ်သလိုမျိုးနဲ့ ဆင်တူတဲ့ အနေအထားကို မအိပ်ဘဲ ရောက်တဲ့ သဘောပေါ့။ 

ဥပေက္ခာကို ပါရမီတရပ်လို့ (တစ်ကိုယ်စာ) ခံယူမယ်ဆိုရင် ..... ကိုယ့်အတွေးဆိုးတွေကို ဥပေက္ခာပြုနိုင်ခြင်းက အမြင့်ဆုံး ပါရမီပဲ။ (အတွေးကောင်းတွေကိုပါ ဥပေက္ခာပြုလို့ ရပါတယ်) 

Functional thought တွေတော့ ရှိမှာပေါ့။ အဲလို thought မျိုးနောက်တော့ လိုက်ကောင်းလိုက်ရမှာပေါ့။ အဲဒါတွေကတော့ အခုစာရေးနေရင်း ပေါ်လာတဲ့ စကားလုံးတွေ၊ သီအိုရီတွေကို စဉ်းစားတာ၊ အလုပ်နဲ့ ပတ်သတ်တဲ့ အတွေးတွေ စသည်ဖြင့်ပေါ့။ 

ဘယ်အတွေးတွေနောက် လိုက်သင့်ပြီး ဘယ်ဟာတွေကို ဥပေက္ခာပြုရမလဲဆိုတာက အဲလိုမျိုး ယေဘုယျဆန်ဆန်ပဲ ပြောလို့ရမယ်။ နည်းနည်းတော့ ဝေဝါးပါတယ်။ ယတိပြတ်ကြီး ပြောလို့မရဘူး။ ဝေဝေဝါးဝါးနဲ့မို့ ရွေးချယ်မှုက အနုပညာ ဆန်ပါလိမ့်မယ်။ အမှန်-အမှားလည်း ယတိပြတ်ကွဲကွဲပြားပြား ရှိမှာတော့ မဟုတ်ပါဘူး။

ဗြဟ္မစိုရ်တရား လေးပါးဆိုတာထဲမှာ ဥပေက္ခာက စိတ်ကို relax အဖြစ်စေဆုံးပါပဲ။ ဗုဒ္ဓ (သူ တကယ်ရှိခဲ့ မရှိခဲ့မသိ) --- ဗုဒ္ဓဟောခဲ့တယ်ဆိုတဲ့ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာတွေကတော့ ဟောသူပဲ သိပါလိမ့်မယ်။ အဲဒီတော့ မေတ္တာမှာဆို တခါတလေ စေတနာက ဝေဒနာဖြစ်သွားတာ၊ တဘက်က သူ့ရပိုင်ခွင့်လို ထင်သွားပြီး ကိုယ့်အတွက် ဝန်ထုပ်ဖြစ်လာတာတွေ ရှိနိုင်တယ် (ဗုဒ္ဓအလိုကျ မေတ္တာမဟုတ်လို့ အဲလိုဖြစ်တာလို့တော့ ပြောလို့ရနိုင်တာပေါ့)၊ ကရုဏာမှာဆိုလည်း (ဗုဒ္ဓအလိုကျ ကရုဏာမဟုတ်ရင်) ပင်ပန်းမှုတွေ ပါတယ်။ ကိုယ်မေတ္တာထားသူ၊ ကရုဏာထားသူတွေ ကံဆိုးမိုးမှောင်ကျရင် ကိုယ်ပါ ပင်ပန်းတယ်။ စိတ်မှာလည်း အီနားရှားရှိတယ်။ ဗုဒ္ဓပြောသလို ပင်ပန်းမှုမပါတဲ့ တွယ်ကပ်မှု လုံးဝကင်းတဲ့ မေတ္တာတို့ ကရုဏာတို့က လက်တွေ့မှာတော့ မလွယ်ဘူး။ ကိုယ် မေတ္တာထားသူ၊ ကရုဏာ ထားသူတွေ ဒုက္ခရောက်ရင် ကိုယ့်ကိုပါ အပူလာဟပ်တာပဲ။ ပြီးတော့.... မေတ္တာမစစ်ဘူးပဲပြောပြော.... မေတ္တာတွေ စော်ကားခံရရင်၊ ကရုဏာတွေ စော်ကားခံရရင် ဒေါသက ကပ်ပါလာတယ်။ တစ်ဘက်စွန်းကနေ တစ်ဘက်စွန်းကို ကူးဖို့က လွယ်တယ်။

အဲဒီမှာ Tao ဝါဒ အရဆိုရင်တော့ ..... မေတ္တာရှိရင် သူနဲ့ဆန့်ကျင်ဘက် ဒေါသဆိုတာလည်း ရှိနေလိမ့်မယ်။ အဲဒီနှစ်ခုဟာ ဒင်္ဂါးတစ်ခုရဲ့ မျက်နှာစာ နှစ်ဘက်ပဲ။ တခုကျရာကနေ နောက်တစ်ခုကျဖို့ အရမ်းလွယ်တယ်။ အချစ်ကြီးလို့ အမျက်ကြီးတယ်ဆိုတဲ့ သဘောပေါ့။ 

ဥပေက္ခာတရားကတော့ လုပ်စရာရှိတာကို ဉာဏ်နဲ့ဆင်ခြင်လုပ်၊ ပြီးရင် အကောင်းမြင်ခြင်းရော၊ အဆိုးမြင်ချင်းရော မထား၊ ချစ်ခြင်းရော မုန်းခြင်းရော၊ ကြိုက်ခြင်းရော မကြိုက်ခြင်းရော မထားဘဲ သူ့သဘောသူဆောင်နေတယ်လို့ သဘောထားတာမျိုး၊ လုပ်သင့်လို့ လုပ်တာလို့ သဘောထားလိုက်တာမျိုး၊ လုပ်စရာရှိတာ လုပ်ပြီး ရလဒ်ကို အစွဲနဲ့ ပြင်းထန်တဲ့မျှော်လင့်ချက် မထားတာမျိုးပေါ့။ 

ဒီနေရာမှာ thought တွေ feeling တွေကို ထိန်းချုပ်လို့ မရဘူးလို့ ကျွန်တော် အပေါ်မှာ ရေးခဲ့ပါတယ်။ ချစ်ခြင်းတွေ မုန်းခြင်းတွေ၊ ကြိုက်ခြင်း မကြိုက်ခြြင်းတွေ၊ အကောင်းမြင်ခြင်း အဆိုးမြင်ခြင်းတွေကိုက တမင် လုပ်ယူလို့ မရပါဘူး။ တမင် မလိုချင်ဘူးလို့လည်း ငြင်းလို့ မရပါဘူး။ ဒါကြောင့် သူ့သဘောသူဆောင်တယ်လို့ မှတ်ယူခြင်း (တနည်းအားဖြင့်) ဝိပဿနာက ခက်တာပါ။ လက်တွေ့မှာက  စိတ်ကိုက ထိန်းချုပ်လို့မှ မရတာကို။ determinism တကယ်ဆန်ပါတယ်။ လုပ်လို့ရတာက သတိကပ်ပြီး အဲဒီ ပေါ်လာတဲ့ အကောင်းမြင်ခြင်း အဆိုးမြင်ခြင်းတွေ၊ ချစ်ခြင်းမုန်းခြင်းတွေကို သူ့သဘောသူဆောင်နေတာလို့၊ မိုးရွာသလို အတွေးတွေ သူ့ဘာသာသူ ရွာနေတာလို့၊ ကားတွေလမ်းပေါ်မှာ သွားသလို အတွေးတွေ လမ်းသလားနေတာ၊ ကိုယ့်ဦးနှောက်ဆိုတဲ့အရာက သူ့ law တွေအတိုင်း သူ့ဘာသာသူ အတွေးတွေ ပေါ်လာတာလို့ မှတ်ယူလိုက်ရင်ကျ အဲဒါတွေအပေါ် serious ဖြစ်မှုနဲ့ ခံစားချက် နည်းသွားပြီး စိတ်က သက်သောင့်သက်သာ ဖြစ်မှာပါ။ Relax တကယ်ဖြစ်မှာပါ။ အတွေးတွေကို မလိုချင်ဘူးလို့ အတင်းငြင်းဆန်တာမျိုးထက်၊ အတွေးတွေကို မဟန့်တားခြင်းနဲ့ အတွေးနောက် မလိုက်ခြင်းကပဲ ပို effortless ဖြစ်ပြီး ရလဒ်လည်း ပိုထွက်မယ်ထင်ပါတယ်။

ဥပေက္ခာပါရမီဆိုတဲ့ နေရာမှာ လူတွေနဲ့ အဖြစ်အပျက်တွေကို ဥပေက္ခာပြုခြင်းဆိုတာက ကြားမှာ တဆင့်ခံနေပါတယ်။ အဖြစ်အပျက်တွေဟာ အတွေးထဲကို ဖြတ်သန်းပြီးမှ အဲဒါတွေအပေါ် လိုက်ခံစားပြီး stress တွေ ပိလာတာပါ။ ဒီတော့ တကယ် ဥပေက္ခာလုပ်မယ်ဆိုရင် ..... ကိုယ့်အတွေးတွေကိုသာ ဥပေက္ခာပြုလိုက်ပါ။ အဲဒီ ကျွန်တော်ပြောတဲ့ ဥပေက္ခာဟာ ..... self-connection ရဲ့ အစိတ်အပိုင်းလေး တစ်ခုပေါ့။ 

ခုက ကိုယ်ကျင့်သုံးနေတယ်လို့ ရေးတာမဟုတ်ဘူးနော်။ တချို့အရာတွေကို absolute truth အဖြစ်မဟုတ်ဘဲ၊ ယုံကြည်ချက်အဖြစ်လည်း မဟုတ်ဘဲ..... တစ်ကိုယ်စာ ခံယူချက်အဖြစ်၊ ဆုံးဖြတ်ချက်အဖြစ် tool အဖြစ် စပြီး အသုံးချဖြစ်မလားးလို့..... စပြီး အသုံးချဖြစ်ဖို့ ကိုယ့်ကိုယ်ကိုယ် တွန်းအားပေးလိုက်တဲ့ အနေနဲ့ ရေးတာပါ။ 

ဘာသာရေးတွေကို ထည့်ပြောပေမယ့်လည်း ကျွန်တော်က ဘာသာရေးသမား မဟုတ်လို့.... ဘာသာရေးက ဖွင့်ဆိုချက်နဲ့ ထပ်တူလည်း ကျနေမှာ မဟုတ်ပါဘူး။ ကိုယ့်တစ်ကိုယ်စာ ကိုယ့် tool အဖြစ် အသုံးချချင်တာမို့ ထပ်တူကျဖို့လည်း ဂရုစိုက်မှာ မဟုတ်ပါဘူး။ ဘာသာရေးထဲက ဖွင့်ဆိုမှုတွေကရော။ ကျွန်တော့် ဆုံးဖြတ်ချက်အရ ပေါ်လာတဲ့ tool တွေကရော absolute truth မဟုတပါဘူး။ subjective ဖြစ်မှာပါ။ ဒီတော့ ကျွန်တော် ဝေမျှတာထဲကလည်း ဖတ်သူအတွက် အသုံးချလို့ ရတာဆို ယူချင်ယူလိုက်ပြီး မရတာဆို ပယ်လိုက်ရုံပေါ့။ 

တကယ်တမ်းကတော့ ဘာမှမဟုတ်ဘူး။ ဘဝခရီးသွားဖော်ခြင်း သူ့ tool ကိုယ့် tool လေးတွေ ဖလှယ်ပြီး ဘဝနေရခိုက်မှာ သက်သာမှုနဲ့ ငြိမ်းချမ်းမှုရလိုရငြား ဝေမျှတဲ့သဘော။ ကျွန်တော်တို့တွေ ဘဝတွေက ခါးသီးပြီး အရမ်းပင်ပန်းစရာ ဖြစ်နေပြီကိုး။ 

(ကောင်းကင်ကို) 

1 comment:

Anonymous said...

ဒါက 2 ဆိုတော့ 1 က ဘယ်မှာတုံး